← Chapters

ပျက်စီးခြင်းအရိုးက အဆိပ်သင့်နေတယ်

Vol. 6 Ch. 76

ပျက်စီးခြင်းအရိုးက အဆိပ်သင့်နေတယ်

Vol. 6 Ch. 76

ယှဥ်ပြိုင်ပွဲတွင် အပြောင်းအလဲဖြစ်ရပ်တစ်ခု ဖြစ်ပွားလာမည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။ ယီယွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျောက်ထိုင်ကျူကို ဒုက္ခိတဖြစ်စေခဲ့ကာ လျှိုင်ချွေ့ဟွားကို ရိုက်နှက်ခဲ့လေ၏။

အရိုင်းနယ်မြေထဲတွင် ဆေးပညာရပ်များက အလွန်ပင် ခေတ်နောက်ကျလှသည်။ ထိုကဲ့သို့ ဒဏ်ရာများက ရောဂါပိုးဝင်နိုင်ခြေ ၉၉% ခန့်ရှိပြီး ပဋိဇီဝဆေးများသာ မရှိပါက ရောဂါပိုးကူးစက်ခံလိုက်ရသည်နှင့် အသက်ရှင်နိုင်ရန် အခွင့်အလမ်းမရှိပေ။

ကျောက်ထိုင်ကျူ အသက်ရှင်နိုင်ခဲ့လျှင်ပင် သိုင်းလေ့ကျင့်ခြင်းနှင့် လုပ်ငန်းများ မလုပ်နိုင်တော့သည့် ဒုက္ခိတတစ်ဦး ဖြစ်သွားမည်ဖြစ်ပြီး အိပ်ယာထဲတွင်ပင် လှဲနေရနိုင်သည်။

လျှိုင်ချွေ့ဟွားကမူ ပုံပျက်ပန်းပျက် ဖြစ်နေချေ၏။ ဟုတ်သည်။ ယီယွင်အတွက်မူ လျှိုင်ချွေ့ဟွား၏ရုပ်က ယခင်ကတည်းကပင် ပုံပျက်ပန်းပျက် ဆိုးရွားနေခဲ့သည်။ သို့သော် သွားအစုံ၏ တစ်ဝက်ကျော်ခန့် မရှိတော့သည့် လျှိုင်ချွေ့ဟွားအဖို့ အစာစားရန်ပင် အခက်တွေ့ရပေတော့မည်။ အရိုင်းနယ်မြေထဲတွင် တစ်စုံတစ်ယောက်ကသာ သူမကို ခွံ့ကျွေးခြင်းမပြုပါက သူမအဖို့ အဆာငတ်၍ သေသွားဖို့ရာသာ များ​သည်။

ကျောက်ထိုင်ကျူဖြစ်စေ လျှိုင်ချွေ့ဟွားပင်ဖြစ်စေ ၎င်းတို့အား အနာဂတ်တွင် ဆိုးရွားလှသော အဆုံးသတ်တစ်ခုကသာ စောင့်ကြိုနေလိမ့်မည်။

ယီယွင်က ကျောက်ထိုင်ကျူနှင့် လျှိုင်ချွေ့ဟွားတို့ကို ဒုက္ခိတဖြစ်အောင် လုပ်ဆောင်ပြီးသည့်နောက် နေရာတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားလေသည်။

ယခင်က မျိုးနွယ်ထဲမှ ပလိပ်ရောဂါ ကူးစက်ခံခဲ့ရသူများက ယီယွင်ကို အရိုးခိုက်အောင်ပင် မုန်းတီးကြသော်လည်း ယခုတွင်မူ ကြောက်လန့်နေကြသည်။

ယီယွင်က ထိုသူများကို သတိထားမိလေပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကျန်းရှောင်ယုအား အနိုင်ကျင့်ခဲ့ကြသည့် ကလေးအချို့ကိုပင် မှတ်မိပေသည်။

