မှတ်သားလောက်စရာ
Vol. 6 Ch. 85
" ထူးခြားတဲ့ မိန်းကလေးက ပြည်ထောင်ရွေးချယ်ပွဲရဲ့ အကြိုစစ်ဆေးမှုကို စောင့်ကြည့်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ သူက ဘယ်သူ့ကို လာကြည့်တာလဲ။ ငါများ ဖြစ်နေမလား " သူသည် ထိုကိစ္စက မဖြစ်နိုင်ဟု ထင်နေမိသည့်တိုင်အောင် အကြိုစစ်ဆေးမှုတွင် သူ့အပြင် မည်သူကများ အာရုံစိုက်ပေးရန် ထိုက်တန်လေသနည်း။ လျှိုင်ချမ်းယုကဲ့သို့ လူများက သူ့အား ယှဥ်နိုင်စရာပင်မရှိပေ။
ထိုအတွေးကြောင့် တောက်ယွင်ရှောင်း စိတ်အားတက်ကြွလာသည်။
သူမက သူ့အား လာကြည့်သည်ဖြစ်စေ ၊ လေကောင်းလေသန့် ထွက်ရှုသည်ပင်ဖြစ်စေ သူကမူ ဤစစ်ဆေးမှုတွင် အတောက်ပဆုံးဖြစ်အောင်လုပ်ကာ ထူးချွန်သော ထိုမိန်းကလေး၏ အာရုံများကို သိမ်းပိုက်ရမည်။ တောက်ပရန်အတွက်မူ ထိုနေရာတွင် ရပ်နေခြင်းဖြင့် မလုံလောက်ပေ။
ကျန်းတန်က ထိုအရာကို သတိပြုမိကာ တောက်ယွင်ရှောင်း၏ စိတ်ကူးကို နားလည်သွားသည်။ ချိတ်တံဆိပ် ဖြည်ခြင်းသည် ပထမအဆင့်သာ ဖြစ်၏။ အကြိုစစ်ဆေးမှုအား အောင်မြင်ရန်အတွက်မူ ဦးချို၏ ကြီးမားသောဖိအားကို တောင့်ခံကာ ရှေ့သို့တက်ရမည်။
ကျန်းတန် အော်လိုက်သည်..." အားနည်းလိုက်တဲ့ ကောင်တွေ။ ဒါက ပျက်စီးခြင်းသားရဲရဲ့ ဦးချိုတစ်ခုပဲလေကွာ။ မင်းတို့က ဒါလေးကိုတောင် မခံနိုင်ကြဘူး။ အစားအစာတွေ ဖြုန်းတီးပြီး အညစ်အကြေးတွေ လုပ်ကြတာအပြင် ဒီလောကကြီးထဲမှာ မင်းတို့တွေ လုပ်နိုင်တာ ဘာရှိသေးလဲ။ မင်းတို့တွေ ဒါကို တောင့်မခံနိုင်ရင် ထွက်သွားကြ။ မင်းတို့ကောင်တွေက သိုင်းပညာလမ်းစဥ်နဲ့ မသင့်တော်ဘူး "
" အခု အကြိုစစ်ဆေးမှုရဲ့ ပန်းတိုင်ကို ငါကြေညာမယ်။ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ဦးချိုဆီကို လျှောက်သွားရမယ်။ မင်းတို့တွေ ဦးချိုနဲ့ ခြေလှမ်းနှစ်ဆယ်အကွာကို ရောက်တဲ့အချိန်ကျရင် အသက်ရှုဆယ်ကြိမ်အထိ ရပ်နေရမယ်။ မင်းတို့တွေ ရှေ့ကို ခြေဆယ်လှမ်းတိုးလာချိန်တိုင်း ဖိအားတွေက နှစ်ဆဖြစ်လာလိမ့်မယ်။ မင်းတို့တွေက မြည်းလား ၊ မြင်းလား ဆိုတာကို ဒီဟာက ဆုံးဖြတ်ပေးလိမ့်မယ်။ အခု စပြီ " ကျန်းတန်၏ အသံက ဆယ်မိုင်ခန့်အထိ ပဲ့တင်ထပ်သွားသည်။ ကျန်းတန်က ဦးချိုနှင့် ခြေလှမ်းအနည်းငယ်သာ ဝေးကွာလေပြီး ထိုဖိအားအောက်တွင်ပင် ကျယ်လောင်စွာ မိန့်ခွန်းခြွေနိုင်သေးသည်။ ထိုအရာကိုကြည့်လျှင် အလွန်ပင် လေးစားဖွယ်ကောင်းလှသည်။
