ဦးချိုဆီသို့ သွားခြင်း
Vol. 6 Ch. 86
လက်ရှိအချိန်၌ ဦးချို၏ စွမ်းအင်များက ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေကာ ကြီးမားသောဖိအား ဖြစ်နေရသည်။ ဦးချိုထဲတွင်ရှိနေသည့် စွမ်းအင်များက သာမန်မဟုတ်လေဘဲ ဖော်မပြနိုင်သည့် ဆိုးယုတ်မှုအရှိန်အဝါနှင့် ကြောက်မက်ဖွယ်ရာ မောက်မာမှုများ ပါဝင်နေသည်။
ဘုန်း...။
ပျက်စီးခြင်းသားရဲ ကျားဖြူတစ်ကောင်က တောင်ထိပ်တွင်ရပ်ကာ ဟိန်းဟောက်နေလျက်ရှိပြီး သူ၏ခြေဖျားအောက်တွင် သောင်းချီသောသားရဲများ အညံ့ခံအရှုံးပေးနေသည့်ပမာ မြင်ကွင်းကို ယီယွင် မြင်ယောင်မိသွားလေ၏။
အဆိုပါသားရဲများထဲမှ အချို့သားရဲများသည် သာမန်သားရဲများ မဟုတ်လေဘဲ သားရဲရိုင်းအဆင့်တွင် အမြင့်ပိုင်း၌ တည်ရှိကြသည်။ အချို့သော သားရဲများက ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးထက် များစွာပိုမိုကာ သန်မာကြသည်။
ကျားဖြူကဲ့သို့ ထိုပျက်စီးခြင်းသားရဲက သားရဲဘုရင်ကဲ့သို့သော လေးစားဖွယ်ရာ အဆင့်အတန်းတွင် ရှိနေသည်။ ထိုသားရဲ၏ ဘဝသက်တမ်းတွင် ကြီးမားသောနယ်မြေကို အုပ်စိုးသိမ်းပိုက်ကာ အဆုံးမဲ့သော ဘုန်းကျက်သရေများ ရရှိခဲ့သည်။ ထိုသားရဲ သေဆုံးခဲ့ရသည့်တိုင်အောင် သားရဲ၏ဦးချိုတွင် ဩချလောက်စရာ စွမ်းပကားများ ပိုင်ဆိုင်နေဆဲပင်။
ထိုသားရဲ၏ ဆိုးယုတ်မှုအရှိန်အဝါနှင့် ကြောက်မက်ဖွယ်ရာ မောက်မာမှုများက ပြိုင်ပွဲဝင်များအတွက် ကြီးမားသောဖိအားတစ်ခု ဖြစ်လာစေပြီး ညှဥ်းပန်းနေပုံပင်။
ယီယွင် အကြိမ်ကြိမ်ပင် အသက်ပြင်းပြင်း ရှုနေရ၏။ သူ စုပ်ယူနေသည့် စွမ်းအင်များက ကိုယ်ပိုင်အသက် ရှိနေသည့်ပမာ ဖြစ်နေကြောင်းကို နားလည်သွားကာ သူ၏မျက်နှာ ဖြူလျော်နေသည်။ ခရမ်းရောင်သလင်းကျောက်က ထိုစွမ်းအင်များကို တိုက်ခိုက်ရခြင်းမရှိဘဲ ဖိနှိမ်ထားနိုင်သော်လည်း စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ရောက်ရှိလာချိန်တွင်မူ အလွန်တရာပင် မော်ကြွားနေလေ၏။ စွမ်းအင်များက သွေးကြောများထဲတွင် ထကြွနေလေသောကြောင့် ယီယွင် နာကျင်နေရသည်။
