← Chapters

ချီစု​ဆောင်းမှုနယ်ပယ် အထွတ်အထိပ်

Vol. 6 Ch. 87

ချီစု​ဆောင်းမှုနယ်ပယ် အထွတ်အထိပ်

Vol. 6 Ch. 87

အခြားပြိုင်ပွဲဝင်များ၏ ခြေလှမ်းများနှင့် ယှဥ်ကြည့်မည်ဆိုလျှင် ယီယွင်၏ ခြေလှမ်းများက ပျော့ညံ့နေကာ ပိုမိုခက်ခဲနေ၏။ သူက အခြားသူများထက် ပိုမိုနှေးကွေးသည့် ကံကြမ္မာတစ်ခု ပါနေသည့်အလားပင်။ မျိုးနွယ်ငယ်များမှ ဆက်ခံသူအများစုနှင့် တောက်မျိုးနွယ်မှ ထိပ်သီးများသည် ဦးချိုနှင့် ခြေလှမ်းနှစ်ဆယ်အတွင်း ရောက်ရှိလာကြသည်။

ခြေလှမ်းနှစ်ဆယ် အမှတ်အသားကို ဖြတ်ကျော်ရေးအတွက် အကောင်းဆုံးကြိုးစားကာ ရုန်းကန်နေရသူအချို့လည်း ရှိသည်။

" ဒီကျွန်ပေါက်လေးက တကယ်ကို စလှုပ်ရှားလာပြီပဲ။ ဒါပေမဲ့ ဒီလိုပုံပျက်ပန်းပျက် အခြေအနေမျိုးနဲ့ဆိုရင် ဒီကောင် ဝေးဝေးအထိ သွားနိုင်မှာမဟုတ်ဘူး " လျှိုင်ချမ်းယုက တစ်ချက်လှမ်းကြည့်ပြီးနောက် ထပ်မံကာ အရေးမထားတော့ပေ။ ကောင်းကင်ထက်ရှိ ပျက်စီးခြင်းသားရဲပုံကို သူ မော့ကြည့်လိုက်သည်။ သူ အံကျိတ်လိုက်ပြီး နဖူးမှ ချွေးများကိုသုတ်ကာ ရှေ့သို့ဆက်သွားသည်။

နတ်ကျားရိုင်း၏ ဦးချိုနှင့် ပိုနီးလာလေလေ ဖိအားများ ပိုကြီးလာလေလေပင်။ လျှိုင်ချမ်းယုအတွက် ခြေလှမ်းများက တစ်လှမ်းထက်တစ်လှမ်း ပိုမိုခက်ခဲလာရ၏။

သူက ဦးချိုနှင့် ခြေဆယ့်နှစ်လှမ်းအကွာသို့ ရောက်နေကြောင်း မြင်နေရသည်။ ခြေဆယ်လှမ်းအကွာ အတိုင်းအတာသို့ ရောက်သွားလျှင် ကြီးမားလှသော ကြောက်မက်ဖွယ်ရာဖိအားနှင့် ရင်ဆိုင်ရလိမ့်မည်ကို သူ သိသည်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိလျှင် သူ့အဖို့ ဖိအားများကို ရင်ဆိုင်နိုင်မည်မဟုတ်လေဘဲ စွမ်းအင်များကြောင့် နောက်သို့လွင့်သွားနိုင်သည်။

ထိုအချက်ကြောင့်ပင် တောက်မျိုးနွယ်မှ ထိပ်သီးအချို့ ကျရှုံးသွားခဲ့ရခြင်း ဖြစ်လေသည်။

လူအများထဲတွင် ခြေဆယ်လှမ်းအတိုင်းအတာထဲသို့ ဝင်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ တောက်ယွင်ရှောင်း ဖြစ်သည်။ လျှိုင်ချမ်းယုသည် တောက်ယွင်ရှောင်းက စွမ်းအားနှင့်စိတ်ဝိညာဥ် နှစ်ခုစလုံးတွင် သူ့ထက် သာလွန်ကြောင်းကို ဝန်ခံမိ၏။

