← Chapters

ပန်းပုခုံ

Vol. 6 Ch. 78

ပန်းပုခုံ

Vol. 6 Ch. 78

လျှိုင်ချမ်းယုက ယီယွင်အား အစိမ်းလိုက်ဝါးစားပစ်လိုသော အကြည့်များနှင့် ကြည့်နေသည်။

" ငါ ပြန်သက်သာလာဖို့ ရက်အနည်းငယ်ပဲလိုတယ်။ အဲ့ဒီအချိန်ကျရင် ငါက မင်းကို ဒီနေ့ကိစ္စတွေအတွက် သေချာပေါက် လက်စားချေမယ်။ ရှင်လျက်နဲ့ သေရတာဟာ ဘယ်လိုမျိုးလဲဆိုတာကို မင်းကို မြည်းစမ်းကြည့်ခိုင်းမယ် "

သူ့အား ကျွမ်းကျင်သူတစ်ဦးက နိုင်စားနေသည်ဆိုလျှင် ပြဿနာမရှိလှပေ။ သို့သော် သူ့ထက်ပင် အားနည်းဟန်ရှိသည့် လူတစ်ဦးက သူ့အား ရန်စနေပြီး သူ၏ဩဇာအာဏာကို ထိပါးနေသော်လည်း သူ၏ဒဏ်ရာများကြောင့် မည်သို့မျှလုပ်နိုင်ခြင်းမရှိပေ။ သူ ဒေါသမထွက်ဘဲ မည်သို့များ နေနိုင်ပါမည်နည်း။

" ယီယွင် " လျှိုင်ချမ်းယု မလိုလားစွာ အော်လိုက်သည်။ သို့သော် မည်သို့မျှ လုပ်နိုင်စွမ်းမရှိသည်ကို လျှိုင်ချမ်းယု သိသည်။ သူ ယီယွင်နှင့် တိုက်ခိုက်ကာ အနိုင်ခဲ့မည်ဆိုလျှင်ပင် ရက်အနည်းငယ်အတွင်း ကျင်းပတော့မည့် ပြည်ထောင်၏ စစ်သည်ရွေးချယ်ပွဲအတွက် ထိခိုက်သွားစေမည်ဖြစ်၏။ သူ ထိုတန်ကြေးကို ပေးလိုခြင်းမရှိပေ။

" ငါ့ရဲ့လျှိုင်မျိုးနွယ်က နှစ်ပေါင်းရာချီအထိ ထိခိုက်ခံစားခဲ့ရတယ်။ ငါတို့ ဘိုးဘေးတွေက ငါတို့မျိုးနွယ်ကို ဒီနေ့လိုအချိန်အထိ ဖြစ်လာစေဖို့တွက် မြက်ဥနဲ့သစ်ခေါက်တွေ စားခဲ့ပြီး တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ပေးခဲ့ကြရတယ် "

" နောက်ဆုံးတော့ ငါတို့မျိုးဆက်မှာ ငါက ဆယ်စုနှစ်တစ်ခုလောက် သိုင်းပညာ လေ့ကျင့်ခဲ့ပြီး ငတ်မွတ်ခေါင်းပါးခဲ့တဲ့ ဒီနှစ်တွေမှာတောင် ကျင့်ကြံမှုကို မလစ်ဟင်းစေခဲ့ဘူး။ လျှိုင်မျိုးနွယ်က အရိုင်းနယ်မြေထဲက ထွက်ပြီး မြို့ပေါ်မှာ အခြေချချင်တာကလည်း မျိုးနွယ်ကို စည်ပင်ဝပြောလာစေဖို့ပဲ "

