← Chapters

ရွေးချယ်ပွဲသံတမန် ရောက်ရှိလာခြင်း

Vol. 6 Ch. 79

ရွေးချယ်ပွဲသံတမန် ရောက်ရှိလာခြင်း

Vol. 6 Ch. 79

ယီယွင်က မျိုးနွယ်ဝင်များနှင့် လျှိုင်ချမ်းယု၏ လက်ပါးစေများတို့၏ အသံများကို လျစ်လျူရှုထားသည်။ သို့သော် လျှိုင်ချမ်းယုက သူ မုန်းတီးနေသည့် လူတစ်ဦးကို တိုက်ခိုက်လာခဲ့ခြင်း မရှိပေသောကြောင့် ယီယွင် အံ့အားသင့်နေရသည်။ မည်သည့် အကြောင်းအရင်းကြောင့် ပေနည်း။

လျှိုင်ချမ်းယု ဖြူလျော်နေသည်ကို ယီယွင် သတိပြုမိသည်။ ထိုကောင်က ကျင့်ကြံမှုတွင် ပြဿနာကြုံတွေ့ကာ ဒဏ်ရာရခဲ့လေသလော။

သို့သော် လျှိုင်ချမ်းယု မလှုပ်ရှားလျှင်ပင် ယိုယွင် ရှိနေသေးချေသည်။ လျှိုင်ချမ်းယုက အဘယ့်ကြောင့် လှုပ်ရှားခြင်းမပြုဘဲ လူအများ၏ သံသယများအား လျစ်လျူရှုထားကြောင်းကိုမူ ယီယွင် မသိပေ။

အမှန်တကယ်တွင်မူ လျှိုင်ချမ်းယု မလှုပ်ရှားသည်ကပင် ယီယွင်အတွက် အံကျဖြစ်နေခဲ့၏။ သူ၏စွမ်းအားများက အချိန်တိုအတွင်း အလွန်းတိုးတက်လာသည်ဖြစ်ရာ အချိန်တန်လျှင် လျှိုင်ချမ်းယုကို ကျော်လွန်သွားလိမ့်မည်။ တိုက်ခိုက်ချိန်တန်လာလျှင် ယီယွင်အဖို့ လျှိုင်ချမ်းယုကို ကြောက်နေစရာမလိုဘဲ သံသယမရှိစွာပင် အနိုင်ယူနိုင်လိမ့်မည်။ ယိုယွင် ကြားဝင်ပါခဲ့လျှင်ပင် ယီယွင်အဖို့ ကြောက်စရာမရှိပေ။

ယနေ့ ယီယွင် ပေါ်လာရသည်မှာ ပြည်ထောင်၏ ရွေးချယ်ပွဲတွင် နေရာတစ်ခု ရရှိလာစေရန် ဖြစ်ချေသည်။ ထိုအရာက သူ၏ပန်းတိုင်ကို ရောက်ရှိရေးအတွက် လုံလောက်သည်။

" လျှိုင်မျိုးနွယ် တိုးတက်ကြီးပွားလာအောင် လုပ်ဖို့အတွက် သခင်လေးလျှိုင်နဲ့ ပူးပေါင်းရမယ်လို့ ပြောခဲ့တယ်နော်။ သခင်လေးလျှိုင်က ငါ့ကို ပြည်ထောင်ရဲ့ရွေးချယ်ပွဲမှာ ဝင်ပါစေဖို့ စီစဥ်ထားလား " ယီယွင် ခပ်ရေးရေးပြုံးကာ မေးလိုက်သည်။

လျှိုင်ချမ်းယု မျက်မှောင်ကုတ်လိုက်၏။ သူက ထိုကောင့်ကို လူသိရှင်ကြား ငြင်းပယ်ရမည့် အကြောင်းအရင်း မရှိသည်ကို သူသိသည်။ နောက်တစ်ရက်တွင် ကျင်းလုံဝေ့က ဤနေရာသို့ ရောက်လာမည်ဖြစ်ပြီး ယီယွင်ကလည်း မျိုးနွယ်ထဲတွင် သူ၏စွမ်းအားကို သက်သေပြထားချေသည်။