သူ နာကျင်မှုကို တောင့်ခံရန်အတွက် ခွန်အားများအားလုံး စုစည်းထားရသည်။ သို့တိုင်အောင်ပင် သူ ကြီးမားသောနာကျင်မှုကို ခံစားနေရဆဲပင်။ သူ၏ခန္ဓာကိုယ်ထဲမှ အပူကြောင့် နဖူးတွင် ချွေးများစို့နေပြီး ခန္ဓာကိုယ်သည် တုန်ယင်နေ၏။
ယီယွင်မှာ ဆီပူအိုးထဲသို့ ကျရောက်နေသည်ဟု ခံစားနေရသည်။ သူ လက်သီးဆုပ်ကာ အံကျိတ်ထားရ၏။ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများပင် ကျဆင်းလာရသည်။
ထိုစဥ်တွင် တောက်ယွင်ရှောင်းက ဦးချိုနှင့် ခြေလှမ်းနှစ်ဆယ်အကွာသို့ ရောက်ရှိသွားလေသည်။ ကျင်းလုံဝေ့ အဖွဲ့ဝင်များက ထိုနေရာတွင် စက်ဝိုင်းစည်းတစ်ခု ရေးဆွဲထားလေ၏။ တောက်ယွင်ရှောင်းက ထိုနေရာသို့ ပထမဆုံးရောက်ရှိလာသူ ဖြစ်လေသည်။
" ဟားဟားဟား... ငါက တကယ်ကို ပထမပဲ " တောက်ယွင်ရှောင်းက ခြေငါးလှမ်းခန့် လိုနေသေးသည့် လျှိုင်ချမ်းယုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သို့သော် လျှိုင်ချမ်းယု၏ တိုးတက်မှုက ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ မျိုးနွယ်ငယ်များစွာတို့မှ ဆက်ခံသူများက လျှိုင်ချမ်းယုကို ယှဥ်နိုင်ခြင်းမရှိပေ။ တောက်မျိုးနွယ်က ပျိုးထောင်ပေးထားသည့် ထိပ်သီးအချို့သည်ပင် စက်ဝိုင်းပုံစံနေရာနှင့် ခြေလှမ်းအနည်းငယ် လိုနေသေးသည်။
" ဒီကောင်တွေနဲ့ ယှဥ်ရမယ်ဆိုရင် ငါ ပထမရတာက ဂုဏ်ယူစရာမရှိတော့ဘူး။ ငါ နောက်ထပ်ခြေဆယ်လှမ်း ထပ်တိုးဖို့လိုတယ်။ ပြီးရင် ဦးချိုကို ငါ့လက်နဲ့ တဖြည်းဖြည်းချင်း ကိုင်လာနိုင်ရမယ် " တောက်ယွင်ရှောင်းက ထိုသို့တွေးကာ လေသင်္ဘောကို လှမ်းကြည့်လိုက်သည်။
" ငါ ဘယ်လောက်ဝေးဝေးအထိ ဆက်သွားနိုင်မလဲဆိုတာကို စောင့်ကြည့်နေလိုက် "
ခြေလှမ်းနှစ်ဆယ် အကွာအဝေးကို ဖြတ်ကျော်ပြီးနောက်တွင် တောက်ယွင်ရှောင်းမှာ ကြီးမားသောဖိအားကို ခံစားနေရသည်။
လက်ရှိတွင် လျှိုင်ချမ်းယုက စက်ဝိုင်းထဲသို့ ဝင်ရောက်လာခဲ့ကာ..." ငါ အောင်မြင်ပြီ။ ဒါက ငါ့ရဲ့ စိတ်ဝိညာဥ်နဲ့ အနာဂတ်မှာ ကိစ္စကြီးတွေ ပြီးမြောက်စေနိုင်မဲ့ စွမ်းရည်ပဲ။ သိပ်ကောင်းတယ်။ ငါက ပထမနဲ့ ထိပ်ဆုံးသုံးယောက်ထဲမှာ မဟုတ်ဘူးဆိုရင်တောင် ငါ့ရဲ့ရှေ့မှာရှိနေသူတွေက တောက်မျိုးနွယ်ရဲ့ ထိပ်သီးတွေချည်းပဲ။ မျိုးနွယ်ငယ်တွေထဲမှာ ဒီလိုစိတ်ဝိညာဥ်မျိုး ရှိနေတာက ငါတစ်ယောက်တည်းပဲ ရှိတယ် "
