ဒီကောင်လေး တကယ်ရောက်လာတယ်
Vol. 6 Ch. 82
" ဘာ တတိယသခင်လေးလဲ " ထိုသူ ပြောစရာပျောက်ရှသွားရ၏။
" မင်း မသိဘူးလား။ သူက တောက်မျိုးနွယ်ရဲ့ တတိယသခင်လေးပဲ။ တောက်မျိုးနွယ်က ဂရုတစိုက် ပျိုးထောင်ပေးထားတဲ့ ထိပ်သီးတစ်ဦးပဲ။ ပထမသခင်လေးက အသက် ၁၈ နှစ် ရှိပြီ။ သူ့ရဲ့ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်ကို ရောက်နေပြီ။ ဒုတိယသခင်လေးက အသက် ၁၆ နှစ် ဖြစ်ပြီးတော့ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ပြီးခါစပဲ။ တတိယသခင်လေးက အငယ်ဆုံးဖြစ်ပြီး အသက် ၁၄ နှစ်ပြည့်ခါစ ဆိုပေမဲ့ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ။ သူ အသက် ၁၅ နှစ် မပြည့်ခင်မှာ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ လူအများစုက ပြောကြတယ် "
အသက် ၁၅ နှစ်တွင် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်မည်တဲ့လား။
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ ဒေါသထွက်နေသည့် လူလည်း မည်သည့်အရာမျှ ပြောဝံ့ခြင်းမရှိတော့ပေ။ သူက အသက် ၂၅ ဖြစ်ပြီး သေမျိုးသွေးနယ်ပယ် အဆင့် ၃ ၌သာ ရှိနေပေရာ တတိယသခင်လေးကို မည်သို့များ ရင်ဆိုင်ရပါမည်နည်း။
လျှိုင်ချမ်းယုမှာမူ တောက်ယွင်ရှောင်း၏ မောက်မာသော စကားများကြောင့် မျက်နှာမပျက်မိစေရန် ဟန်လုပ်နေရသည်။ သူ ဂုဏ်ယူနေခဲ့ရသည့် ပါရမီကို " ပြိုင်နိုင်ရုံပဲရှိတယ် " ဟု အပြစ်ပြောခဲ့သည်။
" ချီးပဲ... ပျက်စီးခြင်းအရိုး သန့်စင်တာ ကျရှုံးသွားခဲ့ရတာကြောင့်သာ မဟုတ်ခဲ့ရင် ငါ ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ပြီးနေပြီ "
သေမျိုးသွေးနယ်ပယ်မှ ခရမ်းသွေးနယ်ပယ်သို့သည်ကား ပထမတစ်ခုသည် သေမျိုးအဆင့်ဟု ဆိုနိုင်လေပြီး နောက်တစ်ခုကမူ သေမျိုးအဆင့်အား ကျော်လွန်နေသည်။ ယင်းက မတူညီသည့် ဇာတ်ကြောင်းနှစ်ခု ဖြစ်သည်။
အရာအားလုံးသာ အဆင်ပြေနေခဲ့ပါက သူ၏အသက် ၁၇ နှစ်တွင် ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်နေပေလိမ့်မည်။ ဆင်းရဲသော မျိုးနွယ်တစ်ခုထံမှ ထိုကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာသည်ကို ဂုဏ်ယူနေရပေလိမ့်မည်။ ပြည်ထောင်ရွေးချယ်ပွဲအတွက်လည်း မေးခွန်းထုတ်ခံနေရမည် မဟုတ်တော့ပေ။ ဤကောင်စုတ်လေး၏ ကြွားဝါမှုများကိုပါ နားထောင်နေရန် လိုပါဦးမည်လော။
တောက်ယွင်ရှောင်းက လျှိုင်ချမ်းယု၏ပခုံးကို ပုတ်ကာ ဆိုလေသည်..." မင်းက ထက်မြက်တယ်လို့ ငါထင်တယ်။ အနာဂတ်မှာ ငါ့နောက်ကို လိုက်ခဲ့။ မင်းအနေနဲ့ ခရမ်းသွေးနယ်ပယ်ကို စောစောစီးစီး ချိုးဖျက်မှဖြစ်မယ်။ အသက် ၁၇ မှာတောင် မချိုးဖျက်နိုင်သေးရင် အတော်ကြီးကို နိမ့်နေတယ်..."
