မင်းတို့ရဲ့ စိတ်ဝိညာဥ်ကို စစ်ဆေးမယ်
Vol. 6 Ch. 83
တစ်ရက်ကြာပြီးနောက်တွင် မိုင်တစ်ထောင်အတွင်းရှိ မျိုးနွယ်ငယ်များထံမှ ပြိုင်ပွဲဝင်များက တောက်မျိုးနွယ်ဆီသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။ တစ်ညတာ အနားယူပြီးနောက် ပြည်ထောင်ရွေးချယ်ပွဲကို တရားဝင်စတင်ခဲ့သည်။
ရွေးချယ်ပွဲကျင်းပရာနေရာသည် တောက်မျိုးနွယ်၏ မြို့အပြင်ဘက်မှ မြေရိုင်းတစ်နေရာတွင် ဖြစ်သည်။ ပြန့်ပြူးသော ထိုမြေရိုင်းက ကြီးမားကျယ်ဝန်းလေပြီး မျက်နှာပြင်တွင် သံနက်ကျောက်တုံးများ အစီအရီရှနေကာ ၎င်းတို့ကို ခင်ကျင်းထားသည့်ပမာ ရှိနေသည်။
ထောင်ချီသော ပြိုင်ပွဲဝင်များက ဆိုင်ရာမျိုးနွယ်များနှင့်အတူ စီတန်းကာ ရပ်နေကြသည်။
အလယ်တွင်မူ တောက်မျိုးနွယ်၏ လူငယ်ထိပ်သီးများ ရှိနေသည်။ ၎င်းတို့က လူခြောက်ရာခန့်ရှိပြီး မျိုးနွယ်ငယ်များ အားလုံးပေါင်းထက် ပြိုင်ပွဲဝင်များထက် ပိုများသည်။ သူတို့က လူများသည်သာမက ကျင့်ကြံမှုအရည်အသွေးကလည်း ကောင်းမွန်ကြသည်။ လူအရေအတွက် ပြည့်စေရန် ထည့်ပေးထားကြသည့် လူများကပင် လျှိုင်မျိုးနွယ်၏ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများထက် ပိုမိုသန်မာကြသည်။
တောက်မျိုးနွယ်မှလူများ၏ ရှေ့ဆုံးတွင် တတိယသခင်လေး တောက်ယွင်ရှောင်း ရပ်နေသည်ကို ယီယွင် သတိပြုမိသည်။ ပထမနှင့် ဒုတိယက သခင်လေးများကမူ ပေါ်မလာကြပေ။ ပြည်ထောင်ရွေးချယ်ပွဲ၏ စည်းမျဥ်းများအရဆိုလျှင် ပထမဆုံးအကဲဖြတ်မှုသည် အကြိုစစ်ဆေးမှုသာ ဖြစ်လေ၏။ ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိပြီးသား လူများကမူ အကြိုစစ်ဆေးမှုတွင် ပါဝင်ရန်မလိုဘဲ နောက်ဆုံးစစ်ဆေးမှုသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။
အမှန်တကယ်တွင် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိခြင်းသည် ကျင်းလုံဝေ့ထဲတွင် နေရာတစ်နေရာစာ ရရှိရန်အတွက် အာမခံချက်တစ်ခု ဖြစ်လေ၏။ နောက်ဆုံးစစ်ဆေးမှုကို အခြေအနေအရ ဆောင်ရွက်သွားမည် ဖြစ်သည်။ အသက် ၂၈ မပြည့်သေးသည့် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက အစောပိုင်းအဆင့်၌သာ ရှိနေသေးလျှင်ပင် ၎င်းတို့၏ပါရမီကို သက်သေပြခဲ့ပြီးသားဖြစ်၍ ကျင်းလုံဝေ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် အရည်အချင်းပြည့်မီသည်။