" ကျန်းတန်က ဘယ်အဆင့်မှာလဲဆိုတာကို ငါသိချင်မိတယ်။ ခရမ်းသွေးနယ်ပယ်ကို ကျော်လောက်လား " လျှိုင်ချမ်းယု တွေးလိုက်သည်။ ထို့နောက်တွင် သူ ဦးချိုဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။
လျှိုင်ချမ်းယုက လျှောက်နေရင်းဖြင့် ယီယွင်အား တစ်ချက်ကြည့်လိုက်သည်။ ယီယွင်က မက်တက်ရပ်နိုင်နေသေးလေသောကြောင့် လျှိုင်ချမ်းယု အံ့အားသင့်သွား၏။ လူဆင်းရဲ မျိုးမစစ်လေးက ဦးချို၏ ဖိအားအရှိန်အဝါကို ခံနိုင်ရည်ရှိနေသည်မှာ အံ့ဩစရာပင်။
ပြဿနာကောင် ထိုကောင်စုတ်လေး၏ စိတ်ဝိညာဥ်က ထိုမျှကြီးမားလေသလော။
လျှိုင်ချမ်းယု မကျေနပ်ပေ။ ထိုကောင်က သိုင်းပညာတွင် ပါရမီရှိနေသည့်အပြင် ကံကောင်းမှုဖြစ်ရပ်နှင့် ကြုံတွေ့ရကာ ခွန်အားများ လျင်မြန်စွာ တိုးတက်သွားခဲ့သည်။ ယခုတွင်မူ ထိုကောင့်တွင် စိတ်ဝိညာဥ်ပင် ရှိနေသေး၏။ ထိုကောင်က ကြီးမားသည့်ကိစ္စများ အောင်မြင်နိုင်မည့် ကံကြမ္မာ ရှိနေလေသလော။
လျှိုင်ချမ်းယု လက်မခံနိုင်ပေ။ လျှိုင်ချမ်းယုက လျှိုင်မျိုးနွယ်ထဲတွင် သူ့ကိုယ်သူသာ ကောင်းကင်သားတော်ဟု ခံစားမိသည်။ ကံကောင်းမှုကြုံလာသည့် ပြဿနာကောင် အစေခံယီယွင်က လျှိုင်မျိုးနွယ်ထဲတွင် မျိုးဆက်အလီလီ စုဆောင်းထားခဲ့သည့် သူ၏ကံကောင်းမှုများကို မည်သို့များ ယှဥ်နိုင်ပါမည်နည်း။
လျှိုင်ချမ်းယုက ဦးချိုဆီသို့ ဆက်လျှောက်သွားလေသည်။ သူက ခြေလှမ်းနှစ်ဆယ်အတွင်း ရောက်နိုင်သည်သာမက ခြေဆယ့်ငါးလှမ်းအကွာ ၊ ခြေဆယ်လှမ်းအကွာအထိပင် ရောက်နိုင်ကြောင်း သက်သေပြလိုသည်။
လျှိုင်ချမ်းယုက သူ့ကိုယ်သူအား သက်သေပြမည်ဟု အားတင်းကာ အမြန်နှုန်း တင်လိုက်သည်။ သို့သော် ခြေဆယ်လှမ်း လှမ်းပြီးသည့်နောက်တွင် ဦးချိုထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ကြီးစွာတိုးပွားလာသည်ဟု သူ ခံစားလိုက်ရသည်။