၁၄ နှစ်အရွယ် ကလေးတစ်ဦးဖြစ်သည့် တောက်ယွင်ရှောင်းက အလွန်တရာပင် မောက်မာလှသော်လည်း ထိုသို့မောက်မာမှုကပင် စိတ်ဝိညာဥ်၏ပြယုဂ်တစ်ခု ဖြစ်ချေနေ၏။

လက်ရှိတွင် အနှေးဆုံးဖြစ်သည့် ယီယွင်က ခြေလှမ်းနှစ်ဆယ်စည်းနှင့် နီးကပ်လာခဲ့သည်။

" ဆရာ... သူ မကြာခင်မှာ ကျော်ဖြတ်နိုင်တော့မယ် " လင်ရှင်းထုံက ဆိုသည်။

အဖိုးအိုစုက မုတ်ဆိတ်အားသပ်ကာ..." ပြည်ထောင်ရွေးချယ်ပွဲရဲ့ အကြိုစစ်ဆေးမှုကို အောင်မြင်ခဲ့ရင်တောင် ဘာမှမဟုတ်သေးဘူး။ ဒါပေမဲ့..."

အဖိုးအိုစုက ယီယွင်ကို ဂရုတစိုက်ကြည့်ကာ ဆိုလိုက်လေသည်..." ဒီကလေးက တစ်ခုခုလုပ်နေတယ် "

" အိုး " လင်ရှင်းထုံ မှင်တက်မိသွားသည်။

" သူ့ရဲ့စွမ်းအားတွေ တိုးလာတယ် " အဖိုးအိုစုက ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်လေသည်..." သူ ဦးချိုဆီကို စပြီးသွားတဲ့ အချိန်ကတည်းက သူ့ရဲ့ကျင့်ကြံမှုတွေ တဖြည်းဖြည်းချင်း တိုးလာတယ်။ ဒါထူးဆန်းတယ် "

အဖိုးအိုစုက မုတ်ဆိတ်ကို သပ်နေလျက်ရှိပြီး သူ၏အံ့မခန်းမျက်လုံးများကမူ ယီယွင်၏ခန္ဓာကိုယ် တစ်လက်မချင်းစီတိုင်းကို ကောင်းကင်ထက်မှပင် မြင်နိုင်နေ၏။ သူ ယီယွင်၏ခန္ဓာကိုယ်ကို လေ့လာနေရင်းဖြင့် သူ၏စွမ်းအင်များ ပြောင်းလဲနေကြောင်းကို သိရှိသွားခဲ့သည်။

ခရမ်းရောင်သလင်းကျောက်က အဖိုးအို၏ သိမြင်နားလည်နိုင်စွမ်းထက် ကျော်လွန်နေခြင်းကြောင့်သာ မဟုတ်ခဲ့ပါက မြောက်မြားစွာသော အလင်းစက်များက ယီယွင်ဆီသို့ ငှက်များသဖွယ် ပျံသန်းသွားနေသည်ကို မြင်တွေ့မိကာ တုန်လှုပ်သွားပေလိမ့်မည်။

ခြေလှမ်းနှစ်ဆယ်။

နောက်ဆုံးတွင် ယီယွင်က ခြေလှမ်းနှစ်ဆယ်စည်းကို ခြေချမိသွားကာ အောင်မြင်သွားခဲ့သည်။

ခြေလှမ်းနှစ်ဆယ်စည်းကို ဖြတ်ကျော်နိုင်သည့် မည်သူမဆိုပင် လူအများ၏ အာရုံများကို ဖမ်းစားနိုင်လိမ့်မည်။ ယီယွင်အဖို့လည်း ကွဲပြားမှုမရှိပေ။

တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက ဘေးကင်းသည့်အကွာအဝေးဖြစ်သည့် ခြေလှမ်းပေါင်းရာချီအထိ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်သည်။ သူတို့က ယီယွင် အောင်မြင်သွားသည်ကို မြင်တွေ့ကာ မကျေမချမ်း ဖြစ်သွားကြသည်။ မိုးကောင်းကင်က မမျှတချေ။ ထိုကောင်စုတ်လေး၏ စိတ်ဝိညာဥ်က သူတို့ထက် ပိုမိုသန်မာနေချေ၏။

ဝီ...ဝီ...။

လက်ရှိတွင် ယီယွင် စွမ်းအင်များ စုဆောင်းနေသည်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ သူ၏နှလုံးထဲရှိ ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များ စုပ်ယူကာ ဖိသိပ်နေခဲ့သည်။

ယီယွင်၏ သွေး​ကြောများက ပေါက်ကွဲတော့မည့်ပမာပင် သွေးများ စတင်ကာ ယိုစိမ့်လာ၏

" နည်းနည်းလေးပဲ... နည်းနည်းလေးပဲ "

ယီယွင် အံကျိတ်ကာ ခြေတစ်လှမ်း ဆက်လှမ်းတော့မည့်အချိန်တွင် ကောင်းကင်ထက်မှ နတ်ကျားရိုင်းက ပြိုင်ပွဲများကို ၎င်း၏ ပယင်းရောင်မျက်ဝန်းများနှင့် လှမ်းကြည့်လိုက်သည်။

ဝေါင်း...။

နတ်ကျားရိုင်းက ဟိန်းသံရှည်ကြီးတစ်ခု ပြုခဲ့လေပြီး ဦးချိုထံမှ စွင်းအင်များက ကောင်းကင်ထက်တွင် မီးတောင်ပေါက်ကွဲသည့်ပမာ ထကြွလာသည်။

အား...။

လျှိုင်ချမ်းယု အော်လိုက်ရသည်။ ရုတ်တရက်ဆန်သော ဖိအားအပြောင်းအလဲက သူ့အတွက် ကြီးမားလွန်းနေသည်။ သူ၏ရင်ဝကို တင်းပုတ်နှင့် ထုသည့်ပမာ ခံစားလိုက်ရပြီး နောက်သို့လွင့်သွားရသည်။

နတ်ကျားရိုင်း၏ ဟိန်းဟောက်သံက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလှပြီး မိုးကောင်းကင်ကိုပင် ကြောက်လန့်သွားစေရန် လုံလောက်သည်။ ယင်းက နတ်ကျားရိုင်း၏ ပုံရိပ်မျှသာ ရှိနေသေးသည်။ အသက်ရှင်နေသည့် အရွယ်ရောက်ပြီးသော နတ်ကျားရိုင်းတစ်ကောင်ဆိုပါက လူတစ်ထောင်စစ်တပ်တစ်ခုကို သတ်ဖြတ်ပစ်ရန်ပင် လုံလောက်နိုင်သည်။

တောက်မျိုးနွယ်မှ ထိပ်သီးများစွာတို့မှာလည်း လျှိုင်ချမ်းယုကဲ့သို့ပင် ကြုံတွေ့ခဲ့ရသည်။ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် ကြီးမားသော အရှိန်အဝါကြောင့် သူတို့ အချိန်မီ တုန့်ပြန်နိုင်ခြင်းမရှိဘဲ နောက်သို့လွင့်စဥ်သွားရသည့်ရလဒ် ဖြစ်ပေါ်လာရသည်။

အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော လူများကမူ သွေးများအန်နေကြပြီး ဆက်လက်၍ မလှုပ်နိုင်တော့ပေ။

တောက်ယွင်ရှောင်းကမူ စွမ်းအားနှင့် ယုံကြည်ချက်တို့ကို ပြသနေသည်။ သူ နောက်သို့ဆုတ်ခဲ့ရပြီး မျက်နှာသည် ရှက်ရွံ့နီမြန်းနေသော်လည်း သူက ဒူးထောက်ရုံမျှသာဖြစ်ပြီး မြေပြင်ပေါ်သို့ လဲပြိုကျမသွားခဲ့ပေ။