တောက်မျိုးနွယ်တစ်ခုလုံးတွင် ပထမသခင်လေးနှင့် ဒုတိယသခင်လေးတို့အပြင် အသက် ၂၈ အောက်မှ ခရမ်းသွေးနယ်ပယ် စစ်သည်ခုနစ်ဦး ရှိနေသေးသည်။ ထို့ကြောင့် ပြည်ထောင်ရွေးချယ်ပွဲ၏ နေရာကိုးခုကို ထိုလူကိုးယောက်အတွက် သီးသန့်ဖယ်ထားခဲ့ပြီး ဖြစ်ချေသည်။
လူတစ်ထောင်ကျော်သည် ကျန်ရှိနေသော နေရာဆယ့်တစ်ခုစာအတွက် ယှဥ်ပြိုင်ကြရပေလိမ့်မည်။
မြင်းစစ်သည်တစ်ဖွဲ့က မြင်းများစီးနင်းလာကြ၏။ ကျင်းလုံဝေ့၏ ထောင်စုမှုကျန်းတန်က ထိုသူများကို ဦးဆောင်လာသည်။ သူသည်လည်းပဲ တောက်မျိုးနွယ်ထဲမှ ရွေးချယ်ပွဲတွင် အကဲဖြတ်အရာရှိတစ်ဦး ဖြစ်လေသည်။
ကျန်းတန်က ဇာတ်ကြိုးကို အသာဆွဲကာ မြင်းပေါ်မှဆင်းလာခဲ့ပြီး..." အခု ပထမဆုံး အကြိုစစ်ဆေးမှုရဲ့ စည်းမျဥ်းတွေကို ငါ ကြေညာပေးမယ် "
ကျန်းတန်က စကားပလ္လင်ခံမနေဘဲ လိုရင်းကိုသာ ဆိုသည်။ သူ့ကိုယ်သူပင် မိတ်ဆက်ပေးခြင်းမပြုဘဲ လိုရင်းကိုသာ ဆိုလိုက်လေ၏..." ပထမအကြိမ် စစ်ဆေးမှုက မင်းတို့ရဲ့ စိတ်ဝိညာဥ်ကို စစ်ဆေးမှာပဲ "
" စိတ်ဝိညာဥ်တဲ့လား "
ပြိုင်ပွဲဝင်များ မှင်တက်မိသွားကြသည်။ အကြိုစစ်ဆေးမှုသည် ခွန်အားကို စစ်ဆေးခြင်း သို့မဟုတ် တူညီသည့်အရာကို စစ်ဆေးမည်သာဖြစ်ပြီး အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။ စိတ်ဝိညာဥ်ကို စစ်ဆေးမည်တဲ့လား။ စိတ်ဝိညာဥ်က မည်သည့်အရာပေနည်း။ မည်သို့ စစ်ဆေးမည်နည်း။
" စိတ်ဝိညာဥ်ဆိုတာ မင်းတို့ရဲ့ စိတ်ဓာတ်ဖြစ်ပြီးတော့ မင်းတို့ရဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားမှုလည်း ဖြစ်တယ်။ ကြီးမားတဲ့ စိတ်ဝိညာဥ်ရှိနေတဲ့ လူတစ်ယောက်က ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်လိမ့်မယ်။ သူတို့တွေက ရဲရင့်ကြပြီး အခက်အခဲတွေနဲ့ ကြုံလာရင်တောင် ဘယ်တော့မှ နောက်မဆုတ်ကြဘူး။ သူတို့က ဘယ်လိုဖြားယောင်းမှုတွေပဲ ရှိနေပါစေ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပဲ ရှေ့ကိုချီတက်လိမ့်မယ် "
" သိုင်းပညာသင်ကြားတဲ့ လမ်းကြောင်းပေါ်မှာ အတားအဆီးတွေ အများကြီးရှိတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ဆန်းကြယ်တဲ့နယ်မြေတွေလည်း အများကြီးရှိတာကြောင့် စိတ်ဝိညာဥ်နဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားမှုတို့သာ ရှိမနေဘူးဆိုရင် မင်းတို့တွေအဖို့ အဲ့ဒီနယ်မြေတွေကို ခြေချဝံ့ကြမှာမဟုတ်ဘူး "
