ထွက်ခွာခြင်း
Vol. 6 Ch. 80
လျှိုင်မျိုးနွယ်ဝင်များသည် အရုဏ်တက်ကတည်းကပင် အိမ်မှထွက်လာကြပြီး ရွာဝင်ပေါက်တွင် ရပ်နေကြကာ လျှိုင်ချမ်းယုတို့အဖွဲ့ကို့ နှုတ်ဆက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
လျှိုင်ချမ်းယု ထွက်ခွာခြင်းသည် အပတ်တကုတ် ကျင့်ကြံခဲ့ရသည့် မျိုးစေ့ကို ရိတ်သိမ်းတော့မည့် အမှတ်သညာဖြစ်ပေရာ မျိုးနွယ်က အလွန်ပင် မျှော်လင့်ထားကြလေ၏။
" သခင်လေးက အနိုင်ရမှာ သေချာတယ်။ အောင်တံခွန်နဲ့ ပြန်လာခဲ့ပါ။ သခင်လေးက အနိုင်ရမှာ သေချာတယ်။ အောင်တံခွန်နဲ့ ပြန်လာခဲ့ပါ။ " တပ်သားလေ့ကျင့်ရေးစခန်းမှ တပ်သားများက စတင်ကာ ဟစ်အော်ကြသည်။
ကြွေးကြော်သံများကြောင့် ယီယွင် ရှက်သွားရ၏။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ၏ တုံးအမှုကြောင့် သူ ပြောစရာမဲ့နေရသည်။
" မျိုးနွယ်တစ်ခုလုံးက သခင်လေးလျှိုင်အပေါ်မှာပဲ မူတည်နေပြီ "
မြေပြင်တွင် ဦးချကန်တော့နေကြသည့် အဘိုးကြီးများ ရှိနေလေသည်။ ရွာထဲရှိ တစ်ဦးတည်းသော စုန်းမကလည်း စုန်းအကကို ကခုန်နေလေ၏။
" စိတ်မပူပါနဲ့ ရွာသားအပေါင်းတို့။ ကျုပ်က ခင်ဗျားတို့တွေကို စိတ်မပျက်စေရပါဘူး " လျှိုင်ချမ်းယု မက်တက်ရပ်လိုက် နှစ်လိုဖွယ်ရာ အမူအရာနှင့် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
လျှိုင်ချမ်းယုက ချောမောသည်ဟု ဆိုနိုင်လေပြီး အဖြူရောင်ဝတ်ရုံရှည်နှင့် ပေါင်းဖက်လိုက်ချိန်တွင်မူ အလွန်တရာပင် ကျက်သရေရှိသွားခဲ့သည်။ သူ့တွင် မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ဦး၏ ဟန်ပန်မျိုး ရှိနေသည်။ မိမိကိုယ့်ကိုယ် ယုံကြည်မှုနှင့် ဖော်ရွေမှုတို့ ပေါင်းစပ်သွားချိန်တွင် အမျိုးသမီးများကို အလွန်တရာပင် ဆွဲဆောင်နိုင်သွားခဲ့သည်။
မျိုးနွယ်ထဲရှိ အမျိုးသမီးများစွာတို့မှာ လျှိုင်ချမ်းယုကြောင့် ရင်သပ်ရှုမော ဖြစ်နေရသည်။ သူတို့ ရှက်သွေးဖြာနေလျက်ဖြင့် ဟစ်အော်လိုက်ကြသည်..." ကျွန်မတို့က သခင်လေးလျှိုင် ပြန်လာမဲ့အချိန်ကို စောင့်မျှော်နေပါတယ် "
" စိတ်မပူကြပါနဲ့... ကျုပ် မြို့ကိုရောက်ချိန်ကျ အခြေကျသွားခဲ့ပြီး ကိုယ်ပိုင်မျိုးနွယ်တစ်ခု ထူထောင်ပြီးသွားရင် ခင်ဗျားတို့တွေလည်း ကျုပ်နဲ့ လာပူးပေါင်းပြီး ကျုပ်တို့လျှိုင်မျိုးနွယ်ရဲ့ ပထမအသုတ် မြို့သူမြို့သားတွေ ဖြစ်လာလို့ရပါတယ် " လျှိုင်ချမ်းယု၏ စကားများကြောင့် ရွာသားများ စိတ်လှုပ်ရှားသွားရသည်။ မိန်းကလေးများကမူ လျှိုင်ချမ်းယု၏ ကိုယ်ပိုင်စေခံတစ်ဦး သို့မဟုတ် အိပ်ယာထဲမှ အစေခံတစ်ဦးအဖြစ် အိပ်မက်မက်ကာ ရှက်သွေးဖြာနေကြ၏။