အမျိုးသမီးတစ်ဦးသည် မျက်နှာပျက်နေလျက်ဖြင့် သူမ၏ကလေးကို ချက်ချင်းပင် အုပ်မိုးကာကွယ်ပေးကာ တုန်ယင်နေသောအသံနှင့် ဆိုလိုက်သည်..." အဲ့ဒီ... အဲ့ဒီအချိန်တုန်းက လျှိုင်ချွေ့ဟွားက သွေးထိုး....သွေးထိုးပေးခဲ့လို့ မင်းတို့ရဲ့အိမ်ကို မီးရှို့မိခဲ့တာပါ "

ယီယွင်က အားကောင်းသန်မာစွာဖြင့် ပြန်ရောက်လာခဲ့သည်ဖြစ်ပြီး သူ၏အိမ်ကို မီးရှိုပစ်ခဲ့ခြင်းနှင့် ကျန်းရှောင်ယုအား ဝိုင်းထားခဲ့သည့် ပြဿနာများကို ဖြေရှင်းမည်မှာ သေချာလှသည်ကို လျှိုင်မျိုးနွယ်ထဲမှ လူများအားလုံး သိကြသည်။

ယီယွင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။

ထိုအမျိုးသမီး၏မျက်နှာ ဖြူလျော်သွားကာ..." နွားချေးတွေနဲ့ ပစ်တာကလည်း လျှိုင်ချွေ့ဟွားက သွေးထိုးပေးတာပါပဲ။ ငါတို့...ငါတို့..."

နွားချေးများနှင့် ပစ်ခဲ့ကြသည့် ကလေးများက ယီယွင်နှင့် သက်တူရွယ်တူခန့်ရှိကြပြီး အချို့ဆိုလျှင် ယီယွင်ထက် သန်မာကြသည်။ ပုံမှန်ဆိုလျှင် ယီယွင်ကဲ့သို့ ကလေးမျိုးကို သတိထားမိမည် မဟုတ်သော်လည်း ယခုတွင်မူ ကြောက်လန့်နေရသည်။

" ခင်ဗျားတို့ရဲ့ ယောက်ျားတွေ ပလိပ်ရောဂါ ကူးစက်ခံရတာက ကျုပ်ကြောင့်လို့ တကယ်ထင်နေကြတာလား " ယီယွင်က အသံထဲတွင် ယွမ်ချီများ ထည့်သွင်းထားပေရာ မိုင်ချီအဝေးမှပင် ကြားရနိုင်သည်။

လူတိုင်း မှင်တက်မိသွားကြ၏။ ထိုသတင်းကို လျှိုင်မျိုးနွယ်၏ အကြီးအကဲများက ဖြန့်ဝေထားသည်ဖြစ်ရာ မည်သို့များ မှားနိုင်ပါမည်နည်း။

သူတို့ မသိကြသည်မှာ ယီယွင်က ပလိပ်ရောဂါ ကူးစက်ခံရခြင်း ၊ ဝင်ပူးခံရခြင်း ၊ မီတာဒါဇင်များစွာ မြင့်မားသည့် ချောက်ကမ်းပါးမှ ပြုတ်ကျခြင်းတို့ ဖြစ်ခဲ့သည့်တိုင်အောင် အဘယ့်ကြောင့် မသေရသေးလေသနည်း။ ထို့အပြင် ယီယွင်က ကျောက်ထိုင်ကျူကို အဘယ်သို့များ ရိုက်နှက်နိုင်ရလေသနည်း။

ရွာသားများမှာ ယီယွင်က ကျောက်ထိုင်ကျူကို နှစ်ကွက်မျှဖြင့် ဒုက္ခိတဖြစ်စေခဲ့သည်ကို ယခုထိတိုင် မယုံနိုင်ကြသေးပေ။ ယီယွင်က ကျန့်ယွီရှန်းနှင့် သိုင်းပညာလေ့ကျင့်နေကြောင်းကို သူတို့ သိကြသည်။ သို့သော် ထိုကောင်က တစ်လခန့်မျှသာ ​လေကျင့်ထားသည့်တိုင်အောင် အဘယ်သို့ဖြစ်၍ ဆယ်စုနှစ်ချီကာ လေ့ကျင့်ထားသည့် ကျောက်ထိုင်ကျူထက် ပိုမိုသန်မာနေရလေသနည်း။

