စွမ်းအင်များ ထပ်မံစုပ်ယူခြင်း
Vol. 6 Ch. 84
" ဒီဦးချိုကို ချိတ်ပိတ်ထားတာဖြစ်ပြီးတော့ အခုမှပဲ စစ်ဆေးသူက ဦးချိုကို ချိတ်ပိတ်ဖြည်ပေးလိုက်တာ ဖြစ်ရမယ် " ယီယွင်က တောက်ပနေသော မှော်စာလုံးများကိုကြည့်ကာ နားလည်သွားခဲ့သည်။ သူ အဖိုးအိုစုထံမှ ချီလင်ဦးခေါင်းကို ရယူခဲ့စဥ်ကလည်း အဖိုးအိုစုသည် တူညီသောအရာမျိုးကို လုပ်ဆောင်ခဲ့လေ၏။
ပျက်စီးခြင်းအရိုးကို ရရှိပြီးနောက်တွင် စွမ်းအင်များ ဆုံးရှုံးရမည်ကို ကာကွယ်ရန်အတွက် လူများက ရှေးဟောင်းနည်းစနစ်တစ်ခုနှင့် ချိတ်ပိတ်ကြသည်။ ပျက်စီးခြင်းအရိုးကို သန့်စင်အသုံးပြုမည့် အချိန်မှသာ ချိတ်ပိတ်ဖြည်ကြပေလိမ့်မည်။
" ဒီဦးချိုက ပျက်စီးခြင်းသားရဲရဲ့ ဦးချိုပဲ ဖြစ်ရမယ် " ယီယွင် တွေးလိုက်သည်။ ပျက်စီးခြင်းသားရဲတစ်ကောင်သာ ဆိုပါက အထင်ကြီးဖွယ်ရာ တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။ အကြောင်းမူကား ချိတ်ပိတ်ဖြည်လိုက်ချိန်တွင် ဦးချိုထံမှ ရောင်စုံအလင်းစက်များ ထွက်ပေါ်လာခြင်းကြောင့်ပင်။
ထိုအလင်းစက်များကို ယီယွင်က ခရမ်းရောင်သလင်းကျောက်နှင့်သာ မြင်တွေ့သာရသည်။ ဦးချိုထံမှ စွမ်းအင်များက လျှိုင်ချမ်းယု၏ အအေးစပါးအုံ ပျက်စီးခြင်းအရိုးကိုပင် မှေးမှိန်သွားစေသည်။
" အတော်ကို အားကောင်းတဲ့ စွမ်းအင်တွေပဲ။ ဘယ်လို ပျက်စီးခြင်းသားရဲရဲ့ ဦးချိုလဲဆိုတာကို ငါ သိချင်မိတယ် " ယီယွင် တုန်လှုပ်လာကာ မသက်မသာဖြစ်လာသည်။ သူ၏နံဘေးမှ ပြိုင်ပွဲဝင်များ စတင်ကာ စိုးရိမ်လာကြသည်ကို သတိပြုမိသွားခဲ့သည်။
အချို့ကမူ အခြေနေဆိုးလှကာ ဖြူလျော်နေကြ၏။ သူတို့က ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်ပမာပင် သူတို့၏ မျက်ဝန်းများထဲတွင် အကြောက်တရားများကို မြင်နေရလေ၏။
ကျန်းတန်၏ လျင်မြန်သော လက်ချောင်းများအောတွင် ချိတ်တံဆိပ်များ တစ်ခုပြီးတစ်ခု ပွင့်သွားခဲ့လေ၏။ ယီယွင်၏ မြင်ကွင်းထဲတွင် ရောင်စုံအလင်းစက်များ ပိုမိုများပြားလာသလို ထိတ်လန့်နေကြသည့် ပြိုင်ပွဲဝင်များလည်း ပိုမိုများပြားလာခဲ့သည်။
ရုတ်ခြည်းမှာပင် ကျန်းတန် ရပ်တန့်သွားခဲ့သည်။ သူ ဘေးပတ်လည်မှ လူများကို ကြည့်ကာ အက်ကွဲသောအသံနှင့် ဆိုလိုက်သည်..." ပထမစစ်ဆေးမှုဖြစ်တဲ့ မင်းတို့ရဲ့ စိတ်ဝိညာဥ်တွေ စစ်ဆေးတာကို စတင်ပြီ "