လျှိုင်ချမ်းယုက အလွန်ပင် စိတ်ဆိုးနေသည့်တိုင်အောင် ဘာမျှမတတ်နိုင်ဘဲ ဆိုလိုက်သည်..." မင်း အသိအမှတ်ပြုတာကို ကျေးဇူးတင်ပါတယ်။ ငါ ခရမ်းသွေးနယ်ပယ်ကို အမြန်ဆုံး ချိုးဖျက်နိုင်ဖို့အတွက် ကြိုးစားမှာပါ "
လျှိုင်ချမ်းယုသည် အဆင့်ချိုးဖျက်မှု ကျရှုံးခဲ့ရသည့် အကြောင်းအရင်းကို မသိသေးပေ။ တောက်မျိုးနွယ်က သူ့အား ပေးထားခဲ့သည့် အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုးတွင် ပြဿနာရှိမနေပေ။ အအေးအဆိပ်မှာလည်း အားကောင်းမောင်းသန် ယောက်ျားသားများ နာမကျန်းဖြစ်ပြီးနောက် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ သို့ဆိုလျှင် ပြဿနာက မည်သည့်အရာပေနည်း။
လျှိုင်ချမ်းယုက ပျက်စီးခြင်းအရိုးကို စားဖူးခြင်းမရှိသလို ပျက်စီးခြင်းအရိုးအား စားပြီးသည့်နောက်တွင် မည်သို့ကြုံလာမည်ကိုလည်း မကြားဖူးလေသောကြောင့် ထိုအကြောင်းကို မသိပေ။ သူက အတွေ့အကြုံ ချို့တဲ့နေပေသောကြောင့် မည်သည့်အရာက မှားယွင်းနေကြောင်းကို မသိခဲ့ချေ။
" အမ်... ဒီကလေး..." တောက်ယွင်ရှောင်းက ယီယွင်ကို သတိပြုမိသွားလေ၏။
အရိုင်းနယ်မြေထဲမှ ကလေးများ အာဟာရချို့တဲ့ခြင်းကို ခံစားနေရပေသောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်ကြီးထွားမှုများ နှေးကွေးကြသည်။ ထိုအကြောင်းအရင်းကြောင့် ယီယွင်၏ ခန္ဓာကိုယ်က အလွန်သေးငယ်နေဆဲသာဖြစ်ပြီး လူအုပ်ကြားထဲတွင် အထင်းသားဖြစ်နေသည်။
အသက် ၁၄ နှစ်သာဖြစ်သည့် သူက ပြည်ထောင်ရွေးချယ်ပွဲတွင် အငယ်ဆုံး ဖြစ်လိမ့်မည်ဟု တောက်ယွင်ရှောင်းက ထင်ထားမိခဲ့သည်။ မမျှော်လင့်စွာဖြင့် သူ့ထက် ငယ်သောသူကို တွေ့လိုက်ရလေသောကြောင့် ယီယွင်ကို စိတ်ဝင်စားမိသွားခဲ့သည်။
" ဒီလောက် အသက်ငယ်ငယ်လေးကလည်း ပြည်ထောင်ရွေးချယ်ပွဲမှာ ပါဝင်ခွင့်ရတာလား " တောက်ယွင်ရှောင်း မျက်မှောင်ကုတ်လိုက်သည်။ သူသည် ပြည်ထောင်ရွေးချယ်ပွဲ၏ အငယ်ဆုံး ပြိုင်ပွဲဝင်ဟူသည့် ဂုဏ်ကို လိုချင်ခဲ့သည်။ သို့သော် ကြည့်ရသရွေ့အရ သူ ထိုဂုဏ်ကို မရနိုင်တော့ပုံပင်။ သူ့အနေဖြင့် ကျင်းလုံဝေ့၏ ရွေးချယ်မှုခံရသော အသက်ငယ်ဆုံး အဖွဲ့ဝင်အဖြစ်ကိုသာ အများဆုံးအနေဖြင့် ရနိုင်ပေလိမ့်မည်။