လျှိုင်ချမ်းယု ကျေနပ်နေသည်။ လျှိုင်မျိုးနွယ်ကဲ့သို့ နေရာငယ်လေးတစ်ခုမှ ပေါ်ထွန်းလာခဲ့သည့် သူက နည်းပါးလှသော အရင်းအမြစ်များကိုသာ ခံစားခွင့်ရခဲ့သည်ဖြစ်ပြီး သူ၏ရည်မှန်းချက်ကလည်း အကန့်အသတ်ရှိလေသည်။ ဤကဲ့သို့ ရလဒ်မျိုးအား ရရှိခဲ့လေသည့်အတွက် သူ့ကိုယ်သူအား ဂုဏ်ယူမိသည်။
လျှိုင်ချမ်းယုက ယီယွင်ကို တစ်ချက်ကြည့်လိုက်သည်။ ယီယွင် မည်မျှအထိ တိုးတက်နေကြောင်းကို သူ မြင်တွေ့လိုသည်။ ယီယွင်က ထိုနေရာတွင်သာ လှုပ်ရှားမှုမရှိ ရပ်နေသည်ကို မြင်တွေ့လိုက်ရကာ သူ မှင်တက်မိသွားသည်။
ထိုမျှမကသေးဘဲ ယီယွင်၏မျက်နှာ နီရဲနေကာ ချွေးများစိုရွှဲနေသည်။ နဖူးတွင် သေးငယ်သော သွေးကြောပြာများ ထွက်ပေါ်နေ၏။
" ဒီကောင် ဘယ်လိုဖြစ်ပြီး ဒီလောက်အားနည်းရတာလဲ " လျှိုင်ချမ်းယု ဇဝေဇဝါဖြစ်နေသည်။ ယီယွင်၏ စိတ်ဝိညာဥ်က အောင်မြင်နိုင်သည်ဆိုရုံမျှ ရှိလောက်မည်ဟု သူ ယုံကြည်ထားခဲ့မိသည်။ ယီယွင်က သူ့အား ယှဥ်၍မရသော်လည်း အနည်းဆုံးအနေဖြင့် ခြေလှမ်းနှစ်ဆယ် သို့မဟုတ် ခြေလှမ်းသုံးဆယ်အကွာသို့ ရောက်သင့်ပေသည်။
လက်ရှိအခြေအနေအရ ယီယွင်က သွေးပျက်နေသည့် အရှုံးသမားများနှင့် မကွာခြားလှချေ။ ထို့အပြင် တူညီသောနေရာတွင် ရပ်နေနိုင်သည်ကပင် ထိုကောင်၏ အကန့်အသတ်အကုန် ဖြစ်ဟန်ရလေသည်။
လျှိုင်ချမ်းယုက သရော်လိုက်သည်..." ဒီကောင်စုတ်က မောက်မာသလောက် စွမ်းနိုင်လိမ့်မယ်လို့ ငါ ထင်မိထားခဲ့တာ။ ဒူးထောက်မကျအောင် အားတင်းပြီး ရပ်နေတာက ဒီကောင့်ရဲ့အကန့်အသတ် ဖြစ်နေပုံပဲ။ ဒီကောင်က အနာဂတ်မှာ ငါ့ကို ခြိမ်းခြောက်လာနိုင်တယ်လို့ ထင်ထားမိခဲ့တာက တကယ့်ဟာသပဲ။ ဒီကောင်က ဒီလောက်ပဲ တတ်နိုင်တာပါ။ ဟုတ်တာပဲလေ။ သူတောင်းစားအုပ်စုထဲမှာ ကောင်းကင်သားတော်ကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ပါ့မလဲ။ လျှိုင်မျိုးနွယ် စုဆောင်းထားတဲ့ ကံကောင်းမှုတွေကို ငါ့ကိုထောက်ပံ့ဖို့အတွက် အသုံးပြုထားတာပဲလေ။ ငါ့ရဲ့အဆင့်အတန်းကို ခြိမ်းခြောက်လာနိုင်တဲ့ အခြားတစ်ယောက်ဆိုတာ ရှိမလာနိုင်ပါဘူး "