" မျိုးနွယ်ကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ အရည်အချင်းတွေအားလုံး မြုပ်နှံထားခဲ့ရတာတောင် အခုတော့ မင်းဆိုတဲ့ကောင် ပေါ်လာခဲ့ပြီး လူတွေက ငါ့ကို အပြစ်တင်ပြောဆိုလာအောင် ကောလဟာလတွေ ဖြန့်ပြီးတော့ လှည့်စားခဲ့တယ်။ မင်းက လျှိုင်မျိုးနွယ်ရဲ့ လူတွေကို တစ်သက်လုံး မပျော်မရွှင်ဖြစ်ချင်နေတာလား " လျှိုင်ချမ်းယု၏ စကားများကြောင့် လူအများ သို့လော သို့လောဖြစ်ကုန်ကြသည်။

လျှိုင်ချမ်းယုနှင့် ယီယွင်တို့က အချေအတင် ပြောဆိုနေကြ၏။

ယီယွင်သည် လျှိုင်ချမ်းယုက အဆိပ်သင့်နေသည့် ပျက်စီးခြင်းအရိုးအား သန့်စင်ခိုင်းခဲ့ကာ လူများစွာအား သေစေခဲ့သည်ဟု ပြောခဲ့လေ၏။ လျှိုင်ချမ်းယုကမူ ယီယွင်က သူ့အား မကောင်းကြံနေသည်ဟု ပြောခဲ့လေသည်။ နှစ်ဖက်စလုံး၏ စကားများက ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်နေချေ၏။

သို့သော် ဤစကားရည်လုပွဲတွင် လူအများက လျှိုင်ချမ်းယုကိုသာ သံသယမရှိ ယုံကြည်လေသည်။ ထို့အပြင် လျှိုင်ချမ်းယုက မျိုးနွယ်ထဲတွင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုရှိပြီး ယီယွင်ကမူ ကလေးတစ်ဦးမျှသာ ဖြစ်ချေသည်။

ယီယွင်သည် စကားသံများကြောင့် လူအများ၏ ခံစားချက်ကို သိရှိသွားပြီး ကမ္ဘာမြေပေါ်ရှိ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို တွေးမိသွားလေ၏။

ကမ္ဘာဦးကာလတွင် ဂူအောင်းလူသားများ အရိပ်တစ်ခုကို ကိုးကွယ်ခဲ့ကြသည်။ ထိုအရိပ်က ကြီးနိုင် သေးနိုင်လေ၏။ ထိုအရိပ်က နတ်ဘုရားတစ်ပါးနှင့် တူနေပေသောကြောင့် ဂူအောင်းလူသားများက နေ့စဥ်ပင် ကိုးကွယ်ဆည်းကပ်ကြလေ၏။

သို့သော် ထက်မြက်သော ဂူအောင်းလူသားတစ်ဦးက နတ်ဘုရားကို မယုံကြည်ပေ။ တစ်ရက်တွင်မူ သူက ဂူထိပ်ပေါ်သို့ များစွာအားထုတ်ကာ တက်သွားခဲ့သည်။ ထို့နောက်တွင်မူ လူအများက နတ်ဘုရားဟု ကိုးကွယ်နေကြသည့် အရာမှာ နေရောင်ကြောင့် ဖြစ်ပေါ်နေသည့် ကျောက်တုံးတစ်တုံး၏ အရိပ်တစ်ခုသာ ဖြစ်ကြောင်း သူ သိရှိသွားခဲ့ရသည်။

ထက်မြက်သော ဂူအောင်းလူသားက မျိုးနွယ်ဝင်များကို အဖြစ်မှန်အား ပြောပြခဲ့ပြီး နတ်ဘုရားကို မကိုးကွယ်ကြရန် ပြောပြခဲ့သည်။ အဆုံးသတ်တွင်မူ မည်သူကမျှ ယုံကြည်ခြင်းမရှိဘဲ ကြောက်ရွံ့လာကြ၏။ ထက်မြက်သော ဂူအောင်းလူသားမှာ နတ်ဘုရားကို ပြစ်မှားမိလေသောကြောင့် တဖြည်းဖြည်းချင်း မီးရှို့သတ်ကာ အပြစ်ပေးခံခဲ့ရသည်။ ထို့နောက်တွင် ဂူအောင်းလူသားများက ကျောက်တုံး၏အရိပ်ကို ဆက်လက်၍ ကိုးကွယ်ခဲ့ကြသည်။

