ပျက်စီးခြင်း အရိုးများကို သန့်စင်မှု ပြီးမြောက်ခြင်း
Vol. 5 Ch. 64
"ငါဟာ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို အနေအထားတစ်ခု အထိ လေ့ကျင့်ထားလို့ ပေါင်ထောင်ချီ အလေးတွေကိုလည်း မနိုင်ပြီး သံအိုး ကိုးလုံးလောက်ကိုလည်း ဆွဲနိုင်နေပြီ ဆိုပေမယ့် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ရဲ့ ထက်ဝက်တောင် မကျွမ်းကျင်သေးဘူး။ ဒါပေမယ့် အခုကတည်းက ဒီလို ကြီးမားတဲ့ ခွန်အားကို ရနေပြီ။
"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ရဲ့ (၁၈) ခုမြောက် သိုင်းကွက်ကို ငါ လေ့ကျင့်ပြီးသွားရင် ပေါင်တစ်သောင်း အလေးကို မနိုင်သွားလိမ့်မယ်။ အဲ့ဒီ အချိန်ရောက်ရင် သံအိုးတွေကို ဂေါ်လီလုံး ပစ်သလို ပစ်နိုင်လိမ့်မယ်၊ သံမဏိဒိုင်းတွေကို ထိုးဖောက်နိုင်တဲ့အထိ မြှားတွေကို ပစ်လွှတ်နိုင်လိမ့်မယ်။ ရှေးခေတ်မှာသာ ဒီလိုခွန်အားမျိုး ငါ့မှာ ရှိခဲ့ရင် စစ်ပွဲတစ်ပွဲကို ငါတစ်ယောက်တည်းနဲ့တောင် နိုင်အောင် တိုက်နိုင်တယ်။ ရှေးခေတ်က စစ်တပ် နှစ်တပ် ထိပ်တိုက်တွေ့တဲ့ အခါမှာဆိုရင်လည်း မြှားတစ်စင်း ပစ်ရုံနဲ့ ရန်သူတွေရဲ့ ခေါင်းဆောင်ကို သတ်နိုင်မယ်ဆိုရင် တိုက်ပွဲမှာ အနိုင်ရမှာပဲ။"
ဤကဲ့သို့ တွေးရင်း ယီယွင်သည် ဗိုက်ဆာလာသည်ကို ခံစားလိုက်ရသည်။
"ငါဟာ အစားကြူးတဲ့ လူတစ်ယောက် ဖြစ်နေပြီပဲ။" ဟု တွေးရင်း ယီယွင်သည် ဆွံ့အသွားသည်။ သို့သော် သူ့အနေနှင့် မတတ်နိုင်ပေ။ စစ်သည်တော် တစ်ယောက်သည် အစာစားချင်စိတ် ကြီးမားသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အနက်ရောင် သံမဏိကျောက်တုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ကန်နိုင်ရန် မကြာခဏ စားပေးရန် လိုအပ်သည်။
ချီစုဆောင်းမှု နယ်ပယ်သို့ ရောက်သောအခါ စစ်သည်တော် တစ်ဦးသည် သံအိုးတစ်လုံးနှင့်အထက် မနိုင်သည့် ခွန်အားမျိုး ရှိနေလိမ့်မည် ဖြစ်သည်။ စစ်သည်တော် တစ်ဦးသည် တိုးတက်ချင်လျှင် ကြိုးစား၍ မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရမည် ဖြစ်သည်။
မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရန် သံအိုးတစ်လုံးနှင့် ညီသည့် ခွန်အားကို အသုံးပြုခြင်းသည် စွမ်းအင်သုံးစွဲမှု မြင့်မားသည်။ ထို့ကြောင့် စွမ်းအင်ကို
ဖြည့်တင်းရန် အစာများစွာ စားရန် လိုအပ်သည်။
ယီယွင်သည် ဆာလောင်မှုကို တောင့်ခံထားပြီး "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို လေ့ကျင့်နေခဲ့သည်။ သူ့တွင် ကျောက်တုံးများကို အလွယ်တကူ ဖြိုခွဲနိုင်သည့် ခွန်အားများ ရှိသည်။
