← Chapters

တစ်ကြိမ်မောက်မာခြင်း

Vol. 6 Ch. 88

တစ်ကြိမ်မောက်မာခြင်း

Vol. 6 Ch. 88

ယခင်အပိုင်းများတွင် Tao Tribe = တာအိုမျိုးနွယ်ဟု ဘာသာပြန်ထားသည်ကို Tao Tribe = တောက်မျိုးနွယ်ဟု ပြောင်းလဲသုံးစွဲသွားပါမည်

သူတို့နှစ်ဦး အပြန်အလှန် ကြည့်နေကြ၏။ လျှိုင်ချမ်းယုနှင့် ယီယွင်တို့က ကျေအေးမရသောအဆင့်သို့ ရောက်ရှိနေသည်။ ကူးပြောင်းလာသော ဤကမ္ဘာထဲတွင် ယီယွင်၏ ပထမဆုံးရန်သူက လျှိုင်ချမ်းယု ဖြစ်သည်။

" လျှိုင်ချမ်းယု... အခု ငါ မင်းနဲ့ တိုက်ခိုက်ချင်တယ် " ယီယွင်က အချိန်အတန်ကြာ မျိုသိပ်ထားခဲ့ရသည့် စကားလုံးကို စိတ်ထဲတွင် ဆိုလိုက်သည်။ နောက်ဆုံးတွင် သူ လိုအပ်နေသည့် အကြွင်းမဲ့စွမ်းအားကို ရရှိခဲ့ပြီဖြစ်၏။ လျှိုင်ချမ်းယုနှင့် ယိုယွင်တို့ တိုက်ခိုက်လာမည်ဆိုလျှင်ပင် ယီယွင် ကြောက်နေမည်မဟုတ်ပေ။

လက်ရှိတွင် ယီယွင် လုပ်လိုသည့် တစ်ခုတည်းသောအရာမှာ လျှိုင်ချမ်းယုကို ရက်ရက်စက်စက် ရိုက်နှက်ပစ်လိုခြင်းပင်။ ဖြစ်နိုင်မည်ဆိုလျှင် လျှိုင်ချမ်းယုကို တစ်သက်လုံး ဒုက္ခိတဖြစ်သွားစေလိုသည်။

လျှိုင်ချမ်းယုက ယီယွင် မည်သို့ဖြစ်နေသည်ကို မသိလေဘဲ ထိုကောင်က အနည်းငယ်ကွဲပြားနေသည်ဟုသာ ခံစားမိသည်။ သို့သော် မည်သည့်အရာ ကွဲပြားနေကြောင်းကိုမူ သူ မပြောနိုင်ချေ။

" ဟမ့်... မင်း ငါ့ကို ဘာကြည့်နေတာလဲ။ မင်းက ငါ့ကို ရိုက်ချင်နေတယ်လို့တော့ လာမပြောနဲ့နော်။ မင်းက အရည်အသွေးမမီဘူး " လျှိုင်ချမ်းယုက နေရာတွင် အားတင်းရပ်နေလျက်ရှိပြီး ခြေလှမ်းဒါဇင်များစွာအကွာမှ ယီယွင်၏နားထဲသို့ အသံပို့လိုက်သည်။

ထိုနည်းစနစ်ကို ယီယွင် မသိပေ။ လျှိုင်ချမ်းယုကို စကားပြောရန်အတွက် အော်ရမည်ဖြစ်ပြီး သူ့ကိုယ်သူအား အရူးလုပ်သည့်ပမာ ဖြစ်သွားစေလိမ့်မည်။

" ငါ အဲ့ဒီနည်းစနစ်ကို သင်ယူဖို့လိုတယ် " ယခင်က ဝူးရှဝတ္ထုများ ဖတ်ဖူးသရွေ့အရဆိုလျှင် ရန် ၊ တု ၊ အာ ၊ မိန်တို့ကို ဖွင့်ထားသည့် ကျွမ်းကျင်သူတစ်ဦးအဖို့ ထိုကိစ္စကိုလုပ်ဆောင်ရန် မခက်ခဲကြောင်း ယီယွင် သိသည်။ သို့သော် ယီယွင်တွင် နည်းစနစ်မရှိ၍ ပြန်ပြောနိုင်ခြင်းမရှိပေ။

