← Chapters

အပြစ်ပုံချခံရသူ

Vol. 5 Ch. 62

အပြစ်ပုံချခံရသူ

Vol. 5 Ch. 62

ထိုအချိန်၌ လျှိုင်မျိုးနွယ်စု အကြီးအကဲများသည် စုဝေးနေကြသည်။

"ဘာ ကျန်းရှောင်ယုက ထွက်ပြေးသွားတယ် ဟုတ်လား။"

ဤသတင်းကို ကြားသောအခါ လျှိုင်ချမ်းယုမှာ လက်တွင် ကိုင်ထားသည့် လဘက်ရည်ခွက်ကို ပစ်ခွဲလိုက်သည်။

“ခွမ်း”

လက်ဖက်ရည်ပူပူများသည် ဖြန်းကနဲ စင်သွားပြီး ကျောက်ထိုင်ကျူမှာ ထိတ်လန့်သွားသည်။

လျှိုင်ချမ်းယုသည် အဘယ်ကြောင့် ဤကဲ့သို့ ဒေါသထွက်နေသည်ကို သူမသိပါ။ အမှန်တကယ်တွင် လျှိုင်ချမ်းယုသည် သိမ်ငယ်စိတ်ရှိပြီး မာနကြီးသူ တစ်ယောက်လည်း ဖြစ်သည်။ မျိုးနွယ်စုကြီးများရှိ မျိုးရိုးမြင့် သခင်လေးများ၏ ရှေ့တွင် သူသည် နှိမ့်

ချရိုကျိုး ယောင်ဆောင်သော်လည်း လျှိုင်မျိုးနွယ်စုရှိ မျိုးရိုးနိမ့်များ၏ ရှေ့တွင်မူ သူ၏ မာနကို ထိခိုက်စေမည့် မည်သည့်အရာကိုမျှ ခွင့်မပြုပေ။

ဥပမာ - ကျန်းရှောင်ယု ကိစ္စကို ကြည့်ပါက လျှိုင်ချမ်းယုသည် ကျန်းရှောင်ယုကို ရယူပိုင်ဆိုင်ချင်သော်လည်း သူ၏ လက်အောက်ငယ်သားများ ရှေ့တွင် ထိုသို့သော ဆန္ဒကို တစ်ခါမျှ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပေ။ နန်းတွင်း အပျိုတော်တစ်ဦးကို ဧကရာဇ်မင်းတစ်ပါးက နှစ်သက်သဘောကျသကဲ့သို့ အလည်သာ လာသော်လည်း ပိုင်ဆိုင်ခွင့်ရရန် မည်သည့်အခါမျှ ကြိုးစားအားထုတ်မည် မဟုတ်ပေ။

စျေးပေါသော သာမန်မိန်းမ တစ်ဦးသည် သူ၏ ပိုးပန်းမှုနှင့် မည်သို့ ထိုက်တန်မည်နည်း။

ကျောက်ထိုင်ကျူသည် ကျန်းရှောင်ယုအပေါ် လျှိုင်ချမ်းယု မည်သို့ သဘောထားသည်ကို မသိခဲ့ပေ။ ထို့ကြောင့် ကျန်းရှောင်ယု ထွက်ပြေးသွားသည့် ကိစ္စအပေါ် လျှိုင်ချမ်းယုမှာ အဘယ့်ကြောင့် ဤကဲ့သို့ ဒေါသထွက်နေရသည်ကို သူနားမလည်နိုင်ပေ။

"ထွက်သွားကြစမ်း" လျှိုင်ချမ်းယုသည် သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ မှုန်ကုပ်ကုပ် ဖြစ်နေသည်။ "ဒီမိန်းမက ငါအပိုင်သိမ်းတာ ခံမှာထက် သေဖို့ လမ်းကို ရွေးသွားလိမ့်မယ်လို့ မထင်ထားမိဘူး။"

လျှိုင်ချမ်းယု အလွန် ဒေါသထွက်ရသည့် အကြောင်းအရင်းများတွင် ကျန်းရှောင်ယု၏ ထူးခြားသော စိတ်နေစိတ်ထားနှင့် ရုပ်ရည်ကို မက်မောမိခြင်းမှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။