"ချီစုဆောင်းမှုဟာ တခြား နည်းစနစ်တွေနဲ့ တူတော့မတူနေဘူး။ ဒါပေမယ့် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို ငါ အရမ်းကြီး မစွဲလမ်းနေသင့်ဘူး။ အမလင် ပြောခဲ့သလိုပဲ ဒီလက်သီး နည်းစနစ်က ထူးခြားတယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကို ပျိုးထောင်တဲ့ အခြေခံ နည်းစနစ်တစ်ခုပဲ ဖြစ်သေးတယ်။"
"ဒါပေမယ့် အခြေခံ နည်းစနစ်တစ်ခု ဆိုတိုင်းလည်း အထင်သေးလို့ မရဘူး။ တစ်ဖက်မှာလည်း ဒီ"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို ကျေညက်အောင် လုပ်ပြီး ငါ့ရဲ့ ကိုယ်ပိုင် သိုင်းပညာ ဖြစ်တဲ့အထိ" ကြိုးစားလေ့ကျင့်ရမယ်။ ဤကဲ့သို့ တွေးရင်း ယီယွင်သည် သူ၏ နည်းစနစ်များကို ပြန်နိုးထအောင် လုပ်ကာ တောအုပ်ထဲသို့ ပြေးဝင်သွားလေသည်။
သစ်လုံးအိမ်ထဲတွင် ကျန်းရှောင်ယုမှာ အိပ်ပျော်နေတုန်းပင် ဖြစ်သည်။ သို့သော် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။ ဤအတိုင်းသာ လဲလျောင်းနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လက်သေးသေးလေးသည် စောင်အစွန်းအား ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာမှာ ဖြူဖျော့နေကာ မျက်မှောင်ကြုတ်နေသည်။ နဖူးပေါ်တွင် ချွေးလေးများပင် စို့နေသည်။
ကျန်းရှောင်ယုသည် အိပ်မက်ဆိုး မက်နေမှန်း ယီယွင် သိလိုက်သည်။ အသက်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဖြစ်ရပ်ဆိုး တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါ အရာအားလုံး ပြီးဆုံးသွားသော်လည်း မလုံခြုံမှုကို ခံစားနေရဆဲ ဖြစ်သည်။
ယီယွင်သည် သစ်သားကုတင်ဆီသို့ ပေါ့ပါးစွာ လျှောက်သွားပြီး ကျန်းရှောင်ယုဘေးတွင် လဲလျောင်းလိုက်သည်။ သူသည် သူမကို နောက်ကျောဖက်မှ ပွေ့ဖက်လိုက်ပြီး "အားလုံးအဆင်ပြေသွားမှာ။ ကျွန်တော် အမနားမှာ အမြဲရှိနေမှာ" ဟု သူမ နားထဲသို့ တိုးတိုးလေး ကပ်၍ ပြောလိုက်သည်။
ယီယွင်၏ စကားများမှာ မှော်ဆန်သည်။ ဤစကားကြောင့် ကျန်းရှောင်ယု၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးများသည် ပြေလျော့သွားကာ စောင်ကို တင်းတင်း ဆုပ်ကိုင်ထားသော လက်များမှာလည်း လွတ်ကျသွားသည်။ နှုတ်ခမ်းထောင့်များသည်ကွေးသွားပြီး အေးချမ်းသော အပြုံးရေးရေးလေး တစ်ခု ပေါ်လာခဲ့သည်။
ယီယွင်သည်လည်း တစ်ဖက်စောင်အစွန်းကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး သူ၏ ကိုယ်ပေါ် ခြုံလိုက်သည်။ သူသည် ကိုယ်ခံပညာကို နှစ်လကြာ လေ့ကျင့်ခဲ့ပြီး ညတိုင်းနီးပါး အိပ်မပျော်ခဲ့ပေ။ ထို့ကြောင့် ဤည၌ သစ်လုံးအိမ်လေးတွင် သူ၏ အမကိုအဖော်ပြုရင်း အနားယူ အိပ်စက်မည်ဟု ဆုံးဖြတ်လိုက်သည်။
အမှောင်ထဲတွင် ယီယွင်သည် ချီလင်း အပူဓာတ်မှ ထုတ်လွှတ်သော အလင်းစက်များကို မြင်နေရသည်။ ၎င်းတို့သည် သူ့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာသည့် ပိုးစုန်းကြူးလေးများ ကဲ့သို့ပင် ဖြစ်သည်။
