အကြိုစစ်ဆေးမှုတွင် ပထမ
Vol. 6 Ch. 89
ခြေဆယ်လှမ်းစည်းကို ဖြတ်ကျော်ရန်အတွက်မူ တောက်ယွင်ရှောင်းအတွက်ပင် မလွယ်ကူချေ။ ထိုကိစ္စက နားမလည်နိုင်စရာပင်။ ယီယွင် ဖြတ်ကျော်ခဲ့သည့် ခြေဆယ်လှမ်းစည်းက အခြားသူများ ဖြတ်ကျော်ခဲ့ရသည့် စည်းနှင့် ကွာခြားနေလေသလော။
တောက်ယွင်ရှောင်းနှင့် လျှိုင်ချမ်းယုတို့ နားမလည်နိုင်ဖြစ်နေကြသည်။
သူတို့က ယီယွင် ဖြတ်ကျော်ခဲ့သည့် နေရာသို့သွားကာ လေ့လာနိုင်ခြင်းမရှိပေ။ အကြောင်းမူကား သူတို့၏နေရာတွင် ရပ်နေရန်အတွက်ပင် ခက်ခဲနေသည်ကို သိရှိလေသောကြောင့်ပင်။
ယီယွင်တွင် ပြိုင်စံရှား စိတ်ဝိညာဥ်တစ်ခု ရှိနေခြင်းကြောင့် ထိုကိစ္စကို စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်လေသလော။
ထိုအချက်က လက်မခံနိုင်စရာပင်။ အဝေးတွင်ရှိနေသည့် မအောင်မြင်ခဲ့သူများ ၊ အထူးသဖြင့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများမှာ တုန်လှုပ်နေကြပြီး ကြက်ဥတစ်လုံးလုံးကို မျိုချမိသည့်ပမာပင် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့၏ နှလုံးသားများထဲတွင် ပြိုင်ဘက်ကင်းဖြစ်သည့် သခင်လေးလျှိုင်ကို ယီယွင်က ကျော်တက်သွားချေသည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်ကပင် ယီယွင်က နတ်ကျားရိုင်း၏ အရှိန်အဝါကြောင့် ဖိအားခံစားရကာ ချွေးများစိုရွှဲနေပြီး သနားစဖွယ်ဖြစ်နေခဲ့သည်။ ထိုကောင့်အား နတ်များက ကူညီပေးခဲ့သည့်အလားပင် အဘယ်သို့ဖြစ်၍ ရှေ့သို့ အေးအေးလူလူ လျှောက်သွားနိုင်ခဲ့လေသနည်း။
အဘယ်သို့ဖြစ်၍ ထိုကောင်လေးက သူတို့ထက် စိတ်ဝိညာဥ် ပိုကြီးမားနေရလေသနည်း။
ယီယွင်၏စွမ်းအားကို သူတို့ လက်မခံနိုင်ပေ။ ထိုကောင်က သိုင်းပညာကို ရက်အနည်းငယ်ခန့်သာ လေ့ကျင့်ခဲ့သည်ဖြစ်ပြီး ခွန်အားများ ထိုမျှလောက်အထိ မများသင့်ပေ။ ချောင်ထဲတွင် မွေးဖွားလာပြီး လောကကြီးကို မမြင်ဖူးသေးသည့် ၁၂ နှစ်အရွယ် ကလေးတစ်ဦးက အဘယ်သို့ဖြစ်၍ သူတို့ထက် ပိုမိုရဲရင့်ကာ အခက်အခဲထဲတွင် စိတ်ဓာတ်ခိုင်မာနေရလေသနည်း။
" ဒီစစ်ဆေးမှုက တစ်ခုခု မှားနေပုံပဲ။ ယီယွင်က ဟာကွက်တစ်ခု တွေ့သွားခဲ့များလား " လျှိုင်ချမ်းယုသည် ထိုအကြောင်းပြချက်ကသာ လက်သင့်ခံနိုင်ဖွယ်ရာရှိသည်ဟု တွေးနေမိ၏။ သို့သော် ကျန်းတန် ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ချိန်တွင်မူ သူ၏ ငြင်းဆိုမှုက စည်းကျော်နေပြီး သူ့အား ကျန်းတန်က အထင်သေးသွားခြင်းသာ ဖြစ်လာလိမ့်မည်ကို လျှိုင်ချမ်းယု သိရှိသွားခဲ့သည်။
သောက်ကျိုးနည်းလှချေသည်။
လျှိုင်ချမ်းယုက ထိုအရာကို လက်မခံနိုင်ပေ။ ခြေဆယ်လှမ်းစည်းထဲ ခြေချနိုင်ခဲ့သည့် သူ၏ရလဒ်က ထိပ်ပိုင်းတွင်ရှိသည်။ သို့သော် သူ အမုန်းဆုံးသူ ယီယွင်က သူ့အား ဖိနှိမ်ခဲ့လေ၏။ မည်သည့်အရာ မှားယွင်းနေသည်ကို သူ မသိတော့ချေ။
ထိုစဥ် တောက်ယွင်ရှောင်းက စတင်လှုပ်ရှားလာကာ ရှေ့သို့ အမြန်တက်သွားလေသည်။