ထို့နောက် ကျန်းတန်က လက်ကိုဝှေ့ယမ်းကာ နောက်ဆုံးချိတ်တံဆိပ်ကို ဖျက်လိုက်လေသည်။
ချိတ်တံဆိပ် ပျက်သွားသည်နှင့် အလင်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တိမ်စိုင်များအား ဓားသဖွယ် ထိုးဖောက်သွားသည်ကို ယီယွင် မြင်လိုက်ရသည်။
" ဒါက..." ယီယွင် မျက်နှာပျက်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားခဲ့သည်။
ယီယွင်၏နံဘေးမှ ပြိုင်ပွဲဝင်များကမူ မျက်နှာများ နီမြန်းလာကာ ဇောချွေးများ ပျံလာကြပြီး တဖြည်းဖြည်းချင်း ဒူးများကွေးကျလာကာ မြေပြင်ပေါသို့ လဲကျသွားကြသည်။
အချို့သူများက သွားများကျိတ်ကာ အသက်ရှုရန် ခက်ခဲနေကြသည်။ မမြင်ရသော ကြီးမားသည့် စွမ်းအားတစ်ခုက သူတို့အား လွှမ်းခြုံလာသည်ဟု ခံစားလာရကာ သွေးပျက်လာကြရသည်။
မက်တက်ရပ်နိုင်နေကြသူများကမူ ခန္ဓာကိုယ်များ တုန်ယင်နေကာ ဆုတ်ခွာသွားရသည်။ သူတို့ ဆယ်မီတာခန့် ဆုတ်ခွာပြီးနောက်တွင် တစ်ဖက်သို့လှည့်ကာ ပြေးကြလေသည်။
" အတော်ကိုသန်မာတဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်ပဲ " ယီယွင် တုန်လှုပ်သွားရသည်။ အလင်းတန်းက သားရဲပုံရိပ်တစ်ခု ဖြစ်နေကြောင်း သူသိလိုက်ရသည်။
ထိုသားရဲပုံရိပ်ကို ယီယွင်သာမက ပြိုင်ပွဲများအားလုံး မြင်နေရသည်။ ပုံရိပ်က ကြီးမားကာ တောင့်တင်းသန်မာသော ခြေလက်များရှိသည်။ ပုံရိပ်၏ ခန္ဓာကိုယ်တွင် အပြာရောင်မီးတောက်များ တောက်လောင်နေပြီး ဧရာမကျားဖြူတစ်ကောင်နှင့် ဆင်တူနေသော်လည်း ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။
သားရဲပုံရိပ် ပေါ်ထွက်လာချိန်တွင် လူတိုင်း အသက်အောင့်လိုက်ကြသည်။ သားရဲသည် လူတိုင်းကို ကြီးမားလှသော သတ်ဖြတ်လိုစိတ်များနှင့် ကြည့်နေလေ၏။ သားရဲက အချိန်မရွေး ခုန်ထွက်လာကာ သတ်ဖြတ်တော့မည့်အလားပင်။
အကြည့်ဒဏ်အား မခံနိုင်ကြသည့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကဲ့သို့သော အခြားသူများမှာမူ သွေးပျက်ချောက်ချားနေကြ၏။ ယခင်က ယီယွင်ကို လှောင်ပြောင်ခဲ့ပြီး ပေါင်ငါးရာခန့် မနိုင်သည်ဆိုသော လူမှာမူ မြေပြင်ပေါ်တွင် လဲပြိုကျနေကာ ဘောင်းဘီတွင်လည်း သေးများရွှဲနေသည်။
