← Chapters

ယိုယွင်၏အကြံပြုချက်

Vol. 6 Ch. 77

ယိုယွင်၏အကြံပြုချက်

Vol. 6 Ch. 77

ဟုတ်သည်။ လျှိုင်ချမ်းယုက တိုင်အာနတ်ပြည်ထောင် ရွေးချယ်ပွဲ အခွင့်အရေးကို ယီယွင်ကြောင့် အထိခိုက်ခံမည်မဟုတ်ပေ။ ထိုအရာက သူ၏ဘဝအတွက် ထိပ်တန်းဦးစားပေး ဖြစ်၏။ ကျရှုံး၍ မဖြစ်ပေ။

" နည်းပြယို... ဒီကောင့်ရဲ့စွမ်းအားကို ဘယ်လိုထင်လဲ။ ကြမ်းကြုတ်မှုနယ်ပယ်လား။ သွေးကြောနယ်ပယ်လား "

ကျောက်ထိုင်ကျူကို ဒုက္ခိတဖြစ်စေခဲ့ပြီး လက်သီးကိုပင် ကျိုးကြေသွားစေသည့် ယီယွင်က သေမျိုးသွေးနယ်ပယ် အဆင့် ၃ နှင့် အထက်တွင် ရှိနေရပြီဖြစ်ပြီး ထိုကောင်၏ခွန်အားက ပေါင်တစ်ထောင်အထက်တွင် ရှိနေမည်ကို လျှိုင်ချမ်းယု အတပ်သိသည်။ သို့သော် ယီယွင်က ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်ထားခဲ့သည်လားကိုမူ လျှိုင်ချမ်းယု သေချာမသိပေ။

ယိုယွင်က ဆိုသည်..." ငါတို့အားလုံးက ယီယွင်ကို အထင်သေးမိသွားပြီ။ ဒီကောင့်ရဲ့ ခွန်းအားကို ငါ အတပ်မသိဘူး။ ဒါပေမဲ့ ဒီကောင့်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တွေးခေါ်စဥ်းစားပုံတွေက ၁၂ နှစ်အရွယ် ကလေးတစ်ဦးထက် အများကြီး ကျော်လွန်နေတာကိုတော့ ငါ ပြောနိုင်တယ်။ ဒီကောင့်ကို ကလေးတစ်ယောက်လို သဘောထားပြီး ရင်ဆိုင်မိတဲ့သူ ဘယ်သူမဆို မရှုမလှ ရှုံးနိမ့်သွားရလိမ့်မယ် "

ယိုယွင်၏ စကားများက လျှိုင်ချမ်းယုကို မသိမသာ ရည်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။ လျှိုင်ချမ်းယုက ဤပြဿနာကို ကိုင်တွယ်ရန် ခက်ခဲနေရသည်မှာ ကလေးတစ်ဦးနှင့် ယှဥ်ပြိုင်ရမည့် နေ့ရက်မျိုး ရှိလိမ့်မည်ဟု တစ်ခါမျှ ထင်မထားခဲ့ခြင်းကြောင့်သာ ဖြစ်၏။

သို့သော် ယခင်ရက်များက အနည်းငယ်ခန့် ရင်ဆိုင်ခဲ့ရချိန်တွင် သူသည်လည်းပဲ ယီယွင်က ကစားသွားသည်ကို ခံခဲ့ရကြောင်း ဝန်ခံရပေမည်။

" ဒီကောင်လေးက လှည့်စားပြီး ကစားနေတာပဲ။ ကျုပ်က ဒီကောင့်ကို သတ်ချင်နေတာကို ဒီကောင် သိနေခဲ့တာ ကြာနေခဲ့ပြီ။ ဒါပေမဲ့ ဒီကောင်က မသိသလို ဟန်ဆောင်ခဲ့တာကြောင့် ကျုပ်လဲ သတိလွတ်ခဲ့ရတယ်။ ဒီကောင်က ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့တောင် ဘယ်လိုလုပ်ပြီး အကွက်ချတတ်လွန်းနေရတာလဲ " လျှိုင်ချမ်းယု မယုံကြည်နိုင်ဖြစ်နေသည်။ ယီယွင်က ပြဿနာတစ်ခုပင်။