သူက လျှိုင်ချမ်းယုကို လက်သန်းထောင်ပြလိုက်၏။ ဤကမ္ဘာထဲတွင်ပင် လက်သန်းထောင်ပြခြင်းက စော်ကားရန်စခြင်းကို ကိုယ်စားပြုလေ၏။

လျှိုင်ချမ်းယု၏မျက်နှာ ခက်ထန်သွားကာ..." မင်း သေချင်နေတာလား "

ယီယွင် ပြက်ရယ်ပြုကာ လျှိုင်ချမ်းယုကို လျစ်လျူရှုလိုက်သည်။

မောက်မာတာတဲ့လား။ အေး ဟုတ်တယ်။ အဲ့ဒါက မောက်မာတာပဲ။

ယီယွင်က သိုဝှက်တတ်သူ မဟုတ်ပေ။ အတိတ်တွင် သူက စောင့်ကြည့်မှုအောက်တွင် နေထိုင်ခဲ့ရလေပြီး စွမ်းအားချို့တဲ့နေလေသောကြောင့် သည်းခံရုံသာ ရှိခဲ့သည်။ ယခုတွင်မူ သူ့တွင် စွမ်းအားရှိလာပြီဖြစ်ပြီး လျှိုင်မျိုးနွယ်က သူ၏စွမ်းအားကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။ လက်ရှိတွင် ဆက်လက်၍ သည်းခံနေရန် လိုပါဦးမည်လော။

" မင်းရဲ့သခင်ကို မလေးမစားလုပ်ပြနေတယ်ပေါ့လေ ကျွန်ပေါက်လေး "

မဝေးလှသောနေရာတွင် ရှိနေသည့် တောက်ယွင်ရှောင်းက ယီယွင်၏အခြေအနေကို သတိပြုမိသည်။ ယီယွင်က လျှိုင်မျိုးနွယ်မှဖြစ်သည်ဟု လျှိုင်ချမ်းယု ပြောခဲ့ဖူးသည်ကို သူ အမှတ်ရသွား၏။ တောက်ယွင်ရှောင်းအတွက် ထိုကဲ့သို့ မျိုးနွယ်ဝင်များက ကျွန်များနှင့် အတူတူသာ ဖြစ်သည်။

ထိုကျွန်က လျှိုင်ချမ်းယုကို လက်သန်းထောင်ပြဝံ့နေချေ၏။ ထိုကဲ့သို့ မောက်မာမှုမျိုးက သေသင့်သည်။

တောက်ယွင်ရှောင်းက ထိပ်သီးများကို အုပ်ချုပ်ရလေပြီး လျှိုင်ချမ်းယုနှင့် အနေအထားတူသည်။ သူကိုယ်တိုင်က သခင်တစ်ဦး ဖြစ်နေသည့်အတွက် ကျွန်တစ်ယောက်က သခင်အား ပုန်ကန်နေသည်ကို သူ ကြည့်မနေနိုင်ပေ။

" ကောင်လေး... မင်းက အတော်မောက်မာပါ့လားကွ " တောက်ယွင်ရှောင်းကလည်း အသံထဲတွင် မည်သို့အင်အားထည့်ရမည်ကို သိရှိလေပြီး သူ၏အသံထဲတွင် အပ်တစ်ချောင်းကဲ့သို့ ကြမ်းတမ်းသောတိုက်ခိုက်မှုကို တမင်ထည့်သွင်းကာ ယီယွင်၏နားစည်ကို တိုက်ခိုက်ခဲ့လေသည်။