" ငါ့ကို မ...မစားပါနဲ့ " ထိုသူက သားရဲပုံရိပ်ကြောင့် အသိစိတ်လွတ်သွားသည့်အလားပင် ထိုနေရာမှ တုန်ယင်စွာဖြင့် လေးဖက်ထောက်ကာ သွားနေလေသည်။
ကျန်းတန် ပြောခဲ့သကဲ့သို့ပင် ဤစစ်ဆေးမှုက လူတစ်ဦး၏ သတ္တိကို ဖျက်ဆီးပစ်နိုင်ပြီး သိုင်းပညာကို ဘယ်သောအခါမျှ လေ့ကျင့်နိုင်ခြင်းမရှိစေရန် လုပ်ဆောင်နိုင်သည်။
ယီယွင် လှုပ်ရှားမှုမဲ့စွာ ရပ်နေလေပြီး ကျောချမ်းနေသည်။ သူ အသက်အောင့်ထားလျက်ရှိပြီး ပုံရိပ်ထံမှ စွမ်းအင်အလင်းစက်များ သူ့ထံသို့ လွင့်မျောလာနေသည်ကို ကြည့်နေသည်။
ထိုမျှကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသည့် အရိုးမျိုးသည်ပင် ချိတ်ပိတ်ဖြည်ပြီးသည်နှင့် ခရမ်းရောင်သလင်းကျောက်က စွမ်းအင်စုပ်ယူသည်ကို ခံနေရချေသည်။
ခရမ်းရောင်သလင်းကျောက်က ဦးချိုထံမှ စွမ်းအင်များအားလုံးကို စုပ်ယူတော့မည်အား သတိပြုမိသွားကာ ယီယွင်၏မျက်နှာ လေးနက်သွားသည်။ သူ ချက်ချင်းပင် ခရမ်းရောင်သလင်းကျောက်ကို တားဆီးကာ စုပ်ယူသည့်နှုန်းကို လျော့ချလိုက်သည်။
မကြာသေးခင်က ယီယွင်သည် အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို ခမ်းခြောက်သည်အထိ စုပ်ယူခဲ့ကာ သူ၏သွေးကြောများ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုသင်ခန်းစာရနေသည့် ယီယွင်က ဦးချိုထံမှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်လျှင် အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုးကို စုပ်ယူသည်ထက် အဆများစွာကျော်လွန်ကာ သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ဟု ခံစားနေရသည်။
ယီယွင်က စွမ်းအင်များ ဝင်ရောက်လာသည်ကို အာရုံစိုက်နေချိန်တွင် သူ၏ဘေးပတ်လည်မှ ပြိုင်ပွဲဝင်များ ထုတ်ပယ်ခံနေရသည်။
ကျန်းတန် ပြောခဲ့သကဲ့သို့ပင် စိတ်ဝိညာဥ် ချို့တဲ့သူများက ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံနိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့ လူများက ပျက်စီးခြင်းသားရဲနှင့် တိုက်ခိုက်ရာတွင် စွမ်းအားအပြည့် ထုတ်နိုင်မည်မဟုတ်လေဘဲ အမှိုက်များထက် မပိုကြပေ။