" သခင်လေးယွင်ရှောင်း... ဒီကောင့်ကို ယီယွင်လို့ ခေါ်တယ်။ ဒီကောင်က ငါတို့ လျှိုင်မျိုးနွယ်ကဖြစ်ပြီး သိုင်းပညာမှာ ပါရမီအချို့ရှိတယ်။ ဒီကောင်က ကံကောင်းမှုနဲ့ ကြုံခဲ့ရပြီး အစွမ်းအစအချို့ ရသွားခဲ့တယ်လေ။ သခင်လေးယွင်ရှောင်း သိတဲ့အတိုင်းပဲ ငါတို့လျှိုင်မျိုးနွယ်က နွမ်းပါးတယ်ဆိုတော့ ပါရမီရှင်တွေအများကြီးကို ပျိုးထောင်မပေးနိုင်ဘူးလေ။ ဒါကြောင့်ပဲ ငါက သူ့ကို လောကအတွေ့အကြုံ ရှာဖို့အတွက် ဒီနေရာကို ခေါ်လာခဲ့ရတာပဲ " လျှိုင်ချမ်းယုက တောက်ယွင်ရှောင်း၏ အကြည့်များကို သတိပြုမိကာ ရှင်းပြလိုက်သည်။
" ငါနားလည်ပြီ " လျှိုင်ချမ်းယု၏ ရှင်းပြမှုကြောင့် တောက်ယွင်ရှောင်းသည် ထိုကလေးကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ သူသည် မျက်မှောက်ခေတ်၏ သူရဲကောင်းအစစ်များကိုသာ အာရုံစိုက်လိုလေပြီး အရိုင်းနယ်မြေထဲမှ ကိုယ့်ဂုဏ်ကိုယ်ဖော်နေသည့် ထိပ်သီးများကို စိတ်မဝင်စားပေ။
တောက်ယွင်ရှောင်း ခေါင်းလှည့်ကာ အဝေးတွင်ရှိနေသည့် မျှော်စင်တစ်ခုကို မျက်ဝန်းများကျဥ်းမြောင်းကာ ကြည့်လိုက်သည်။ မျှော်စင်သည် ပေနှစ်ရာကျော်မြင့်ကာ ဆယ့်နှစ်ထပ် ပါရှိလေပြီး ရွှေခရမ်းရောင် တောက်ပနေသည်။
" ဘာကြည့်နေတာလဲ သခင်လေးယွင်ရှောင်း " လျှိုင်ချမ်းယုကလည်း တောက်ယွင်ရှောင်းနည်းတူ မျှော်စင်အား ကြည့်လိုက်သည်။ ထိုမျှော်စင်က အတော်ပင် ထူးခြားလှသည်။
" မျှော်စင်ထဲမှာ ဘယ်သူရှိတာလဲ "
" သာမန်မိန်းကလေး မဟုတ်ဘူး "
တောက်ယွင်ရှောင်းထံမှ ထိုစကားများ ထွက်လာလိမ့်မည်ဟု လျှိုင်ချမ်းယု ထင်မထားခဲ့ပေ။ တောက်ယွင်ရှောင်းက ငယ်စဥ်ကတည်းကပင် အောင်မြင်မှုကို ခံစားခဲ့ရပြီး သူ့အား ကြယ်ပွင့်တစ်ခုအဖြစ် ဆက်ဆံခဲ့သောနေရာတွင် ကြီးပြင်းခဲ့ရသည်။ သူက တောက်မျိုးနွယ်ထဲမှ ထွက်ခွာဖူးခြင်းမရှိသလို ဘေးဒုက္ခများ ကြုံတွေ့ဖူးခြင်းမရှိသော်လည်း သူ့အား မျိုးနွယ်၏ ထူးချွန်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုကဲ့သို့ဘဝမျိုးရှိသည့် သူက မမောက်မာဘဲ နေပါဦးမည်လော။
ထို့အပြင် သူက ကိုယ့်ကိုယ်ကိုယ်သာ အရေးပေးပြီး သူရဲကောင်းအိပ်မက် မက်နေသည့် ၁၄ နှစ်အရွယ် ကလေးတစ်ဦးသာ ဖြစ်ချေသည်။ ဤမိန်းကလေးက သာမန်မဟုတ်ဟု ဆိုခဲ့ခြင်းမှာမူ ထိုမိန်းကလေးက အလွန်ထူးချွန်သည်ဟု ဆိုလိုနေခဲ့ခြင်းသာ ဖြစ်ချေ၏။
