မျက်နှာပေါ်က ခွေးသွေး
Vol. 5 Ch. 75
" နင် ဘာ...ဘာလုပ်ချင်နေတာလဲ "
ယီယွင် လျှောက်လာသည်ကို မြင်သောအခါတွင် လျှိုင်ချွေ့ဟွား အော်လိုက်သည်..." မျိုးမစစ်လေး... နင်က ပလိပ်ရောဂါ ဖြစ်နေတယ်လေ။ နင်က လူတွေကို ပလိပ်ရောဂါ ကူးစက်ခံရအောင် လုပ်မလို့လား "
လျှိုင်ချွေ့ဟွားက ပေါ့သေးသေးမဟုတ်ပေ။ သူမသည် ယီယွင် လာနေသည်ကိုမြင်ကာ ထိတ်လန့်သွားသော်လည်း ယီယွင် ပလိပ်ရောဂါ ခံစားနေရသည်ကို အမြန်တွေးမိသွားလေပြီး လူအများ၏အကူအညီကို မျှော်လင့်ကာ စတင်အော်ဟစ်လိုက်သည်။
" ရွာသားအပေါင်းတို့... ဒီမျိုးမစစ်လေးက သေပြီးတဲ့နောက်မှာ ဝင်ပူးကပ်ခံထားရတာပဲ။ ဒီလိုမှမဟုတ်ရင် သူ ဒီလောက်အထိ အစွမ်းထက်နိုင်မှာမဟုတ်ဘူး။ ဒီကောင်စုတ်လေး ပူးကပ်ခံထားရတာကို ရှင်တို့ မေ့နေကြတာလား " လျှိုင်ချွေ့ဟွားက ရုတ်တရက်ပင် အတွေးပေါက်သွားပြီး ချက်ချင်းပင် လူအများကို သွေးထိုးပေးလိုက်သည်။
" အဝေးကိုသွားကြ... ချီးလိုပဲ အဝေးကိုသွားကြ " သူမ ပြေးထွက်သွားခဲ့လေပြီး ပြန်ရောက်လာချိန်တွင် သစ်သားပုံးတစ်လုံး ပါလာသည်။ သူမသည် ယီယွင်ကိုကြည့်ကာ ကောက်ကျစ်စွာ ပြုံးလိုက်လေ၏။
သစ်သားပုံးထဲတွင် အနီရောင်အရည်များ ရှိနေပြီး ဆိုးရွားသောအနံ့တစ်ခု ထွက်ပေါ်နေသည်။ ထိုသည်က ခွေးသွေးများ ဖြစ်လေသည်။
ပြိုင်ပွဲမတိုင်မီတွင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက အမဲလိုက်ခွေးနှစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် စားသောက်ပွဲကျင်းပရန် ပြင်ဆင်ထားခဲ့သည်။ အမဲလိုက်ခွေးနှစ်ကောင်ကို သတ်ပြီးသည့်နောက်တွင် သွေးများကို သစ်သားပုံးထဲ၌ ထည့်ထားခဲ့သည်။ ခွေးသွေးများထဲတွင် ကလီစာများ ပါဝင်နေလျက်ရှိပြီး ၎င်းတို့အားလုံးကို ယီယွင်ဆီသို့ ပက်လိုက်လေသည်။
တိမ်ရိုင်းနယ်မြေထဲမှ လူများသည် ခွေးသွေးက အပနှင်နိုင်သည်ဟု ယုံကြည်ထားကြလေ၏။ မကောင်းဆိုးဝါးများက ခွေးသွေးကိုမြင်လျှင် မနေနိုင်ကြပေ။ မကောင်းဆိုးဝါးများကို ခွေးသွေးနှင့် ပက်လိုက်လျှင် အငွေ့ပျံကာ ပျောက်ကွယ်သွားပေလိမ့်မည်။
တရုတ်ကဗျာထဲတွင်ပါသည့် " မျက်နှာပေါ်က ခွေးသွေး " ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်းဖြစ်သည်။ လူတစ်ယောက်ကို " မျက်နှာပေါ်က ခွေးသွေး " ဟု ဆဲရေးလိုက်လျှင် ခွေးသွေးများ စီးဆင်းနေသည့် အပမှီခံထားရသူဟု ပြောဆိုခြင်းသာဖြစ်သည်။
ယီယွင်က ပူးကပ်ခံထားရ၍သာ ကျောက်ထိုင်ကျူကို ဒုက္ခိတဖြစ်စေခဲ့သည်ဟု လျှိုင်ချွေ့ဟွားက ယုံကြည်ထားသည်။ ယီယွင်အား ခွေးသွေးများ စိုရွှဲသွားလျှင် မကောင်းဆိုးဝါးလည်း လောင်ကျွမ်းပျောက်ကွယ်သွားမည်ဖြစ်၏။ ထိုသို့ဆိုလျှင် ယီယွင်က သူမနှင့် ရင်ဆိုင်ရချိန်တွင် ကူရာမဲ့နေပေလိမ့်မည်။