ယီယွင် တောက်ယွင်ရှောင်းကို ကြည့်လိုက်သည်။ အလွန်တရာ မောက်မာသူတစ်ဦးအဖို့ တစ်လောကလုံးတွင် သူတစ်ဦးတည်းသာ မောက်မာခွင့်ရှိလေပြီး အခြားသူတစ်ဦးက သူ့ထက် ပိုမိုမောက်မာနေပါက သူ၏ဩဇာအာဏာကို စိန်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုသူက မကျေမချမ်းဖြစ်ပြီး တစ်ဖက်လူကို ပစ်မှတ်ထားကာ တိုက်ခိုက်ပေလိမ့်မည်။

ယီယွင်က တောက်ယွင်ရှောင်းကို လျှိုင်ချမ်းယုအား မုန်းတီးသကဲ့သို့ မုန်းတီးခြင်းမရှိပေ။ သို့သော် ထိုကောင်က ဆုံးမခံရသင့်သည်ဟု ယီယွင် ထင်မိသည်။

ယီယွင်က မည်သို့အသံပို့လွှတ်ရမည်ကို မသိလေသောကြောင့် တောက်ယွင်ရှောင်းကို လက်သန်းထောင်ပြလိုက်လေသည်။

တောက်ယွင်ရှောင်းက ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရခြင်းမရှိသေးဘဲ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ ထိုသို့သာမဟုတ်လျှင် ထိုကောင်က အကြိုစစ်ဆေးမှုတွင် ပါဝင်ရန် လိုမည်မဟုတ်ပေ။ ကျင့်ကြံမှုအဆင့်များက တူညီနေပေရာ မည်သူ့ကို ကြောက်နေရမည်နည်း။

" ချီးပဲ " တောက်ယွင်ရှောင်း၏ နဖူးတွင် သွေးကြောများ ထောင်လာသည်။ ကျွန်ပေါက်လေးက အလွန်မောက်မာနေကာ သူ့ကိုပင် ရန်စခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ မင်းက သေချင်နေတာပဲ။

" နောက်မှမွေးတဲ့ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ အမှန်ပါပဲလား။ ငါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား။ သိပ်ကောင်းတယ်။ မင်းရဲ့အပြုအမူအတွက် တစ်သက်လုံး နောင်တရနေအောင် ငါ လုပ်ပေးမယ် " တောက်ယွင်ရှောင်း ကြုံးဝါးလိုက်သည်။

ထိုစကားလုံးများက တောက်ယွင်ရှောင်းကိုသာ တည့်တည့်ပြန်ထိနေလေသောကြောင့် ယီယွင် ရယ်လိုက်သည်။ ဒုက္ခကို မကြုံဖူးသည့် ၁၄ နှစ်သားလေးက သူ့အကန့်အသတ်ကို မသိရှာချေ။

လောကထဲရှိ လူအများစုသည် မိမိကိုယ်ကို ကွဲပြားသည်ဟု ထင်တတ်ကြလေပြီး ငတုံးတစ်ဦးသည်ပင် ထိုသို့သာ တွေးတတ်ကြသည်။

တောက်ယွင်ရှောင်းက သူ့ကိုယ်သူအား တိုင်အာနတ်ပြည်ထောင်မှ ထွက်ခွာမည့် မျိုးဆက်သစ်များ၏ သခင်ဖြစ်သည့် ထူးခြားသူဟု သတ်မှတ်ထားသည်။

ယီယွင် တောက်ယွင်ရှောင်းအား လျစ်လျူရှုကာ ဦးချိုဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းလိုက်လေသည်။ သူ စွမ်းအင်များ စုပ်ယူနေသည်မှာ မပြီးသေးပေ။

ခရမ်းရောင်သလင်းကျောက် စုပ်ယူခဲ့သည့် စွမ်းအင်များအားလုံးကို ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သို့ ချိုးဖျက်ရန်အတွက် အသုံးပြုခဲ့ရသည်ဖြစ်၍ ခန္ဓာကိုယ်တွင် စွမ်းအင်ချို့တဲ့နေသည်ဟု ယီယွင် ခံစားနေရသည်။

ဗလာကျင်းအခြေအနေမျိုးတွင် မျက်စိရှေ့မှောက်ရှိ အဆင့်မြင့် စွမ်းအင်အရင်းအမြစ်ကို အရူးတစ်ယောက်ကသာ စုပ်ယူခြင်းမပြုဘဲ နေပေလိမ့်မည်။