ဒုတိယ အကြောင်းအရင်းမှာ အဓိက အကြောင်းအရင်း ဖြစ်သည်။ လျှိုင်ချမ်းယုသည် သယံဇာတဆင်းရဲသော လျှိုင်မျိုးနွယ်စုတွင် နေထိုင်ခဲ့ပြီး သူလိုချင်သမျှကို အမြဲ ရနိုင်ခဲ့သည်။ သို့သော် မျိုးနွယ်စုကြီးတစ်ခုဆီမှ စွန့်ပစ်ထားသော စွမ်းအင် အပိုင်းအစတစ်ခုကို ရရှိရန်အတွက် သူသည် အောက်ကျနောက်ကျ ခံခဲ့ရသည်။ ဤအရာကို ရရှိရန် သူ၏ စိတ်ထဲတွင် လွန်ကဲသော ဆန္ဒများ ဖြစ်ပေါ်လာသည်။

လျှိုင်ချမ်းယုသည် သူနှင့် မသက်ဆိုင်သော အရာများကို ရယူပိုင်ဆိုင်လိုပြီး သူနှင့် သက်ဆိုင်သည့်အရာ ဖြစ်ပါကလည်း မည်သူ့ကိုမျှ ထိခွင့်မပေးပေ။

ကျန်းရှောင်ယုသည် လျှိုင်မျိုးနွယ်စုမှ ဖြစ်သောကြောင့် သူမအား သူပိုင်ဆိုင်သည့် အရာဟု သတ်မှတ်ထားလေသည်။

အခြားသူ ပိုင်ဆိုင်သည့် အရာများကို ရယူနိုင်ခြင်း မရှိသော်လည်း လျှိုင်မျိုးနွယ်စုတွင် ရှိသည့် အရာများသည် သူနှင့် သူ၏ မိသားစု အတွက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမ ထွက်ပြေးခြင်းထက် သူ့အား ဒေါသထွက်စေသော အရာတစ်ခုမျှ မရှိခဲ့ပါ။

"ဒီကောင်မ သေနေလောက်ပြီ ထင်တယ်"

အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိမိကိုယ်ကို သတ်ကွင်းထဲ ပို့သလို ဖြစ်နိုင်သည့် ကျယ်ပြောသော သားရဲတော၌ တစ်ယောက်တည်း ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားရာတွင် သတ္တိများစွာ ရှိခဲ့ရမည် ဖြစ်ပါသည်။

သူမကို ရှာရန် လက်အောက်ငယ်သားများကို စေလွှတ်ရန်မှာ မဖြစ်နိုင်ပေ။ ကျယ်ပြောလှသည့် တောကန္တာရကြီးသည် အလွန်ကြီးသောကြောင့် ကျန်းရှောင်ယုသည် မည်သည့် လမ်းကြောင်းမှ လွတ်မြောက်သွားသည်ကို မည်သူ သိနိုင်မည်နည်း။

သူ၏ စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ ဒါဇင်ပေါင်းများစွာသော လေ့ကျင့်ရေးတပ်သားများကို ​တောကန္တာရထဲသို့ စေလွှတ်မည် ဆိုပါကလည်း သေတွင်းသို့ တွန်းပို့သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဤမျှစွန့်စားရန် မတန်ပေ။

မကြာမီတွင် လျှိုင်ချမ်းယုသည် ဒုတိယ သတင်းတစ်ခုကို ရရှိခဲ့သည်။

သွေးကျဲဆေး သောက်သော အမျိုးသားများသည် နောက်ဆုံးတွင် ဖျားသွားခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တွင် သူတို့ ဖျားနာရမည့် အချိန်မှာ လျှိုင်ချမ်းယု၏ မူလခန့်မှန်းချက်ထက်ပင် နှောင့်နှေးနေခဲ့သည်။

သူတို့ အားလုံးသည် အလွန် အားနည်းသွားကြပြီး ချောင်းဆိုးသည့် အခါတိုင်း သွေးပါနေကြသည်။

ဤဖျားနာသူများသည် ၎င်းတို့၏ မိသားစုတွင် အိမ်ထောင်ဦးစီးများ ဖြစ်ကြသည်။ သူတို့သည် မူလတွင် အရိုးများကို သန့်စင်ပေးခြင်းဖြင့် သူတို့၏ မိသားစုအတွက် အပိုအစားအစာများ ရရှိရန် မျှော်လင့်ထားခဲ့ကြသည်။