ကျင်းလုံဝေ့က ပြည်ထောင်၏ ရွေးချယ်ပွဲကို ကျင်းပပေးသည့် ရည်ရွယ်ရင်းမှာ သန်မာသူများကို ရွေးချယ်ရန်ဖြစ်ပြီး သန်မာသည့်သူ မည်သူ့ကိုမဆို ခေါ်ယူပေလိမ့်မည်။ ကျင်းလုံဝေ့က ယီယွင် ပါဝင်လာမည်ကို သေချာပေါက်ပင် လက်ခံမည်ဖြစ်ပြီး ယီယွင်က ကျင်းလုံဝေ့၏ သံတမန်ရှေ့တွင် သူ၏စွမ်းအားများကို ထုတ်ပြရလိမ့်မည်။ ပြည်ထောင်၏ရွေးချယ်ပွဲကို လျှိုင်မျိုးနွယ်က ကျင်းပပေးထားခြင်း မဟုတ်လေသောကြောင့် လျှိုင်ချမ်းယုက မည်သူများ ပါဝင်နိုင်မည်ဟု ရွေးချယ်ပေးနိုင်သည့် အခွင့်အာဏာ ရှိမနေပေ။

" ရတာပေါ့။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံမှုက ကာလတိုတောင်းနေသေးတယ်။ ငါ မင်းကို ပြည်ထောင်ရဲ့ရွေးချယ်ပွဲမှာ ဝင်ပါခွင့်ပေးမှပဲ မင်းအနေနဲ့ လောကကြီးက ဘယ်လောက်အထိ ကြီးမားကျယ်ပြန့်တယ်ဆိုတာကို သိနိုင်လိမ့်မယ်။ အဲ့ဒီအတွေ့အကြုံတွေနဲ့သာဆို အနာဂတ်မှာ မင်း ကြီးထွားလာဖို့အတွက် အကူအညီဖြစ်စေမှာပါ "

" ပြည်ထောင်ရွေးချယ်ပွဲရဲ့ ခက်ခဲမှုတွေကို မင်း သိလောက်မှာမဟုတ်ဘူး။ ဒေသတစ်ခုဆိုရင် မိုင်ထောင်ချီပြီး ကျယ်ပြန့်တယ်။ အဲ့ဒီဒေသထဲမှာရှိ မျိုးနွယ်တွေထဲက မျိုးနွယ်နှစ်ဆယ်ကိုပဲ ရွေးချယ်တယ်။ အဲ့ဒီမျိုးနွယ်နှစ်ဆယ်ထဲက သုံးပုံလောက်ကတော့ ဒီနယ်မြေထဲမှာ အကြီးဆုံးမျိုးနွယ်ဖြစ်တဲ့ တောက်မျိုးနွယ်ကနေ ဆင်းသက်လာကြတာပဲ "

တောက်မျိုးနွယ်တွင် လူအင်အားနှင့် အရင်းအမြစ်များ ရှိသည်။ လျှိုင်ချမ်းယုက အအေးစပါးအုံ ပျက်စီးခြင်းအရိုးကို တောက်မျိုးနွယ်မှ ရရှိလာခဲ့ခြင်း ဖြစ်လေ၏။

အရင်းအမြစ်များအပြင် တောက်မျိုးနွယ်မှ ပညာသင်များကလည်း ထူးချွန်ကြ၏။ တောက်မျိုးနွယ်မှ ထူးချွန်သော လူငယ်မျိုးဆက်များက ခရမ်းသွေးနယ်ပယ် အလယ်အဆင့် ၊ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ်အဆင့် စစ်သည်တော်များ လက်အောက်တွင် ပညာသင်ကြားကြရသည်။ သူတို့တွင် အမွေဆက်ခံရသည့် ကျင့်စဥ်တစ်ခုပင် ရှိလေ၏။ တောက်မျိုးနွယ်ကို မျိုးနွယ်ငယ်တစ်ခုက မည်သို့များ ယှဥ်နိုင်ပါမည်နည်း။