လျှိုင်ချမ်းယုက ယီယွင်ကို အရေးမစိုက်တော့ဘဲ ဦးချိုဆီသို့ ဆက်လျှောက်သွားခဲ့သည်။
စွမ်းအားရှိသည့် ပြိုင်ပွဲဝင်များက ခြေလှမ်းနှစ်ဆယ်စည်းကို ဖြတ်ကျော်သွားခဲ့ကြသည်။ အားလုံးသည် သူတို့၏အကန့်အသတ်ကို ပြသလိုကြ၏။ တစ်ချိန်တည်းမှာပင် ကျင်းလုံဝေ့၏ ရာထူးမြင့်ပိုင်းများက သူတို့ကို သတိပြုမိသွားကာ အနာဂတ်တွင် ကြီးမားစွာအောင်မြင်လာစေရန် ပျိုးထောင်ပေးမည်ကိုလည်း သူတို့ လိုချင်ကြသည်။
လေသင်္ဘောပေါ်မှ လင်ရှင်းထုံကမူ ယီယွင်ကို နားမလည်နိုင်တော့ချေ။ ယီယွင်က ထိုမျှအဆင့်လောက်သာရှိသည့် ဖိအားကို မခံနိုင်တော့လေသလော။ ယီယွင်က ခံနိုင်ရည်မရှိတော့သည်သာမက မက်တက်မရပ်နိုင်တော့သည့်အလားပင် တစ်ကိုယ်လုံးတွင် ချွေးများစိုရွှဲနေသည်။
" ဆရာ... သူ ဘာဖြစ်နေတာလဲ " လင်ရှင်းထုံက မေးလိုက်၏။
အဖိုးအိုစုက ထိုကောင်လေး မည်သည့်အရာအား လုပ်နေကြောင်းကို သိလိုစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤကောင်လေးက ထိုမျှလောက်အထိ မဆိုးနိုင်လောက်ချေ။
ယီယွင်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်ထောင်ချောက်တွင် ပိတ်မိနေကြောင်းကို မည်သူမျှ မသိနိုင်ပေ။
သူ၏ချွေးပေါက်တိုင်း ပူပြင်းလောင်မြိုက်နေ၏။ သူ၏သွေးကြောများထဲတွင် ဓားသွားများ တိုးဝှေ့နေကြသည့်ပမာ ဖြစ်နေသည်။ ယီယွင်သည် ခရမ်းရောင်သလင်းကျောက်နှင့် စွမ်းအင်စုပ်ယူရာတွင် ထိုသို့နာကျင်မှုမျိုးကို ခံစားဖူးခြင်းမရှိပေ။ ထိုသို့ဖြစ်ရသည်မှာ နတ်ကျားရိုင်း၏ စွမ်းအင်များက ထိန်းချုပ်ရန်အတွက် ခက်ခဲလွန်းနေခြင်းကြောင့်ပင်။
ကြီးမားသော နာကျင်မှုများအောက်တွင် ယီယွင် တောင့်မခံနိုင်တော့ချေ။ သို့သော် တစ်ချိန်တည်းမှာပင် သူ စိတ်လှုပ်ရှားနေလေ၏။ စွမ်းအင်များက ခန္ဓာကိုယ်ထဲတွင် ကြမ်းတမ်းစွာ စီးဆင်းနေလေခြင်းကြောင့် သူ၏သွေးကြောများ ပိုမိုသန်မာလာပြီး ကိုယ်တွင်းအင်္ဂါများလည်း မာကျောလာကာ ပိုမိုသန်မာလာသည်ဟု ခံစားနေရသည်။
သူ၏ခန္ဓာကိုယ် ပြောင်းလဲနေသည်။ သူ၏ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်လာနေ၏။