သခင်လေးလျှိုင်၏နောက်သို့ လိုက်နိုင်သည်မှာ အလွန်ပင် ပျော်ရွှင်စရာဖြစ်၏။
နံဘေးမှ ယီယွင်ကမူ စိတ်မပါစွာဖြင့် ကြည့်နေလျက်ရှိပြီး သူ့အား လိုက်ပါပို့ဆောင်သူ ရှိမနေကြောင်းကိုလည်း သိလေသည်။ ရုတ်တရက်မှာပင် သူ ရှက်သံဝဲဝဲ အသံတစ်ခုကို ကြားလိုက်ရသည်..." အစ်ကိုယီ..ယီယွင်... အများကြီး ကြိုးစားရမယ်နော်။ ရှောင်... ရှောင်ကဲ့က အစ်ကိုယီယွင် ပြန်လာမှာကို စောင့်နေမယ် "
ယီယွင် မှင်တက်မိသွား၏။ သူ လှမ်းကြည့်လိုက်ရာ အဝတ်နွမ်းများ ဝတ်ဆင်ထားသည့် ကလေးမတစ်ဦးက သူ့အား စိုးရိမ်စွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ရွှန်းလဲ့နေသော မျက်ဝန်းအစုံသည် သန်းချီသော စကားလုံးအဓိပ္ပါယ်များ ဖော်ကျူးနေလေ၏။ သူမက အဒေါ်ဝမ်၏သမီးဖြစ်သူ ကျိုးရှောင်ကဲ့ ဖြစ်လေသည်။
မိန်းကလေးများအားလုံးက လျှိုင်ချမ်းယုကို လိုက်ပါပို့ဆောင်နေကြသည်ဖြစ်ပြီး သူမအဖို့ ယီယွင်၏အမည်ကို အော်ခေါ်ရန်အတွက် ကြီးစွာပင် သတ္တိမွေးခဲ့ရသည်။
" ရှောင်ကဲ့ "
ယီယွင်က ပြန်အော်ခေါ်သည်။ မိန်းကလေး၏မျက်နှာ တောက်ပသွားသည်ကို မြင်လိုက်ရချိန်တွင် သူမက ချစ်စဖွယ်ကောင်းသည်ဟု သူ ထင်မိသွားလေ၏..." စိတ်မပူပါနဲ့ ၊ ငါ ဘေးကင်းကင်းနဲ့ ပြန်လာမှာပါ "
" ကောင်းပြီ " ကျိုးရှောင်ကဲ့ အားတင်းကာ ခေါင်းညိတ်လိုက်သည်။
" ကောင်လေးယွင်... မင်း ရွေးချယ်ပွဲမှာ မအောင်မြင်ခဲ့လည်း အဆင်ပြေတယ်။ မင်းက ငယ်သေးတယ်ဆိုတော့ စိတ်ပျက်အားလျော့စရာ မလိုဘူး။ မင်းက အသက် ၁၂ နှစ်ပဲ ရှိသေးတယ် "
အဒေါ်ဝမ်ကလည်း ဟစ်အော်သည်။ သူမက ခြင်းထဲမှ အသီးအရွက်ပေါက်စီတစ်လုံး ထုတ်ယူကာ အော်လိုက်သည်..." ကောင်လေးယွင်... ငါ ဒီအသီးအရွက်ပေါက်စီ လုပ်ပေးထားတယ်။ ဒါကို လမ်းမှာယူသွား "
ဂျုံအနည်းငယ်သာပါသည့် အသီးအရွက်ပေါက်စီကို ကြည့်ကာ ယီယွင် စိတ်ထိခိုက်သွားရ၏။ သူ ထိုင်ရာနေရာမှ ဆင်းလာကာ အသီးအရွက်ပေါက်စီကို လက်ခံလိုက်သည်။ သူက အဒေါ်ဝမ်၏လက်ထဲသို့ အဝတ်အိတ်တစ်ခု ထည့်ပေးကာ ဆိုသည်..." ဒါကို အိမ်ပြန်ရောက်မှပဲ ဖွင့်ကြည့်ပါ အဒေါ်ဝမ် "
ယီယွင်က အဒေါ်ဝမ်၏ တုန့်ပြန်စကားကို မစောင့်တော့ဘဲ သတ္တဝါကြီး ကျောပေါ်သို့ တက်သွားခဲ့လေသည်။ ထိုစဥ်တွင် ကျင်းလုံဝေ့သံတမန်က သတ္တဝါကြီးကို ရှေ့သို့သွားရန် စတင်အမိန့်ပေးလိုက်သည်။
ကျိုးရှောင်ကဲ့သည် ယီယွင်၏ပုံရိပ် ဝေးကွာသေးငယ်သွားအထိ လက်ပြနေခဲ့သည်။
မျိုးရိုးအမည် လျှိုင် ဖြစ်ကြသည့် အမျိုးသမီးအချို့က အဒေါ်ဝမ်တို့သားမိကို အထင်သေးဟန်ဖြင့် ပြောကြလေသည်..." နင်တို့က အဲ့ဒီကောင်လေးနဲ့ အတော်လေးကို ဆက်ဆံရေးကောင်းတာပါ့လား"
" အဲ့ဒါ ရှင်တို့အလုပ် မဟုတ်ဘူး " ကျိုးရှောင်ကဲ့က ပက်ခနဲ ပြန်ပြောလိုက်သည်။