လျှိုင်ချွေ့ဟွားက ယီယွင်၏ ခြေလက်များကို ခုတ်ဖြတ်ပစ်ပြီး မီးရှို့ကာ သတ်ပစ်လိုသည်။ သူမကသာ ယီယွင် ပူးကပ်ခံထားရသည်ဟု စွပ်စွဲထားလျှင် ယီယွင်အား မီးရှို့သတ်ပစ်ရန်အတွက် လူအများကို သွေးထိုးပေးဖို့ရာ လွယ်ကူသွားပေလိမ့်မည်။
ယီယွင်၏မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်တစ်ခု တောက်ပသွားသည်။
သိုင်းပညာကိုမသိသည့် လျှိုင်ချွေ့ဟွားကဲ့သို့ မိန်းမတစ်ယောက်ကို ယီယွင်က အရေးမစိုက်လိုသော်လည်း သူမသည် ယခင်က သူ့ကိုတိုက်ခိုက်ဖူးခဲ့လေ၏။ ယခုတွင် ထိုမိန်းမက မည်မျှအထိ ရက်စက်ကောက်ကျစ်ကြောင်း သူ သိခဲ့ရသည်။
လူအချို့က အရိုးထိတိုင်အောင် အဆိပ်ပြင်းကြ၏။ ထိုသို့သော လူများက သိုင်းပညာကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ၊ ယောက်ျားဖြစ်စေ မိန်းမပင်ဖြစ်စေ လောကကြီးကို အန္တရာယ်ပေးလိမ့်မည်သာ ဖြစ်ချေသည်။
ဖောင်း...။
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယီယွင် လှုပ်ရှားသည်ကို မမြင်လိုက်ရဘဲ ခွေးသွေးပုံးက လျှိုင်ချွေ့ဟွား၏ရှေ့တည့်တည့်တွင် ပေါက်ကွဲသွားလေ၏။ သွေးစက်များ နေရာအနှံ့သို့ ပြန့်ကျဲသွားသည့်တိုင်အောင် ယီယွင်ကိုမူ တစ်စက်မျှမစင်ပေ။ တစ်ဖက်တွင်မူ လျှိုင်ချွေ့ဟွားကို ခွေးသွေးများ စိုရွှဲသွားလေ၏။
အား...။
လျှိုင်ချွေ့ဟွား ထိတ်လန့်တကြား အော်ဟစ်လိုက်သည်..." တိရိစ္ဆာန် ၊ မျိုးမစစ်ကောင် ၊ မကောင်းဆိုးဝါးကောင် ၊ အစ်အွတ်အွတ်....."
ယီယွင်က သူမ၏လည်ပင်းကို ဖမ်းဆုပ်လိုက်လေသောကြောင့် လျှိုင်ချွေ့ဟွား စကားဆက်မပြောနိုင်တော့ချေ။ လျှိုင်ချွေ့ဟွား လျှာတစ်လစ်ထွက်လာကာ မျက်ဖြူဆိုက်သွားလေ၏။
" ကယ်...ကယ်ကြပါ " အသက်ရှင်ရန် ရုန်းကန်နေရသည့် လျှိုင်ချွေ့ဟွားမှာ ထိုးစကားများကိုသာ ပြောနိုင်ခဲ့သည်။
ဘေးပတ်လည်မှလူများ ထိတ်လန့်သွားကာ နောက်သို့ဆုတ်လိုက်ကြသည်။ သူတို့က ယီယွင်ကို တိုက်ခိုက်ဝံ့ခြင်း မရှိပေ။အရိုင်းနယ်မြေထဲမှ သာမန်လူများသည် အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကို ကြောက်ရွံ့ကြလေပြီး ဖော်လံဖားစိတ်ဓာတ်များ အားကောင်းကြသည်။ ကျွမ်းကျင်သူများ၏ရှေ့တွင် သူတို့က မသိစိတ်ဖြင့်ပင် နာခံတတ်ကြပြီး အားနည်းသူများ၏ ရှေ့မှောက်တွင်မူ သူတို့၏ အနိုင်ကျင့်တတ်သောဘက်ခြမ်းကို ပြသကာ မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲတတ်ကြသည်။
