← Chapters

တတိယသခင်လေး

Vol. 6 Ch. 81

တတိယသခင်လေး

Vol. 6 Ch. 81

သားရဲကြီး၏ အပြေးနှုန်းက မြန်ဆန်လှပြီး တစ်ခဏအတွင်းမှာပင် လျှိုင်မျိုးနွယ်ကျေးရွာနှင့် လိုက်ပါပို့ဆောင်နေကြသည့် လူများအားလုံး အဝေးတွင်ကျန်ရစ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ယီယွင်မှာ နောင်တနှင့်သာ ခေါင်းယမ်းမိသည်။ အရိုင်းနယ်မြေမှ လူများက လှည့်စားရ လွယ်ကူလှချေသည်။

သူတို့က ရိုးရှင်းကြသော်လည်း ကြင်နာမှုမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် မကောင်းစိတ်နှင့် အကျည်းတန်သည့် စိတ်သဘောထားများသာ ရှိနေလေ၏။ ထိုသည်က လူ့သဘာဝလည်း ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။

ယီယွင် အတိတ်အား ပြန်တွေးနေခြင်းများကို ရပ်လိုက်လေ၏။ သားရဲကြီး ရှေ့သို့ပြေးနေစဥ်တွင် တဟူးဟူးတိုက်နေသည့် လေပြင်းများကို ခံစားမိကာ ယီယွင် ထိန်းမရစွာပင် ပြောလိုက်လေသည်..." အရိုင်းနယ်မြေရေ... ငါလာပြီဟေ့ "

ယီယွင်အဖို့ လျှိုင်မျိုးနွယ်မှ ထွက်ခွာကာ အရိုင်းနယ်မြေထဲသို့ ခြေချသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ လျှိုင်မျိုးနွယ်၏ အကာအကွယ်ပြင်ပမှ စစ်မှန်သည့် အရိုင်းနယ်မြေအကြောင်း သူ သိရှိရပေတော့မည်။

ဧရာမသားရဲကြီးက ခြေတစ်လှမ်းချင်းစီတိုင်းတွင် ကြီးမားလှသော ခြေရာကြီးများ ချန်ထားခဲ့လေပြီး တစ်ရက်လျှင် မိုင်ထောင်ချီကာ ခရီးနှင်သည်။ သားရဲကြီး၏ ကျောပေါ်တွင် ထိုင်နေကြရသည့် သူတို့အဖို့ အလွန်ပြင်းထန်သော တုန်ခါမှုများကို သည်းမခံနိုင်လောက်အောင် ဖြစ်လာရသည်။ သာမန်လူတစ်ဦးသာ သားရဲပေါ်တွင် တစ်ရက်လုံး ထိုင်လိုက်ရပါက အရိုးများပင် ကျိုးသွားနိုင်သည်။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများသည်ပင် သည်းခံနိုင်ရန် ခက်ခဲနေရလေ၏။

ယီယွင်ကမူ သားရဲကြီးပေါ်တွင် မက်တက်ရပ်ကာ ဆိုင်းကြိုးများကို ကိုင်ထားပြီး ရှုခင်းများ ခံစားနေသည်။

သားရဲကြီးက လျှိုင်မျိုးနွယ်၏ အကာအကွယ်နယ်မြေထဲမှ ထွက်လာခဲ့လေပြီး ယီယွင်မှာ စစ်မှန်သော အရိုင်းနယ်မြေကို မြင်လိုက်ရသည်။

တိမ်ရိုင်းနယ်မြေက အလွန်ပင် ကြီးမားလှပြီး လူသားအရိပ်အယောင် ရှိမနေချေ။ တောအုပ်များက နေရာအနှံ့တွင် ရှိနေလေပြီး ရှုခင်းများက ရှေးဦးဆန်သည်။

အမှန်တကယ်တွင် ၎င်းတို့ကို သစ်တောများဟု ခေါ်ရမည်လားကို ယီယွင် မသိပေ။ ထိုသစ်တောများက ကမ္ဘာမြေပေါ်ရှိ မူလသစ်တောများနှင့် ဆင်တူသည်။