" သူလည်း ပြည်ထောင်ရွေးချယ်ပွဲမှာ ပါဝင်မှာလား " လျှိုင်ချမ်းယုက မေးလိုက်သည်။ ထိုမျှထူးချွန်သော မိန်းကလေးကို သူ စိတ်ဝင်စားလေ၏။ သူသာ ထိုမိန်းကလေးနှင့် သိကျွမ်းခွင့်ရပြီး ခင်မင်ခဲ့ပါက သူမက သူ၏ခရီးစဥ်အတွက် အထောက်အပံ့ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
" ပြည်ထောင်ရွေးချယ်ပွဲတဲ့လား "
တောက်ယွင်ရှောင်းက ပြက်ရယ်ပြုကာ..." သူက သာမန်မိန်းကလေး မဟုတ်ဘူးလို့ ငါပြောပြီးပြီလေကွာ။ ဒါက ထူးခြားတယ်လို့ ဆိုလိုနေတာပဲမလား။ သူ့မှာ မနာလိုစရာကောင်းတဲ့ ပါရမီ ၊ ကြီးမားတဲ့ခွန်အား ၊ လူတိုင်းကို ခြိမ်းခြောက်နိုင်တဲ့ ဆန်းကြယ်တဲ့နောက်ခံ ရှိနေတယ်။ ဒီလိုလူမျိုးက ပြည်ထောင်ရွေးချယ်ပွဲမှာ ဘယ်လိုလုပ်ပြီး ဝင်ပြိုင်မှာလဲ။ ကျင်းလုံဝေ့ရဲ့ ထောင်စုမှူးတွေတောင် သူ့ကို ယဥ်ကျေးပြရတယ်။ သူက ပြည်ထောင်ရွေးချယ်ပွဲမှာ ဝင်ပါချင်တယ်ဆိုရင်တောင် ကျင်းလုံဝေ့က သူ့ကို ခေါ်ဝံ့လိမ့်မယ်လို့ မင်း ထင်မိလား "
လျှိုင်ချမ်းယု တုန်လှုပ်သွားရသည်။ ထိုသည်က ချဲ့ကားပြောဆိုနေခြင်း ဖြစ်လေသလော။ လျှိုင်ချမ်းယုအတွက် ကျင်းလုံဝေ့ကပင် အစွမ်းထက်လွန်းနေပြီ ဖြစ်ချေသည်။ ထိုသို့စစ်တပ်မျိုးမှ ထောင်စုမှူးတစ်ဦးကပင် သူမကို လေးစားပြရမည်ဆိုလျှင် သူမတွင် မည်ကဲ့သို့သော သရုပ်မှန်မျိုး ရှိနေလေသနည်း။
" ကျွတ်စ်..."
တောက်ယွင်ရှောင်းက လျှိုင်ချမ်းယု၏ ငေးငိုင်နေသည်ကို မြင်သောအခါတွင် အထင်သေးဟန်ဖြင့်..." သူ့မှာ မြင့်မြတ်တဲ့နောက်ခံ ရှိနေတော့ရော ဘာဖြစ်လဲ။ အဲ့ဒါက ဘာကိုမှ ကိုယ်စားမပြုဘူး။ သာမန်လူတွေထဲကနေ တဖြည်းဖြည်းချင်း ထမြောက်အောင်မြင်လာကြတဲ့ ရှေးဧကရာဇ်တွေ အများကြီးရှိတယ်။ ဒီနေ့ ပြည်ထောင်ရွေးချယ်ပွဲက ငါ့ရဲ့ ပထမဆုံးခြေလှမ်းပဲ။ အနာဂတ်မှာ ငါ့ရဲ့စွမ်းအားတွေ ကြီးမားလာရင် တိုင်အာနတ်ပြည်ထောင်က ထွက်ခွာပြီးတော့ တစ်လောကလုံးမှာ ကျော်ကြားလာအောင် လုပ်မယ်။ အဲ့ဒီအချိန်ကျရင် အဲ့ဒီကောင်မလေးရဲ့ နောက်ကွယ်မှာရှိတဲ့ အင်အားစုကလည်း ငါ့ကို သတိပြုမိသွားလိမ့်မယ်။ နောက်ကျရင်် သူလဲ ငါနဲ့စေ့စပ်ရလိမ့်မယ်။ ပြီးရင်တော့ သူ့ကို လက်ထပ်ဖို့ဆိုတာ အံ့ဩစရာမဟုတ်တော့ဘူး "