နောက်ဆုံးတွင် လျှိုင်ချွေ့ဟွား ကြောက်ရွံ့လာ၏။ ယီယွင်ကို ကြည့်နေရင်းဖြင့် သူမ၏မျက်ဝန်းတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
ယီယွင်က ရုတ်တရက်ကြီး မည်ကဲ့သို့ သန်မာလာခဲ့သည်ကို သူမ မသိပေ။ ထိုကောင်က ပူးကပ်ခံထားရဟန် မရှိပုံပင်။ အကြောင်းကမူ ပူးကပ်ခံထားသည့် လူတစ်ဦးက ခွေးသွေးကို ရှောင်ရှားနိုင်ခြင်းမရှိပေ။ ပူးကပ်ခံထားရသည့် လူတစ်ဦးက ခွေးသွေးကို မြင်သည်နှင့် အေးခဲသွားပေလိမ့်မည်။
" နင်...နင်...နင်က အမျိုးသမီးတစ်ဦးကို ရိုက်ချင်နေတာလား။ အစ်အစ်အစ် " လျှိုင်ချွေ့ဟွားက ပါးစပ်ဟရန်ပင် ခက်ခဲနေ၏။
ယီယွင် ရယ်မောကာ..." ကျုပ်က မိန်းမတစ်ယောက်ကို ဘယ်တော့မှမရိုက်ဖူးဘူး "
ယီယွင်က ကိုင်ဆုပ်ထားသည်ကို အနည်းငယ်ဖြေလျော့ပေးလိုက်သည်။
လျှိုင်ချွေ့ဟွား အသက်ရှုနိုင်လာကာ သတ္တိအချို့ ရရှိလာပြီး ဆိုလေသည်..." ငါ့ကို အမြန်လွှတ်ပေးပြီး သခင်လေးလျှိုင်ဆီမှာ တောင်းပန်လိုက်စမ်း။ သူက နင့်ကို ခွင့်လွှတ်ပေးလောက်တယ်။ နင်က သန်မာလာတယ်ဆိုပေမဲ့ သခင်လေးလျှိုင်ကို ရိုက်နှက်နိုင်မှာတဲ့လား "
လျှိုင်မျိုးနွယ်အတွက်မူ လျှိုင်ချမ်းယုက နတ်တစ်ပါးပမာပင်။ သူ့တွင် အကြွင်းမဲ့ဩဇာအာဏာ ရှိသည်။
လျှိုင်မျိုးနွယ်လက်အောက်မှ လူများသည် ခရမ်းသွေးနယ်ပယ်အောက်မှ အဆင့်တိုင်းကို သိကြလေ၏။ လျှိုင်ချမ်းယုက သေမျိုးသွေးနယ်ပယ် အဆင့် ၅ အထွတ်အထိပ်၌ ရှိနေခဲ့ချိန်တွင် ကျောက်ထိုင်ကျူက အဆင့် ၁ တွင်သာ ရှိနေသေးပြီး ကွာခြားချက်က ကြီးမားလှသည်။
လျှိုင်ချွေ့ဟွားသည် ယီယွင်ကို ကြောက်သော်လည်း သူမက လျှိုင်ချမ်းယုထံတွင် ခံစားခဲ့ကြောင်း ပြန်တွေးမိသွားခဲ့သည်။ လျှိုင်ချမ်းယုသာ သူမ၏နောက်တွင် ရှိနေလျှင် ဤခွေးကောင်လေးကို ကြောက်နေရပါဦးမည်လော။ လျှိုင်ချမ်းယုသာ လှုပ်ရှားလျှင် ယီယွင်ကို အလွယ်တကူပင် နင်းချေပစ်နိုင်သည်။
လျှိုင်ချွေ့ဟွား ထိုသို့တွေးမိကာ ပိုမိုရဲတင်းလာပြီး ယီယွင်က အသိဥာဏ်ရှိလာကာ သူမကို လွှတ်ပေးလိမ့်မည်ဟု ထင်မြင်လာသည်။
" သခင်လေးလျှိုင်ရဲ့ရှေ့မှာ ဒူးထောက်ပြီး အမှားဝန်ခံလိုက်။ ကျောက်ထိုင်ကျူကို နိုင်ခဲ့တာနဲ့ပဲ နင့်ကိုယ်နင် အစွမ်းထက်ပြီလို့ ထင်နေတာလား။ သခင်လေးလျှိုင်နဲ့ယှဥ်ရင် ကျောက်ထိုင်ကျူက တီကောင်တစ်ကောင်လိုပဲ။ နင်ကတော့ အကောင်နည်းနည်းပိုကြီးတဲ့ တီကောင်ပဲ "
လျှိုင်ချွေ့ဟွားက ယီယွင် ကြောက်ရွံ့နေသည်ဟု အထင်ရောက်ကာ အော်လိုက်သည်။ သို့သော် သူမ ပြောခဲ့သည်များက စစ်မှန်သည့် ယုံကြည်ချက်များ ဖြစ်သည်။ လျှိုင်ချမ်းယုက ကြီးမားသောစွမ်းအား ရှိနေသည့် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး ဖြစ်ချေသည်။