ထို့ကြောင့် လူနှစ်ဆယ်စာ ဝေစုခွဲတမ်းတွင် မျိုးနွယ်ငယ်များအတွက် ဝေစုသုံးလေးခုသာ ကျန်လေ၏။ ဝေစုသုံးလေးခုစာကို ဒါဇင်များစွာသော မျိုးနွယ်ငယ်များထဲမှ ရွေးချယ်ရသည်မှာ သနားဖွယ်ရာအချိုးအစား ဖြစ်ချေသည်။

လျှိုင်ချမ်းယုက ဆက်ပြောသည်..." တောက်မျိုးနွယ်က အကောင်ကြီးကြီး အမြီးရှည်ရှည်လေ။ သူတို့ရဲ့ လူဦးရေက ငါတို့ လျှိုင်မျိုးနွယ်ထက် အဆတစ်ရာလောက် ပိုများတယ်။ တောက်မျိုးနွယ်က လူငယ်ထိပ်သီးအချို့ဆိုရင် ခရမ်းသွေးနယ်ပယ်ကို ရောက်နေကြပြီ။ အထူးသဖြင့် တောက်မျိုးနွယ်ရဲ့ သခင်လေးသုံးဦးဆိုရင် ပိုပြီးတော့တောင် ကျော်ကြားသေးတယ်။ မျိုးနွယ်ငယ်လေးတွေကနေ မွေးဖွားလာသူတွေ အတွက်ကတော့ အဲ့ဒီသခင်​လေးတွေကို ယှဥ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထောင်ရွေးချယ်ပွဲအတွက်ကတော့ မင်းသာ သေမျိုးသွေးနယ်ပယ် အဆင့် ၅ ဖြစ်တဲ့ ချီစုဆောင်းမှုနယ်ပယ်ကို မရောက်သေးရင် မေ့သာထားလိုက်တော့ "

ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန် ကျရှုံးခဲ့သည့် လျှိုင်ချမ်းယုသည်ပင် ဖိအားများစွာ ရင်ဆိုင်နေရသည်။ သေမျိုးသွေးနယ်ပယ်က ခရမ်းသွေးနယ်ပယ်ကို ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။ သေမျိုးသွေးနယ်ပယ် အဆင့် ၅ ဖြစ်သည့် ချီစုဆောင်းမှုနယ်ပယ်သည်ပင် သာမန်ညောင်ည ဝင်ခွင့်လက်မှတ်တစ်ခုသာ ဖြစ်သည်။

" ငါ ရွေးချယ်ပွဲ အောင်မြင်ချိန်ကျ မင်းကို ထောက်ပံ့ကူညီပေးမယ်။ မင်းသာ အများကြီး အောင်မြင်ခဲ့မယ်ဆိုရင် မျိုးနွယ်အတွက် ကောင်းကျိုးတွေ အများကြီးရှိလာလိမ့်မယ် " လျှိုင်ချမ်းယုက အလွန်မလိုလားစွာ ဆိုသည်။ သူက ယီယွင်ကို ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်စေလိုခြင်းမရှိပေ။ အကြောင်းကမူ ရွေးချယ်ပွဲကာလတွင် သူက ယီယွင်ကို တိုက်ခိုက်ရန် ​မဖြစ်နိုင်ပေသောကြောင့်ပင်။

ထို့အပြင် ယီယွင်၏ မြန်ဆန်သော တိုးတက်မှုကြောင့် လျှိုင်ချမ်းယုပင် စိုးရိမ်မိလာသည်။ လျှိုင်ချမ်းယုသည် သူ မထိန်းချုပ်နိုင်သော အရာများကို နှစ်သက်ခြင်းမရှိပေ။ လျှိုင်ချမ်းယုက ယီယွင်ကို အမြန်ဆုံး ဖယ်ရှားပစ်လိုသည်ဖြစ်ပြီး အထူးသဖြင့် ယီယွင် ကြိုတင်ပြင်ဆင်မထားသည့် အချိန်မျိုးတွင် ဖြစ်သည်။ လျှိုင်ချမ်းယုသည် ထိုရတနာက ယီယွင်၏အသက်ကို ကာကွယ်ပေးလိမ့်မည်ကို စိုးရိမ်နေဆဲပင်။