လေထဲရှိ ပျက်စီးခြင်းသားရဲပုံရိပ်က ပေးစွမ်းနေသည့် ကြောက်မက်ဖွယ်ရာ အင်အားက အလွန်ပင် လက်တွေ့ဆန်လှသည်။ ပုံရိပ်၏ မျက်ဝန်းအစုံက လူတစ်ဦး၏စိတ်ကို ထွင်းဖောက်မြင်နိုင်နေသည့်အလားပင်။ ပုံရိပ်၏ အစွယ်များက မြောက်မြားစွာသော စစ်သည်များကို ထိုးဖောက်စုတ်ဖြဲပစ်နိုင်သည့်ပမာ ရှိနေသည်။
" ဒါက အတုအယောင်ပဲ။ ဒါက ပုံရိပ်ယောင်တစ်ခုပဲ " လျှိုင်ချမ်းယုက သူ့ကိုယ်သူအား မည်မျှပင် ဖြေသိမ့်ပေးနေစေကာမူ ကျောချမ်းနေရသည်သာပင်။
ယင်းအဖြစ်သည် ညဘက်၌ အိမ်သာထဲတွင် သရဲကြောက်နေသည့် လူတစ်ဦး၏အဖြစ်နှင့် ဆင်တူသည်။ သရဲဆိုသည့်အရာ မရှိဟု သူ့ကိုယ်သူအား ပြောနေခဲ့သည့်တိုင်အောင် ကြက်သီးထနေဆဲသာပင်။ ကြောင်နက်တစ်ကောင် ရုတ်တရက် ခုန်ထွက်လာခြင်း သို့မဟုတ် လေအေးများ တိုက်ခက်လာခြင်းမျိုး ဖြစ်လာခဲ့ပါက ထိုသူအဖို့ သွေးပျက်ချောက်ချားသွားပေလိမ့်မည်။
လျှိုင်ချမ်းယုက ရှေ့သို့ ခြေလှမ်းဆယ့်ငါးလှမ်း တိုးခဲ့သော်လည်း တောက်ယွင်ရှောင်း၏ တိုးတက်မှုကမူ အလွန်မြန်ဆန်လှပြီး ခြေလှမ်းသုံးဆယ်အကွာသို့ပင် ရောက်ရှိနေသည်။
ခြေလှမ်းသုံးဆယ်အကွာသို့ ရောက်ရှိချိန်တွင် တောက်ယွင်ရှောင်းမှာ ဖိအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
" ဒါက ဘယ်လိုပျက်စီးခြင်းသားရဲရဲ့ ဦးချိုလဲ။ အတော်ကို အစွမ်းထက်တယ် " တောက်ယွင်ရှောင်း မျက်မှောင်ကုတ်လိုက်၏။ သူ ဘေးပတ်လည်အား ကြည့်လိုက်လေရာ သူက ပထမဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တောက်ယွင်ရှောင်း ကျေနပ်သွား၏။ သူသာ ခြေလှမ်းနှစ်ဆယ်အကွာသို့ ပထမဆုံး ရောက်ရှိသွားနိုင်ခဲ့ပါက အကြိုစစ်ဆေးမှုတွင် အကြီးမားဆုံး စိတ်ဝိညာဥ်ရှိသူ ဖြစ်လာပေလိမ့်မည်။
သို့သော် ထိုအချင်းအရာကို နားလည်ပေး၍ရသည်။ စိတ်ဝိညာဥ်သည် လူတစ်ဦး၏ ရဲရင့်မှု ၊ စိတ်ဓာတ်ခိုင်မာမှု ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိမှုတို့ ဖြစ်ကြလေပြီး ခွန်အားသည်လည်း အပါအဝင် ဖြစ်ပေသည်။
လူတစ်ဦး၏ စိတ်ဝိညာဥ်က သန်မာနိုင်ကောင်းလောက်သော်လည်း ခွန်အားတွင် အားနည်းနေနိုင်သည်။ သို့သော် သန်မာသူတစ်ဦးကမူ အားကောင်းသော စိတ်ဝိညာဥ် ရှိလေ၏။