" နည်းပြယို... ကျုပ်ရဲ့ ခန္ဓာကိုယ်အခြေအနေက ဒီနေ့မှာ ဘာမှလုပ်လို့မရဘူး။ နည်းပြယိုက ဒီမျိုးမစစ်ကလေးကို ကျုပ်အတွက် ဖမ်းပေးလို့ရမလား " လျှိုင်ချမ်းယု၏ တောင်းဆိုမှုကြောင့် ယိုယွမ် ငြိမ်သွားရသည်။

ယီယွင်က ဆေးပင်ရှာရင်းဖြင့် ရတနာတစ်မျိုးမျိုးအား စားမိခြင်းကဲ့သို့ ကံကောင်းမှုတစ်မျိုးနှင့် ကြုံမိခဲ့ကာ သူ၏စွမ်းအားများ လျင်မြန်စွာ တိုးတက်လာခဲ့ရခြင်းဖြစ်မည်ဟု ယိုယွင်လည်း တွေးမိသည်။ ထိုသည်ကသာ တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်ပြီး ထိုကောင် အရှေ့ဘက်မြစ်ထဲသို့ ပြုတ်ကျသွားကာ မသေခဲ့ရခြင်းအတွက်လည်း ကျိုးကြောင်းဆီလျော်သွားပေမည်။

အအေးစပါးအုံ၏ အဆိပ်ကို ပြေပျောက်စေနိုင်သည့် ထိုရတနာက အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုးထက်ပင် တန်ဖိုးကြီးမားသည်ဟု ဆိုနိုင်လေသည်။

သို့သော် သူတို့က မည်သည်ကို လုပ်နိုင်လေသနည်း။ ထိုရတနာကို ယီယွင်က စားပစ်ခဲ့ပြီး ဖြစ်၏။ ရတနာကို ထုတ်ယူရန်အတွက်ကမူ ယိုယွင်သည် ရန်သူတစ်ဦးကြောင့် သွေးကြောများ အဖြတ်ခံခဲ့ရပြီး သိုင်းပညာလမ်းစဥ်တွင် ဆက်လက်၍ မတိုးတက်နိုင်တော့ပေသောကြောင့် ယိုယွင်က ထိုရတနာကို လိုချင်တပ်မက်စိတ် မရှိပေ။

သူ၏အဆင့်အတန်းက လျှိုင်မျိုးနွယ်၏ ရေရှည်ဧည့်သည်တော်သာ ဖြစ်ပြီး လျှိုင်ချမ်းယု၏အစေအပါး မဟုတ်​ပေ။

ယိုယွင်က ဆိုသည်...." ချမ်းယု... လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါဟာ မင်းရဲ့ သေသွားခဲ့တဲ့ အဘိုးဆီမှာ ကျေးဇူးကြွေးတစ်ခု တင်နေခဲ့တာကြောင့် ငါ လျှိုင်မျိုးနွယ်ကို ကာကွယ်ပေးပြီး မင်းကို သိုင်းပညာ သင်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ငါ မင်းအတွက် လူသတ်ပေးမယ်လို့ မပြောဖူးသလို မင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ထောက်ပံ့ကူညီပေးမယ်လို့လည်း မပြောခဲ့ဖူးဘူး။ မင်းတို့တွေ ပျက်စီးခြင်းအရိုး သန့်စင်နေတာကို ငါ သိတယ်။ ဒီလောကကြီးထဲမှာ သန်မာသူတွေက အားနည်းသူတွေအပေါ် အမဲလိုက်ကြတာကို ငါ သိတာကြောင့် ဝင်မပါခဲ့ဘူး။ အောင်မြင်မှုရဖို့အတွက် အားနည်းသူတွေကို စတေးပစ်တာမျိုးကို နားလည်ပေးလို့ရသေးတယ်။ ဒါပေမဲ့ ငါ့ကို ကလေးတစ်ယောက်ကို တိုက်ခိုက်ခိုင်းနေပါ့လားကွ။ အဲ့ဒီကလေးက သိုင်းပညာမှာ ပါရမီရှိနေတာကြောင့် မင်းက မနာလိုဖြစ်နေတာလား။ ဒီအကြောင်းအရင်းကြောင့်ဆို ငါ လက်မခံနိုင်ဘူး "