ကမ္ဘာပေါ်ရှိ မူလသစ်တောများက ပူနွေးစွတ်စိုပြီး တောအုပ်ကြမ်းပြင်တွင် သစ်ရွက်ကြွေများနှင့် ချုံနွယ်များ ဖုံးလွှမ်းနေလေ၏။ တောအုပ်သည် ထူထဲလှကာ သစ်ပင်များ၏ အောက်ဘက်တွင် ချုံပုတ်များ ပြည့်နေသည်။ ထိုကဲ့သို့ တောအုပ်ထဲတွင် လူတစ်ဦး လမ်းလျှောက်ရန်ပင် ခက်ခဲပေရာ သားရဲကြီးတစ်ကောင်အတွက်ဆိုလျှင် သာ၍ပင်ဆိုးသေးသည်။

သို့သော် အရိုင်းနယ်မြေထဲတွင် သစ်ပင်များက တစ်ပင်နှင့်တစ်ပင် အလှမ်းဝေးကွာပြီး သားရဲကြီးများအတွက် အမြန်နှုန်းအပြည့် ဖြတ်သွားနိုင်ကြသည်။ သစ်ပင်များက မီတာပေါင်းရာချီကာ မြင့်မားကြပြီး တိမ်စိုင်များထဲထိ ဝင်ရောက်နေကြသည်။ ထိုသစ်ပင်များက အလွန်တရာပင် ကျတ်တီးမြေဆန်လှသော နေရာတွင် ပေါက်ရောက်နေကြသည်။ အရိုင်းနယ်မြေ၏ နေရာတိုင်းတွင် ကျောက်တုံးများ ၊ တောင်ကုန်းများ ၊ ကန္တာရများသာ ရှိနေသည်။

သံနက်ကျောက်တုံးများပေါ်တွင် အမြစ်တွယ်နေကြသည့် အပင်များပင် ရှိကြသည်။ နတ်သစ်ပင်တစ်ပင်သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ပေါက်ရောက်နေပြီး မီတာပေါင်းရာချီကာ မြင့်မားနေသည်မှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ယင်းက ရှားပါးသောမြင်ကွင်း မဟုတ်လေဘဲ နေရာအနှံ့တွင် မြင်နိုင်လေသည်။ အရိုင်းနယ်မြေသည် မြေဆီလွှာနည်းပါးကာ မျက်နှာပြင်တွင် ကျောက်တုံးများ ပြည့်နေသည်။ သစ်ပင် ၉၀% ခန့်မှာ ရွေးချယ်စရာမရှိဘဲ ကျောက်တုံးများပေါ်တွင်သာ ပေါက်ရောက်ကြရသည်။

ကျောက်ဆောင်များက ကြမ်းတမ်းလှပြီး မတ်စောက်သော ချောက်ကမ်းပါးများ နေရာအနှံ့ပင် ရှိနေလေသောကြောင့် မျောက်တစ်ကောင်ပင် တက်ရခက်သည်။

တောင်တန်းများက မီတာပေါင်းထောင်ချီအထိသာ မြင့်မားကြပြီး နိမ့်သည်ဟု ဆိုနိုင်သည်။ မီတာသောင်းချီသော တောင်များကိုမူ သံမဏိတမျှ မာကြောနေပြီး ဘယ်သောအခါမျှ အရည်ပျော်မည်မဟုတ်သော နှင်းများ ဖုံးလွှမ်းနေသည်ကို သာမန်အတိုင်း မြင်တွေ့နိုင်သည်။ တောင်များအကြားတွင် ချောက်ကမ်းပါးများ ချောက်နက်ကြီးများ ပြည့်နေလေ၏။

ဤသည်ကား အရိုင်းနယ်မြေဖြစ်ပြီး စစ်သည်တော်တစ်ဦးကို တစ်လုတ်တည်း ဝါးမျိုပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ သားရဲများ ရှိသည်။ ထိုသားရဲများ ရှိမနေလျှင်ပင် သာမန်စစ်သည်များအဖို့ အရိုင်းနယ်မြေအား ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ အကြောင်းကမူ လမ်းခရီးက ကြမ်းတမ်းလွန်းလေသောကြောင့်ပင်။

ချောက်ကမ်းပါးများ ဖြတ်ကျော်ရခြင်း ၊ ချောက်နက်ကြီးများ ကျော်လွှားရခြင်း ၊ နှင်းမုန်တိုင်းနှင့် ရင်ဆိုင်ရခြင်း ၊ နှင်းတောင်ပြိုကျခြင်းနှင့် မြင့်မားလှသော တောင်ကြီးများပေါ်မှ မမြင်ရသော ရေခဲလိုဏ်ဂူများ အစရှိသဖြင့် ဖြစ်ကြလေ၏။ ထိုနယ်မြေကို ဖြတ်ကျော်ရန်အတွက် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးပင် အခက်ကြုံရနိုင်သည်။