" ငါ...ငါတို့ရဲ့ ယောက်ျားတွေက ဘာ....ဘာဖြစ်တာလဲ " အမျိုးသမီးက တုန်ယင်စွာဖြင့် မေးလိုက်၏။

ထိုစဥ်တွင် လျှိုင်ချမ်းယု ထရပ်လာသည်ကို ယီယွင် မျက်ဝန်းထောင့်စွန်းမှ မြင်လိုက်ရသည်။ ထိုကောင်၏ အဆိပ်ရှိသော မြွေတစ်ကောင်ပမာ မျက်ဝန်းများက သူ့အား စူးစိုက်ကြည့်နေ၏။

အေးစက်မှု ၊ သတ်ဖြတ်လိုစိတ်နှင့် လောဘကြီးမှု။ ထိုအကြည့်တွင် မြွေတစ်ကောင် ပိုင်ဆိုင်ထားသည့် အရာအားလုံး ပါဝင်နေ၏။

သူ့အား လျှိုင်ချမ်းယုက ခြိမ်းခြောက်နေသည်ကို ယီယွင် သိသည်။ သို့သော် သူက လျှိုင်ချမ်းယုနှင့် အကြည့်ချင်းဆုံကာ အကြောက်အလန့်မရှိ ဆိုသည်..." ပျက်စီးခြင်းအရိုးတွေက အဆိပ်သင့်နေတယ်။ ခင်ဗျားတို့ရဲ့ ယောက်ျားတွေ သေရတာက ပျက်စီးခြင်းအရိုးကို သန့်စင်ရတာကြောင့်ပဲ။ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမပတ်သတ်ဘူး "

ယီယွင်၏အသံက အဝေးထိတိုင် ပြန့်လွင့်သွားပြီး လူတိုင်း ကြည်လင်ပြတ်သားစွာ ကြားရလေသည်။

ရွာသားများ အုံးအုံးကျွတ်ကျွတ် ဖြစ်သည်။

" ပျက်စီးခြင်းအရိုးက အဆိပ်သင့်နေတာတဲ့လား "

" ငါတို့ရဲ့ယောက်ျားတွေ သေရတာက ပျက်စီးခြင်းအရိုးကို သန့်စင်လို့တဲ့လား "

ရွာသားများ သွေးပျက်နေကြကာ ကယောင်ချောက်ချား ဆွေးနွေးပြောဆိုကြသည်။

ယနေ့တွင် အားနည်းသည့် ယီယွင်သာ ပြောခဲ့မည်ဆိုပါက မည်သူကမျှ ယုံကြ​ည်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယီယွင်အား မကောင်းဆိုးဝါး ဝင်ပူးခံထားရသည်ဟု ခေါင်းစဥ်တပ်ကာ မီးရှို့သတ်ပစ်ကြ​လိမ့်မည်။

ယခုတွင်မူ ယီယွင်အား ကြီးမားသောစွမ်းအား ကျောထောက်နောက်ခံ ပြုထားချေ၏။ သူ ပြောခဲ့သည်များက ရူးနှမ်းကာ ယုံကြည်နိုင်ဖွယ်မရှိသော်လည်း လူအချို့ကမူ မသိစိတ်ဖြင့် ယုံကြည်မိကြသည်။

ယင်းက စွမ်းအား၏ ဆောင်ကြဥ်းပေးနိုင်မှု ဖြစ်ချေသည်။

လူတစ်ဦး၏စွမ်းအားသည် သူ၏ အနေအထား သို့မဟုတ် ဂုဏ်သိက္ခာကို ဆုံးဖြတ်ပေးသည်သာမက ပြောခဲ့သည့် စကားလုံးများကိုလည်း ထိရောက်မှု ရှိသွားစေသည်။ ကျွမ်းကျင်သူတစ်ဦး၏ စကားက ရွှေပမာပင် အဖိုးတန်လေပြီး စကားတစ်ခွန်းချင်းစီတိုင်းက တန်ဖိုးကြီးသည်။

အားနည်းသည့် လူတစ်ဦး၏ စကားများကမူ လေလည်နေသကဲ့သိုသာဖြစ်ပြီး မည်သူကမျှ အရေးမစိုက်ပေ။