" မင်းက နားထောင်မှာ မဟုတ်ဘူးဆိုပေမဲ့ ငါကတော့ မင်းကို အကြံပေးလိုက်မယ်။ မင်း စိတ်သဘောထား ကြီးဖို့လိုတယ်။ မင်းရဲ့ဘဝကို ကောင်းစေချင်ရင် သည်းခံနိုင်စွမ်းအချို့ ရှိရလိမ့်မယ်။ မင်းသာ ရက်စက်ကြမ်းကြုတ်ပြီး တစ်ကိုယ်ကောင်းဆန်နေပြီးတော့ အခြားသူတွေကို သည်းခံမပေးနိုင်ဘူးဆိုရင် မင်းအနေနဲ့ ပျက်စီးရမှာ အနှေးနဲ့အမြန်ပဲ "

လျှိုင်ချမ်းယု မျက်မှောင်ကုတ်လိုက်၏။

" ဒါက ဘာကိုဆိုလိုတာလဲ နည်းပြ​​ယို။ ဒီနှစ်တွေမှာ ကျုပ်က ခင်ဗျားကို ဆရာတစ်ဦးလို ရိုသေလေးစားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာ ခင်ဗျားက အပြင်လူတစ်ဦးကို ကူညီပေးနေတာလား " လျှိုင်ချမ်းယု၏ စကားလုံးများတွင် ဒေါသများ ပြည့်နေလေ၏။

ယိုယွင် ခေါင်းယမ်းကာ..." ဒီနှစ်တွေမှာ ငါက မင်း ကြီးပြင်းလာတာကို မြင်တွေ့ခဲ့ရတယ်။ ငါက မင်းရဲ့ အတွေးတွေအားလုံးကို သိနေတာကြောင့် မင်း အမှားတွေ တစ်ခုပြီးတစ်ခု ကျူးလွန်နေတာကို ကြည့်မနေနိုင်ရုံတင်ပါပဲ "

" ဒါ့အပြင် ခရမ်းသွေးနယ်ပယ်အောက်က လူတွေက ငါ့ရဲ့စွမ်းအားကို ယှဥ်နိုင်ဖို့ ခက်တယ်ဆိုပေမဲ့ ငါက ယီယွင်ကို ဖမ်းနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး " ယိုယွင်၏စကားကြောင့် လျှိုင်ချမ်းယု အံ့အားသင့်သွား၏။

" ဘယ်လိုဖြစ်ရတာလဲ။ နည်းပြယိုက ဒီကောင်လေးကို မယှဥ်နိုင်ဘူးလို ဝန်ခံခဲ့တာလား။ ဒါဆို ဒီကောင်က အနည်းဆုံးတော့ ကျုပ်လိုပဲ ချီစုဆောင်းမှုနယ်ပယ်မှာ ရှိနေတာပေါ့လေ။ မဖြစ်နိုင်တာပဲ " လျှိုင်ချမ်းယုက အဓိပ္ပါယ်မရှိဟု ခံစားနေရသည်။ ယီယွင်က မည်ကဲ့သို့ ကံကောင်းမှုနှင့် ကြုံခဲ့ရပါစေ ထိုမျှမြင့်မားသော ကျင့်ကြံမှုအမြန်နှုန်းကို ရရှိနိုင်မည်မဟုတ်ပေ။

" ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါပဲ "

ယိုယွင် သက်ပြင်းချကာ..." ဒါပေမဲ့ ဒီကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေး ၊ ကျင့်ကြံမှုအဆင့်နဲ့သာဆို ခရမ်းသွေးနယ်ပယ်အောက်က ကွဲပြားတဲ့နယ်ပယ်တွေကို မသိလောက်ဘူးလို့ မင်း ထင်မိလား။ မင်းနဲ့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်တွေက လျှို့ဝှက်ချက်မဟုတ်ဘူး။ ဒါတောင် ဒီကလေးက ဒီနေရာမှာ လူလုံးပြလာရဲသေးတယ်။ ဒါဟာ ဒီကလေးက မင်းနဲ့ရင်ဆိုင်ပြီး ဒဏ်ရာမရစေဘဲ ထွက်ပြေးနိုင်တယ်လို့ ယုံကြည်ချက်ရှိနေတာကို သက်သေပြနေတာပဲ "

ယိုယွင်၏စကားများက လျှိုင်ချမ်းယုကို ရန်စစော်ကားမိသွားခဲ့ကာ လျှိုင်ချမ်းယုက ပြစ်တင်ပြောဆိုသည်.. " နည်းပြယိုသာ တစ်ကွက်လောက် လှုပ်ရှားလိုက်မယ်ဆိုရင် ဒီကောင် ဒဏ်ရာမရဘဲ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး "

ယိုယွင်က ဆိုသည်..." ငါလဲ အဲ့ဒီလိုပဲ တွေးမိတယ်။ ဒီကောင်လေးက ပျက်စီးခြင်းအရိုးရဲ့ အဆိပ်မိပြီး အရှေ့ဘက်မြစ်ထဲကို ပြုတ်ကျသွားချိန်ကတည်းက သေသွားသင့်နေပြီလို့လဲ ငါ ခံစားမိတယ်။ ဒါတောင် ဒီကောင်လေးက အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သေးတယ် "

လျှိုင်ချမ်းယု ပြောစရာမဲ့သွားရသည်။ ယီယွင် သေသင့်နေပြီဟု သူ ယုံကြည်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုကောင်က သူ၏ရှေ့တွင် မားမက်စွာရပ်နေခဲ့ပြီး ကျောက်ထိုင်ကျူကိုပင် ဒုက္ခိတဖြစ်စေခဲ့သည်။ ဤသည်မှာ သူ၏ပါးကို လူပုံအလယ်တွင် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။

ယိုယွင်က ဆိုသည်..." ဒီကောင်လေးရဲ့စွမ်းအားက ကြမ်းကြုတ်မှုနယ်ပယ် ဒါမှမဟုတ် သွေးကြောနယ်ပယ်မှာ ရှိနေလောက်မယ်။ ဒါပေမဲ့ ဒီကောင်လေးမှာ သူ့ကို ကာကွယ်ပေးနိုင်တဲ့ ရတနာလိုမျိုး အသက်ကယ် နည်းလမ်းတစ်ခုလည်း ရှိနေလောက်မယ် "

" မင်းသာ ဒီလိုမျိုး ဥာဏ်ရည်ဥာဏ်သွေးနဲ့ ခွန်အားမျိုးတွေ ရှိနေတဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ရန်သူအဖြစ် သတ်မှတ်ထားခဲ့မယ်ဆိုရင် မင်းက သူ့ကို မသတ်နိုင်ရင် တစ်နေ့ကျ သူက မင်းကို လက်စားချေလိမ့်မယ် " မူလက ယိုယွင်သည် လျှိုင်ချမ်းယု မကောင်းမှုထဲတွင် နက်နဲစွာနစ်မြုပ်သွားမည်ကို မလိုချင်ခဲ့ပေ။ သို့သော် သူသာ ယီယွင်ကို မသတ်နိုင်ခဲ့ပါက ယီယွင် လက်စားချေလာမည့် အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုအချင်းအရာကြောင့် ယိုယွင်မှာ ယီယွင်ကို မတိုက်ခိုက်ရမည့် အကြောင်းပြချက်များ နည်းပါးလာရသည်။

" ကျုပ် နားလည်ပြီ " လျှိုင်ချမ်းယု အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏အမူအရာက ဆိုးရွားစွာပင် သုန်မှုန်နေ၏။ ယိုယွင်က ငြင်းပယ်ခဲ့ပေသောကြောင့် ယခုတွင် သူက ရန်ငြိုးတစ်ခု ဖွဲ့မိသွားချေပြီ။

