ကျောက်ထိုင်ကျူကို ရက်စက်စွာ တိုက်ခိုက်ခြင်း
Vol. 5 Ch. 74
" အဲ့ဒီစကားတွေက မင်းဆီကလား " ကျောက်ထိုင်ကျူ ပြက်ရယ်ပြုလိုက်သည်။ ယီယွင်က မီတာဆယ်ချီကာ မြင့်မားသည့် ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့ပြီး အဘယ့်ကြောင့် မသေခဲ့ရကြောင်းကို သူ သိချင်နေသည်။ လူတစ်ယောက်က ထိုအမျှအထိ ကံကောင်းလိမ့်မည်ဟု သူ မယုံကြည်ပေ။ ထိုကောင်က ပျက်စီးခြင်းအရိုးကို သန့်စင်နေသည့် လူများကိုလည်း လှည့်ကွက်အချို့သုံးကာ အထင်မှားအောင် လုပ်ခဲ့သေးချေသည်။
အစွမ်းအစရှိသည့် စစ်သည်တစ်ဦးက သူ့အား စိန်ခေါ်လာခဲ့လျှင် တစ်ဖက်လူကို သတ်ရန်အတွက် ကြီးမားသောခွန်အားကို အသုံးပြုမည်ဟု ကျောက်ထိုင်ကျူက တွေးထားခဲ့သည်။ မမျှော်လင့်စွာဖြင့်ပင် သူ ရင်ဆိုင်နေရသည်မှာ အသုံးမကျသည့် မျောက်ကလေးယီယွင် ဖြစ်နေချေ၏။
ထိုသို့ဖြင့် သူ ဟန်ရေးပြ၍ မရတော့ချေ။ သူ၏ရင်ဘက်ခန့်သာရှိသည် ထိုမျောက်ကလေးကို မည်သို့ သတ်ရမည်နည်း။ ကျောက်ထိုင်ကျူသည် ယီယွင်ကို မသက်မသာအဖြစ်ဆုံးနှင့် ကြောက်ရွံ့စေကာ သတ်ပစ်ရမည့် နည်းလမ်းများကို စဥ်းစားနေလေ၏။
" ကျုပ်ပဲလေ။ ခင်ဗျားက အဓိပ္ပါယ်မရှိတာတွေ ပြောနေခဲ့တာ မဟုတ်ဘူးလား " ယီယွင်က လက်နောက်ပစ်ထားကာ " ရှင်းနေတာပဲ " ဟူသည့် အမူအရာနှင့် ပြောလိုက်သည်။ ခင်ဗျားက ဒီလောက်တုံးတဲ့ မေးခွန်းကို မေးဖို့လိုလို့လား။
ကျောက်ထိုင်ကျူက ယီယွင်ကို ငတုံးတစ်ယောက်ပမာ ကြည့်လိုက်သည်။ ထိုကောင်က တံခါးနှင့်ဝင်ဆောင့်မိကာ ဦးနှောက်ပျက်သွားခဲ့သည်လားကို ကျောက်ထိုင်ကျူ မသိတော့ချေ။ ယီယွင်က မည်သည့်ကံကြမ္မာ စောင့်ကြိုနေကြောင်းကို မမြင်ချေ။
" မျိုးမစစ်လေး... ဒီနေ့ မင်း ငါ့ကို ရန်စခဲ့တာကြောင့် အသေပဲသာမှတ်တော့။ ငါ့ကို အကြိမ်တစ်ရာ ဒူးထောက်ကန်တော့ပြီးရင် ငါ့ဂွကြားကနေ တွားသွားရမယ်။ အဲ့ဒါကို မင်းဘာသာလုပ်မလား ဒါမှမဟုတ် ငါ ကူညီပေးရမလား " ကျောက်ထိုင်ကျူ ပြုံးလိုက်သည်။
ယီယွင်က ကျောက်ထိုင်ကျူကို ငတုံးတစ်ယောက်ပမာ ကြည့်ကာ ဆိုလေသည်..." ဒီနေ့ ကျုပ် ရောက်လာတာက နေရာတစ်ခု ယူဖို့ပဲ။ ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့မဟုတ်ဘူး "