လက်ရှိတွင် ယီယွင်က ကိုယ်ပိုင်စွမ်းအားကို မှီခိုအားထားပြီး ပြိုင်ကွင်းထဲတွင် ရပ်တည်နေသည်ဖြစ်ပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးက သူ၏စွမ်းပကားကို မည်သို့များ ပြနိုင်နေရလေသနည်း။

လျှိုင်ချမ်းယုက သရော်​ပြုံးကာ ငြိမ်နေမြဲပင်။ ထိုစဥ်တွင် အဝါဝတ် အဖိုးအိုတစ်ဦး မက်တက်ရပ်လာသည်။

" အခြေအမြစ်မရှိတဲ့ စကားတွေ "

ငေါက်ငမ်းပြောဆိုလိုက်သူက လျှိုင်မျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။

" ကောင်လေး... မင်းရဲ့ ရွှတ်နောက်နောက် အလိမ်အညာတွေနဲ့ ကိစ္စတွေရှုပ်အောင် သွေးထိုးဝံ့နေတယ်ပေါ့လေ။ ပျက်စီးခြင်းအရိုးကို ငါတို့တွေ စုဆောင်းထားတဲ့ ပစ္စည်းတွေနဲ့ ဝယ်လာခဲ့တာပဲ။ ငါတို့မျိုးနွယ်ရဲ့ အကူအညီကြောင့် ဆယ်ရက်အတွင်းမှာပဲ ပျက်စီးခြင်းအရိုးကို သန့်စင်ပေးနိုင်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး အဆိပ်ရှိနိုင်မှာလဲ "

" အဲ့ဒီပျက်စီးခြင်းအရိုးရဲ့ အဆီအနှစ်တွေကို လျှိုင်ချမ်းယုက စုပ်ယူခဲ့တယ်လေ။ အဆိပ်ရှိနေတယ်ဆိုရင် ပထမဆုံး အဆိပ်မိတဲ့သူက ချမ်းယုပဲ ဖြစ်လိမ့်မယ် "

မိသားစုခေါင်းဆောင်က လျှိုင်မျိုးနွယ်ကို အုပ်ချုပ်ခဲ့သည် နှစ်များထဲတွင် သမာသမတ်ရှိခဲ့လေပြီး ဩဇာအာဏာကို ပိုင်ဆိုင်ရရှိထားသည်။

ယီယွင်က အစွမ်းထက်သော်လည်း သူ၏စကားများ တာသွားပုံက မိသားစုခေါင်းဆောင်ကို ယှဥ်၍မရပေ။ ထို့အပြင် မိသားစုခေါင်းဆောင်၏ စကားများက ကျိုးကြောင်းသင့်သည်။

" မိသားစုခေါင်းဆောင် ပြောတာ မှန်တယ်။ ကျွန်တော်တို့က ဒီကောင်လေးရဲ့ စကားတွေကို မယုံကြည်ပါဘူး "

" ၁၂ နှစ်အရွယ် ကလေးတစ်ဦးရဲ့ စကားတွေကို ဘယ်လိုများ ယုံကြည်ရမှာလား "

လူအုပ်ထဲရှိ လူများစွာတို့က အော်ကြသည်။ ထိုသူများက မျိုးရိုးအမည် လျှိုင် ဖြစ်ကြလေ၏။ သူတို့က လျှိုင်မျိုးနွယ်၏ အကြီးအကဲများအတွက် မြေပြင်အနေအထားကို စောင့်ကြည့်နေကြရသူများဖြစ်ပြီး တို့မီးရှို့မီးလုပ်ခြင်းနှင့် ကောလဟာလများ ဖြန့်ဝေခြင်းများ လုပ်ဆောင်ကြသည်။

သူတို့သည် ရွာသားအချို့က သံသယရှိနေကြသေးသည်ကို မြင်သောအခါတွင် ဆက်ပြောလေသည်..." ဒီမျောက်စုတ်လေးက သန်မာတယ်လို့ မင်းတို့က ထင်နေကြတာလား။ သခင်လေးလျှိုင်နှင့် ယှဥ်ကြည့်လိုက်ရင် ဒီကောင်က ဘာမှမဟုတ်ဘူး "