တောက်ယွင်ရှောင်းက ယုံကြည်ချက်ရှိစွာ ပြောနေလေ၏။ လျှိုင်ချမ်းယု မှင်တက်မိနေသည်။ ကျင်းလုံဝေ့တွင် အမည်အဆင့်ချိတ်ကာ တိုင်အာနတ်ပြည်ထောင်၏ စစ်သူရဲတစ်ဦးဖြစ်လာနိုင်မည့် သူ၏ရည်မှန်းချက်ကို ကြီးမားလှပြီဟု ယုံကြည်ထားခဲ့မိသည်။
သို့သော် တောက်ယွင်ရှောင်းကမူ တိုင်အာနတ်ပြည်ထောင်မှ ထွက်ခွာချင်နေသည်။ ကြီးမားသော တိုင်အာနတ်ပြည်ထောင်က တောက်ယွင်ရှောင်းကို ထိန်းမထားနိုင်ချေ။
ယီယွင်က အကြောင်းအရာအားလုံးကို နံဘေးမှ နားထောင်နေခဲ့သည်။ အမောက်မာဆုံးဟူ၍ မရှိလေဘဲ ပိုမိုမောက်မာသည့် လူသာ ရှိလေသည်။ မင်း မောက်မာနေတာကို မင်းရဲ့အမေ သိရဲ့လား တောက်ယွင်ရှောင်း။
ယီယွင် မျက်ဝန်းများ ကျဥ်းမြောင်းကာ ရွှေခရမ်းရောင်မျှော်စင်ကို ကြည့်လိုက်သည်။
လက်ရှိတွင် မျှော်စင်ထံမှ တစ်စုံတစ်ယောက်က သူ့အား ပြန်ကြည့်နေကြောင်းကို သူ မသိခဲ့ပေ။
လင်ရှင်းထုံသည် မျှော်စင်၏ပြတင်းပေါက်တွင် ရပ်နေလေပြီး လူစည်ကားနေသော လမ်းမပေါ်ရှိ ယီယွင်ကို ခွဲခြားကာကြည့်နေခဲ့သည်။ သူမ၏အမြင်အာရုံက အလွန်ကောင်းမွန်လှပြီး ထိုမျှအကွာအဝေးကပင် ယီယွင်၏မျက်နှာကို ရှင်းလင်းစွာမြင်နိုင်နေသည်။
" ဆရာ... သူ တကယ်ရောက်လာတယ် " လင်ရှင်းထုံ ပြုံးလိုက်သည်။ လျှိုင်မျိုးနွယ်၏ တောင်အနောက်ဘက်တွင် သူမတို့ လမ်းခွဲခဲ့စဥ်က ယီယွင်နှင့် ပြန်မတွေ့နိုင်လောက်တော့ဟု အဖိုးအိုစုက ပြောခဲ့ဖူးသည်။
သို့သော် ထိုကောင်လေးက လင်ရှင်းထုံ၏ ယင်သွေးကြောများကို မှော်ဆန်သည့် ခံစားချက်တစ်ခု ပေးခဲ့လေ၏။ တွေးကြည့်လျှင်မူ ထိုထူးခြားသောခံစားချက်က သူမ၏သွေးကြောများကို ကုသပေးသည်ဟု ထင်နေမိသည်မှာ အရူးအတွေးသာ ဖြစ်သည်။ သို့သော် အဖိုးအိုစုကမူ မည်သည့်အခွင့်အရေးကိုမျှ အလွတ်မခံလိုပေသောကြောင့် သူတို့ တောက်မျိုးနွယ်ထဲတွင် နေထိုင်ခဲ့ကာ ထိုကောင်လေး ရောက်လာမည်ကို စောင့်ခဲ့ကြသည်။
သွေးကြောနယ်ပယ်ကို ရောက်ရှိနေသည့် ကလေးတစ်ဦးက အရိုင်းနယ်မြေထဲတွင် ပထမတန်းစား ပါရမီရှင်တစ်ဦး ဖြစ်လိမ့်မည်မှာ ကျိန်းသေပေသည်။ ထိုကဲ့သို့ ပါရမီရှင်တစ်ဦးက ပြည်ထောင်ရွေးချယ်ပွဲကို မည်သို့များ အလွတ်ခံပါမည်နည်း။
" ရွေးချယ်ပွဲမှာ ဒီကောင်လေး ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာ ကြည့်ကြတာပေါ့ "