← Chapters

ယီယွင် ပေါ်ထွက်လာခြင်း

Vol. 5 Ch. 73

ယီယွင် ပေါ်ထွက်လာခြင်း

Vol. 5 Ch. 73

" ဘယ်သူ ထွက်လာပြီး စမ်းကြည့်ချင်သေးလဲ "

ကျောက်ထိုင်ကျူ စိတ်အားတက်ကြွနေကာ..." တုန်းကျစ်... မင်း ထွက်လာပြီး ငါနဲ့ကစားချင်လား "

မည်သူမျှ ထွက်မလာပေသောကြောင့် ကျောက်ထိုင်ကျူက အမည်များ စတင်ကာခေါ်လေသည်။

" မနောက်ပါနဲ့ ညီနောင်ကျောက်ရယ်။ ငါက မင်းကို ဘယ်လိုလုပ်ပြီး နိုင်မှာလဲ ။ ခုနက မင်း ထုတ်ဖော်ခဲ့တဲ့ လက်သီးချက်မှာ မင်းရဲ့ အရိုးအဆစ်တွေက အသံမြည်လာတယ်လေ။ အဲ့ဒါက မိုးခြိမ်းသံမျိုး မဟုတ်ဘူး။ အဲ့ဒါက လေးကြိုးကဲ့သို့ အရွတ်အကြောနယ်ပယ် ဒါမှမဟုတ် အခြားတစ်ခုပဲ "

ဖားနည်းမျိုးစုံ အသုံးပြုနေသည့် လူငယ်စစ်သည်၏ အမည်က တုန်းကျစ်ဟု ခေါ်ဆိုသည်။ တပ်သားလေ့ကျင့်ရေးစခန်းတွင် ရှင်သန်လိုလျှင် တစ်စုံတစ်ယောက်အား တင်းကျပ်စွာ ဖက်တွယ်ထားရမည်ကို သူ သိသည်။ သို့မှသာ အသားဝေပေးချိန်တွင် ဝေစုပိုမိုကာ ရရှိနိုင်ပေလိမ့်မည်။

" ဟားဟား... အဲ့ဒါက တိမ်ကိုးဆင့်မိုးကြိုးနဲ့ လျှက်တပြက် လေးပစ်ချက်ပဲ " ကျောက်ထိုင်ကျူမှ ထိုစကားလုံးများကို ပြောရန်အတွက် အလွတ်ကျက်ထားခဲ့သည်မှာ အချိန်အတော်ကြာခဲ့သည်။

ကျောက်ထိုင်ကျူက ထိုနယ်ပယ်နှင့် ဝေးကွာနေသေးသော်လည်း သူ၏အမူအရာကို ကြည့်မည်ဆိုလျှင်မူ ထိုနယ်ပယ်သို့ ရောက်နှင့်နေပြီးသားပမာ ဖြစ်နေသည်။

ပရိတ်သတ်များထဲမှ မည်သူကမျှ သူနှင့် ရင်ဆိုင်လိုခြင်းမရှိကြောင်း မြင်လိုက်ရသည်။ ကျောက်ထိုင်ကျူက ဆက်လက်၍ ဟန်လုပ်နေရန် မလိုအပ်တော့ဟု ခံစားမိပြီး ကျယ်လောင်စွာ ဆိုလိုက်သည်...." ဘယ်သူမှ တက်မလာတော့ဘူးဆိုရင် ငါ ဒီနေရာကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါ့မယ် "

မူလကတည်းကပင် ကျောက်ထိုင်ကျူ၏စည်းမျဥ်းက ပြိုင်ကွင်းထဲတွင် လူတစ်ဦးကို မည်သူကမျှ ရင်ဆိုင်ဝံ့ခြင်းမရှိတော့လျှင် ထိုသူက ထိုနေရာကို ရရှိမည်ဖြစ်သည်။ ထိုသို့ဖြင့်ပင် လူကိုးယောက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ ကျောက်ထိုင်ကျူ၏ စွမ်းအားကို လက်ခံကြပေသောကြောင့် မည်သူကမျှ ငြင်းပယ်ခြင်းမရှိပေ။

" သဘောမတူတဲ့သူ ရှိလား " ကျောက်ထိုင်ကျူက သစ်သားတံဆိပ်ပြားများ ယူနေသည်ကို တမင်ပင် နှေးကွေးထားသည်။ ယင်းသည် လေလံပစ်သူက လေလံဈေး တိုးပေးလာစေရန် အကဲစမ်းနေသည့် ခံစားချက်နှင့် ဆင်တူသည်။