ကြည့်ရှုနေသူများအားလုံး မှင်တက်မိသွားသည်။
ယီယွင်က စင်မြင့်ပေါ်သို့ တက်သွားသည်မှာ ကျောက်ထိုင်ကျူကို ရန်စကာ မပျော်မရွှင်ဖြစ်အောင်လုပ်ရန် မဟုတ်လေဘဲ ပြည်ထောင်ရွေးချယ်ပွဲ ပြိုင်ပွဲဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်လိုနေခြင်းဖြစ်ကြောင်း လူအများ သိသွားရသည်။
ထိုကောင်လေးက အသက် ၁၂ နှစ်ထက် အနည်းငယ်သာ ကျော်သေးလေပြီး သိုင်းပညာကို တစ်လခန့်သာ လေ့ကျင့်ထားသည်ဖြစ်ရာ ကျောက်ထိုင်ကျူကို မည်သို့များ ယှဥ်နိုင်မည်နည်း။
" အစ်ကိုယီယွင်..." လူအုပ်ကြားထဲမှ ကျိုးရှောင်ကဲ့မှာ စိတ်မွန်းကျပ်နေရလေ၏။ ကျောက်ထိုင်ကျူက မည်မျှသန်မာသည်ကို အစ်ကိုယီယွင်က သိပါလေသလော။
" ဟားဟားဟား "
ကျောက်ထိုင်ကျူက တစ်သက်တာလုံးတွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလားပင် အူလှိုက်သည်းလှိုက်ရယ်မောကာ ဆိုလေသည်..." ရူးသွားတာလား မျိုးမစစ်လေး။ မင်းက သခင်ကျန်းဆီကနေ နည်းလမ်းအချို့ သင်ထားခဲ့တာကြောင့် ငါ့ကို အနိုင်ရလိမ့်မယ်လို့ ယုံမထားသင့်ဘူး။ ပြီးတော့ ပြည်ထောင်ရွေးချယ်ပွဲမှာ လျှိုင်မျိုးနွယ်ကို ကိုယ်စားပြုချင်နေတာတဲ့လား "
တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ အော်ဟစ်ရယ်မောလိုက်ကြသည်။
" အစ်ကိုကျောက်... ဒီကလေးကို မျိုးဖြုတ်ပစ်လိုက်တော့။ ဒီကောင်က ဘာမှမဟုတ်ဘူး။ ကံကောင်းပြီး သခင်ကျန်းက ရွေးချယ်တာ ခံခဲ့ရတာကို သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတယ် "
လူအများစုက သံယောင်လိုက်ကာ ပြောဆိုကြသည်။ ထိုစဥ်တွင် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်..." အစ်ကိုထိုင်ကျူ... ဒီကလေးရဲ့ ခြေတွေလက်တွေကို ချိုးပစ်လိုက် "
ထိုသူက လျှိုင်ချွေ့ဟွား ဖြစ်၏။ ယီယွင်က သူမ၏ အသံစူးစူးကို မည်သို့များ မေ့နိုင်ပါမည်နည်း။ ရွာသားများကို ဦးဆောင်ကာ ကျန်းရှောင်ယု၏အိမ်ကို ဝိုင်းထားပြီး နွားချေများနှင့် ပစ်ပေါက်ခိုင်းစေခဲ့သည်မှာလည်း လျှိုင်ချွေ့ဟွားသာ ဖြစ်သည်။
ယီယွင် ပြက်ရယ်ပြုကာ လျှိုင်ချွေ့ဟွားကို ကြည့်လိုက်သည်။