ယီယွင်ကို သတ်နိုင်ပါက ထိုပစ္စည်းကို ရနိုင်လိမ့်မည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။

" ဒါဆို သခင်လေးလျှိုင်ရဲ့ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ရတော့မှာပဲ " ယီယွင်က လမ်းညွှန်ပေးမှုဟူသည့် စကားလုံးကို တမင်သုံးကာ ထေ့ငေါ့လိုက်ခြင်း ဖြစ်သည်။

" ဒါနဲ့ သခင်လေးလျှိုင်ကို ကြည့်ရတာ မလန်းပါ့လား။ မင်း နေမကောင်းဘူးလား " ယီယွင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်သွားလေသည်။

လျှိုင်ချမ်းယု ထိတ်လန့်သွားလေ၏။ သူ ဒဏ်ရာရထားသည်ဟု ယီယွင်က သံသယဝင်နေချေပြီ။

" နည်းပြယို " လျှိုင်ချမ်းယု ဒေါသတကြီး အော်လိုက်သည်။

ယိုယွင် သက်ပြင်းချကာ ယီယွင်၏နားဆီသို့ အသံပို့လွှတ်လိုက်သည်..." ညီငယ်လေး...ဒီနေ့ ငါက မင်းကို အတိုက်အခံ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ငါက မင်းကို လူငယ်စစ်သည်တစ်ဦးအဖြစ် လေးစားတာကြောင့်ပဲ။ မင်းအနေနဲ့ရော အရမ်းခက်ခဲအောင်လုပ်ဖို့ လိုလို့လား "

ယိုယွင်၏ စကားများကြောင့် ယီယွင် ရပ်တန့်သွားရသည်။ အသံတိတ် အသံပို့လွှတ်ခြင်းကို မည်သို့လုပ်ဆောင်ရကြောင်း သူ မသိပေ။ သူက ယိုယွင်ကိုကြည့်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

နည်းပြယိုက လျှိုင်မျိုးနွယ်ထဲတွင် ဩဇာရှိသည့် လူတန်းစားထဲ၌ ပါဝင်သော်လည်း စာနာစိတ် အားကောင်းလှပေသောကြောင့် လျှိုင်ချမ်းယု၏ မကောင်းမှုထဲတွင် ပါဝင်ပေးလိုခြင်း မရှိပေ။

" နည်းပြယို ပြောတာ မှန်ပါတယ်။ ဒီအငယ်လေးက ကျေးဇူးတင်ပါတယ်။ ဒီအငယ်လေးက နည်းပြယိုကို လူတစ်ဦးအနေနဲ့ အလွန်လေးစားမိပါတယ်။ ဒီအငယ်လေး သွားလိုက်ပါဦးမယ်။ မနက်ဖြန် နေ့လည်ခင်းမှပဲ ပြန်တွေ့ကြပါမယ် " ယီယွင်က ယိုယွင်ကို ယဥ်ကျေးစွာ ပြောခဲ့သည်။ အမှန်တကယ်တွင် ယိုယွင်က သူ၏လက်ဦးဆရာ ဖြစ်ချေ၏။ ယီယွင်က ခိုးသင်ခဲ့ရသည် ဖြစ်သော်လည်း ယိုယွင်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အခြေခံအကျဆုံး သင်ကြားပေးခဲ့လေ၏။

ယီယွင် လူအုပ်ကြားထဲမှ တိုးထွက်သွားကာ ဆေးတောင်တန်းဆီသို့ ဦးတည်လိုက်သည်။ သူက ကျန်းရှောင်ယု၏ လုံခြုံရေးကို စိုးရိမ်လေသောကြောင့် တည်နေရာကို ထုတ်ဖော်ခြင်းမပြုပေ။ သူက ဆေးတောင်တန်း၏ ချောက်ထဲမှ ခုန်ချကာ အရှေ့ဘက်မြစ်ထဲသို့ ဆင်းသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရေတံခွန်ဆီသို့ သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ နေထိုင်သည့်နေရာကို မည်သူကမျှ ခန့်မှန်းနိုင်မည် မဟုတ်တော့ပေ။

...................