မူလက ယီယွင်သည် သေမျိုးသွေးနယ်ပယ် အဆင့် ၅ အစပျိုးအဆင့်၌သာ ရှိနေခဲ့သော်လည်း သူ၏ခွန်အားများ ကျစ်လျစ်လာကာ အခြေခံအုတ်မြစ်လည်း ခိုင်မာတောင့်တင်းလာသည်ဟု ခံစားမိနေသည်။ သူသည် တဖြည်းဖြည်းချင်းဖြင့် သေမျိုးသွေးနယ်ပယ် အဆင့် ၅ အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အထွတ်အထိပ်အဆင့်သို့ပင် ခြေလှမ်းမိလာခဲ့သည်။
သေမျိုးသွေးနယ်ပယ် အဆင့် ၅ အထွတ်အထိပ်သို့ ရောက်ရှိသွားပါက ယီယွင်၏ကျင့်ကြံမှုအဆင့်သည် လျှိုင်ချမ်းယုနှင့် ကွာခြားမည်မဟုတ်တော့ပေ။ မာကျောမှုခန္ဓာကိုယ် ၊ နဂါးပေါင်းစည်းတို့နှင့်သာ ဆိုပါက လျှိုင်ချမ်းယုကို အနိုင်ယူရန်မှာ အသေးအဖွဲ့ကိစ္စတစ်ခုသာ ဖြစ်ချေသည်။
ခွန်အားများ လျင်မြန်စွာ တိုးတက်လာ၍ သူ စိတ်လှုပ်ရှားနေပြီး ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာသည်။ သွေးကြောများ ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်မှုအောက်တွင် သူ ဆက်လက်၍ တောင့်ခံနေခဲ့သည်။ သူသည် ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်အဆင့်အထိ တစ်ထိုင်တည်း ချိုးဖျက်ပစ်လို၏။
သို့သော် သူ၏ခန္ဓာကိုယ်အား အကန့်အသတ်အထိ တွန်းပို့ပေးရန်အတွက် တစ်စုံတစ်ခု ချို့ယွင်းနေသည်ဟု ယီယွင် ခံစားမိနေသည်။ စွမ်းအင်အားလုံးကို ခန္ဓာကိုယ်ထဲသို့ သိပ်ထည့်ရန်အတွက် ဖိအားအချို့ လိုအပ်နေဟန်ပင်။
သူ့ကိုယ်သူအား အကန့်အသတ်အထိ တွန်းပို့လိုသည်။ သို့မှသာ သူ တောက်ပလာနိုင်မည်။
ယီယွင် အံကျိတ်ကာ ဦးချိုဆီသို့ ခြေလှမ်းလိုက်လေ၏။ ဦးချိုအနီးသို့သွားကာ သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်ရန်အတွက် နတ်ကျားရိုင်း၏ ကြီးမားသောဖိအားကို အသုံးပြုပြီး ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သို့ ချိုးဖျက်ပစ်ရမည်။
" ဆရာ... သူ လှုပ်လာပြီ " လင်ရှင်းထုံက မျက်ဝန်းများ တောက်ပသွားသော်လည်း အဖိုးအိုကမူ မျက်မှောင်ကုတ်ထားဆဲပင်။ ထိုကောင်လေးက လှုပ်ရှားလာသော်လည်း ထိုအခြေအနေအရဆိုလျှင် အောင်မြင်နိုင်မည့်ဟန် ရှိမနေပေ။
" အိုး... မဟုတ်သေးဘူး "
အဖိုးအိုက ရုတ်တရက်ပင် တစ်စုံတစ်ခုကို နားလည်သွားကာ ယီယွင်ကို အံ့ဩတကြီးဟန်ဖြင့် ကြည့်လိုက်လေသည်။