" ဘာကြည့်နေတာလဲ မျိုးမစစ်လေး။ နင်က ငါ့ကို ကြည့်လို့ရတယ်လို့များ ထင်နေတာလား။ ထပ်ကြည့်နေမယ်ဆိုရင် ငါ နင့်ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် "
လျှိုင်ချွေ့ဟွားက အထက်စီးဆန်စွာဖြင့်..." အစ်ကိုထိုင်ကျူ... ဒီမျိုးမစစ်လေးကို သတ်ပစ်လိုက်တော့ "
လျှိုင်ချွေ့ဟွားက စကားနေရင်းနှင့်ပင် ကျောက်ထိုင်ကျူကို ကြာမူပါပါ တစ်ချက်ကြည့်လိုက်သည်။
ကျောက်ထိုင်ကျူအား ကြာအကြည့်က လွှမ်းမိုးသွားခဲ့ပြီး အားပါးတရ ရယ်မောကာ..." ကောင်လေး... မင်း ဖျားနာနေတာ မသက်သာသေးဘူးလို့ ငါ ထင်မိတယ်။ မင်းက စိတ်မတည်ငြိမ်သေးဘူး။ မင်းလို ကျွန်ပေါက်လေးက လယ်ထဲမှာ အစာမရှာနိုင်သေးတာတောင် ပြည်ထောင်ရွေးချယ်ပွဲမှာ ပါဝင်ချင်နေသေးတာတဲ့လား။ ဒီနေ့ ငါ မင်းရဲ့ခေါင်းကို ဖြုတ်ပြီး သေးအိုးလုပ်ပစ်မယ် "
ထို့နောက် ကျောက်ထိုင်ကျူက ယီယွင်ဆီသို့ တိုးဝင်သွားသည်။ ယီယွင်၏ခေါင်းကို ဖမ်းဆုပ်ရန်အတွက် သူ၏ သံမဏိကဲ့သို့ လက်ကြီးနှစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ ကျောက်ထိုင်ကျူတွင် ကြီးမားသောစွမ်းအား ရှိနေပေရာ သူ၏ဖမ်းဆုပ်မှုကို သာမန်ကလေးတစ်ဦးက မည်သို့များ ခံနိုင်ပါမည်နည်း။
ယီယွင်က လှုပ်ရှားမှုမဲ့စွာ ရပ်နေလေပြီး ကျောက်ထိုင်ကျူကို ဖမ်းဆုပ်ရန်အတွက် လက်ဆန့်လိုက်သည်။ ထိုသည်က ကျောက်ထိုင်ကျူ၏ လှုပ်ရှားဟန်နှင့် တူညီလေသည်။
ယီယွင် လက်ဆန့်ထုတ်လာသည်ကို မြင်သောအခါတွင် ကျောက်ထိုင်ကျူ ပြုံးလိုက်လေပြီး ယီယွင်၏လက်ဆီသို့ ဦးတည်လိုက်သည်။ သူ စိတ်ပြောင်းသွားကာ ယီယွင်၏လက်ကို ချိုးလိုပစ်သည်။
လက်လေးဖက် ဆုံတွေ့သွားကာ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။
ကျောက်ထိုင်ကျူ၏မျက်နှာ အေးခဲသွားသည်။ သူသည် ယီယွင်၏လက်နှင့် သူ၏လက်တို့ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေလေပြီး နှုတ်ခမ်းမဲ့သွားသည်။ သူ၏လက်ကြီးနှစ်ဖက်သည် ယီယွင်၏ လက်လေးထဲတွင် ကျိုးကြေနေလေ၏။ သွေးများကလည်း မရပ်မနား ကျဆင်းနေ၏။ သူ၏လက်မများမှလွဲ၍ လက်ချောင်းရှစ်ချောင်းလုံး တွန့်လိမ်ကောက်ကွေးကာ သွင်သွင်ကျိုးနေသည်။