" ဒီကောင်က ငါတို့တိုလိုပဲ သေမျိုးတွေဖြစ်တဲ့ ကျောက်ထိုင်ကျူနဲ့ လျှိုင်ချွေ့ဟွားကို ရိုက်နှက်နိုင်ခဲ့တော့ရော ဘာဖြစ်လဲ။ သခင်လေးလျှိုင်က ခရမ်းသွေးနယ်ပယ်ကို ရောက်နေပြီ။ ခရမ်းသွေးနယ်ပယ်ကို မင်းတို့တွေ သိကြရဲ့လား။ မကြာသေးခင်က ငါတို့ရဲ့ရွာကို ရောက်လာခဲ့တဲ့ သခင်ကျန်းကလည်း ခရမ်းသွေးနယ်ပယ်မှာပဲ။ ပြီးတော့ သူက ကောင်းကင်ထက်က နတ်ဘုရားတစ်ပါးလိုပဲလေ "

သခင်ကျန်းက ကြီးမားသည့် သတ္တဝါကြီးကို စီးနင်းခဲ့ပြီး ဧရာမသစ်ပင်တစ်ပင်ကို သာမန်ခုတ်ချက်ဖြင့် ပိုင်းဖြတ်ခဲ့ကြောင်းကို လူတိုင်း သိကြသည်။ ခရမ်းသွေးနယ်ပယ်၏ စွမ်းပကားက ကြောက်မက်ဖွယ်ကောင်းလှပြီး ယှဥ်ကြည့်မည်ဆိုလျှင် ကျောက်ထိုင်ကျူအား ရိုက်နှက်ခဲ့သည်မှာ ဘာမျှမဟုတ်ပေ။

" ယီယွင်က ငါတို့အတွက်တော့ သန်မာပေမဲ့ သခင်လေးလျှိုင်နဲ့ ယှဥ်ကြည့်မယ်ဆိုရင် ထည့်ပြောဖို့တောင် မတန်ဘူး။ သခင်လေးလျှိုင်ကပဲ ငါတို့ကို ဘဝကောင်းတစ်ခုဆီ ဆောင်ကြဥ်းပေးနိုင်လိမ့်မယ်။ ငါတို့တွေအတွက်တော့ သခင်လေးလျှိုင်ကိုကျော်ပြီး ဒီကလေးကို ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "

လူအများ ထပ်မံကာ ဟစ်အော်ကြသည်။

လျှိုင်မျိုးနွယ် အုပ်ချုပ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အုပ်ချုပ်မှုက အမြစ်ခိုင်မာနေချေပြီ။ ယီယွင်၏ စကားလုံး အနည်းငယ်ခန့်မျှက ထိုသူများ ယိမ်းယိုင်လာ​အောင် လုပ်ဆောင်ရန်အတွက် ခက်ခဲလေ၏။ ထို့အပြင် ယီယွင်တွင် သက်သေရှိမနေချေ။

ထို့အပြင် လျှိုင်မျိုးနွယ်တစ်ခုလုံး၏ အားထုတ်မှုများကို လျှိုင်ချမ်းယုထံတွင် ရင်းနှီးမြုပ်နှံထားခဲ့သည်။ လျှိုင်ချမ်းယုက လူများကို စိတ်ပျက်ရစေခြင်းမရှိဘဲ စွမ်းအားများ တိုးတက်လာခဲ့ကာ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့သည်။

သူတို့၏ဘဝများ ပြောင်းလဲနိုင်စေရေးမတွက် လျှိုင်ချမ်းယုထံတွင် မျှော်လင့်ချက်များ ပုံအောထားကြပေရာ သူတို့ ၁၂ နှစ်အရွယ် ကလေးတစ်ဦး၏ စကားကို ယုံကြည်ပြီး လျှိုင်ချမ်းယုအား ယုံကြည်ခဲ့သည်များကို အဘယ်သို့များ ရပ်တန့်ပစ်နိုင်ပါမည်နည်း။