အစောပိုင်းက သူ ခံစားခဲ့ရသည့် နတ်ကျားရိုင်း၏ မသက်မသာဖြစ်စေသော စွမ်းအားများသည် ယခုအခါတွင်မူ ယီယွင်အတွက် သက်တောင့်သက်သာ ဖြစ်နေလေ၏။ ဖိအားများလည်း ရှိနေပေသောကြောင့် ယီယွင် စုပ်ယူနေသည့် စွမ်းအင်များကို ပိုမို၍ပင် အာနိသင်ရှိလာစေခဲ့သည်။ ထိုသို့​အခြေအနေမျိုးတွင် ယီယွင်က ဦးချိုအနီးသို့ သွားလိုနေသည်မှာ ပုံမှန်သာဖြစ်သည်။

တောက်ယွင်ရှောင်းက အထင်သေးဟန်ဖြင့်ပြုံးကာ..." ကျွန်ပေါက်လေးက ခေါင်းမာတာပဲ။ မင် ဘယ်လောက်ဝေးဝေးအထိ သွားနိုင်မလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်။ မင်းရဲ့ခန္ဓာကိုယ်က ချွေးတွေအားလုံးကို အပြတ်ဖျောက်ချင်နေတာမလား "

တောက်ယွင်ရှောင်း၏ စကားများက သရော်ဟန်များ ပြည့်နေသော်လည်း ယီယွင်က လျစ်လျူရှုထားခဲ့သည်။

စလျှောက်ချိန်တွင် ခြေလှမ်းတိုင်းက လွယ်ကူသော်လည်း ဦးချို၏စွမ်းအင်များကို စုပ်ယူလိုပြီး ဖိအားများကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို မြင့်တင်လိုပေသောကြောင့် သူ၏အမြန်နှုန်းက မြန်ဆန်ခြင်းမရှိပေ။

တစ်ခဏအကြာတွင် လျှိုင်ချမ်းယု မတ်တပ်ရပ်နိုင်ခဲ့လေ၏။

ထိုကောင်က နတ်ကျားရိုင်း၏ ဖိအားများ မြင့်တက်လာချိန်တွင် ဒဏ်ရာရခြင်းပင်မရှိဘဲ ရှေ့သို့ဆက်သွားနိုင်နေသည်မှာ ယုံကြည်ရန်ခက်ခဲလှသည်။ စိတ်သဘောထား ကျဥ်းမြောင်းမှုနှင့် မနာလိုခြင်းတို့ကို ဘေးဖယ်ထားကာ ပြောရမည်ဆိုလျှင်မူ လျှိုင်ချမ်းယုက သိုင်းပညာလမ်းစဥ်တွင် မဆုတ်မနစ်ကြိုးပမ်းကာ ဇွဲကောင်းချေ၏။

ယီယွင် ၊ လျှိုင်ချမ်းယု ၊ တောက်ယွင်ရှောင်းတို့ကို ဦးချိုဆီသို့ စတင်ကာ လျှောက်သွားကြသည်။ လူဆယ့်နှစ်ယောက်သာ ကျန်တော့သော်လည်း အားလုံးက မြေပြင်တွင် လဲကျနေသည်။

လူများစွာသည် အောင်မြင်ခဲ့ပြီးဖြ​စ်သော်လည်း အစောပိုင်းတွင် အရှိန်အဝါက တွန်းထုတ်လိုက်လေသောကြောင့် ဒဏ်ရာရထားကြသည်။ ထို့ကြောင့် သူတို့ ဘေးကင်းသည့်အကွာအဝေးအထိ ဆုတ်ခွာခဲ့ရသည်။