သူ၏လက်ကို ယီယွင်က ရက်စက်စွာ ချိုးပစ်ခဲ့သည်။
အား...။
ကျောက်ထိုင်ကျူထံမှ အူလှိုက်သည်းလှိုက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ယီယွင်က ကျောက်ထိုင်ကျူကို အေးစက်စက်ကြည့်ကာ..." ခင်ဗျားက ဘယ်သူ့ကို ကျွန်လို့ ပြောလိုက်တာလဲ။ ဒီလောကကြီးထဲမှာ အားနည်းသူတွေက ကျွန်အဖြစ် ကျွန်ပြုခံရပြီး သန်မာတဲ့သူကို အရှင်သခင်အဖြစ် အသိအမှတ်ပြုရလိမ့်မယ်။ သန်မာတဲ့သူတိုင်းက အရာအားလုံးကို အုပ်စိုးနိုင်တယ်။ ဒီနေ့ ကျုပ်က ခင်ဗျားကို ကျွန်လို့ပြောမယ် "
ယီယွင် ရှေ့သို့တစ်လှမ်းတိုးကာ ကျောက်ထိုင်ကျူ၏ ရင်ဝကို ဒူးဖြင့်တိုက်လိုက်သည်။
ဖျောင်း...။
ယီယွင်၏ ဒူးတိုက်ချက်ကြောင့် ကျောက်ထိုင်ကျူ၏ တောင့်တင်းသော ခန္ဓာကိုယ်မှာ ဖွဲအိတ်တစ်လုံးသဖွယ် လွင့်သွားရသည်။ သူ၏ရင်ညွန့်ရိုး ချိုင့်ဝင်သွားလေပြီး နံရိုးများ ကျိုးကြေသွားရသည်။ ကျောက်ထိုင်ကျူ မြေပြင်ပေါ်သို့ ပစ်ကျသွားကာ ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်သည် ကျောရိုးကျိုးနေသော ခွေးတစ်ကောင်ပမာပင် တွန့်လိမ်နေလေ၏။
ရုတ်တရက် အဖြစ်အပျက်ကြောင့် လူတိုင်း တုန်လှုပ်သွားရသည်။ ထို့နောက် သူတို့၏ အမူအရာများ အေးခဲသွားရလေ၏။
ယီယွင်က ကျောက်ထိုင်ကျူ၏လက်ကို ချိုးပစ်ကာ ဒူးတိုက်ချက်နှင့် လွင့်စဥ်သွားစေခဲ့သည်။ ယီယွင်၏ သေးငယ်ပိန်ပါးသော ခန္ဓာကိုယ်နှင့် ကျောက်ထိုင်ကျူ၏ တောင့်တင်းသော ခန္ဓာကိုယ်တို့က လုံးလုံးလျားလျားပင် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အိပ်မက်တစ်ခုပေလော။
တိရိစ္ဆာန်သားရေခင်း ထိုင်ခုံပေါ်တွင် ထိုင်နေသည့် လျှိုင်ချမ်းယုက ရုတ်တရက်ပင် မက်တက်ထရပ်လိုက်ပြီး တောက်ပသော မျက်ဝန်းများနှင့် ကြည့်နေသည်။
ယီယွင်က သူတောင်းစားပမာပင် အစာပုံမှန်မစားရသည့် ဆေးပင်ခူး ကျွန်တစ်ယောက်သာ ဖြစ်သည်။ ထိုသို့သောလူမျိုးက လျှိုင်မျိုးနွယ်ထဲတွင် စိတ်ပူပင်ရစေရန် လုပ်နိုင်ခြင်းမရှိပေ။
သို့သော် ထိုကောင်က ကျောက်ထိုင်ကျူကို တစ်ခဏအတွင်းမှာပင် ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ချေ၏။