အမျိုးသမီးများ ခွက်ထိုးခွက်လန်ရယ်မောကာ..." ဒီကလေးမ မှိုင်းမိနေတာ သေချာနေပြီ။ အဲ့ဒီကောင်လေး ယီယွင်က သူ့ကိုယ်သူ အဓိကပြိုင်ပွဲဝင်တစ်ဦးလို့ ထင်နေပြီးတော့ ပြည်ထောင်ရွေးချယ်ပွဲမှာ ပြိုင်ပွဲဝင်ဖို့အတွက် သခင်လေးလျှိုင်ရဲ့နောက်ကို လိုက်ခဲ့တာလို့ ထင်နေတာလေ။ ဒီကောင်လေးက သူ့ရဲ့ခွန်အားကို တွေးမိရဲ့လား။ သခင်လေးလျှိုင်က သဘောကောင်းလွန်းနေရုံပဲ "
" သူနဲ့အတူ အဲ့ဒီကောင်လေးကို ခေါ်သွားတော့ရော ဘာထူးမှာမလို့လဲ။ သခင်လေးလျှိုင်က သူရဲ့ရည်ရွည်ချက်အတွက် ဒီကောင်လေးကို အသုံးချချင်လို့ ဘဝအတွေ့အကြုံ ရှာခိုင်းထားတာပဲ။ အနာဂတ်ကျရင် ဒီကောင်လေးက အခြားလက်ပါးစေတစ်ဦး ဖြစ်လာလိမ့်မယ်။ ဒီကောင်လေးက ရွေးချယ်ပွဲကို အောင်မြင်လိမ့်မယ်လို့ ထင်နေကြတာလား "
အမျိုးသမီးများက ဝမ်းသာအားရဖြင့် အပြိုင်အဆိုင် ပြောနေကြသည်။ သူတို့ မျိုးရိုးအမည် လျှိုင် ဖြစ်လေပြီး လျှိုင်ချမ်းယုနှင့် မျိုးရိုးသွေး တူညီလေသည်။ လျှိုင်ချမ်းယုသာ ကြီးကြီးမားမား လုပ်ဆောင်နိုင်ခဲ့ပါက သူတို့သည်လည်း ကြီးမားသော အကျိုးအမြတ်များ ရရှိပေလိမ့်မည်။
လျှိုင်မျိုးနွယ် အမျိုးသမီးများက ကျိုးရှောင်ကဲ့အား ပြက်ရယ်ပြုနေချိန်တွင် အဒေါ်ဝမ်မှာမူ ယီယွင် ပေးထားခဲ့သည့် အဝတ်အိတ်ကိုကိုင်ကာ အံ့အားသင့်နေ၏။
သူမ တစ်ခဏမျှ အေးခဲနေပြီးနောက် တံတွေးတစ်လုတ် မျိုချကာ အဝတ်အိတ်ကို သူမ၏ခန္ဓာကိုယ်အောက်တွင် သေချာသိမ်းဆည်းလိုက်သည်။
သူမက ထိုအမျိုးသမီးများကို လျစ်လျူရှုကာ ကျိုးရှောင်ကဲ့အား အိမ်သို့ဆွဲခေါ်သွားလေသည်။ အဒေါ်ဝမ်က တံခါးများ ပိတ်ပြီးမှသာ အဝတ်အိတ်ကို ထုတ်ယူလိုက်သည်။ သူမက အဝတ်အိတ်ကို စားပွဲပေါ်တွင် သေချာတင်လိုက်လေ၏။
" အမေ... ဒါကို အစ်ကိုယီယွင် ပေးခဲ့တာလား " ကျိုးရှောင်ကဲ့က သိလိုစွာဖြင့် မေးလိုက်သည်။
အဒေါ်ဝမ်၏လက်များ တုန်ယင်နေသည်။ သူမ အဝတ်အိတ်ကို ထိမိလိုက်ချိန်တွင် လူများစွာ ရှိနေလေသောကြောင့် မဖွင့်ရဲခဲ့ပေ။ သူမ အဝတ်အိတ်ကို ကိုင်ထားချိန်တွင် သူမအဖို့ ရရှိနိုင်ရန် မဖြစ်နိုင်သည့် အထိအတွေ့နှင့် အနံ့တို့ကို ခံစားမိလေသည်။ သူမ အသက်ပြင်းပြင်းရှုပြီး အဝတ်အိတ်ကို ဖြည်လိုက်သည်။
တစ်ခဏအကြာတွင် ကျိုးရှောင်ကဲ့ မှင်တက်မိသွားသည်။ အဒေါ်ဝမ်ကမူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင်အောင် အနည်းငယ်ခန့် ရင်ဖိုသွားရသည်။
သူတို့၏ရှေ့တွင် ပေါ်လာသည်မှာ ကြက်ကင်တစ်ခု ဖြစ်လေသည်။ ကြက်ကင်က အပြင်ပန်းတွင် ကြွပ်ရွနေကာ အတွင်းပိုင်းတွင် နူးညံ့လှ၏။ ကြက်ကင်က ရွှေရောင်သမ်းကာ မွှေးပျံ့နေသည်။
" ဒါ...ဒါက..."