စိတ်ဝိညာဥ်တွင် ခွန်အား ၂၀% ၊ ရဲရင်မှု ၂၀% ၊ စိတ်ဓာတ်ခိုင်မာမှု ၂၀% ၊ ဇွဲသတ္တိ ၂၀% ပါဝင်သည်။ ဤသည်ကား လူတစ်ဦးကို ခြုံငုံစစ်ဆေးခြင်း ဖြစ်သည်။ ကဏ္ဍတစ်ခု ချို့ယွင်းနေပြီး အခြားကဏ္ဍများတွင် ထူးချွန်နေပါက အကြိုစစ်ဆေးမှုကို အောင်မြင်နိုင်ပေမည်။

" ဒီကောင်လေးက အခြားသူတွေကို လက်သန်းထောင်ပြနေတာပါ့လား။ ဒါက မောက်မာပြီး ကလေးဆန်တယ်ဆိုပေမဲ့ ငါ သဘောကျတယ် " အဖိုးအိုစုက မုတ်ဆိတ်သပ်ရင်း ရယ်မောလိုက်သည်။

" ဆရာ ၊ ယီယွင် ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး အဆင့်ချိုးဖျက်သွားရတာလဲ " လင်ရှင်းထုံ အံ့ဩမဆုံး ဖြစ်နေသည်။

" သူက ဖိအားအောက်မှာ အဆင့်ချိုးဖျက်ခဲ့တာပဲ။ တစ်ခါတစ်ရံမှာ စစ်သည်တော်တွေက ကြီးမားတဲ့ဖိအားအောက်မှာ သူတို့ရဲ့ အတားအဆီးကို ချိုးဖျက်ကြရတယ်။ ဥပမာပေးရရင် အန္တရာယ်ကြုံနေရပြီး အသက်ဘေးရင်ဆိုင်နေရချိန်မှာ စစ်သည်တော်တွေက အဆင့်ချိုးဖျက်ပြီး အန္တရာယ်ခံတွင်းဝကနေ လွတ်မြောက်နိုင်ကြတယ်။ ဒါက အံ့ဩဖို့ကောင်းတဲ့ စွမ်းရည်တစ်ခုပဲ။ ပုံမှန်ဆိုရင် အဲ့ဒီလူတွေမှာ စိတ်ဝိညာဥ်တွေ အများကြီးရှိလာပြီးတော့ အခြေနေဆိုးတွေထဲမှာတောင် ရှင်သန်နိုင်ပြီး အနာဂတ်မှာ ဝေးဝေးလံလံအထိ ခရီးပေါက်ရောက်နိုင်ကြတယ် "

ယီယွင်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ချို့တဲ့နေသည်ဖြစ်ပေရာ အဖိုးအိုစုက မြှောက်ပင့်ပေးသော စကားလုံးများ ပြောနေသည်ဟု လင်ရှင်းထုံ မယုံကြည်ပေ။ သို့သော် ယီယွင်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဆိုးရွားနေသည်ကို ဘေးဖယ်ထားလျှင်မူ ယီယွင်က သိုင်းပညာထူးချွန်မှုအတွက် လိုအပ်သည့် ကဏ္ဍအားလုံးကို ဖြည်းဆည်းနိုင်လေ၏။

ထိုကဲ့သို့ လူမျိုးက အားနည်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချုပ်အနှောင်ကို တဖြည်းဖြည်းချင်းရုန်းထွက်ကာ ကြီးမားသည့်ကိစ္စများ အောင်မြင်နိုင်မည်လော။

လင်ရှင်းထုံက ထိုအရာကို မသိပေ။ ထို့အတူပင် အနာဂတ်တွင် သူမ၏ ပျက်စီးနေသော သွေးကြောများ ပြန်ဆက်လာစေနိုင်မည့် အသေးငယ်ဆုံးမျှော်လင့်ချက်တစ်ခု ရှိလာလိမ့်မည်လားကိုလည်း သူမ မသိပေ။

လင်ရှင်းထုံ တွေးနေချိန်တွင် ယီယွင်က ရှေ့သို့ ခြေရှစ်လှမ်းတိုးသွားခဲ့ပြီး ဖြစ်သည်။ ယီယွင်က ခြေတံတိုပေရာ ခြေရှစ်လှမ်း တိုးခဲ့သည့်တိုင်အောင် ခြေဆယ်လှမ်းစည်းနှင့် ဝေးနေသေးသည်။