တောက်ယွင်ရှောင်း လေသင်္ဘောကို မော့ကြည့်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" မိန်းမလှလေးက ငါ့ကို အဲ့ဒီနေရာကနေ ကြည့်နေတာလား။ ပထမနေရာက ငါ့အတွက်ပဲ။ ဒီကိစ္စက အပိုင်သေချာနေပြီး ထည့်ပြောဖို့မတန်ဘူးဆိုပေမဲ့ ဒါက အစပဲရှိသေးတယ်။ အချိန်ကြာလာတာနဲ့အမျှ ငါ့ရဲ့အလင်းရောင်က ပိုပြီးတောက်ပလာလိမ့်မယ် "
တောက်ယွင်ရှောင်းက အတင့်တယ်ဆုံးပုံစံဖြင့် ကြောက်ရွံ့မှုမရှိဘဲ ရှေ့ဆက်သွားလေသည်။
ကောင်းကင်ထက်မှ လေသင်္ဘောပေါ်တွင် အဖြူရောင်ဝတ် မိန်းကလေးတစ်ဦးက လက်ဖက်ရည်ခွက် ကိုင်ထားလေ၏။ သူမ၏ လက်ဖက်ရည် မော့သောက်ပုံသည် တော်ဝင်မိသားစု ဓလေ့ထုံးတမ်းကို အတုခိုးယူထားခြင်း မဟုတ်သည့်တိုင်အောင် အလွန်ပင် တင့်တယ်နေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက အကြီးမားဆုံး တင့်တယ်မှုများအလားပင်။
အဖြူဝတ်မိန်းကလေးက နံဘေးရှိ ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေခဲ့သော်လည်း တောက်ယွင်ရှောင်း၏ တင့်တယ်သောပုံစံကို မမြင်မိပေ။ ယနေ့ သူမ ရောက်လာရသည်မှာ ယီယွင်ကိုကြည့်ရန် ဖြစ်သည်။
သူမနှင့် မျက်နှာချင်းဆိုင်တွင်မူ ဝဖြိုးသော အဖိုးအိုတစ်ဦးက ဆားမီးဖုတ်ကြက်ကင်ကို စားသောက်ရင်း အလုပ်များနေလေ၏။ ထိုဆားမီးဖုတ်ကြက်ကင်ကို ယီယွင်က ပြုလုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ဝသောအဖိုးအိုက သေရည်လည်း သောက်နေလေ၏။ အဖိုးအိုက သေရည်ခွက် အသုံးမပြုဘဲ သေရည်အိုးဖြင့် တိုက်ရိုက်မော့သောက်နေလျက်ရှိပြီး သူ၏အစားကြူးသော ပါးစပ်တွင် သေရည်များ လျှံထွက်နေသည်။
" ဘယ်လိုလဲ။ ဒီကလေး မအောင်မြင်သေးဘူးလား " အဖိုးအိုက စမှုန်စမွှားဖြင့် မေးလိုက်သည်။ ထိုပုံစံအရ ပြည်ထောင်ရွေးချယ်ပွဲက အရေးမကြီးသည့်အလားပင်။ လင်ရှင်းထုံ၏ သွေးကြောများတွင် တုန့်ပြန်မှုအနည်းငယ် ပြခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက သူ ဤနေရာသို့ လာနေမည်မဟုတ်ပေ။
" မအောင်မြင်သေးဘူး။ သူ ရပ်နေတုန်းပဲ " လင်ရှင်းထုံ အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ထိုကောင် မည်သို့လုပ်နေလေသနည်း။ အဘယ့်ကြောင့် ငေးငိုင်ကာ ရပ်နေရလေသနည်း။