ဟုတ်သည်။ သန်မာသော စစ်သည်တော်သည် အမှိုက်များထဲမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်လေ၏။
လူလေးရာခန့်က ဖိအားများကို ရင်ဆိုင်နိုင်ကြသည်။ လျှိုင်ချမ်းယုနှင့် တောက်ယွင်ရှောင်းတို့ အပါအဝင် ဆယ်ချီသော လူများကမူ ထိုကဲ့သို့ အကျပ်အတည်းများအောက်တွင်ပင် ရယ်နိုင်ကြသေး၏။
တောက်ယွင်ရှောင်းက ဘေးပတ်လည်မှ လူများကိုကြည့်ကာ အထင်သေးမိသည်။ ပျက်စီးခြင်းသားရဲ၏ အရှိန်အဝါအောက်တွင် အသုံးမကျသော လူတစ်သိုက်က ထိုမျှအထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်မှာ မြင်မကောင်းလှချေ။
လျှိုင်ချမ်းယုက မြဲမြံစွာရပ်နေနိုင်သည်ကို သူ မအံ့ဩမိပေ။
ဟင်...။
တောက်ယွင်ရှောင်းသည် လျှိုင်ချမ်းယုနှင့် မဝေးလှသောနေရာတွင် ရပ်နေသည့် ယီယွင်ကို သတိပြုမိသွားလေ၏။ ယီယွင်က ထိုနေရာတွင် အံ့အားသင့်ဖွယ်ရာ ရပ်နေဆဲပင်။ ထို့အပြင် ယီယွင်က ငေးငိုင်နေကာ မသက်မသာဖြစ်သည့် အရိပ်အယောင်များလည်း ရှိမနေချေ။
တောက်ယွင်ရှောင်း အံ့အားသင့်သွား၏။ ထိုကောင်လေးက ရတနာတစ်မျိုး စားခဲ့မိခြင်းကြောင့် စွမ်းအားများ တိုးတက်လာခဲ့သည်ဟု လျှိုင်ချမ်းယုက ပြောခဲ့သည်မဟုတ်ပေလော။ ထိုကောင်လေးက ပျက်စီးခြင်းသားရဲ၏ ကြမ်းတမ်းသော အရှိန်အဝါကို အဘယ့်ကြောင့် ခံနိုင်ရည်ရှိနေရလေသနည်း။
" စိတ်ဝင်စားစရာပဲ " တောက်ယွင်ရှောင်း ပြုံးလိုက်သည်။ ဤသည်က အစပျိုးမျှသာဖြစ်သည်ကို သူ သိသည်။ ယီယွင်က သူ၏အာရုံကို ဖမ်းစားသွားနိုင်ခဲ့သော်လည်း သာမန်မျှသာ သတိပြုမိခဲ့ခြင်း ဖြစ်လေသည်။ တောက်ယွင်ရှောင်းကို ယီယွင်ကို ပြိုင်ဘက်တစ်ဦးဟု ရှုမြင်မထားပေ။ အမှန်တကယ်တွင် တောက်ယွင်ရှောင်းက ခရမ်းသွေးနယ်ပယ်အောက်ရှိ မည်သူ့ကိုမျှ ပြိုင်ဘက်အဖြစ် သတ်မှတ်မထားခဲ့ချေ။
သူသည် ပြည်ထောင်ရွေးချယ်ပွဲတွင် မည်သို့စွမ်းဆောင်ပြရမည်နှင့် ကျင်းလုံဝေ့မှ ရာထူးမြင့်ပိုင်းများ၏ အာရုံများကို မည်သို့ဖမ်းစားရမည်ကိုသာ တွေးနေခဲ့သည်။ ရုတ်ခြည်းမှာပင် ကောင်းကင်ယံတွင် အဖြူရောင်လှေတစ်စီး လွင့်မျောလာသည်ကို သူ မြင်လိုက်ရသည်။
" လေသင်္ဘောတစ်စီးလား "
တောက်ယွင်ရှောင်း အနည်းငယ်ခန့် မှင်တက်မိသွားသည်။ သူသည် စာအုပ်ထဲတွင် လေသင်္ဘောအကြောင်း ဖတ်ဖူးလေပြီး မျက်မြင်တွေ့ဖူးသည်ကမူ ပထမဆုံးအကြိမ် ဖြစ်သည်။