လက်ရှိတွင် လျှိုင်ချမ်းယုက ထိုစည်းသို့ ရောက်ရှိနေသည်။ ခြေဆယ်လှမ်းစည်းတွင် ဖိအားများ ထပ်တိုးလာမည်ဖြစ်၍ လျှိုင်ချမ်းယုက ယီယွင်ကို ဟန်ပါပါကြည့်လိုက်လေ၏။ လျှိုင်ချမ်းယု အသက်ပြင်းပြင်းရှုကာ ခြေလှမ်းရန်အတွက် ခြေထောက်မြှောက်လိုက်သည်။

ဘုန်း...။

လျှိုင်ချမ်းယုမှာ သူ့အား ကြီးမားလှသော သတ်ဖြတ်လိုစိတ်တစ်ခု လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရလေပြီး တစ်ခဏအတွင်းမှာပင် သွေးပင်လယ်၏ အလယ်သို့ ရောက်သွားသည့်အလား ခံစားမိသွားခဲ့သည်။

လျှိုင်ချမ်းယု၏ခန္ဓာကိုယ် ရုတ်တရက်ပင် တုန်ခါသွားကာ အရိုးများ ဖျိုးဖျိုးဖျစ်ဖျစ် မြည်လာခဲ့သည်။ လျှိုင်ချမ်းယုက အဆုံးမဲ့ပမာဏရှိသည့် သွေးဆာမှုများနှင့် သတ်ဖြတ်လိုစိတ်များကို တားဆီးနေရသည့်အလားပင် လည်ပင်းတွင် သွေးကြောစိမ်းများ ထောင်ထလာ၏။

ဘုန်း..။

လျှိုင်ချမ်းယု ဒူးတစ်ဝက်ထောက်ကျသွားပြီး မြေပြင်အား လက်ထောက်ကာ သူ့ကိုယ်သူအား ထိန်းထားရသည်။ သူ၏မျက်ဝန်းများ နီရဲနေကာ အသက်ပြင်းပြင်း ရှုနေရ၏။ သူ၏ပါးပြင်သည် ဖားတစ်ကောင်ပမာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပေရာ ယင်းက သူ၏အကန့်အသတ်ဖြစ်ကြောင်း ထင်ရှားလှသည်။ သို့သော် သူက ဦးချိုနှင့် ခြေဆယ်လှမ်းအကွာထဲသို့ ရောက်နိုင်ခဲ့လေသည်။

" ငါ အောင်မြင်တယ် " လျှိုင်ချမ်းယုက နှာခေါင်းသွေးယိုကာ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး မရှုမလှဖြစ်နေသည့်တိုင်အောင် အောင်မြင်နိုင်ခဲ့၍ လက်သီးဆုပ်လိုက်သည်။

သူက အကြိုစစ်ဆေးမှုတွင် ထိပ်ဆုံးနေရာနှင့် နီးကပ်နေခြင်းကြောင့် အဆုံးမဲ့စိတ်လှုပ်ရှားနေခဲ့သည်။

အကြိုစစ်ဆေးမှုတွင် မပြိုင်ရသည့် ခရမ်းသွေးနယ်ပယ် စစ်သည်ကိုးဦး ၊ တောက်ယွင်ရှောင်းနှင့် တောက်မျိုးနွယ်မှ လက်တစ်ဆုပ်စာခန့်သော ထိပ်သီးများမှလွဲ၍ သူ့အား မည်သူကမျှ မယှဥ်နိုင်ပေ။

အကြိုစစ်ဆေးမှု၏ အဆင့်အတိုင်း ဆက်လက်ထိန်းသိမ်းနိုင်ပါက သူ ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ရန်အတွက် ပြဿနာမရှိပေ။

" ကောင်းတယ် " လျှိုင်ချမ်းယု ကျယ်လောင်စွာ ရယ်လိုခဲ့သော်လည်း စွမ်းအင်အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်၍ ရယ်နိုင်ခြင်းမရှိခဲ့ပေ။