" သန်မာတဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်နဲ့ တိုက်ခိုက်ချိန်ကျရင် လူသားတွေရဲ့ မြို့တွေကို ကာကွယ်ဖို့အတွက် စိတ်ဝိညာဥ်ကို လိုအပ်တယ်။ ဒီကိစ္စက စွမ်းအားရှိနေရုံနဲ့ မလုံလောက်ဘူး။ ရှေးဦးပျက်စီးခြင်းသားရဲတစ်ကောင်နဲ့ တိုက်ခိုက်ချိန်မှာ မင်းတို့က တွန့်ဆုတ်နေခဲ့မယ်ဆိုရင် စွမ်းအားအစစ်ရဲ့ တစ်ဝက်လောက်ကိုတောင် ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။ မင်းတို့တွေ ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်ကြတော့မလဲ "
" နယ်ပယ်တွေ ချိုးဖျက်ဖို့အတွက် လမ်းကြောင်းပေါ်ကို ခြေတစ်လှမ်း လှမ်းတာဟာ လူတစ်ဦးရဲ့ကိုယ်တွင်းမှာရှိတဲ့ နတ်ဆိုးကို အနိုင်ယူဖို့အတွက်ပဲ။ မင်းတို့မှာ အရှိန်အဟုန်နဲ့ အရာအားလုံးကို ချိုးဖျက်ပစ်ဖို့ စိတ်ဆန္ဒတစ်ခု ရှိနေဖို့လိုအပ်တယ်။ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လာဖို့အတွက် လမ်းကြောင်းပေါ်မှာ မင်းတို့တွေက အဆုံးမရှိတဲ့ ဖြားယောင်းမှုတွေကို ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ အင်အားစုတွေက မင်းတို့ကို သူတို့ဘက် ဆွဲခေါ်ဖို့အတွက် မင်းတို့တွေ စာရိတ္တပျက်ပြားလာစေဖို့ မျှော်လင့်ပြီးတော့ ချမ်းသာကြွယ်မှု ၊ ရတနာတွေ ၊ မိန်းမလှတွေ ပေးအပ်လာကြလိမ့်မယ်။ အဲ့ဒီနောက် တဖြည်းဖြည်းချင်းနဲ့ သူတို့က မင်းတို့ကို ထိန်းချုပ်နိုင်သွားကြလိမ့်မယ်။ မင်းတို့ အဲ့ဒီဖြားယောင်းမှုတွေကို မွေ့လျော်သွားခဲ့ပြီး ပြတ်သားခိုင်မာတဲ့စိတ်ဓာတ် မရှိတော့ဘူးဆိုရင် မင်းတို့ရဲ့ သိုင်းပညာလမ်းကြောင်း အဆုံးသတ် ဖြစ်သွားလိမ့်မယ် "
" ဒါကြောင့် စစ်သည်တစ်ဦးရဲ့ အနာဂတ်က ပါရမီမဟုတ်ဘူး။ စိတ်ဝိညာဥ်ပဲ "
ကျန်းတန်၏ ရှည်လျားသော စကားများကို ကြားလိုက်ရချိန်တွင်မူ ကြီးမားသော စိတ်ဝိညာဥ်တစ်ခုသည် ပြောင်မြောက်သောလူတိုင်း ရှိထားသင့်သည့် အရည်အသွေးတစ်ခု ဖြစ်ကြောင်းကို ယီယွင် နက်နက်နဲနဲပင် နားလည်သွားခဲ့လေ၏။