ယီယွင်သည် ချီစုဆောင်းမှု နယ်ပယ်ကို ကျော်ဖြတ်သွားပြီ ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အလွန် ဆာလောင်နေလေသည်။ အစားအစာ တစ်ခုမှ ရသည့် စွမ်းအင် အရင်းအမြစ်တစ်ခုနှင့်အတူ ခရမ်းရောင် သလင်းကျောက်သည် သူ၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာလာစေရန် စွမ်းအင်အားလုံးကို ဖြည့်တင်းပေးမည် ဖြစ်သည်။
သာမာန်အစားအစာ တစ်ခုမှရရှိသော စွမ်းအင်သည် သူ့အား အင်အား ဖြည့်တင်းပေးနိုင်သော်လည်း အရသာရှိ၍ တန်ဖိုးကြီးသည့် အစားအစာများနှင့်မူ ယှဥ်၍ မရနိုင်ပေ။
ဤအရာကို တွေးမိတိုင်း ယီယွင်သည် ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာခဲ့သည်။ သူသည် တိမ်ရိုင်းနယ်မြေမှ ထွက်ခွာကာ အမည်မသိ ကမ္ဘာဆီသို့ သွားရောက်ပြီး ပြိုင်စံရှား သိုင်းသမားတစ်ဦး ဖြစ်လာလိုသည်။ သိုင်းလောက၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းအားဖြင့် ခမ်းနားသော ရှုခင်းများကို မြင်တွေ့နိုင်မည်ဟု သူ ယုံကြည်နေသည်။
ဤသို့ဖြင့် ယီယွင်သည် တဖြည်းဖြည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သူ အိပ်ပျော်နေသည့် အချိန်တွင်ပင် သူ၏ နှလုံးတွင် ကိန်းဝပ်နေသော ခရမ်းရောင် သလင်းကျောက်သည် ယီယွင်အတွက် စွမ်းအင်များကို ဖြည့်တင်းပေးနေသည်။
ညနက်ချိန်၌ လျှိုင်မျိုးနွယ်စုတွင် ငိုကြွေးသံများကို ကြားနေရသည်။
ဤသည်မှာ အအေး စပါးအုံ ပျက်စီးခြင်း အရိုးများကို သန့်စင်ပေးသည့် အိမ်ထောင်ဦးစီး အမျိုးသားများ နာမကျန်း ဖြစ်သွားသောကြောင့် ဖြစ်သည်။
နာမကျန်းဖြစ်နေသော ဤလူများသည် မသေခင် ငါးရက်မျှပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော် ဤလူများသည် ခုနစ်ရက် ကြာသည်အထိ နောက်ဆုံးထွက်သက်ကို ထိန်းထားနေဆဲ ဖြစ်သည်။
သူတို့သည် ယာဂုကို နေ့တိုင်း စားနေသော်လည်း မသေသေးပေ။
သူတို့သည် ခွန်အား မရှိသောကြောင့် အားပြတ်၍ အိပ်ရာထဲ လဲနေရသည်။ သူတို့သည် မျက်ကွင်းညိုနေပြီး မျက်နှာမှာလည်း သွေးဆုတ်၍ ဖြူဖျော့နေသည်။
အမှန်တကယ်တွင် ဤသည်မှာ သွေးကျဲဆေးသောက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များပင် ဖြစ်သည်။ သွေးကျဲဆေးသည် လူတစ်ဦး၏ ခွန်အားကို ဆုတ်ယုတ်စေပြီး သွေးကျဲစေကာ လူကို အိပ်ရာထဲ လဲစေသည်။ သို့သော် သွေးကျဲဆေးမှာ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိသော်လည်း အအေး စပါးအုံ၏ အဆိပ်မှာမူ နောက်ဆက်တွဲ ဆိုးကျိုးများ သိပ်မရှိခဲ့ပေ။
မမျှော်လင့်စွာဖြင့် အအေး စပါးအုံအဆိပ်၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ပို၍ ပြင်းထန်လာပြီး သူတို့၏ အသက်အားလုံးကို နှုတ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ဤအရာကို မည်သူမှ ဂရုမစိုက်ခဲ့ပေ။