သူနှင့်ယိုယွင်က လှုပ်ရှားမှုများ မလုပ်ကြပေရာ သူ၏အဘိုးဖြစ်သူ လျှိုင်မျိုးနွယ်ခေါင်းဆောင်ကသာ ယီယွင်နှင့် ယှဥ်နိုင်ပေလိမ့်မည်။ လူပေါင်းများစွာ၏ အကြည့်များအောက်တွင် မိသားစုခေါင်းဆောင်က ကလေးတစ်ဦးကို တိုက်ခိုက်ရန်မှာမူ မသင့်တော်လှချေ။

အမှန်တကယ်တွင်မူ အဘိုးဖြစ်သူက ယီယွင်ကို ယှဥ်နိုင်လိမ့်မည်ဟုလည်း လျှိုင်ချမ်းယု အာမမခံနိုင်ပေ။ အကြောင်းကမူ မိသားစုခေါင်းဆောင်က အိုမင်းကာ အားအင်ချိနဲ့နေ၏။ သေမျိုးသွေးနယ်ပယ်တွင် လူများသည် တိုက်ခိုက်ရာတွင် ကြွက်သားများနှင့် ခန္ဓာကိုယ်တို့ကို အသုံးပြုရသည်ဖြစ်၍ အသက်အရွယ်သည် တိုက်ပွဲစွမ်းအားကို များစွာထိခိုက်စေလေ၏။ ပိုမိုအိုမင်းလေလေ ပိုမိုဆိုးရွားလေလေပင်။

မိသားစုခေါင်းဆောင်က သေမျိုးသွေးနယ်ပယ် အဆင့် ၅ ဖြစ်သည့် ချီစုဆောင်းမှုနယ်ပယ်တွင် ရှိနေသည့်တိုင်အောင် သူ၏ ချိနဲ့သောခန္ဓာကိုယ်ကမူ သေမျိုးသွေးနယ်ပယ် အဆင့် ၄ စစ်သည်တစ်ဦးကို တိုက်ခိုက်ရန်ပင် ခက်ခဲသည်။ ထို့အပြင် ယီယွင်တွင် ဝှက်ဖဲအချို့ ရှိနိုင်လောက်သည်ဟု ယိုယွင်က ဆိုထားသေးချေသည်။

လျှိုင်ချမ်းယုမှာ ဖြစ်နိုင်ဖွယ်ရှိသည့် ရလဒ်များကို တွေးကြည့်လိုက်ရာ သူက ကို့ရို့ကားယားအခြေအနေထဲ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သူသည် ယီယွင်က လူသိရှင်ကြား ပါးရိုက်သည်ကို ခံနေရသည့်တိုင်အောင် မည်သို့မျှ လုပ်နိုင်စွမ်းမရှိပေ။ အနည်းဆုံးအနေဖြင့် သူ၏စွမ်းအားများ ပြန်မကောင်းလာမီအထိ လုပ်နိုင်ခြင်း​မရှိသေးချေ။

" ချီးပဲကွာ... ငါက ဒဏ်ရာရမနေရင် ဒီခွေးကောင်လေးကို အရေခွံစုတ်ပြီးနေပြီ " လျှိုင်ချမ်းယု ကျိတ်ခဲမရနိုင် ဖြစ်နေလေ၏။ ယခင်က သူ ပုရွက်ဆိတ်တစ်ကောင်ပမာ ဆက်ဆံခဲ့သည့်ကို လူတစ်ဦးကို ဘာမျှမလုပ်နိုင်သည့် နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ချေ။

ယိုယွင်က တိတ်ဆိတ်နေလျက်ရှိပြီး လူအားလုံးကမူ လျှိုင်ချမ်းယုကို ကြည့်နေကြသည်။

လျှိုင်ချမ်းယုအဖို့ အကျပ်အတည်းထဲမှ ထွက်ရန်အတွက်ရန် နည်းလမ်းတစ်ခု လိုနေချေပြီ။

All Chapters