နောက်တစ်နေ့ နံနက်ခင်းတွင် ယီယွင် မျက်လုံးဖွင့်ကာ သမထထိုင်ခြင်းကို အဆုံးသတ်လိုက်သည်။

နောက်ဆုံးတွင် ထိုနေ့သို့ ရောက်လာခဲ့ချေပြီ။ ယနေ့တွင် ကျင်းလုံဝေ့၏ သံတမန်သည် သူတို့အား ပြည်ထောင်ရွေးချယ်ပွဲသို့ ပို့ဆောင်ရန်အတွက် လျှိုင်မျိုးနွယ်ဆီသို့ ရောက်လာမည်ဖြစ်၏။

" အကောင်းဆုံးလုပ်ပါ ယွင်အာ။ ဒါပေမဲ့ ပေကပ်ပြီးမနေနဲ့။ နင်က ငယ်သေးတာကြောင့် ရှေ့မှာ အချိန်တွေအများကြီး ကျန်သေးတယ်။ ငါတို့ရဲ့ နေ့ရက်တွေက ကောင်းတာထက် ပိုကောင်းလာတော့မှာဆိုတော့ ဒေါသမဖက်ပါနဲ့ ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့...."

" သိပါပြီ အစ်မရှောင်ယု "

ယနေ့တွင် ယီယွင် ထွက်ခွာတော့မည်ကို သိနေသည့် ​ကျန်းရှောင်ယုက အမှာစကားများ ပြောကြားနေသည်။ သူက ထိုစကားများကြောင့် နွေးထွေးမှုခံစားရကာ ဆိုသည်..." ဒီရက်နည်းနည်းလောက်တော့ ကိုယ့်ဘာသာပဲ အားကိုးရလိမ့်မယ် အစ်မရှောင်ယု။ ကျွန်တော်က အစားအစာတွေ ကြိုတင်ပြင်ဆင်ပေးထားတယ်။ လျှောက်သွားမနေနဲ့ဦးနော် "

ကျန်းရှောင်ယုကို ပြည်ထောင်ရွေးချယ်ပွဲအတွက် လျှိုင်မျိုးနွယ်ဆီသို့ ခေါ်သွား၍မရလောက်ဟု ယီယွင်က တွက်ဆထားသည်။ သူက အရေးမပါသည့် ပြိုင်ပွဲဝင်တစ်ဦးသာဖြစ်ပြီး ကျင်းလုံဝေ့က နေရာချထားပေးသည့်အတိုင်း နေရပေမည်။ တစ်စုံတစ်ယောက်အား အတူခေါ်လာရန်မှာ မဖြစ်နိုင်ပေ။

ကျေးဇူးတင်ဖွယ်ရာကောင်းသည်မှာ ဆေးတောင်တန်း၏ အနောက်ဘက်က အလွန်ပင် ကျယ်ဝန်းလှပေသောကြောင့် ကျန်းရှောင်ယုအဖို့ အလွယ်တကူပင် ပုန်းနေနိုင်သည်။ လျှိုင်ချမ်းယုကလည်း ပြည်ထောင်ရွေးချယ်ပွဲအတွက် ထွက်ခွာရမည်ဖြစ်၍ ယီယွင် စိတ်အေးရသည်။ တောင်အနောက်တွင် သားရဲများ မရှိပေသောကြောင့် ကျန်းရှောင်ယုသာ ပုန်းနေနိုင်သရွေ့ အလွန်လုံခြုံသည်။