အကြောင်းရင်းမှာ လျှိုင်မျိုးနွယ်စုတွင် ကြီးမားသော အခမ်းအနားတစ်ခု ကျင်းပရန် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ ဤအခမ်းအနားသည် ပျက်စီးခြင်း အရိုးများကို အောင်မြင်စွာ သန့်စင်ပြီးစီးသည့် အတွက် ဂုဏ်ပြုခြင်း ဖြစ်သည်။
ဤသည်မှာ မျိုးနွယ်စု၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့် အခမ်းအနားတစ်ခု ဖြစ်သောကြောင့် ကြီးမားကျယ်ပြန့်သော တိမ်ရိုင်းနယ်မြေတွင် နေထိုင်သော အယူသီးသည့် မျိုးနွယ်စု အနေဖြင့် ဤအခမ်းအနားကို အဘယ့်ကြောင့် မကျင်းပ၍ နေမည်နည်း။
ပျော်ရွှင်မှုသည် ရုတ်ချည်း ရောက်လာတတ်သည်။ အခမ်းအနား ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် လျှိုင်ချမ်းယုသည် အအေး စပါးအုံ ပျက်စီးခြင်း အရိုးကို သန့်စင်ရာမှ အရိုးအဆီအနှစ်များကို ရရှိပြီး ဖြစ်ကြောင်း သတင်းကောင်းကို ရရှိခဲ့သည်။
ထိုသတင်းကို ကြားပြီးနောက် လျှိုင်ချမ်းယုသည် အံ့သြသွားပြီး "ဘာလို့ ဒီလောက် မြန်နေရတာလဲ။ ခန့်မှန်းထားတာထက် ဆယ်ရက်လောက် စောနေတာပဲ"
နည်းစနစ် လက်စွဲစာအုပ်အရ ပျက်စီးခြင်း အရိုး၏ အဆီအနှစ်ကို အပြည့်အဝ သန့်စင်ရရှိရန် နောက်ထပ် ဆယ်ရက်သည် သူ၏ အကောင်းဆုံး ခန့်မှန်းချက် ဖြစ်သည်။
"ဟားဟား။ အရမ်း မြန်တာပဲ ချမ်းယု မင်းကို အဘိုး ဂုဏ်ပြုတယ်" ရယ်မောသံများဖြင့် ဆူညံပြီးနောက် လျှိုင်မျိုးနွယ်စု၏ အကြီးအကဲများသည် အခမ်းအနား ပြင်ဆင်သည့် နေရာသို့ ဖြည်းညှင်းစွာ ဝင်လာကြသည်။ လျှိုင်ချမ်းယု၏ မျက်နှာမှာ အပြည့်အဝရွှင်လန်းနေပြီး သူသည် အမှန်တကယ် ပျော်ရွှင်နေသည်။ ပျက်စီးခြင်း အရိုးများကို သန့်စင်ပေးခြင်းဖြင့် လျှိုင်ချမ်းယုသည် ခရမ်းသွေး နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး တိုင်အာအင်ယာ၏ ခရမ်းသွေး စစ်သည်တော် အဖြစ် ရွေးချယ်ခံရခြင်းကလည်းသူ၏ အိမ်မွေးတိရစ္ဆာန်များကိုပင် ကောင်းကင်ဘုံသို့ ပို့ပေးနိုင်လိမ့်မည် ဖြစ်သည်။
လျှိုင်ချမ်းယု၏ အဘိုးမှာလည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် သူသည် လျှိုင်ချမ်းယု နှင့်အတူ သက်တောင့်သက်သာ နေထိုင်ရန် မြို့တော်ဆီသို့ လိုက်သွားမည် ဖြစ်သည်။ အဘိုးသည် အကြီးအကဲ ဖြစ်ခဲ့သော်လည်း သူသည် ဆင်းရဲသောဘဝကို စိတ်ကုန်နေကာ လျှိုင်မျိုးနွယ်စုကိုလည်း ဖျက်ဆီးရန် စီစဉ်နေပြီ ဖြစ်သည်။
မြို့တော်ထဲတွင် နေရသည့် ဘဝမှာ ကြီးကျယ် ခမ်းနားနေလိမ့်မည် ဖြစ်သည်။ ထိုနေရာတွင် နေထိုင်သည့် လူများသည် ကြွယ်ဝချမ်းသာကြပြီး သူသည်လည်း ထိုနေရာသို့ ရောက်ရှိပါက မောင်းမမိဿံအနည်းငယ် ပိုင်ဆိုင်ရကာ သူ၏ ကျန်ရှိနေသော ဘဝတွင် သာယာမှုကို အေးချမ်းစွာ ခံစားနိုင်မည် ဖြစ်သည်။
"ကောင်းတယ် အရမ်းကောင်းတယ်" ဟုဆိုရင်း လျှိုင်ချမ်းယုမှာ အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် ကျန်းရှောင်ယု ပျောက်ဆုံးမှုအတွက် မကျေမနပ် ဖြစ်နေသည်မှာ ကြာခဲ့ပြီ။