ရှေးခေတ်တရုတ်ပြည်မှ သူရဲကောင်းများအားလုံးသည် ပန်းတိုင်တစ်ခုကိုသာ အာရုံစိုက်ကြပြီး အခက်အခဲဒုက္ခမျိုးစုံကို ဖြတ်ကျော်ခဲ့ကြရသည်။ အခက်အခဲနှင့် ဖြားယောင်းမှုများက ထိုသူရဲကောင်းများကို နှောင့်နှေးစေနိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။
ထိုစိတ်ဝိညာဥ်ကို ရှေးခေတ်တရုတ်ပြည်တွင် အရှိန်အဝါဟု ခေါ်ကြသည်။
လူတစ်ဦး၏ အရှိန်အဝါကို ကြည့်နိုင်သူတစ်ဦးသည် ပြောင်မြောက်သော လူတစ်ဦး၏ ဦးခေါင်းထက်တွင် ခရမ်းရောင် ရောင်ခြည်အဝန်းတစ်ခုကို မြင်ကြရလိမ့်မည်။ ထိုရောင်ခြည်အဝန်းနှင့် လူတစ်ဦးအား ကောင်းကင်သားတော်ဟု ခေါ်ဆိုကြသည်။ ဝတ္ထုများထဲတွင် အောင်နိုင်သူအရှိန်အဝါဟုလည်း ခေါ်ဆိုကြသည်။
အကျဥ်းချုံးဆိုရသော် ကောင်းကင်သားတော်၏ အရှိန်အဝါ ရှိလာစေရေးသည် ထိုသူများတွင် ကြီးကျယ်သောအလုပ်များ ပြီးမြောက်စေနိုင်သည့်စွမ်းရည် ရှိနေရမည်ဟု ဆိုလိုခြင်းသာ ဖြစ်လေသည်။
ကျန်းတန်က ဆက်ပြောသည်..." မင်းတို့ရဲ့ စိတ်ဝိညာဥ်ကို စစ်ဆေးဖို့အတွက်က ခြုံငုံပြီးတော့ပဲ စစ်ဆေးရလိမ့်မယ်။ ရိုးရှင်းတဲ့ စစ်ဆေးမှုတစ်ခုက မင်းတို့ကို တိတိကျကျစစ်ဆေးနေမှာ မဟုတ်ဘူး။ အခု မင်းတို့အားလုံး ငါ့ကို ဝိုင်းလိုက်ကြ။ အနီးဆုံးလူက ငါနဲ့ ခြေလှမ်းငါးဆယ်အကွာမှာ နေရမယ် "
လူအများ စတင်ကာ လှုပ်ရှားကြသည်။ လူတစ်ထောင်ခန့် လူအုပ်ကြီးသည် ဦးတည်ရာမဲ့သွားကာ ဖရိုဖရဲဖြစ်နေလေ၏။ ထိုအခြေအနေကြောင့် တောက်ယွင်ရှောင်းနှင့် လျှိုင်ချမ်းယုတို့ အပါအဝင် လူများစွာတို့က ၎င်းတို့၏ ခေါင်းဆောင်စွမ်းရည်ကို ပြသကြလေသည်။
" တောက်မျိုးနွယ်ကလူတွေ ငါ့အမိန့်ကို နားထောင်ကြ။ ငါတို့တွေ လက်ချင်းချိတ်ပြီး ထောင်စုမှူးကျန်းကို စက်ဝိုင်းပုံစံပတ်ပြီး လူဖြန့်မယ် "
တောက်မျိုးနွယ်က လူအများဆုံး ဖြစ်နေလေရာ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံသဏ္ဌာန် ဖော်ဆောင်ခြင်းဖြင့် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်သည်။
အခြားသော မျိုးနွယ်များစွာတို့ကလည်း လိုက်ပါလုပ်ဆောင်ကြလေ၏။
" ဘာတွေ ငေးငိုင်နေတာလဲ ယီယွင်။ ဟိုဘက်မှာ လူနည်းနေတာကို မင်း မတွေ့ဘူးလား " လျှိုင်ချမ်းယုက အော်လိုက်သည်။ ဖရိုဖရဲအခြေအနေတွင် အစီအစဥ်တကျ ထိန်းသိမ်းခြင်းကလည်း သူ၏စိတ်ဝိညာဥ်ကို ပြသရာရောက်သည်ဟု သူ ခံစားမိသည်။ သူသာ ကောင်းစွာလုပ်ဆောင်နိုင်ခဲ့ပါက ကျင်းလုံဝေ့၏ ရာထူးမြင့်ပိုင်းများ အာရုံစိုက်လာသည်ကို ရရှိပေလိမ့်မည်။