ထိုစစ်ဆေးမှုက ယီယွင်ကို အခက်တွေ့စေနိုင်မည်ဟု လင်ရှင်းထုံ မယုံကြည်ပေ။ သူမက ယီယွင်၏ သိုင်းပညာပါရမီကို အကောင်းမမြင်မိပေ။ အတိအကျဆိုရသော် ယီယွင်တွင် သိုင်းပညာပါရမီပင် ရှိမနေချေ။
သို့သော် ယီယွင်၏ မာကျောမှုခန္ဓာကိုယ်နှင့် နဂါးပေါင်းစည်းခြင်းတို့နှင့်သာ ဆိုလျှင် ယီယွင်တွင် သုံးစားမရသည့် စိတ်ဝိညာဥ်မျိုး ရှိမနေသရွေ့ ပျက်စီးခြင်းသားရဲဦးချိုနှင့် ခြေလှမ်းနှစ်ဆယ်အကွာသို့ ရောက်ရှိနိုင်ရန်မှာ မခက်ခဲလှပေ။
လင်ရှင်းထုံသည် ယီယွင်နှင့် အခွင့်ကြုံကြိုက်ကာ ဆုံတွေ့ခဲ့ရသည့်တိုင်အောင် ပြည်ထောင်ရွေးချယ်ပွဲတွင် ယီယွင်က ဆိုးဝါးစွာလုပ်ဆောင်ပြနေသည်ကို သူမ အားမလိုအားမရဖြစ်နေသည်မှာ အဘယ့်ကြောင့်မှန်း မသိတော့ချေ။ သူမ၏ သွေးကြောများကို နှိုးဆွနိုင်ခဲ့ခြင်းကြောင့် သူမ၏မသိစိတ်တွင် ယီယွင်ကို သာမန်လူတစ်ဦးမဟုတ်ဟု မျှော်လင့်နေမိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ၏ ပိတ်ဆို့နေသော သွေးကြောများ ပွင့်လာစေရေးအတွက် အသေးငယ်ဆုံး အခွင့်အရေးသာ ရှိနေမည်ဆိုလျှင်ပင် သူမအတွက်မူ မျှော်လင့်ချက်တစ်ခုသာ ဖြစ်ချေ၏။
" ဟားဟားဟား... ဒီကောင်လေး သတ္တိကြောင်နေတာလား " အဖိုးအိုစုက ပါးစပ်မှ ဆီများကိုသုတ်လိုက်သည်။ သူ မြင်နေရသည်မှာ ယီယွင် ထုံထိုင်းစွာရပ်နေခြင်းသာ ဖြစ်ချေသည်။
" ဒီကလေးက ပြပွဲကို ငေးငိုင်ပြီးကြည့်နေတာပါ့လား " ယီယွင်က ကလေးတစ်ဦးသာ ဖြစ်သည့်အတွက် ယီယွင် သွေးပျက်နေသည်ဆိုလျှင်ပင် အဖိုးအိုစုက အံ့ဩမည်မဟုတ်ပေ။ ယီယွင်က ထိုမျှကြီးမားသော ပျက်စီးခြင်းသားရဲကို မြင်ဖူးခြင်းမရှိပေ။ သာမန်ကလေးတစ်ဦးအဖို့ သွေးပျက်ကြောက်လန့်ကာ ဘောင်းဘီထဲတွင် သေးပေါက်မချမိလျှင်ပင် အတော်ဟုတ်နေချေပြီ။
သို့သော် အဖိုးအိုစုသည် ယီယွင်က သာမန်ကလေးတစ်ဦး မဟုတ်ဟု ခံစားမိသည်။