ကျိုးရှောင်ကဲ့ တံတွေးများမျိုချကာ..." ဒါကို အစ်ကိုယီယွင်က ပေးခဲ့တာလား "
" ဟုတ်တယ်...ကောင်လေးယွင်က ငါတို့ကို ပေးခဲ့တာပဲ " အဒေါ်ဝမ်က ကြက်ကင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ ယီယွင်က ထိုကြက်ကင်ကို မည်ကဲ့သို့ ရခဲ့လေသနည်း။ ထိုကြက်ကင်ကို ကြည့်သရွေ့အရ ချက်ပြုတ်နည်းမှာ ကောင်းမွန်လှချေသည်။ အရေပြား၏ အနံ့အသက်ကို အဒေါ်ဝမ် ရင်းနှီးနေသည်။ ယင်းက ပျားရည်အနံ့ဖြစ်ပြီး လွန်လေပြီးသောအခါက သူမ အခွင့်အရေးရကာ တောင်အနောက်ဘက်တွင် ပျားရည်ရခဲ့ဖူးသည်။
ပျားရည်ကြက်ကင်။ ကောင်လေးယွင်က ဤအရာကို မည်သို့ရလာခဲ့လေသနည်း။
အဒေါ်ဝမ် မယုံကြည်နိုင်ဖြစ်နေလေပြီး ကျိုးရှောင်ကဲ့ကမူ သွားရည်များ စားပွဲပေါ်သို့ပင် ကျနေလေ၏။ သူမက ကြက်ကင်ကို တပ်မက်စွာကြည့်ကာ မေးလိုက်သည်..." အမေ... သမီး ဒါကို စားလို့ရလား "
အဒေါ်ဝမ် ရယ်မောကာ ကျိုးရှောင်ကဲ့၏ခေါင်းကို ထိကာ ဆိုလေသည်..." ကောင်လေးယွင်ရဲ့ကြက်ကင်က သမီး စားဖို့အတွက် ပေးထားခဲ့တာပဲလေ "
အဒေါ်ဝမ်က ကြက်ပေါင်တစ်ချောင်း ဖဲ့ကာ ကျိုးရှောင်ကဲ့၏ လက်သေးလေးထဲသို့ ထည့်ပေးရင်း ဆိုလေသည်..." အမြန်စားလိုက်။ ကျန်တဲ့ဟာတွေက သမီးရဲ့အဖေ ပြန်လာရင် စားကြမယ် "
" ဟုတ်ကဲ့ " ကျိုးရှောင်ကဲ့က အမြန်ပင် ကိုက်လိုက်သည်။ သူမ၏ပါးစပ်ထဲသို့ ကြက်သားများ ရောက်ရှိသွားသည်နှင့် လေပေါ်ပျံနေရသကဲ့သို့ ခံစားလိုက်ရသည်။ ဤကြက်သားက အရသာရှိလွန်းလှသည်။ သူမ၏ဘဝတွင် ဤကြက်သားကဲ့သို့ အရသာရှိသည့်အရာမျိုး မစားဖူးခဲ့ပေ။
အစ်ကိုယီယွင်ပေးတဲ့ ကြက်ကင် အလွန်ပင် ကောင်းလှသည်။
ကျိုးရှောင်ကဲ့ ထိုအရာကို တွေးမိသွားကာ ရင်ထဲတွင် အပျော်များ ပြည့်နှက်သွားရလေ၏။