ယီယွင်က ရယ်မောကာ သူမကို သတိပေးခြင်းမပြုဘဲ ဖြတ်ရိုက်လိုက်သည်။
ဖျောင်း...။
ယီယွင်၏ရိုက်ချက်ကြောင့် လျှိုင်ချွေ့ဟွား၏ခန္ဓာကိုယ် လွင့်စဥ်သွားရသည်။ သူမ လေထဲတွင် ဂျွမ်းသုံးပတ်လည်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အရိုက်ခံလိုက်ရခြင်းကြောင့် လျှိုင်ချွေ့ဟွား မှင်တက်မိနေ၏။ သူမ၏ပါးစပ်မှ သွေးများကျဆင်းလာ၏။ လျှိုင်ချွေ့ဟွားက ဘယ်ဘက်ပါးပြင်ကို တုန်ယင်နေသောလက်ဖြင့် ထိကြည့်လိုက်သည်။ သူမ၏ ဘယ်ဘက်ပါးပြင် ညိုမဲယောင်ကိုင်းနေ၏။
သူမ၏ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ခံစားမိပြီး ထွေးထုတ်ကြည့်လိုက်ရာ သွေးစွန်းနေသော သွားဆယ်ချောင်း ထွက်လာသည်။ ယီယွင်ကြောင့် သူမ၏ ဘယ်ဘက်ခြမ်းမှ သွားများ ကျိုးသွားခဲ့ရသည်။
" အာဘားဘား " လျှိုင်ချွေ့ဟွားက ယီယွင်ကို တစ်ခုခုပြောလိုသော်လည် သူမ၏လျှာ ပျက်စီးနေပြီး မျက်နှာမှာလည်း ပုံပျက်နေလေသောကြောင့် စကားတစ်ခွန်းပင် မဆိုနိုင်ချေ။ ယီယွင်ကို ကြည့်နေရသည်မှာပင် သူမ၏ သူငယ်အိမ်များ ကျယ်နေသည့်အလားပင် အာရုံစိုက်၍မရပေ။
သူမ၏နှုတ်ခမ်းများ အားစိုက်ကာ လှုပ်ရှားလိုက်ရာ မပီမသအသံများသာ ထွက်လာသည်။ အသံက ပြောင်းလဲနေသည့်တိုင်အောင် ယီယွင်က နားလည်နေဆဲပင်။ သူ့အထင် မှန်မည်ဆိုလျှင် သူက မိန်းများကို မရိုက်နှက်ဖူးဘူးမလားဟု လျှိုင်ချွေ့ဟွားက မေးနေခြင်း ဖြစ်ပုံရသည်။
" ကျုပ် အဲ့ဒီလို ပြောခဲ့တာလား " ယီယွင်က ပြန်မေးလိုက်ရာ လျှိုင်ချွေ့ဟွားက မျက်တောင်ခတ်ပြရုံသာ လုပ်ပြနိုင်သည်။
ယီယွင် လက်များပွတ်ကာ ဆိုသည်..." ဪ... ကျုပ် ပြောခဲ့တာက အတိတ်မှာတုန်းကလို့ ပြောတာပါ။ အနာဂတ်မှာ ကျုပ်က ထိန်းချုပ်မထားတော့ဘူး။ အရိုက်ခံသင့်တဲ့ လူတွေကို ရိုက်ပေးမယ် "
လျှိုင်ချွေ့ဟွားက ယီယွင်ကို စော်ကားပြောဆိုနေလျှင်ပင် အဆင်ပြေသေးသည်။ သို့သော် သူမအနေဖြင့် ကျန်းရှောင်ယုကို အနိုင်မကျင့်ခဲ့သင့်ပေ။
သူ ပျောက်သွားခဲ့သည့် သတင်းကို ကြားသိခဲ့ရပြီး အိမ်ကို လူစုလူဝေးနှင့် အဝိုင်းခံရကာ နွားချေးများဖြင့် ပစ်ပေါက်ခံနေရသည့် နေ့ရက်များတွင် ကျန်းရှောင်ယု မည်သို့ရှင်သန်ခဲ့ရသည်ကို ယီယွင် မတွေးတတ်ပေ။
ဤသူစိမ်းလောကကြီးထဲတွင် ကျန်းရှောင်ယုက သူ၏အနီးကပ်ဆုံး ဆွေမျိုးတစ်ဦး ဖြစ်ချေသည်။ သူမအား တစ်ယောက်ယောက်က ထိခိုက်စေလာမည်ကို သူ ခွင့်ပြုမည်မဟုတ်ပေ။
သူ စကားဆုံးသည်နှင့် လျှိုင်ချွေ့ဟွား သွေးတစ်လုတ်အန်ကာ သတိလစ်သွားခဲ့လေသည်။