ယီယွင်က ထိုအဖြစ်ကို မျှော်လင့်ထားခဲ့ပြီးဖြစ်၍ အမူအရာမပျက်ပေ။ သူသည် လျှိုင်ချမ်းယုအား စကားလုံးအနည်းငယ်မျှဖြင့် ပြောင်းလဲပစ်နိုင်မည်ဟု မျှော်လင့်မထားပေ။ သူက လူအများထံတွင် သံသယမျိုးစေ့ စိုက်ပျိုးပေးလိုခြင်းသာ ဖြစ်သည်။

အရိုင်းနယ်မြေသည် အားကြီးသူများ အုပ်စိုးသည့် လောကတစ်ခု ဖြစ်သည်။ သမိုင်းမတင်မီ ကာလများကတည်းကပင် ထို့အတိုင်းသာ ဖြစ်ချေ၏။ အောင်နိုင်သူတစ်ဦးက သက်သေအား လိုပါဦးမည်လော။ အသန်မာဆုံး အောင်နိုင်သူတစ်ဦး၏ စကားလုံးများကသာ စည်းမျဥ်း ၊ ဥပဒေ ၊ အမှန်တရားများ ဖြစ်ချေ၏။

ကျွမ်းကျင်သူများက သူတို့၏စကားလုံးများကို ရှင်းပြပေးနေရန် မလိုအပ်ချေ။ အခြားသူများအဖို့ ထိုစကားလုံးများကို မသိစိတ်ဖြင့် ယုံကြည်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်းဖြင့် ယုံကြည်ကိုးစားလာကြပေလိမ့်မည်။

ယနေ့ ယီယွင် ပေါ်လာခဲ့သည်မှာ လျှိုင်ချမ်းယုနှင့် ပဋိပက္ခများ ထိပ်တိုက်ရင်ဆိုင်ရန် စိတ်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ပျက်စီးခြင်းအရိုး၏ စွမ်းအင်များ နည်းပါးနေသည့် အဆီအနှစ်များကို အသုံးပြုကာ လျှိုင်ချမ်းယုအဖို့ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်ခြင်း မရှိသေးကြောင်း သူသိသည်။

လျှိုင်ချမ်းယုက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်၌ရှိပြီး သူကမူ ချီစုဆောင်းမှုနယ်ပယ် အစပျိုးပိုင်းတွင် ရှိသည်။ ထို့အပြင် သူက နဂါးပေါင်းစည်း​နယ်ပယ်သို့ ရောက်ရှိနေသည်။

သူက ဤတိုက်ပွဲအတွက် ယုံကြည်ချက်ရှိသည်။ သို့သော် ယီယွင်က ယိုယွင်ကို စိုးရိမ်နေဆဲပင်။ ယိုယွင်၏စွမ်းအားကို သူ မသိပေ။ သူသည် လျှိုင်ချမ်းယု လှုပ်ရှားလာမည်ကို စောင့်နေရင်းဖြင့် တစ်ချိန်တည်းမှာပင် ယိုယွင်ကို တိတ်တဆိတ်လေ့လာနေခဲ့သည်။

အံ့ဩဖွယ်ကောင်းစွာဖြင့်ပင် လျှိုင်ချမ်းယုက လှုပ်ရှားမည့်ပုံ မရှိလေဘဲ သူ့ကိုသာ သုန်မှုန်စွာဖြင့် ကြည့်နေခဲ့သည်။

ယနေ့တွင် လျှိုင်ချမ်းယုက မည်သည့်လှုပ်ရှားမှုမျှ လုပ်မည်မဟုတ်ပေ။ သူ ကြုံတွေခဲ့ရသည့် ဒေါသများကြောင့် သူ၏နှလုံး အနာတရဖြစ်နေသည်ဟု ယိုယွင်က သတိပေးထားခဲ့ပြီး ဖြစ်သည်။

သူက ဒဏ်ရာများကို လျစ်လျူရှုပြီး လှုပ်ရှားခဲ့မည်ဆိုပါက ဖြစ်နိုင်ခြေရှိသော်လည်း ရက်အနည်းငယ်အတွင်း ကျင်းပတော့မည့် တိုင်အာနတ်ပြည်ထောင်၏ ရွေးချယ်ချယ်ပွဲအမီ သက်သာလာနိုင်မည် မဟုတ်ပေ။

All Chapters