သို့သော် ပျက်စီးခြင်း အရိုး အဆီအနှစ် ရရှိသည့် ကိစ္စနှင့် ယှဉ်လိုက်ပါက မိန်းမကိစ္စမှာ အရေးမကြီးတော့ပေ။
သူသည် အနာဂတ်တွင် သူ၏ ကမ္ဘာကို ဖန်တီးကာ မောင်းမအခြွေအရံများမှာလည်း ပြတ်လတ်လိမ့်မည် မဟုတ်ပေ။
"အခမ်းအနားအတွက် ပြင်ဆင်တာ ဘယ်လိုနေလဲ။" ဟု လျှိုင်ချမ်းယုက သူ၏ အဖိုးကို မေးလိုက်သည်။
"ရုတ်တရက် ဖြစ်သွားတော့ အခမ်းအနားက ပြင်ဆင်လို့ မပြီးသေးဘူး။ အဘိုးလူတွေကို ညတွင်းချင်း ပြင်ဆင်ခိုင်းလိုက်မယ်။ မနက်ဖြန် ကောင်းကင်ကို ဂုဏ်ပြုဖို့ ကြက်ဝက်တွေ သတ်မယ်။ ချမ်းယု မျိုးနွယ်စုရဲ့ မျှော်လင့်ချက်က မင်းအပေါ်မှာ မူတည်နေတယ်။" ဟု လျှိုင်ချမ်းယု၏ ပုခုံးကို ပုတ်ရင်း အဘိုးက ပြောလိုက်သည်။ သူသည် လျှိုင်ချမ်းယု အပေါ်တွင် မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားသောကြောင့် ဖြစ်သည်။
"မနက်ဖြန်လား။ ကောင်းပြီ။ မနက်ဖြန်က နေ့ကောင်းပဲ" လျှိုင်ချမ်းယုသည် ပျက်စီးခြင်း အရိုး၏ အဆီအနှစ်များကို စားရန် မစောင့်နိုင်တော့ သော်လည်း ကြီးမြတ်မှုကို ရရှိရန် သူ၏ စိတ်ကို ထိန်းချုပ်ထားရမည်။
သည်းခံခြင်းသည် အလွန် အရေးကြီးသည်။
လျှိုင်ချမ်းယုသည် ဤအရာကို စောင့်ဆိုင်းနေသည်မှာ နှစ်အတော် ကြာခဲ့ပြီး။ ထို့ကြောင့် သူသည် နောက်ထပ် တစ်ရက်ကို စောင့်လိုစိတ် ရှိခဲ့သည်။
ပျက်စီးခြင်း အရိုးအဆီအနှစ်များကို ရရှိရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရကြောင်း သူသိသည်။ သူ၏ စိတ်အခြေအနေကို ထိန်းရန်အတွက် အရိုးအဆီအနှစ်ကို မစားမီ သူသည် စိတ်ကို တည်ငြိမ်အောင် ထားရမည်။ သို့မှသာ သူသည် အရိုးအဆီအနှစ်၏ အမြင့်ဆုံး အကျိုးသက်ရောက်မှုကို ရရှိမည် ဖြစ်ပြီး ခရမ်းသွေးနယ်ပယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ထိုနေ့တွင် မျိုးနွယ်စု အကြီးအကဲ များစွာတို့သည် လျှိုင်မျိုးနွယ်၏ ဘိုးဘေးခြံဝင်းထဲတွင် ဆုတောင်း နေခဲ့ကြသည်။
လျှိုင်ချမ်းယု လိုအပ်သည်များကို ဂရုစိုက်ပေးရန် အဘိုးသည် အစေခံ မိန်းမပျို လေးယောက်ကို တာဝန်ပေးထားသည်။
ဤအစေခံမလေးများသည် အသက် ဆယ့်ခြောက်နှစ်ခန့် ရှိပြီး သူတို့အားလုံးသည် သေးသွယ်ကာအသားအရည်မှာ ကြမ်းနေသည်။ သူတို့သည် ကျန်းရှောင်ယုထက် နွမ်းပါးသည့် ပုံပေါ်သော်လည်း လျှိုင်မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုငယ် တစ်ခုတွင် သူတို့သည် အလှဆုံး ဖြစ်သည်။
သာမာန်နေ့ တစ်နေ့ ဖြစ်ပါက လျှိုင်ချမ်းယုသည် ထိုမိန်းမပျိုလေးများနှင့် ကာမကိစ္စကို ခံစားပေလိမ့်မည်။ သို့သော် ယနေ့တွင် သူ၏ စိတ်သည် ရေကဲ့သို့ ငြိမ်သက်နေပြီး သူ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် ထားထားသည်။