ကျင်းလုံဝေ့၏ သားရဲကြီးများက ကြီးမားလှသည်။ ၎င်းတို့က ကြမ်းတမ်းသော လမ်းများကိုပင် ကွင်းပြင်သဖွယ် ဖြတ်ကျော်နိုင်ကြ၏။ သားရဲကြီးသည် လျှိုင်မျိုးနွယ်နှင့် တောက်မျိုးနွယ်တို့အကြား ကြားခံလမ်းအဖြစ် အသုံးပြုသည့် ချောက်နက်လမ်းကြောင်းအတိုင်း လိုက်ပါသွားခဲ့သည်။

သားရဲကြီးက တောင်နှစ်လုံး ဖြတ်ကျော်ပြီးနောက်တွင်မူ ယီယွင်သည် အကြိမ်ပေါင်းမနည်း ကြားဖူးနေသည့် တောက်မျိုးနွယ်ကို မြင်လိုက်ရလေ၏။

အဆောက်အဦများ အစီအရီရှိနေသည်။ လမ်းများတွင် လူများပြည့်နေပြီး အရောင်းဆိုင်များ စီတန်းကာရှိနေကြသည်။

တောက်မျိုးနွယ်၏ အလယ်တွင် မြင့်မားလှသော အဆောက်အဦတစ်ခုနှင့် မျှော်စင်တစ်ခု ရှိနေသည်။ တောက်မျိုးနွယ်ထဲတွင် မျှော်စင်၌ နေထိုင်ကြသူများအားလုံးက ခရမ်းသွေးနယ်ပယ် စစ်သည်များဖြစ်ကြပြီး မျိုးနွယ်၏ ကာကွယ်သူများ ဖြစ်ကြသည်။

" မင်းတို့တွေ ဒီမှာနေကြရမယ် "

တောက်မျိုးနွယ်သည် မျိုးနွယ်ငယ်များထံမှ ပြိုင်ပွဲဝင်များအတွက် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ပေးထားသည်။

တောက်မျိုးနွယ်၏ ဘေးပတ်လည်တွင် ဒါဇင်များစွာသော မျိုးနွယ်ငယ်များ ရှိသည်။ မျိုးနွယ်ငယ်တစ်ခုလျှင် လူဆယ်ဦးစီဖြစ်ပြီး တောက်မျိုးနွယ်အတွက်ကမူ လူငယ်ပြိုင်ပွဲဝင်များ အရေအတွက်သည် မျိုးနွယ်ငယ်များထံမှ ပြိုင်ပွဲဝင်အားလုံး စုပေါင်းထားသည်ထက်ပင် ပိုမိုများပြားသည်။ ထိုရွေးချယ်ပွဲအတွက် ပြိုင်ပွဲဝင်များက တစ်ထောင်ကျော်ခန့် ရှိလေသည်။

ပြိုင်ပွဲဝင်များအတွက် နေရာထိုင်ခင်းများပေးရန် နေရာကြီးသုံးခု ခွဲထားသည်။

နေရာကြီးသုံးခုတွင် အဆောက်အဦပုံစံများ ကြီးစွာပင် ကွာခြားနေသည်မှာ ထင်ရှားလှသည်။ ပထမနေရာတွင် လုံးချင်းအဆောက်အဦငယ်များ ဖန်တီးပေးထားသည်။ အဆောက်အဦငယ် တစ်ခုချင်းစီတိုင်းကို သားနားစွာ ဆောက်လုပ်ထား၏။ ယင်းတို့က ယီယွင်၏ ယခင်ဘဝမှ အိမ်ယာများနှင့်ပင် ဆင်တူသည်။

ဒုတိယနေရာတွင်မူ သေသပ်လှသော အဆောက်အဦကြီးများ ရှိနေသည်။ လုံးချင်းအဆောက်အဦငယ်များထက် သားနားမှုနိမ့်ကျသော်လည်း အုတ်များဖြင့် ဆောက်လုပ်ထားကာ အလွန်ပင် သက်တောင့်သက်သာရှိသည်။

တတိယနေရာတွင်မူ သစ်သားတဲများသာ ရှိနေသည်။ သစ်သားတဲများက ခိုင်မာမှုမရှိသလို ပရိဘောဂများကလည်း ရိုးစင်းသည်။ တဲတစ်လုံးချင်းစီတွင် စားပွဲတစ်လုံးနှင့် ကုတင်လေးလုံးသာ ရှိသည်။ တစ်ခန်းထဲတွင် လေးယောက်နေရခြင်းသည် ယီယွင်၏ ယခင်ဘဝမှ ကောလိပ်အိပ်ဆောင်များနှင့်ပင် ဆင်တူလှသည်။