လေသင်္ဘောက အလွန်တရာပင် မြန်ဆန်လှပြီး ကုန်ပစ္စည်းများနှင့် ခရီးသည်များကို သယ်ဆောင်နိုင်သည်။ လေသင်္ဘောတစ်စီး ရှိနေခဲ့လျှင် အပြောကျယ်လှသော အရိုင်းနယ်မြေထဲတွင် ခရီးသွားလာရန် လွယ်ကူသွားပေလိမ့်မည်။
သို့သော် တောက်မျိုးနွယ်တစ်ခုလုံးသည်ပင် ထိုကဲ့သို့ လေသင်္ဘောမျိုးကို တတ်နိုင်ခြင်းမရှိပေ။ လေသင်္ဘောကို ဝယ်ရခြင်းမရှိဘဲ တောက်မျိုးနွယ်အား ပေးခဲ့မည်ဆိုလျှင်ပင် အသုံးပြုနိုင်မည်မဟုတ်ပေ။ အကြောင်းမူကား လေသင်္ဘော၏ စွမ်းအင်အရင်းအမြစ်ကို ပျက်စီးခြင်းအရိုး အဆီအနှစ်များထံမှ ရယူရခြင်းကြောင့်ပင်။
တောက်မျိုးနွယ်တွင် ပျက်စီးခြင်းအရိုး အဆီအနှစ်များ ရှိနေခဲ့လျှင်ပင် လူငယ်ပါရမီရှင်များ စားသုံးရန်အတွက်သာ ပေးအပ်မည်ဖြစ်ပြီး လေသင်္ဘော၏ စွမ်းအင်အဖြစ် မည်သို့များ အသုံးပြုနိုင်ပါမည်နည်း။
လေသင်္ဘောပေါ်တွင် ထိုင်နိုင်ရန်အတွက်ကမူ အလွန်ပင် အကုန်အကျများသော ကိစ္စတစ်ရပ်သာ ဖြစ်ချေသည်။
တောက်မျိုးနွယ်ထဲတွင် နေထိုင်နေပြီး လေသင်္ဘောကို ပိုင်ဆိုင်ထားသူဆိုလျှင် ထိုသူ၏သရုပ်မှန်ကို အလွယ်တကူပင် ခန့်မှန်း၍ရသည်။ ထိုသူက ထူးခြားဆန်းကြယ်သော အဖြူရောင်ဝတ် မိန်းကလေးသာ ဖြစ်ချေသည်။
တောက်ယွင်ရှောင်းက သူမ၏အမည်ကို သိရှိခြင်းမရှိလေဘဲ အဝေးမှသာ မြင်ဖူးခြင်းသာ ဖြစ်သည်။ သို့သော် တောက်ယွင်ရှောင်းအဖို ထိုမိန်းကလေးကို ချစ်ကျွမ်းဝင်မိသွားကာ သိမ်းပိုက်လိုစိတ်များ ဖြစ်လာခဲ့ရသည်။
ထောင်စုမှူးကျန်းကပင် လေးစားမှုပြသရကာ ဆန်းကြယ်သောနောက်ခံရှိပြီး အားကောင်းသည့် မိန်းကလေးတစ်ဦးကြောင့် မောက်မာသော တောက်ယွင်ရှောင်း၏ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့ရသည်။
သူသာ ထိုမိန်းကလေးကို သိမ်းပိုက်နိုင်ခဲ့လျှင် သူ၏ခွန်အားကို သက်သေပြနိုင်လိမ့်မည်။ ဒုတိယအချက်အနေဖြင့် ထိုကိစ္စက သူ၏အတ္တမာနများကို ကျေနပ်စေနိုင်မည့် ပြီးပြည့်စုံသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။ တိုင်အာနတ်ပြည်ထောင်မှ ထွက်ခွာမည့် လူတစ်ဦးဖြစ်သည့် သူ့အနေဖြင့် ဆန်းကြယ်ကာ ထူးချွန်သော မိန်းကလေးတစ်ဦးကို လက်တွဲဖော်အဖြစ် အဘယ်သို့များ မလိုချင်ဘဲရှိပါမည်နည်း။