" စိတ်ဝင်စားဖို့ကောင်းလာပြီ။ ကျန်းတန် ထုတ်ယူလိုက်တဲ့ ပျက်စီးခြင်းသားရဲဦးချိုက တိမ်ရိုင်းနယ်မြေထဲမှာ အမတ်ဝမ်ယွင် သတ်ခဲ့တဲ့ နတ်ကျားရိုင်းပဲ။ မူလတုန်းက ဦးချိုက သုံးမီတာလောက်ရှည်ပေမဲ့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ဦးချိုကို ထွင်းထုပေးပြီးတဲ့နောက်မှာ လက်ရှိအရွယ်အစားအထိ သေးသွားခဲ့တာပဲ။ အမတ်ဝမ်ယွင်က ဒီဦးချိုကို ကျင်းလုံဝေ့ရဲ့ နယ်မြေခြောက်ခုတပ်မှူးရဲ့ တံဆိပ်တော်အဖြစ် အသုံးပြုထားတယ် "
" ကျင်းလုံဝေ့ရဲ့ တပ်မှူးတံဆိပ်တော်တွေက ပုံမှန်ဆိုရင် စစ်သည်တွေကို ကွပ်ကဲဖို့အတွက် စစ်သူကြီးတွေဆီမှာပဲ ထားလေ့ရှိတယ်။ တိမ်ရိုင်းနယ်မြေထဲမှာ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာတော့ နယ်မြေခြောက်ခုရဲ့ နလပိန်းတုံးတပ်မှူး ရန်မန်လုံက ဒီပျော်စရာကိစ္စထဲ ဝင်ပါလာခဲ့တယ်လေ။ ဒါကြောင့် အဲ့ဒီတပ်မှူးတံဆိပ်တော်ကို နလပိန်းတုံးတပ်မှူးက ပြည်ထောင်ရွေးချယ်ပွဲရဲ့ အထောက်အကူအဖြစ် အသုံးပြုထားတာပဲ "
အဖိုးအိုစုက အမတ်ဝမ်ယွင်နှင့် ဆက်ဆံရေးကောင်းကြောင်း ထင်ရှားလှသည်။ သို့ကြောင့်ပင် သူက ကျင်းလုံဝေ့၏ ကိစ္စရပ်များကို သိရှိနေခြင်းပင် ဖြစ်လေ၏။
" ဒီကောင်လေး သူ့ကိုယ်သူ အရှက်ရအောင်လုပ်တာကို ငါ ကြည့်ချင်တယ်။ အကယ်၍ သူသာ ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် ငါ အရေးမစိုက်တော့ဘူး။ သူ့ကိုယ်သူ အရှက်ရအောင်လုပ်တာကမှ ပျော်စရာကောင်းတာ " အဖိုးအိုစုက တစ်ပါးသူတစ်ဦး ကံဆိုးရသည်ကို ကျေနပ်သူတစ်ဦး ဖြစ်သည်။ လင်ရှင်းထုံမှာ ထိုစကားများကြောင့် ပြောစရာမဲ့နေရလေ၏။ ယီယွင်သာ အမှန်တကယ်ပင် ကောင်းစွာစွမ်းဆောင်မပြနိုင်လျှင် ဆရာဖြစ်သူက မည်သို့ပျော်ရွှင်လိမ့်မည်ကို သူမ နားမလည်နိုင်ဖြစ်ရသည်။
လူအများအကြားတွင် ယီယွင်က အမှန်တကယ်ပင် ထူးခြားနေသည်။
ပျက်စီးခြင်းသားရဲ၏ ဖိအားများကို ခံနိုင်ရည်ရှိသူများအဖို့ ဦးချိုဆီသို့ စတင်ကာ လျှောက်လှမ်းနေသည်မှာ ကြာလောက်ချေပြီ။ ခံနိုင်ရည်မရှိသူများအဖို့လဲ မြေပြင်တွင် လဲပြိုကျခြင်း သို့မဟုတ် ကြောက်လန့်တကြား ထွက်ပြေးခြင်းများ လုပ်ကြပေလိမ့်မည်။
ယီယွင်ကမူ နတ်ကျား၏ ပျက်စီးခြင်းအရိုး စွမ်းအင်များကို စုပ်ယူရာတွင် အာရုံစိုက်ထားလေသောကြောင့် လှုပ်ရှားမှုမရှိချေ။