လက်ရှိအခြေအနေကလည်း ထိုပုံပြင်နှင့် အတိအကျ တူညီနေသည်ဟု ယီယွင် ခံစားမိသည်။ သူက ထက်မြက်သော ဂူအောင်းလူသားဖြစ်ပြီး လျှိုင်ချမ်းယုက အရိပ် ဖြစ်ချေသည်။

လက်ရှိတွင် လျှိုင်ချမ်းယုက မျိုးနွယ်ကို ကယ်တင်ရန်ကြိုးစားနေသူ ဖြစ်ပြီး နောက်ဆုတ်ရမည့် လမ်းကြောင်းအားကို ဖြတ်တောက်ပစ်ကာ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ပြီး လျှိုင်မျိုးနွယ်ထဲတွင် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။

လူတိုင်းသည် လျှိုင်ချမ်းယုထံတွင် မျှော်လင့်ချက်အားလုံး ပုံအောထားကြပြီး မျိုးနွယ်အား ပြောင်းလဲပေးကာ သူတို့အား နွမ်းပါးမှုနှင့် ဆာလောင်မှုများထဲမှ ဆွဲထုတ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။

အခက်အခဲထဲတွင် နေထိုင်ရသည့် လူမျိုးအဖို့ ဘာသာရေးလမ်းစဥ်သို့ သွတ်သွင်းခံရလိမ့်မည်သာပင်။ သူတို့အား လက်တွေ့အစစ်အမှန်မှ လွတ်မြောက်စေရန်နှင့် တောက်ပသော အနာဂတ်တစ်ခုကို ယုံကြည်စေရန်တို့အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်သည်။ သို့မှသာ သူတို့အဖို့ ဆက်လက်၍ ရှင်သန်နေထိုင်ရန် သတ္တိရှိလာပေလိမ့်မည်။

လျှိုင်ချမ်းယုက ထိုအနေအထားတွင် ရှိနေသည်မှာ သံသယဖြစ်ရန် မလိုပေ။ သူက မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး မျိုးနွယ်ထဲမှ လူငယ်များ၏ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လေ၏။ သူက အမျိုးသမီးတိုင်း၏ နှလုံးသားထဲမှ အပြည့်စုံဆုံး ချစ်သူတစ်ဦးသာ ဖြစ်သည်။

လျှိုင်ချမ်းယုသာ ပြည်ထောင်၏ ရွေးချယ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ပါက မျိုးနွယ်၏ကယ်တင်ရှင် ဖြစ်လာပေလိမ့်မည်။

ယီယွင်ကမူ ၁၂ နှစ်အရွယ် ကလေးတစ်ဦးသာ ဖြစ်၏။ သူ့တွင် ဂုဏ်သရေနှင့် ဩဇာအာဏာတို့ မရှိပေသောကြောင့် လျှိုင်ချမ်းယုအား ကျော်လွန်နိုင်ရန် ခက်ခဲလေ၏။

ထို့အပြင် ယီယွင်တွင် သက်သေများ ရှိမနေချေ။ သက်သေရှိနေခဲ့လျှင်ပင် သူက လျှိုင်ချမ်းယုကို ပြိုလဲစေကာ လူအများ၏ မျှော်လင့်ချက်များ ပြိုကွဲစေပြီး တစ်သက်လုံး အမှောင်ထဲတွင်သာ နေရတော့မည်ဟု ပြောနေသကဲ့သို့သာ ဖြစ်နေလိမ့်မည်ဖြစ်ပေသောကြောင့် မည်သူကမျှ ယုံကြည်မည်မဟုတ်ပေ။ ထိုအချင်းအရာကို မည်သူက ခွင့်ပြုပါမည်နည်း။