ရုတ်ခြည်းမှာပင် ယီယွင်က နံဘေးသို့ ရောက်ရှိလာသည်ကို လျှိုင်ချမ်းယု သိလိုက်ရသည်။

လျှိုင်ချမ်းယုက ခြေဆယ်လှမ်းအတွင်း ရောက်နိုင်ရေးအတွက် ဖိအားများကို စိန်ခေါ်ခဲ့ရသည်ဖြစ်ပြီး ယီယွင်ကမူ ခြေဆယ်လှမ်းအတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ရောက်လာနိုင်ခဲ့သည်။

လျှိုင်ချမ်းယု၏နှုတ်ခမ်းတွင် အထင်သေးဟန်အချို့ ဖြစ်ပေါ်နေ၏။ သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံခြင်းကို ခံရပြီးသည့်နောက်တွင် ထိုအရာက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိခဲ့သည်။ တိုက်ပွဲအစစ်များစွာ ဆင်နွှဲဖူးခဲ့သည့်တိုင်အောင် သူသည် ကြီးမားလှသော သတ်ဖြတ်လိုစိတ်ကြောင့် သွေးပျက်လုမတတ် ဖြစ်ခဲ့ရသည်။ ယီယွင်က တောင်ပေါ်တက်ကာ ဆေးပင်ခူးခြင်းနှင့် ရွှံ့တူးကာ စားစရာရှာခြင်းများကိုသာ လုပ်ဖူးသည့် ကလေးတစ်ဦးဖြစ်ပေရာ အစစ်နှင့်အလွန်တူလှသည့် သတ်ဖြတ်လိုစိတ်တစ်ခုကို မည်သို့များ တောင့်ခံနိုင်ပါမည်နည်း။

ဤလောကထဲ၌ လူများစွာတွင် ပါရမီရှိနိုင်ကောင်းသော်လည်း ပါရမီရှင်နေလျှင်ပင် သူတို့ကိုယ်သူတို့ လေ့ကျင့်ပေးကာ သူတို့၏ အလားအလာများကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးရသည်။

ယီယွင်တွင် မည်ကဲ့သို့လေ့ကျင့်မှုမျိုး ရှိလေသနည်း။

လျှိုင်ချမ်းယုသည် ယီယွင် ထိခိုက်ခံစားရမည်ကို ကြည့်ရှုရန်အတွက် စောင့်နေခဲ့သည်။ သူက အလွန်ပင်နာကျင်ရသော တာဝန်တစ်ရပ်ကို ပြီးမြောက်ခဲ့ပြီဖြစ်၍ တစ်စုံတစ်ယောက်က ထိုတာဝန်အား လုပ်ဆောင်နေသည်ကို ကြည့်ရသည်မှာ ရှင်းမပြနိုင်အောင် ကောင်းမွန်သည့်ခံစားချက် ဖြစ်လေသည်။

သို့သော် ကိစ္စများက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်ချေ။

ယီယွင်က ခြေဆယ်လှမ်းစည်းအား ခြေတံတိုလေးနှင့် ကျော်ဖြတ်သွားသည်ကို လျှိုင်ချမ်းယု မြင်လိုက်ရသည်။ ထိုကောင်က ခြေတစ်လှမ်းပင် ရပ်မသွားခဲ့ချေ။ သည်အတိုင်း ဖြတ်ကျော်သွားခဲ့ချေ၏။

လျှိုင်ချမ်းယု၏မျက်ဝန်းများသည် ငါးကန်ထဲမှ ရွှေငါးတစ်ကောင်ပမာ ပြူးကျယ်နေလျက်ဖြင့် စူးစိုက်ကြည့်နေပြီး ကြောင်အနေသည်။

လျှိုင်ချမ်းယုသာမက မဝေးလှနေရာတွင်ရှိသည့် တောက်ယွင်ရှောင်းသည်လည်း ထိုအပြောင်းအလဲကို သတိပြုမိကာ မှင်တက်မိနေသည်။

အဘယ်သို့ ဖြစ်ရလေသနည်း။

All Chapters