" ကောင်းတယ်...သိပ်ကောင်းတယ်။ တက်ကြွသွားပြီ။ ဒီနေ့ ငါ မင်းကို သိမ်းပိုက်မယ် " တောက်ယွင်ရှောင်း စိတ်တက်ကြွလာကာ ပါးစပ်မှသွေးများကို သုတ်လိုက်သည်။ မည်သူကမျှ သူ့အား ယှဥ်နိုင်ခြင်းမရှိတော့ပေ။ သူ့ကိုယ်သူသာ အနိုင်ယူရပေတော့မည်။

တောက်ယွင်ရှောင်း မက်တက်ရပ်ကာ လှုပ်ရှားတော့မည့်အချိန်တွင် သူ၏အနောက်ဘက်ထံမှ အရိုးများ မြည်သံများ ထွက်ပေါ်လာသည်။

ဂျွတ်...ဂျွတ်...ဂျွတ်...။

ကြက်ဥအခွံကို ခွဲချေလိုက်သကဲ့သို့ အသံများ ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

" ဟမ် " တောက်ယွင်ရှောင်းက အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်သည်။ ချွေးများစိုရွှဲနေသည့် ကလေးတစ်ဦးက မြေပြင်ပေါ်တွင် ဝပ်တွားနေရသော်လည်း ကြွက်သားများကမူ ခုန်ပေါက်လှုပ်ရှားနေကြောင်း သူ မြင်လိုက်ရသည်။

ကြွက်သားများ လှုပ်ရှားရခြင်းသည် ဖိအားများကြောင့် ကြောက်ရွံ့နေခြင်း မဟုတ်လေဘဲ ကြွက်သားများက စွမ်းအင်များ ပြည့်ဝနေခြင်းကြောင့် တက်ကြွနေခြင်းသာ ဖြစ်သည်။

စွမ်းအင်များသည် ယီယွင်၏ သွေးကြောလမ်းကြောင်းများထဲတွင် လျင်မြန်စွာ လည်ပတ်နေ၏။ နတ်ကျားရိုင်း ဟိန်းဟောက်လိုက်ချိန်တွင် ဖိအားများက အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့ပြီး ယီယွင်၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ထကြွသွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ အတားအဆီးမှာလည်း တမဟုတ်ချင်း ပြိုပျက်သွားခဲ့လေ၏။

ယီယွင်၏နှလုံးတွင် ဝဲကတော့တစ်ခု စတင်ဖြစ်ပေါ်လာကာ မြောက်မြားစွာသော အလင်းစက်များကို တွင်းနက်တစ်ခုပမာပင် စတင်စုပ်ယူသည်။

ဘုန်း...။

စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ ယီယွင်၏ခြေထောက်အောက်မှ ကျောက်တုံး ကွဲကြေသွားရသည်။ သူ မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းများက လျှပ်ပြက်သည့်ပမာ တောက်ပနေ၏။

" ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်အဆင့်။ နောက်ဆုံးတော့ ငါ ချိုးဖျက်နိုင်ခဲ့ပြီ။ ဒါဆို ငါက ခရမ်းသွေးနယ်ပယ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ် "

" ဒီကောင်လေးက ဘာလဲဟ " တောက်ယွင်ရှောင်း၏ မြင်နိုင်စွမ်းနှင့် အကဲဖြတ်စွမ်းရည်များအရ ယီယွင်၏ ခန္ဓာကိုယ်တွင် တစ်ခုခုဖြ​စ်နေကြောင်း အတပ်ပြောနိုင်သည်။

ကွင်းပြင်အလယ်မှ ကျန်းတန်ကလည်း ခံစားမိသည်။ သူက နတ်မျက်လုံး ဖွင့်သည့်အဆင့်သို့ မရောက်သေးသော်လည်း ယီယွင် အဆင့်ချိုးဖျက်သွားကြောင်းကိုမူ အတပ်ပြောနိုင်သည်။