ကျောက်ထိုင်ကျူ ထပ်မံကာ ဟန်ရေးပြနေပြီး မေးခွန်းမေးလိုက်ချိန်တွင် မမျှော်လင့်စွာဖြင့် လူအုပ်ထဲမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်..." ခင်ဗျားက စက်ဆုပ်စရာပဲ။ ခင်ဗျားက သစ်သားပြားတွေကို ဘာကြောင့် ဒီအတိုင်းလေး ယူမသွားရတာလဲ။ လူတွေ ခင်ဗျားနဲ့ တိုက်ခိုက်လာဖို့အတွက်ကို ဒီလိုဒေါသထွက်စရာကောင်းတဲ့ ပုံစံမျိုး လုပ်ပြနေဖို့ လိုလို့လား။ ဒါဆိုလည်း ကျုပ်က ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပြီး ခင်ဗျားနဲ့ တိုက်ခိုက်ပေးမယ် "

" ဘယ်သူလဲ " ကျောက်ထိုင်ကျူက ပြီးပြည့်စုံစွာ သရုပ်ဆောင်ပြီးတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့အား အမှန်တကယ်ပင် ဆန့်ကျင်ပြနေချေ၏။ သူ့အား စက်ဆုပ်ဖွယ်ရာဟုပင် စွပ်စွဲပြောဆိုခံခဲ့ရချေ၏။

ဟုတ်သည်။ ကျောက်ထိုင်ကျူက ဟန်ရေးပြနေသည်ကို လူတိုင်းပင် ပြောနိုင်ကြ၏။ သူက တပ်သားလေ့ကျင့်ရေးစခန်း တစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သည်ဟု ကြွေးကြော်ထားသည်ဖြစ်ပြီး ထိုအမည်သူကများ ထုတ်ပြောဝံ့လေသနည်း။

" စကားပြောခဲ့တာ ဘယ်သူပဲဖြစ်ဖြစ် ထွက်လာခဲ့စမ်း။ ဘယ်ကောင်က အသက်ရှင်ရတာ ငြီးငွေ့နေသလဲဆိုတာကို ငါ ကြည့်ချင်သေးတယ် "

ကျောက်ထိုင်ကျူက သူ့ကိုယ်သူအား လျှိုင်မျိုးနွယ်ဝင်ဟု ခံယူထားသည်။ လျှိုင်ချမ်းယုက ကျားတစ်ကောင်ဆိုလျှင် သူက လျှိုင်ချမ်းယု၏ လက်ပါးစေ ခွေးအတစ်ကောင်သာ ဖြစ်ချေ၏။ သူ၏ပိုင်နက်ထဲတွင် သူ့မျက်နှာအား လာရိုက်နေသည်ကို မည်သို့များ သည်းခံနိုင်ပါမည်နည်း။

ယခုတွင် တစ်စုံတစ်ယောက် ထွက်လာခဲ့ပါက သူသည် ဥပမာတစ်ခု ချန်ထားပေးပြီး သူ၏ဩဇာအာဏာကို ထူထောင်ရလိမ့်မည်။

ဥပဒေမဲ့သော အရိုင်းနယ်မြေထဲတွင် အားနည်းသူတစ်ဦးကို သတ်ဖြတ်သည်မှာ ပြစ်မှုမမြှောက်ပေ။ ထို့အပြင် ပြိုင်ကွင်းထဲတွင်ဆိုပါက ပိုမို၍ပင် တရားမျှတသေးသည်။

ကျောက်ထိုင်ကျူက လူအုပ်ကို သွေးဆာနေသော မျက်ဝန်းများနှင့် ကြည့်လိုက်လေသည်။ ကျောက်ထိုင်ကျူက အဆိုပါစကားများ ပြောခဲ့သူကို ရှာနေခဲ့သော်လည်း ထိုသူကမူ လူပင်လယ်ထဲတွင် ပုန်းအောင်းနေကာ ရှေ့ထွက်မလာပေ။

အသက်ရှုဆယ်ကြိမ်ခန့် အကြာတွင်မူ လူတစ်ဦးသည် လူအုပ်ထဲမှ တိုးထွက်လာပြီး စင်မြင့်ရှေ့သို့ ရောက်လာခဲ့သည်။ ခန္ဓာကိုယ်သေးသည့် ကလေးငယ်တစ်ဦးက စင်မြင့်ရှေ့သို့ ရောက်ရှိလာပြီး အေးအေးလူလူပင် စင်မြင့်ပေါ်သို့ တက်သွားသည်ကို လူတိုင်း မြင်လိုက်ကြရသည်။

ခန္ဓာကိုယ်သေးသည့် ကလေးငယ်က ကျောက်ထိုင်ကျူ၏ ရင်ဘက်ခန့်သာရှိပြီး ချည်ကြမ်းအဝတ်ကို ဝတ်ဆင်ထားလေသည်။ သူ၏အဝတ်က သန့်ရှင်းသော်လည်း တွန့်ကြေနေလေပြီး ချုပ်ရိုးရာကြီးများ ရှိနေသည်။