ဤသည်က သူ့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်ချေသည်။
ယီယွင်က လျှိုင်ချမ်းယုကို အေးစက်စက်ကြည့်ကာ ဆိုလိုက်လေသည်..." မင်းရဲ့ လက်ပါးစေတွေကိုပဲ ဂရုစိုက်ပေးလိုက် "
လျှိုင်ချမ်းယု အေးစက်သွားကာ..." မင်း ဘယ်လောက်အထိ မောက်မာနိုင်မလဲဆိုတာကို ငါ ကြည့်နေမယ်။ မင်းက သိုင်းပညာမှာ ပါရမီရှိနိုင်လောက်ပေမဲ့ ဒီစိတ်ဝိညာဥ်စစ်ဆေးမှုမှာဆိုရင်တော့ ဆင်းရဲနွမ်းပါးပြီး အမြဲတမ်းဆာလောင်နေတဲ့ မင်းလို အစေခံတစ်ဦးမှာ ဘာများရှိနိုင်မှာလဲ "
စိတ်ဝိညာဥ်သည် ကြီးကျယ်သည့် ကိစ္စရပ်များ အောင်မြင်စေနိုင်သည့်စွမ်းရည်ဖြစ်ပြီး ခေါင်းဆောင်အရည်အသွေးရှိသည့် လူများကသာ စိတ်ဝိညာဥ်ကို ပိုင်ဆိုင်နိုင်ပေသည်။ လျှိုင်မျိုးနွယ်အတွက်မူ မည်သူက ခေါင်းဆောင်ပေနည်း။ ထိုကိစ္စက ရှင်းလင်းလှသည်။
" ငါတို့တွေ ကြိုးစားကြည့်ရင် ဘယ်သူက စိတ်ဝိညာဥ်ပိုရှိလဲ သိရမှာပဲလေ " ယီယွင်က ပခုံးတွန့်ပြကာ..." ဒါနဲ့ သခင်လေးလျှိုင်ရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ။ ဒီဒဏ်ရာက စိတ်ဝိညာဥ်စစ်ဆေးမှုကို ထိခိုက်စေမှာမဟုတ်ဘူးမလား "
ယီယွင်က လူတစ်ဦး၏ အားနည်ချက်ကို ပစ်မှတ်ထားကာ သရော်ရာတွင် ပြောင်မြောက်လှသည်။
လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရာတွင် ကျရှုံးခဲ့၏။ ထိုကျရှုံးမှုကြောင့် သူ ဒေါသထွက်ကာ သွေးအန်ခဲ့ရလေပြီး သူ့အတွက် စိတ်ဓာတ်အကျရဆုံးနှင့် ဂုဏ်သရေမဲ့သော မှတ်ဥာဏ်တစ်ခုသာ ဖြစ်လေသည်။ ယီယွင်က ထိုကိစ္စကို ပြောခဲ့လေသောကြောင့် လျှိုင်ချမ်းယု မျက်နှာပျက်သွားရ၏။
" မျိုးမစစ်လေး... မင်း ဘယ်လောက်အထိ မောက်မာနိုင်မလဲဆိုတာကို ငါ ကြည့်နေမယ်။ မင်းက ငါ့လက်ထဲကို တဖြည်းဖြည်းချင်း ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါက မင်းကို ရှင်လျက်နဲ့သေတယ်ဆိုတာ ဘယ်လိုမျိုးဆိုတာကို သိခွင့်ပေးမယ် " လျှိုင်ချမ်းယုက ကြမ်းတမ်းစွာဆိုကာ လှည့်ထွက်သွားခဲ့သည်။
ယီယွင် ရယ်မောကာ လျှိုင်ချမ်းယုကို အရေးမစိုက်တော့ပေ။ သူက လူအများနှင့်အတူ ရွေ့လျားနေပြီး ရံဖန်ရံခါတွင် ကျန်းတန်ကို လှမ်းကြည့်နေသည်။ ကျန်းတန်က သိုလှောင်လက်စွပ်ထဲမှ သုံးမီတာအလျားရှိသည့် သေတ္တာနက်တစ်လုံး ထုတ်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။