" ဒီကလေးက အဆင့်ချိုးဖျက်ဖို့အတွက် နတ်ကျားရိုင်းရဲ့ ဟိန်းဟောက်သံဖိအားကို တကယ်ကြီး အသုံးချခဲ့တာလား "

ကျန်းတန် အံ့အားသင့်နေသော်လည်း စိတ်ဝင်စားလာဟန်ဖြင့်..." စိတ်ဝင်စားစရာပဲ... ဒီလိုကြီးမားတဲ့ဖိအားကို သာမန်လူတွေ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ အသက်ရှုတစ်ကြိမ်က တစ်ရက်တာလောက် ကြာမြင့်တာကြောင့် စစ်ဆေးမှုကို ပြီးဆုံးစေဖို့ မစောင့်နိုင်အောင်ဖြစ်ကြရတယ်။ ဒါပေမဲ့ ဒီကလေးက ဒီအခွင့်အလမ်းကို အသုံးပြုပြီး သူ့အတွက် အခွင့်အရေးတစ်ခုအဖြစ် ရယူသွားခဲ့တယ်။ ဟားဟားဟား စိတ်ဝင်စားစရာပဲ "

ထိုကလေးက တစ်ရက်တွင် တစ်စုံတစ်ခုဖြစ်လာလိမ့်မည်ဟု ကျန်းတန် ခံစားမိနေသည်။

ယီယွင် လက်သီးဆုပ်ကာ အသက်ပြင်းပြင်း ရှုနေသည်။ အသက်ရှု တစ်ခုချင်းစီတိုင်းက ချိုမြလတ်ဆတ်နေသည်ဟု သူ ခံစားနေရ၏။ သူ၏တံတွေးများသည်ပင် အိုအေစစ်တစ်ခုမှ ရေများပမာဖြစ်​နေပြီး တစ်ခါမျိုချချိန်တိုင်းတွင် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနေလေ၏။

ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခြင်းသည် ခရမ်းသွေးနယ်ပယ်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်ဖြစ်ပြီး သူ့အတွက် တစ်လောကလုံးက ပိုမိုရှင်းလင်းလာသည်ဟု ခံစားနေရသည်။ သူ၏ ပတ်ဝန်းကျင်ကို အာရုံခံစားနိုင်စွမ်းများလည်း ပိုမိုတိုးတက်လာလေ၏။

ထိုမျှမကသေးဘဲ သူ၏ခန္ဓာကိုယ်ထဲတွင် မကုန်ခမ်းနိုင်သော စွမ်းအင်များ ရှိနေသည်ဟုလည်း ခံစားနေရသည်။ ဘေးပတ်လည်မှ ကောင်းကင်အဆင့်ယွမ်ချီများက သူ၏ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသည်။

ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်အဆင့် စစ်သည်တစ်ဦးက ပတ်ဝန်းကျင်မှ စွမ်းအင်များကို အလွယ်တကူပင် စုပ်ယူနိုင်သည်။ သူတို့က အစာရှောင်သည့်အဆင့်သို့ မရောက်သေးသည့်တိုင်အောင် အစားအစာများ မရှိလျှင်ပင် အသက်ရှင်နိုင်ကြသည်။

" ဒါက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်အဆင့်ပဲ။ ခံစားရ ကောင်းလိုက်တာ " ယီယွင် လက်သီးဆုပ်လိုက်လေပြီး ခံစားချက်တစ်ခုကို ခံစားနေမိသည်။ သူ လျှိုင်ချမ်းယုကို လှမ်းကြည့်လိုက်လေ၏။

ယီယွင်နှင့် လျှိုင်ချမ်းယုတို့က ခြေလှမ်းဒါဇင်များစွာ ကွာဝေးလေပြီး တစ်ဦးနှင့်တစ်ဦး တည့်တည့်စိုက်ကြည့်နေကြ၏။

All Chapters