ယခုတွင်မူ အိမ်ထောင်ဦးစီးများသည် ပြိုလဲသွားခဲ့ချေပြီ။

ယခု ရက်ပိုင်းအတွင်း အစာရေစာ ပြတ်လပ်မှုကြောင့် ငတ်မွတ်ခေါင်းပါး၍ အအေးမိပြီး သေဆုံးသွားသူ အနည်းငယ် ရှိနေပြီဖြစ်သည်။

ပထမဆုံး သေဆုံးသူများမှာ ဖျားနာသည့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

အမျိုးသား အိမ်ထောင်ဦးစီးရှိသော မိသားစုများသည် တတ်နိုင်သမျှ စွမ်းဆောင်နိုင်သော်လည်း သူတို့၏ အမျိုးသားများသာ မရှိလျှင် သူတို့၏ ရှေ့ဆက် နေ့ရက်များသည် စိတ်ကူးယဉ်ကြည့်၍ပင်

မရနိုင်ပေ။

ဤအတွက်ကြောင့် လျှိုင်မျိုးနွယ်စုမှ မျိုးရိုးမြင့်အသိုင်းအဝိုင်းများသည် အကူအညီပေးရန် ရှေ့ဆက်မတိုးတော့ပေ။ ဤလူဆင်းရဲများသည် ကြာရှည်ခံမည် မဟုတ်သည့်အပြင် တန်ဖိုးမရှိသည့် လူများဟု လျှိုင်ချမ်းယုက သတ်မှတ်ထားသောကြောင့် မျိုးရိုးမြင့်များသည် အစားအစာများကို လက်လွတ်မခံတော့ပေ။

မျိုးနွယ်စုအတွင်း ရိက္ခာအနည်းငယ်သာ ကျန်တော့သဖြင့် ပျက်စီးနေသော အရိုးများကို သန့်စင်ရန်အတွက် အမျိုးသားများကို ဆက်လက် စုဆောင်းနေရဆဲပင် ဖြစ်သည်။

ပထမအသုတ်တွင် သန်မာသည့် အမျိုးသားများ ရခဲ့ပြီး ဒုတိယအသုတ်တွင် သာမန်လူတန်းစား အမျိုးသားများ ရမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် ပျက်စီးနေသော အရိုးများကို သန့်စင်ရန် ပြီးလုနီးပါး ဖြစ်သောကြောင့် အရေးမကြီးတော့ပေ။

လျှိုင်မျိုးနွယ်စု၏ မျိုးရိုးမြင့် အသိုင်းအဝိုင်းသည် အလွန် သွေးအေး၍ နှလုံးသား မရှိသည့်အပြင် သူတို့သည် ဝါဒမှိုင်း တိုက်ခံရ၍ အတွေးများသည် အမှောင်ဖုံးနေသည်။

သန်မာသော အမျိုးသား အိမ်ထောင်ဦးစီးများရှိသော မိသားစုဝင်များသည် လျှိုင်မျိုးနွယ်စု အကြီးအကဲများ နေထိုင်ရာ ခြံဝင်းထဲသို့ အစားအစာများ ရယူရန် လာရောက် စောင့်မျှော်လျှက် ရှိပြီး သူတို့၏ အမျိုးသားများ အသက်ကို ကယ်တင်ခဲ့သော သွေးကျဲဆေးပြားများ ကိုလည်း ရရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။

မိသားစုဝင်များ၏ အမြင်တွင် ထိုဆေးသည် အသက်ကယ် “အံ့ဖွယ်ဆေး” ပင်ဖြစ်သည်။

သို့သော် လျှိုင်မျိုးနွယ်စုရှိ မျိုးရိုးမြင့် အသိုင်းအဝိုင်းသည် ဤတောင်းဆိုမှုများကို ပယ်ချခဲ့ပါသည်။ သွေးကျဲဆေး၏ အရေအတွက်မှာ အကန့်အသတ်နှင့် ရှိသည့်အပြင် ထိုဆေးထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း အလွန်မြင့်သောကြောင့် အသက်ရှင်ရန် အခွင့်အလမ်း မရှိသော ဤလူများအပေါ် အဘယ်ကြောင့် ဖြုန်းတီးမည်နည်း။

ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ကျောက်ထိုင်ကျူသည် စင်ပေါ်တွင် မောက်မာစွာ မတ်တပ်ရပ်နေပြီး အိမ်ထောင်ဦးစီးကိုယ်စား ရောက်လာသော မိသားစုဝင်များကို မထီမဲ့မြင်ပြုကာ တစ်ချက်ကြည့်လိုက်သည်။

သူသည် တစ်ချိန်က ဆင်းရဲနွမ်းပါးသူ ဖြစ်ခဲ့သော်လည်း ယခုတွင် ကျောက်ထိုင်ကျူသည် မဆင်းရဲတော့ဟု ခံစားလာရသည်။ သူသည် ဆင်းရဲသားဘဝမှ လွတ်မြောက်ခဲ့ပြီး ပုရွက်ဆိတ်ကဲ့သို့ သေးသိမ်သော ဤလူဆင်းရဲ သတ္တဝါများနှင့် ကွဲပြားသွားပြီဟုလည်း မှတ်ယူထားသည်။

ယခု သူသည် လျှိုင်ချမ်းယု၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်နေခဲ့ပြီး ဖြစ်သည်။ လျှိုင်ချမ်းယုသည် "တိုင်အာ အင်ပါယာ၏ ခရမ်းရောင် သွေးစစ်သည်တော်" (သို့မဟုတ်) "အင်ပါယာ သူရဲကောင်း" ဖြစ်လာသောအခါ သူသည်လည်း အင်ပါယာ သူရဲကောင်း၏ အမှုထမ်းများထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

အင်ပါယာ သူရဲကောင်း တစ်ယောက် ဖြစ်ရခြင်းမှာ မည်မျှ ကြီးမြတ်သည်ကို သိပါသလား။ ဝန်ကြီးများ၏ အိမ်ရှိ ခြံစောင့်ခွေးသည် အဆင့်သုံး အမှုထမ်းအရာရှိနှင့်ပင် ညီမျှသည်။ သူသာ အမှုထမ်းတစ်ယောက် ဖြစ်လာပါက ကျောက်ထိုင်ကျူသည် ဇနီးမယားများစွာ လက်ထပ်ယူပြီး အောင်မြင်လာမည် ဖြစ်သည်။ ထို့ကြောင့် ဤဆင်းရဲနွမ်းပါးသော ဆင်းရဲသားများနှင့် မည်သို့ ရောနှောနေနိုင်မည်နည်း။

"မင်းတို့ ဘာတွေ ဆူညံဆူညံ လုပ်နေကြတာလဲ၊ ဘာတွေ ဆူညံဆူညံ လုပ်နေကြတာလဲလို့။ မင်းတို့လို ငမွဲတွေက လူအသက် ကယ်ဖို့ဆိုပြီး အံ့ဖွယ်ဆေးကို လိုချင်နေတုန်းပဲလား။ ငါတို့ မျိုးနွယ်စုမှာ အဲ့ဒီ အံ့ဖွယ်ဆေးတွေက ဘယ်လောက်ရှိမယ် ထင်နေလို့လဲ။ အဲ့ဒီ အံ့ဖွယ်ဆေး ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်ကရော ဘယ်လောက်လဲဆိုတာ သိလား။"

ကျောက်ထိုင်ကျူသည် ညစ်နွမ်းနေသော အမျိုးသမီးနှင့် ကလေးများကို မထီမဲ့မြင်ပြုကာ

ငုံ့ကြည့်လိုက်သည်။

သူ၏ စကားကြောင့် လူများ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသောအခါ ကျောက်ထိုင်ကျူသည် မျိုးရိုးမြင့်ထဲမှ လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ "ငါ တဲ့တိုးပြောရမယ်ဆိုရင် မင်းတို့ အသက်တွေ အကုန်ပေါင်းပြီး ပေးရင်တောင် အံ့ဖွယ်ဆေးတစ်ခွက်နဲ့ လဲဖို့ မလုံလောက်ဘူး။"

"စားစရာ လိုချင်တယ်ပေါ့လေ။ အံ့ဖွယ်ဆေးတွေ လိုချင်တယ်ပေါ့လေ။ မျှော်လင့်မနေနဲ့။"