ကလေးငယ်၏ အရွယ်အစားကြောင့် လူတိုင်း၏ အတွေးထဲတွင် ပဟေဠိများ ဖြစ်သွားလေ၏။ စကားပြောခဲ့သူက ထိုကလေးငယ် ဖြစ်လေသလော။

စကားပြောလိုက်သူက တပ်သားလေ့ကျင့်ရေးစခန်းမှ ဖြစ်ဖို့ရာများပြီး သူ၏စွမ်းအားကို ယုံကြည်ချက်ရှိနေသူတစ်ဦးဟု လူအများက ထင်ထားခဲ့ကြသည်။ သို့သော် မမျှော်လင့်စွာဖြင့်ပင် ထိုသည်က ကလေးတစ်ဦး ဖြစ်နေချေသည်။ ထိုကလေးက အသက်မရှင်လိုတော့လေသလော။

" မင်း... ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ " ကျောက်ထိုင်ကျူသည် ကလေးငယ်ကိုကြည့်ကာ တုန်လှုပ်နေလျက်ဖြင့်..." ယီယွင်... မင်း မသေသေးဘူးလား "

ယီယွင်က လူအများကို ကျောပေးထားလေသောကြောင့် သတိပြုမိသူများ များစွာမရှိပေ။ ယခုတွင်မူ စင်မြင့်ပေါ်တွင် ရှိနေသူက အခြားသူမဟုတ်လေဘဲ ယီယွင် ဖြစ်နေသည်ကို သူတို့ မြင်လိုက်ရသည်။

" အစ်ကိုယီယွင်... အဲ့ဒါ အစ်ကိုယီယွင်ပဲ " ယီယွင်၏ အိမ်နီးချင်းဖြစ်သည့် အဒေါ်ဝမ်နှင့် သမီးဖြစ်သူ ကျိုးရှောင်ကဲ့တို့က လူအုပ်ထဲတွင် ရှိနေသည်။ ကျိုးရှောင်ကဲ့သည် ယီယွင် အသက်ရှင်နေသေးသည်ကို မြင်တွေ့သွားကာ ကျေနပ်အံ့အားသင့်သွားခဲ့သည်။ သို့သော် လက်ရှိအနေအထားကြောင့် သူမက ယီယွင်အတွက် စိုးရိမ်သွားရလေ၏။

" ကောင်လေးယွင်က အသက်ရှင်နေသေးတာပါ့လား။ ဒါပေမဲ့ ဘာကြောင့်မလို့ သူက အန္တရာယ်ရှိတဲ့ အဲ့ဒီလူကို ရန်လုပ်ပြီး စင်မြင့်ပေါ်ကို တက်သွားခဲ့ရတာလဲ " အဒေါ်ဝမ် စိုးရိမ်နေသည်။

စင်မြင့်ပေါ်မှ ယီယွင်က လျှိုင်မျိုးနွယ် ခြံဝန်းထဲရှိ လျှိုင်ချမ်းယု ထိုင်နေလျက်ရှိသော တိရိစ္ဆာန်သားရေခင်း ထိုင်ခုံဘက်ဆီသို့ မျက်နှာမူလိုက်သည်။

လျှိုင်ချမ်းယုက အမူအရာမပျက် ထိုင်နေသော်လည်း သူ၏ အစေခံမလေး လေးယောက်ကမူ ထိန်းမရစွာပင် တုန်ရီနေကြသည်။ လျှိုင်ချမ်းယုက ရုတ်တရက်အတွင်း သားရဲရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို သူမတို့ ခံစားမိကြလေ၏။

ဤသည်က ဘယ်နှစ်​ကြိမ်မြှောက်ပေနည်း။ ဟုတ်သည်။ တတိယအကြိမ် ဖြစ်ချေသည်။

လျှိုင်ချမ်းယုက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချကာ ယီယွင်အား ဆက်လက်၍ စူးစိုက်ကြည့်နေသည်။

ပထမတစ်ကြိမ်တွင် ယီယွင်က ဆေးပင်ခူးရင်း ပြုတ်ကျသွားကာ ပြန်လည်ရှင်သန်လာခဲ့သည်။ ဒုတိယအကြိမ်တွင် ယီယွင်က လျှိုင်ချမ်းယု၏ တိုက်ခိုက်မှုထံမှ အသက်ဘေးလွတ်ခဲ့ချေ၏။ တတိယအကြိမ်တွင် ယီယွင်က အအေးစပါးအုံ၏ အဆိပ် မိခဲ့လေပြီး သွေးကျဲဆေးကြောင့် ဒွါရခုနစ်ပေါက်မှ သွေးများထွက်လာပြီး ချောက်ထဲသို့ ပြုတ်ကျသွားသည့်တိုင်အောင် အသက်ရှင်နေဆဲပင်။