နောက်ဆုံးအကာအကွယ် အနေဖြင့် ယီယွင်က အဖိုးအိုစု ပေးထားခဲ့သည့် အကာအကွယ် မန္တန်စာရွက်ကို ကျန်းရှောင်ယုအား ပေးခဲ့သည်။ အိမ်သာသုံးစက္ကူနှင့် ဆင်တူလှသော အဝါရောင်စာရွက်ကို ယီယွင်က တစ်ချိန်လုံး သိမ်းထားခဲ့သည်။

ယီယွင် ထွက်ခွာသွားခဲ့၏။ သူသည် တောင်ဆိတ်တစ်ကောင်ပမာ ခုန်ပျံနေပြီး လျှိုင်မျိုးနွယ်ဆီသို့ ဦးတည်ကာ မြင့်မားသော အမြန်နှုန်းနှင့် သွားနေလေသည်။

ယီယွင် လျှိုင်မျိုးနွယ်ဆီသို့ ရောက်ရှိသွားချိန်၌ လျှိုင်မျိုးနွယ်၏ အတီးအမှုတ်အဖွဲ့တစ်ခုလုံးက ကျင်းလုံဝေ့၏ သံတမန်ကို ကြိုဆိုနေကြ၏။

ကျင်းလုံဝေ့သံတမန်က နေ့ခင်းပိုင်းတွင် ရောက်လာခဲ့သည်။ ထိုသူက အသားမဲသည့် လူထွားကြီးတစ်ဦး ဖြစ်သည်။ ကျင်းလုံဝေ့အတွက် သားရဲပေါ်တွင် စီးနင်းနေသည့် ထိုသူက လျှိုင်မျိုးနွယ်ဆီသို့ ထည်ဝါစွာ ရောက်ရှိလာခဲ့သည်။

" ပြည်ထောင်ရွေးချယ်ပွဲမှာ ဘယ်သူတွေ ပါဝင်ကြမှာလဲ " သံတမန်၏ စကားသံက တိုတောင်းချိုမြကာ ရဲရင့်မှုအချို့လည်း ပါဝင်နေသည်။

ယီယွင်နှင့် လျှိုင်ချမ်းယုတို့ အပါအဝင် လူဆယ်ဦး ရှေ့သို့ထွက်လာသည်။

" တက်ခဲ့ကြ " သံတမန်က လက်ခါပြကာ ဆိုသည်။ ထိုသို့ဖြင့် ပြိုင်ပွဲဝင်ဆယ်ဦးသည် သံတမန်၏ သားရဲပေါ်သို့ တက်သွားကြလေ၏။

သားရဲက မြင့်မားသော်လည်း လူဆယ်ဦး တက်လိုက်ချိန်တွင်မူ အလွန်ပင် လူကျပ်သွားရလေ၏။ သံတမန်က သားရဲ၏ ကျယ်ဝန်းသော ကျောပြင်ပေါ်တွင် ထိုင်နေလေပြီး ကျန်သည့်လူများကမူ ပခုံးချင်းထပ်ကာ ထိုင်နေကြရသည်။

ဟုတ်သည်။ တပ်သားလေ့ကျင့်ရေးစခန်းမှ အခြားရှစ်ယောက်ကြောင့် လျှိုင်ချမ်းယုက နေရာပိုကျယ်သည်။ လက်ပါးစေများဖြစ်သည့် သူတို့က သခင်လေးဖြစ်သူ သက်တောင့်သက်သာဖြစ်စေရန် လုပ်ဆောင်ပေးရမည်။ ထိုသည်က လက်ပါးစေတစ်ဦး၏တာဝန် ဖြစ်သည်။

နေရာအကန့်အသတ် ရှိနေလေပြီး လျှိုင်ချမ်းယုက နေရာကျယ်ကျယ် ယူထားခဲ့လေခြင်းကြောင့် ယီယွင်တွင် နေရာပိုမရှိတော့ချေ။ သူက လူနှစ်ဦးအကြားတွင် ကျပ်ညပ်နေသော်လည်း အရေးမစိုက်ခဲ့ပေ။

All Chapters