လူအများက သူ့ဘက်တွင် ရှိနေသည်ကို မြင်တွေ့သွားကာ လျှိုင်ချမ်းယု ကျေနပ်သွားရသည်။ လျှိုင်ချမ်းယု မကျေနပ်သည့် တစ်ခုတည်းသောအရာမှာ လူအများက သူ့အား ထောက်ခံနေသည့်တိုင်အောင် ယီယွင်အား မည်သို့မျှ မလုပ်နိုင်သည်ကိုပင်။

" ယီယွင်... ငါ မင်းကို ပါရမီရှင်တစ်ဦးဆိုတာ အသိအမှတ်ပြုတယ်။ မင်းမှာ လက်ခံနိုင်လောက် သိုင်းပညာပါရမီလည်း ရှိတယ်။ ကံကောင်းမှုအချို့က မင်းကို ဒီအခြေအနေအထိ ဖြစ်လာစေခဲ့တာပဲ ဖြစ်ဖို့များလောက်တယ် " လျှိုင်ချမ်းယုက ကံကောင်းမှုဟူသည့် စကားလုံးကို တမင်ပြောခဲ့သည်မှာ မနာလိုဖြစ်ရခြင်းကြောင့်ပင်။ အဘယ်သို့ဖြစ်၍ သူ မဟုတ်လေဘဲ ယီယွင်က ထိုကံကောင်းမှုကို ရခဲ့လေသနည်း။

လျှိုင်ချမ်းယု မနာလိုနေသည့်တိုင်အောင် ကံကောင်းမှုကြောင့် ရရှိလာခဲ့သည့် စွမ်းအားက လူတစ်ဦး၏ စွမ်းရည်အစစ်ကို ကိုယ်စားမပြုသည့်ပမာ ပြုမူခဲ့သည်။ " မင်း ဒီအဆင့်ရောက်အောင် ဖြတ်လမ်းကနေ လိုက်ခဲ့တာ ၊ ငါကတော့ ကိုယ်ပိုင်စွမ်းအားနဲ့ ကြိုးစားပြီး ရလာခဲ့တာ " ဟု ဆိုလိုနေခြင်းပင်။

လျှိုင်ချမ်းယု၏ ဆိုလိုရင်းကို လက်ပါးစေများ ချက်ချင်း သဘောပေါက်သွားကြလေ၏။ သူတို့က ဆိုသည်..." အံ့ဩစရာမရှိတော့ဘူး။ ဒီကလေးက ကျောက်ထိုင်ကျူကို ရိုက်နှက်နိုင်ခဲ့တာက ဖြတ်လမ်းနည်း လိုက်ခဲ့လို့ပဲကိုး "

" ဒီကလေးက ရတနာတစ်ခုခု စားခဲ့တာပဲ ဖြစ်ရမယ်။ အဲ့ဒီလို ရတနာမျိုးက စွမ်းအားကို အလျင်အမြန် တိုးတက်စေပေမဲ့ အခြေခံအုတ်မြစ် ခိုင်မာမှုမရှိတာကြောင့် တဖြည်းဖြည်းချင်း အတားအဆီးနဲ့ ကြုံလာရလိမ့်မယ်လို့ ငါကြားဖူးတယ်။ အစေ့က အပင်ပေါက်လေး ကြီးထွားလာအောင် ကူညီဖို့အတွက် မှားယွင်းပြီး နုတ်မိလိုက်သလိုမျိုး ဖြစ်နေပြီ "

လက်ပါးစေများက အပေးအယူမျှနေကြ၏။ သူတို့၏ သခင်လေးကသာ အသန်မာဆုံးဖြစ်ပြီး ယီယွင်၏စွမ်းအားကမူ ကောက်ရိုးမီးသာ ဖြစ်၏။ ယီယွင်က ပြောပလောက်အောင် သန်မာခြင်းမရှိလေဘဲ ကျောက်ထိုင်ကျူကို အနိုင်ယူနိုင်ခဲ့ရုံသာ ဖြစ်သည်။ ထိုအရာကို ထည့်တွက်၍မရပေ။