ပထမနေရာသည် တောက်မျိုးနွယ်မှ ဆင်းသက်လာသူများအတွက် ဖြစ်ပြီး သူတို့က အဆောက်အဦငယ် တစ်ခုချင်းစီကို ခံစားခွင့်ရသည်။

ဒုတိယနေရာကိုမူ လျှိုင်ချမ်းယုကဲ့သို့ မျိုးနွယ်ငယ်များမှ ခေါင်းဆောင်များအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ တစ်ဦးချင်းစီသည် ကျယ်ဝန်းလှသော အထပ်မြင့်အခန်းတစ်ခုတွင် နေကြရပေ၏။

တတိယနေရာသည် လူအများဆုံးဖြစ်ပြီး ထိုနေရာသည် ယီယွင်တို့ကဲ့သို့ နောက်လိုက်နောက်ပါများ နေကြရသည်။ မျိုးနွယ်ငယ်တစ်ခုချင်းစီ၏ ခေါင်းဆောင်များက ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်ကြမည်ဖြစ်၍ သူတို့၏ငယ်သားများကို ခေါ်လာကြမည်သာဖြစ်၏။

အခြားသူများအတွက်မူ ထိုနောက်လိုက်များက အစေခံများနှင့် အတူတူသာ ဖြစ်သည်။ သူတို့သည်လည်း ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်ကြမည် ဖြစ်သည့်တိုင်အောင် အစေခံများနှင့် သခင်များအကြား ကွာခြားချက်ကမူ ကြီးမားလှသည်။ သူတို့ တူညီသောနေရာတွင် မည်သို့များ နေကြရပါမည်နည်း။

ဤသူစိမ်းကမ္ဘာကြီးထဲတွင်လည်း ရှေးခေတ်တရုတ်ပြည်နှင့် ဆင်တူသည့် ပြောင်းလဲ၍မရသော ဇာတ်နိမ့် ၊ ဇာတ်မြင့် အယူအဆများ ရှိလေသည်။

ယီယွင် သူနေထိုင်ရမည့် နေရာသို့ ရောက်သွားချိန်တွင် အခန်းဖော်သုံးဦးကို မြင်လိုက်ရသည်။ ထိုသုံးယောက်က ၁၄ နှစ်ခန့်သာ ရှိကြလေပြီး သူ့ထက် များစွာမကြီးပေ။ သူတို့က အသစ်ဖြစ်ဟန်ရသည့် ချည်ကြမ်းအဝတ်များ ဝတ်ဆင်ထားသည်။ သူတို့က ရွေးချယ်ပွဲအတွက် ပြင်ဆင်ထားကြသည်သာ ဖြစ်ရမည်။

" အရိုင်းနယ်မြေရဲ့ ပါရမီရှင်တွေက ဘယ်လိုမျိုးလဲဆိုတာကို အပြင်ထွက်ပြီး ကြည့်ဖို့အချိန်တန်ပြီ " ယီယွင် ထိုသို့တွေးကာ သစ်သားတဲထဲမှ ထွက်လာခဲ့သည်။

တောက်မျိုးနွယ်က ကြီးမားလှသည်။ ဤနေရာကို မူလက မျိုးနွယ်ဝင်များ စုစည်းဖို့ရာ အသုံးပြုခဲ့သည်။ တိုင်အာနတ်ပြည်ထောင်၏ ရွေးချယ်ပွဲသည် ဖြေဆိုသူများက ကဏ္ဍမျိုးစုံသော အခက်အခဲများကို ဖြေရှင်းရသည့် ရိုးရှင်းသောပြိုင်ပွဲတစ်ခု မဟုတ်ပေ။ တိကျသော ခေါင်းစဥ်ကိုမူ မသိရသေးပေ။