"မျိုးနွယ်စု အကြီးအကဲတွေက မင်းတို့ရဲ့ အိမ်ထောင်ဦးစီးတွေ အသက်ကို တစ်ကြိမ် ကယ်တင်ခဲ့ပြီးပြီလေ။ ဒုတိယအကြိမ် ထပ်ကယ်တင်ပေးဖို့ မျှော်လင့်နေတာလား။ မင်းတို့ရဲ့ အိမ်ထောင်ဦးစီးတွေက သူတို့ဘာသာ ပလိပ်ရောဂါ မတော်တဆ ကူးစက်ခံရတာလေ။ မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ အပြစ်တင်ချင်ရင် အဲဒီကလေး ယီယွင်ကို အပြစ်တင်ရမှာ။ ရောဂါ ကူးစက်ခံရပြီး ဖြန့်တဲ့သူက အဲ့ဒီကလေးပဲမို့။ ဒီစောက်ကလေးက သေပြီးတာတောင် တခြားသူတွေကို ဒုက္ခပေးနေတုန်းပဲ။"

ကျောက်ထိုင်ကျူသည် ပြသာနာကို ပိုကြီးအောင် မီးမွှေးပေးနေလေသည်။

ထိုအချိန်တွင် အမျိုးသမီး တစ်ယောက်က ဒေါသထွက်သော အသံဖြင့် "စစ်သည်တော်ကျောက် ပြောတာ မှန်တယ်။ အဲ့ဒါ ယီယွင်ကြောင့်ပဲ"

ဤသည်မှာ လျှိုင်ချွေ့ဟွား၏ အသံဖြစ်သည်။ သူမသည် လူစုလူဝေးကြားတွင် ရောထွေးနေပြီး လူထုကို သိမ်းသွင်းရန် အချိန်အခါကောင်းကို စောင့်ဆိုင်းနေခဲ့သည်။

"ကျန်းရှောင်ယုက လှည့်ဖြားတတ်တဲ့ မိန်းမပဲ။ ကျွန်မတို့ လျှိုင်မျိုးနွယ်စုက ဒုက္ခရောက်နေတဲ့ မိသားစုတွေကို ကြင်ကြင်နာနာ လက်ခံပေးပြီး စားစရာနဲ့ နေစရာတွေ ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က အကြွေးတောင် ပြန်မဆပ်တဲ့အပြင် မျိုးနွယ်စုကို ဒုက္ခတောင် ပြန်ပေးလိုက်သေးတယ်"

“လူကြီးမင်းတို့ အနေနဲ့ အပြစ်တင်ချင်ရင် အဲ့ဒီ ကျန်းမောင်နှမ နှစ်ယောက်ကို အပြစ်တင်ပါ” ဟု လျှိုင်ချွေ့ဟွားက အော်ဟစ် ပြောဆိုလိုက်သည်။ အိမ်

ထောင်ဦးစီးများ၏ မိသားစုဝင်များမှာလည်း အမှားကို အမှန်အတိုင်း မပြောနိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

ထို့အပြင် အမှန်တရားသည် သူတို့အတွက် ရှုပ်ထွေးလွန်းသဖြင့် နားလည်ရန် ခက်ခဲနေသည်။

"အခု ဟိုမိန်းမ ကျန်းရှောင်ယု မရှိတော့ဘူးဆိုတော့ သူမဟာ ပြစ်ဒဏ်ကို ရှောင်ဖို့ ထွက်ပြေးသွားတာပဲ ဒါကြောင့် သူမအိမ်ကို မီးရှို့ကြရအောင် သူမ ပြန်လာရင်တောင် နေစရာမရှိ အေးခဲပြီး သေသွားပါစေ ငတ်သေသွားပါစေ"

“သူတို့အိမ်ကို မီးရှို့တာကလည်း မကောင်းဆိုးဝါးတွေကို မောင်းထုတ်တယ်လို့ပဲ သဘောထားပါ။ အတူတူ ရှို့လိုက်ကြရအောင် လူကြီးမင်းတို့။” လျှိုင်ချွေ့ဟွားသည် သူမ၏ ဟောင်းနွမ်းနေသော အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်ကာ သူမ၏ ဝတ်ရုံကို အလံငယ် တစ်ခုကဲ့သို့ ဝှေ့ယမ်းလိုက်သည်။