လက်ပါးစေများ၏ ပြောဆိုမှုများက ကျိုးကြောင်းညီသည်ဟု လူအများ ခံစားမိသည်။ ထိုသည်ကား ယီယွင်၏စွမ်းအားများ ခုန်ပေါက်တိုးတက်လာသည်ကို သူတို့ နားလည်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်ချေသည်။

လျှိုင်ချမ်းယုက ဆက်ပြောသည်..." ဒီအဆင့်အထိ ရောက်လာဖို့ဆိုတာ မလွယ်တာတော့ အမှန်ပဲ။ ငါ မင်းကို ခွင့်လွှတ်ပေးမယ်။ ဒါကြောင့် လျှိုင်မျိုးနွယ် ကြီးပွားချမ်းသာလာဖို့ အတူကြိုးစားဖို့အတွက် မင်းက ငါနဲ့လက်တွဲသင့်တယ် "

လျှိုင်ချမ်းယုက လေးစားဖွယ်ရာ ဆိုသည်။

လက်ပါးစေများနှင့် လူအုပ်ထဲရှိ တစ်ဖက်ပိတ် ပရိတ်သတ်များကလည်း စတင်ကာ ဟစ်အော်ကြသည်။

" သခင်လေးလျှိုင်က အမှန်နဲ့အမှား သဘောတရားတွေကို နားလည်တာပဲ။ မျိုးနွယ်မှာ သူရှိနေတာက တကယ်ကို ကံကောင်းတာပဲ " လူအချို့က လက်ခုပ်တီးပြီး ပျော်ရွှင်စွာဆိုသည်။

" သခင်လေးလျှိုင်က အရမ်းကို စိတ်သဘောထားကြီးတယ်။ ယီယွင်က သခင်လေးလျှိုင်ကို အသရေဖျက်ခဲ့ပေမဲ့ သခင်လေးလျှိုင်ကတော့ အပြစ်မတင်ဘဲ ယီယွင်ကို အရေးပါတဲ့ နေရာကိုတောင် ပေးချင်နေသေးတယ်။ ယီယွင်သာ အကောင်းကို သိသေးတယ်ဆိုရင် သခင်လေးလျှိုင်ကို ကူညီပေးသင့်တယ် "

စကားများက အလွယ်တကူပင် သွေးဆောင်နိုင်လေပြီး အထူးသဖြင့် လက်ပါးစေများ၏ စကားများက ကျိုးကြောင့်သင့်နေသည်။ ထို့အပြင် လျှိုင်ချမ်းယုက ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ခဲ့ပြီးဖြစ်၍ ပြည်ထောင်၏ ရွေးချယ်ပွဲကို အောင်မြင်ရန်မှာ သေချာလှသည်။

ယီယွင်က ပါရမီ ကောင်းဟန်ရှိသော်လည်း သိုင်းပညာကို ကြာမြင့်စွာ လေ့ကျင့်ဖူးခြင်းမရှိလေဘဲ ကံကောင်းမှုကြောင့် ထိုခွန်အားကို ရရှိထားခဲ့ခြင်း ဖြစ်လေသည်။ ယီယွင်က အကြမ်းဖျင်းအားဖြင့် သေမျိုးသွေးနယ်ပယ် အဆင့် ၃ ခန့်သာ ဖြစ်ပေသောကြောင့် ပြည်ထောင်၏ ရွေးချယ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လျှင်ပင် အောင်မြင်နိုင်ရန်အတွက်မှာမူ မသေချာပေ။

အနာဂတ်တွင် ယီယွင် ကြီးပြင်းလာပြီး လျှိုင်ချမ်းယုကို ကူညီပေးလိုခဲ့ပါက လျှိုင်ချမ်းယုအတွက် အကူအညီကြီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး မျိုးနွယ်ကိုလည်း ကူညီပေးနိုင်လိမ့်မည်။

ထိုသည်ကား လူအများစု၏ အတွေးများ ဖြစ်ကြသော်လည်း လျှိုင်ချမ်းယုနှင့် ယီယွင်တို့ကမူ ထိုသို့မတွေးကြပေ။

All Chapters