ထိုကောင်၏ သိုင်းပညာကို မည်သည့်နေရာမှ ရလာခဲ့လေသနည်း။
ထိုကောင်က ကျန့်ယွီရှန်းနှင့် တစ်လတာခန့် သိုင်းပညာလေ့ကျင့်ခဲ့ခြင်းကြောင့် ကျောက်ထိုင်ကျူကို ရိုက်နှက်နိုင်ခဲ့ခြင်း ဖြစ်လေသလော။ အဘယ်သို့ ဖြစ်ရလေသနည်း။
လျှိုင်ချမ်းယုသည် လက်ဖဝါးအား လက်သည်းများ စိုက်ဝင်သည်အထိ လက်သီးအား တင်းကျပ်စွာဆုပ်လိုက်သည်။
ကြည့်ရှုနေသူများ ငြိမ်သက်နေကြသည်။ အချိန်အတန်ကြာသည်အထိ မည်သည့်အသံမျှ ထွက်မလာပေ။
ယီယွင်အတွက် စိုးရိမ်နေခဲ့သည့် ကျိုးရှောင်ကဲ့သည် တောက်ပသော မျက်ဝန်းအစုံဖြင့် စူးစိုက်ကြည့်နေသည်။ သူမ လုံးဝပင် မှင်တက်မိနေ၏။ ထိုသည်က အမှန်ဖြစ်လေသလော။ မကောင်းဆိုးဝါးဆန်သော ကျောက်ထိုင်ကျူက အစ်ကိုယီယွင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရချေသည်။
ယီယွင်က သာမန်ကိုယ်ဟန်အတိုင်း ပြန်ဖြစ်သွားပြီး တွန့်ကြေနေသော အဝတ်များကို သပ်ရပ်အောင် ပြုပြင်နေသည်။ ဤသည်ကား ယီယွင်၏ ပထမဆုံးကြမ်းကြုတ်မှု ဖြစ်ချေ၏။
ယခင်က ယီယွင်သည် ကျောက်တုံးများကိုသာ ထိုးနှက်ခဲ့၏။ ကျောက်တုံးများက အလွန်မာကျောလှကာ သူ၏လက်သီးကို နာကျင်စေသည်။ ယနေ့တွင် လူသားခန္ဓာကိုယ်ကို ထိုးလိုက်ချိန်တွင် နူးညံ့မှု ပြီးသည့်နောက်တွင် မာကျောမှုကို သူ ခံစားမိသည်။ လူတစ်ဦးအား ချက်ချင်းလက်ငင်း ဒုက္ခိတဖြစ်သွားစေခဲ့ခြင်းကိုမူ ယီယွင်အတွက် လက်မခံနိုင်စရာမရှိပေ။ သူ ဤအရိုင်းကမ္ဘာကြီးထဲသို့ ကူးပြောင်းလာခဲ့စဥ်ကတည်းကပင် ဤကမ္ဘာကြီး၏ ရှင်သန်နေထိုင်မှု စည်းမျဥ်းအသစ်များနှင့် အသားကျလာခဲ့သည်။
သူသာ ကြင်နာတတ်သူ သို့မဟုတ် လက်တွင် သွေးမစွန်းဖူးသည့် ဘုန်းကြီးတစ်ပါးကဲ့သို့ ပြုမူနေပါက သူ့အား အခွင့်အရေးယူသွားကြမည်ကို ရှင်းလင်းစွာပင် သိသည်။
ယီယွင် လက်ဆယ်ချောင်းကို အသာလှုပ်ရှားနေရင်းဖြင့် လျှိုင်ချွေ့ဟွားကို လှမ်းကြည့်လိုက်သည်။
" အစောတုန်းက ခင်ဗျားက ကျုပ်ရဲ့ခြေလက်တွေကို ချိုးပစ်မယ်လို့ ပြောခဲ့တယ်မလား။ ပြီးတော့ ကျုပ်ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်တဲ့လား " ယီယွင်က လျှိုင်ချွေ့ဟွားဆီသို့ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။