လျှိုင်ချမ်းယု မျက်ခုံးလှုပ်လာရသည်။ သူ ယီယွင်အား ကြည့်နေပုံမှာ အဆိပ်ပြင်း မြွေတစ်ကောင်က သားကောင်တစ်ကောင်ကို ကြည့်နေသည့်အလားပင် ရက်စက်ကြမ်းကြုတ်မှုနှင့် လောဘ အရိပ်အယောင်များ ပါဝင်နေသည်။

" ဒီကောင့်ရဲ့ ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ် " ယီယွင်တွင် အသက်ကယ်ပေးနိုင်သည့် ရတနာတစ်ခု ရှိနေသည်ဟု လျှိုင်ချမ်းယုက ယုံကြည်ထားသည်။ မည်သည့်ရတနာဖြစ်ကြောင်း သူ မသိသော်လည်း ပြဿနာမရှိပေ။ မကြာမီတွင် ထိုရတနာက သူ့အပိုင် ဖြစ်လာပေလိမ့်မည်။

ယီယွင်ကို သတ်ပြီးလျှင် သူ ရတနာကို ရရှိပေလိမ့်မည်။ ထို့နောက်တွင် ရတနာ၏ အသုံးဝင်ပုံကို တဖြည်းဖြည်းချင်း ဖော်ထုတ်ရပေလိမ့်မည်။ ထိုအတွေးကြောင့် လျှိုင်ချမ်းယု တည်ငြိမ်လာခဲ့သည်။

သူ၏အမူအရာက တည်ငြိမ်နေသော်လည်း အတွင်းပိုင်းထဲတွင်မူ သွေးများဆူပွက်ကာ စိတ်လှုပ်ရှားနေသည်။ သူ၏မျက်ဝန်းများက သွေးဆာနေလျက်ရှိပြီး နှုတ်ခမ်းအား သပ်လိုက်လေသည်။

" ကောင်းတယ် ၊ သိပ်ကောင်းတယ်။ နောက်ဆုံးတော့ မိုးကောင်းကင်က ငါ့အတွက် တရားမျှတမှုလေး တစ်ကြိမ်လောက်ပေးလာခဲ့ပြီပဲ "

" မိုးကောင်းကင်က ငါ့ကို ဂုဏ်ထည်ဝါတဲ့ မိသားစုနောက်ခံ မပေးခဲ့သလို သိုင်းပညာလေ့ကျင့်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း မပေးတဲ့အပြင် ငါ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ခါနီးချိန်မှာလည်း ဖြတ်တောက်ပစ်ခဲ့ပြန်တယ် "

" ဒါပေမဲ့ ဒီနေ့မှာတော့ မင်းက ငါ့ကို အခွင့်အရေးပေးလာခဲ့ပြီး လူတစ်ဦးရဲ့အသက်ကို ကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုကို ငါ့ဆီ ပေးလာခဲ့ပြီ။ အခွင့်ကောင်းကို ဖမ်းဆုပ်မထားနိုင်ရင် ဘေးဥပါဒ်သင့်လိမ့်မယ်ဆိုတဲ့ ဆိုရိုးစကားလဲ ရှိတယ်။ ငါသာ မိုးကောင်းကင်က ပေးလာတဲ့ ပစ္စည်းကို ဥပေက္ခာပြုလိုက်မယ်ဆိုရင် အနာဂတ်ပြဿနာတွေကို ဖိတ်ခေါ်မိသွားလိမ့်မယ်။ ငါဆိုတဲ့ လျှိုင်ချမ်းယုက ငတုံးတစ်ကောင် မဟုတ်ဘူး "

" အံ့ဩဖို့ကောင်းတာက ယီယွင်လို့ အမည်ရတဲ့ ငတ်ပြတ်နေတဲ့ကျွန်လေးမှာ ဒီလိုကောင်းချီးပေးထားတဲ့ ဘဝတစ်ခု ရှိနေတာပဲ။ မဟုတ်သေးဘူး... ငါ့မှာ ကောင်းချီးပေးထားတဲ့ ဘဝတစ်ခု ရှိနေတာလို့ ပြောသင့်တယ်။ ဒီကောင့်ကို သတ်လိုက်ရင် ငါက ရတနာကို ရလိမ့်မယ်။ ရတနာကို လက်ဝယ်ပိုင်ထားတဲ့သူက ကောင်းချီးပေးထားတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်တာပဲ "

လျှိုင်ချမ်းယု၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသည်။

ကျောက်ထိုင်ကျူက တစ်ချက်ပြုံးလိုက်ပြီး လျှိုင်ချမ်းယု၏အမိန့် မရသေးဘဲ ယီယွင်ဆီသို့ လျှောက်သွားလိုက်လေသည်။

All Chapters