သေတ္တာနက်အား သံနက်ဖြင့် ပြုလုပ်ထားလေပြီး မျက်နှာပြင်တွင် ရှေးကျကာ ဆန်းကြယ်သော စာလုံးများထွင်းထားသည်။
လူအားလုံးက ကျန်းတန်အား စက်ဝိုင်းသဏ္ဌာန် ဝိုင်းပြီးသွားချိန်တွင် ကျန်းတန်က အော်လိုက်သည်..." အကြိုစစ်ဆေးမှု စတင်တော့မယ်။ ငါ မင်းတို့ကို အကြံစကားတစ်ခွန်း ပြောမယ်။ ဇွတ်မလုပ်ကြနဲ့။ မင်းတို့က စိတ်ဝိညာဥ်ချို့တဲ့တယ်လို့ ထင်မိလာရင် ဒဏ်ရာမရစေဖို့အတွက် အဝေးကိုသွားကြ "
ကျန်းတန်၏ စကားကို ကြားပြီးသည့်နောက်တွင် မည်သူမျှ မလှုပ်ကြပေ။ စင်စစ်တွင်မူ တောက်ယွင်ရှောင်းနှင့် လျှိုင်ချမ်းယုတို့ အပါအဝင် လူအချို့သည် သူတို့၏စိတ်ဝိညာဥ်ကို ပြသရန်အတွက် ခြေလှမ်းအနည်းငယ်ပင် ရှေ့တိုးလာခဲ့ကြသည်။
ကျန်းတန် ပြုံးကာ သေတ္တာအား ဖွင့်လိုက်သည်။ သေတ္တာထဲမှ သုံးပေခန့်ရှည်သော အနက်ရောင်အရာတစ်ခု ထုတ်ယူလိုက်လေ၏။ ယင်းက ကွေးနေသော ဆူးချွန်တစ်ခု ဖြစ်သည်။ ဆူးချွန်သည် ဝက်အူရစ်သဏ္ဌာန်ရှိပြီး ဓားမောက်ရှည်တစ်လက်နှင့် ဆင်တူသည်။
ထိုဆူးချွန်က ကြီးမားသော သားရဲတစ်ကောင်၏ ဦးချိုးတစ်ခု ဖြစ်သည်ကို ယီယွင် အတပ်ပြောနိုင်သည်။
ကျန်းတန်က ဦးချိုကို ထုတ်ယူပြီးနောက်တွင် ဦးချိုသည် မြေဆွဲအားကို ဆန့်ကျင်ကာ အပေါ်ဘက်သို့ တဖြည်းဖြည်းချင်း မြောက်တက်လာသည်။
ထိုအရာက လူတစ်ဦး၏ စိတ်ဝိညာဥ်ကို စစ်ဆေးမည့်အရာပေလော။
လူတိုင်း စိတ်ရှုပ်ထွေးနေကြပြီး စစ်ဆေးမှုက မည်သို့ရှိမည်ကို ဝေခွဲမရဖြစ်နေသည်။ ထူးဆန်းသည်မှာ သူတို့တွင် ဦးချို၏ရှေ့တွင် မသက်မသာ ခံစားနေကြရလေ၏။ အဆိုပါ မသက်မသာခံစားချက်က သူတို့၏ နှလုံးသားများထဲ နစ်မြုပ်သွားခဲသည်။
" ငါ နောက်တစ်ခေါက် ထပ်ပြောမယ်။ ယုံကြည်ချက်မရှိသူတွေ နောက်ဆုတ်လိုက်ကြ။ ဒီလိုမှမဟုတ်ရင် ဒီစစ်ဆေးမှုက မင်းတို့ရဲ့ယုံကြည်ချက်တွေကို သတ်သွားလိမ့်မယ်။ ဒီကိစ္စက မင်းတို့တွေ သိုင်းပညာကို ထပ်လေ့ကျင့်ဖို့အတွက်တောင် အဟန့်အတားဖြစ်သွားစေနိုင်တယ် " ကျန်းတန်က တည်ကြည်စွာဆိုလိုက်သည်။
သူ၏နံဘေးမှ ကျင်းလုံဝေ့အဖွဲ့ဝင်အချို့သည် ဆုတ်ခွာသွားခဲ့ပြီး ကျန်းတန် တစ်ဦးတည်းကိုသာ ချန်ထားရစ်ခဲ့လေ၏။ အလင်းအချို့နှင့်အတူ ဦးချို၏ဘေးပတ်လည်တွင် တောက်ပနေသော မှော်စာလုံးများ ပေါ်လာခဲ့လေသည်။