သစ်သားတဲ၏ရှေ့တွင် လျှိုင်ချမ်းယုကို ယီယွင် မြင်လိုက်ရသည်။

လျှိုင်ချမ်းယုက လူငယ်အကျော်အမော် အနည်းငယ်ခန့်နှင့် အတူရှိနေလေ၏။ သူတို့က နှုတ်ခမ်းနီမြန်းကာ ဝင်းပသောသွားများ ရှိနေသည့် လူငယ်တစ်ဦးကို ဝန်းရံနေကြသည်။ ထိုလူငယ်က အဖြုရောင် ဝတ်ဆင်ထားပြီး ၁၄ နှစ်ခန့် ရှိသည်။ လူငယ်က အသားရေဖြူဖွေးကာ မိန်းကလေးတစ်ဦးနှင့် ဆင်တူသည်။ လူငယ်က အလွန်ပင် ချောမောလှလေ၏။

အမြဲတမ်းလိုပင် မောက်မာတတ်သည့် လျှိုင်ချမ်းယုသည်ပင် မျက်နှာထက်တွင် ဖော်ရွေသောအပြုံးတစ်ခု ဆင်မြန်းထားနေသည်။ သူက အခြားမျိုးနွယ်များမှ သခင်လေးများနှင့် အတူရပ်နေပြီး ပြည်ထောင်ရွေးချယ်ပွဲအကြောင်း ဆွေးနွေးနေသည်။

" လျှိုင်ချမ်းယု... မင်း ပြောခဲ့တဲ့ လူတွေက ထည့်ပြောဖို့တောင် မတန်ဘူး "

၁၄ နှစ်အရွယ် ကလေးတစ်ဦးက အလွန်တရာပင် တင်စီးစွာဖြင့်ဆိုသည်..." ပြည်ထောင်ရွေးချယ်ပွဲမှာ ယှဥ်ပြိုင်သူတွေ တစ်ထောင်ကျော်လောက် ရှိတယ်ဆိုပေမဲ့ အမှန်တကယ်တော့ ၉၀% လောက်က အိမ်ဖြည့်ပေးရတဲ့ နောက်လိုက်တွေနဲ့ အစေခံတွေပဲ။ အဲ့ဒီအစေခံတွေကို ဖယ်လိုက်မယ်ဆိုရင် လူတွေ ဘယ်လောက်ကျန်မှာတဲ့လဲ။ မင်း သေချာလိုက်ရေကြည့်မယ်ဆိုရင်တောင် လူတစ်ရာထက် မပိုဘူးကွာ "

" အဲ့ဒီလူတစ်ရာက သာမန်လူတွေအတွက်တော့ သန်မာပုံရပေမဲ့ မျိုးနွယ်ငယ်တစ်ခုကနေ ကျင့်ကြံမှုကို အမွေဆက်ခံရထားတဲ့သူ ဆိုရင်တောင် ငါ့အတွက်ကတော့ ခွေးတစ်ကောင်လောက်ပဲ ရှိတယ်။ မင်းကတော့ ပြိုင်နိုင်တယ်ဆိုရုံလောက်ပဲ ရှိတယ်။ ဒီရွေးချယ်ပွဲက တကယ်ကို အဓိပ္ပါယ်မရှိဘူး " ထိုစကားများကို ဆိုခဲ့လေသည့် ၁၄ နှစ်အရွယ် ကလေးက အလွန်တရာပင် တင်စီးလှသည်။

ထိုစကားများကြောင့် ယီယွင် တုန်လှုပ်သွားရလေ၏။ ထိုကောင်က ဘယ်ကကောင်ပေနည်း။ ထိုကောင်က ထိုစကားများကို ကျယ်လောင်စွာ ပြောနေသည်ဖြစ်ရာ ဘေးပတ်ဝန်းကျင်မှ လူများအဖို့ မကြားချင်မှအဆုံးပင်။

ထိုလှောင်ရယ်မှုတွင် လူများစွာလည်း ပါဝင်သွားရချေ၏။ ထိုသူများကို ထိုလူငယ်က အစေခံများနှင့် ခွေးများဟု ခိုင်းနှိုင်းနေချေ၏။

" ချီးပဲ... ဒီခွေးကောင်က ဘယ်သူလဲ "

ကြီးမားသော လူတစ်ဦးက သည်းမခံနိုင်တော့ဘဲ အဖြူဝတ်လူငယ်ကို ရိုက်နှက်ရန်အတွက် ရှေ့ထွက်လာခဲ့သော်လည်း ဘေးပတ်လည်မှ လူများ တားဆီးသည်ကို ခံလိုက်ရသည်။

" မင်းရဲ့အသက်ကို ဆုံးရှုံးသွားချင်လား။ သူက တောက်မျိုးနွယ်ရဲ့ တတိယသခင်လေးဖြစ်တဲ့ တောက်ယွင်ရှောင်းပဲ "

All Chapters