လူများသည် အုတ်အုတ်ကျက်ကျက် အခြေအနေတွင် ရောယောင်၍ လိုက်လုပ်တတ်သောကြောင့် လျှိုင်ချွေ့ဟွားသည် လူအုပ်ကြီးကို အလွယ်တကူ ဦးဆောင်နိုင်ခဲ့သည်။

ထို့အပြင် မိသားစုဝင်များ၏ စိတ်ထဲတွင် သူတို့၏ အိမ်ထောင်ဦးစီး အမျိုးသားများကို ပြိုလဲစေခဲ့သူမှာ ယီယွင် ဖြစ်သည်ဟု မှတ်ယူထားပြီး ထိုကိစ္စက သူတို့အား စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။ သူတို့သည် ငတ်ပြတ်၍ သို့မဟုတ် အေးခဲ၍ သေလုနီးပါး ဖြစ်ခဲ့ရသည်။

လျှိုင်ချွေ့ဟွား၏ လှုံ့ဆော်မှုအောက်တွင် လူများသည် ကျန်းရှောင်ယု၏ အိမ်ကို ထပ်မံ၍ ဝိုင်းရံခဲ့ကြသည်။

ဝိုင်းရံသည့် လူများထဲတွင် အမှန်တကယ် စိတ်ဆိုး၍ (သို့မဟုတ်) အများနှင့်ရောယောင်၍ လိုက်လုပ်သည့် လူများရှိသလို ထိုသို့လုပ်ရန် စိတ်မပါသည့် လူများလည်း ရှိပါသည်။

သို့သော် ရလဒ်မှာ မပြောင်းလဲဘဲ လူအုပ်ကြီးသည် မီးရှူးတိုင် ဆယ်ချောင်းကို ကျန်းရှောင်ယု၏ ပျက်စီးယိုယွင်းနေသည့် တဲအိမ်ပေါ်သို့ ပစ်ထည့်လိုက်ကြသည်။

မီးတောက်များသည် ကောင်းကင်ထက်သို့ တဟုန်းဟုန်း တောက်နေသည်။

လောင်ကျွမ်း အက်ကွဲသံများသည် နတ်ဆိုးများ၏ အော်ဟစ်သံများ ကဲ့သို့ပင်။ မီးတောက်မီးညွှန့်များသည် ကောင်းကင်ပေါ်သို့ လျှံတက်နေပြီး အနက်ရောင် မီးခိုးများမှာ တလူလူထနေကာ လှပသည့် အနီရောင် ကောင်းကင်ကြီးမှာ မည်းမှောင်သွားလေသည်။

လျှိုင်ချမ်းယုသည် အမူအရာမဲ့စွာဖြင့် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေလေသည်။ ကျန်းရှောင်ယု၏ အိမ် မီးလောင်သွားရုံဖြင့် လျှိုင်ချမ်းယုမှာ မကျေနပ်သေးပေ။ ကျန်းရှောင်ယုကို ပြန်ရှာတွေ့ရန်မှာ ပို၍ အရေးကြီးသည်။

သူသည် သူ၏ နောက်တွင် ရပ်နေသည့် ကျောက်ထိုင်ကျူကို တည်ငြိမ်စွာ ပြောလိုက်သည် "ငါ့အမိန့်ကို ပြန်ပြောလိုက်ပါ။ ပျက်စီးခြင်း အရိုးတွေကို သန့်စင်တဲ့နေရာမှာ မထိခိုက်စေနဲ့၊ မင်းတို့ အမဲလိုက်ထွက်တဲ့အခါ ကျန်းရှောင်ယုကို တွေ့ရင် သူမကို ငါ့ဆီ ခေါ်လာပေးရမယ်။ ခေါ်လာပေးနိုင်တဲ့သူကို ဆုတော်ငွေ ချီးမြှင့်မယ်"

"ဟုတ်​ကဲ့ သခင်​လေးလျှိုင်။ ​သေချာ​ပေါက်​ လုပ်​​ပေးပါ့မယ်​" ဟုဆိုကာ ကျောက်ထိုင်ကျူသည် မထွက်ခွာမီ အမိန့်ကို လက်ခံခဲ့လေသည်။

All Chapters