နတ်ကျားရိုင်း၏ အရှိန်အဝါက ဖိနှိမ်လှပေသောကြောင့် ဦးချိုနှင့် ခြေတစ်လှမ်းအကွာသို့ ရောက်ရှိပြီး ထိတွေ့ရန်မှာ မဖြစ်နိုင်ကြောင်းကို တောက်ယွင်ရှောင်း သိလေသည်။ သူ၏ဆန္ဒက ယီယွင်ကို မရှုံးစေရေးသာ ဖြစ်သည်။
သို့သော် ယီယွင်၏ ခြေလှမ်းများက ပိုမိုခိုင်မာလာခဲ့သည်။ သူ၏ခြေလှမ်းများက တောက်ယွင်ရှောင်း ယှဥ်နိုင်သည့်အရာမျိုး မဟုတ်ချေ။
အမှန်တကယ်တွင် ယီယွင်သာ ခရမ်းရောင်သလင်းကျောက်ကို ထိန်းချုပ်ပြီး နတ်ကျားရိုင်း၏ စွမ်းအင်များကို စုပ်ယူခြင်းမပြုခဲ့ပါက သူ၏အမြန်နှုန်းများ ပိုမိုမြန်ဆန်သွားပေလိမ့်မည်။
နတ်ကျားရိုင်းဦးချို၏ စွမ်းအင်များကို အသုံးပြုပြီး ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သို့ ချိုးဖျက်ပြီးနောက်တွင် ယီယွင်က ဦးချို၏ဖိအားများကို သဘောတွေ့လာခဲ့သည်။ ဖိအားများကြောင့် သူ၏အသွေးအသားများနှင့် ကလီစာများ ခုန်ပေါက်နေသည့်အလားပင် ခံစားရကောင်းလှသည်။
တောက်ယွင်ရှောင်းမှာမူ ယီယွင် အမီလိုက်လာသည်ကို မြင်တွေ့လိုက်ရပြီး ပိုမိုစိုးရိမ်လာသည်။ သူသည် ယီယွင်ကို ဖိနှိမ်နိုင်မည်ဟု မျှော်လင့်လျက်ဖြင့် အရာအားလုံးကို ဥပေက္ခာပြုကာ ရှေ့ဆက်သွားလေသည်။
ခန္ဓာကိုယ်အား ဖိအားပေးလွန်းခြင်းကြောင့် သူ၏ အသက်ရှုနှုန်းများ တိုတောင်းလာကာ ခန္ဓာကိုယ်တွင်လည်း ချွေးများရွှဲလာသည်ကို တောက်ယွင်ရှောင်း စတင်ခံစားလာရသည်။ သူ၏အကန့်အသတ်နှင့် နီးနေချေပြီ။
သို့သော် သူ၏နောက်တွင် ခြေသံများက ပိုမို၍ပင် ကျယ်လောင်လာသည်ကို ကြားနေရ၏။ တောက်ယွင်ရှောင်း ပျာယာခတ်နေသည်။
" ဒီကောင်က ငါ့ကို ကျော်တက်လို့မရဘူး။ ဒီကောင်က ငါ့ကို ကျော်တက်လို့မရဘူး " တောက်ယွင်ရှောင်း စိတ်ထဲတွင် အော်ဟစ်နေလျက်ရှိပြီး သူ၏ခြေလှမ်းတိုင်းတွင် ကြီးမားသော တောင်တစ်လုံးကို သယ်ဆောင်နေရသည့်ပမာ ခံစားနေရသည်။
တောက်ယွင်ရှောင်း မည်မျှပင်ကြိုးစားစေကာမူ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့လေဘဲ သူ၏နံဘေးသို့ ယီယွင်က ခြေတိုလေးနှင့် ရောက်လာခဲ့သည်ကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့ရသည်။
ယီယွင်နှင့် ယှဥ်ကြည့်မည်ဆိုလျှင် တောက်ယွင်ရှောင်းက အနှေးပြကွက်ဖြင့် သွားနေသည့်ပမာ ဖြစ်နေလေပြီး ရယ်စရာကောင်းလှသည်။ တောက်ယွင်ရှောင်းနှင့် ယီယွင်တို့ အလွန်နီးကပ်နေလျက်ရှိပြီး တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။
အကြည့်ချင်းဖလှယ်ရင်းဖြင့် ယီယွင် ရှက်ပြုံးပြုံးကာ နှုတ်ဆက်ခဲ့ပြီးနောက် တောက်ယွင်ရှောင်းကို ဖြတ်ကျော်သွားခဲ့သည်။
တောက်ယွင်ရှောင်း သွေးအန်ရလုနီးပါး ဖြစ်သွားရ၏။ သူ့ထက် စွမ်းအားနိမ့်ကျလေပြီး မျိုးနွယ်ငယ်တစ်ခုမှ ရွာသားတစ်ဦးက သူ့အား ကျော်တက်သွားခဲ့ချေသည်။ ဆယ့်လေးနှစ်တာ ဂုဏ်သိက္ခာများ ကြီးစွာပျက်စီးသွားရသည်ဟု တောက်ယွင်ရှောင်း ခံစားနေရသည်။ သူ ထိုအရာကို လက်သင့်မခံနိုင်ပေ။
တောက်ယွင်ရှောင်းက အာရုံစူးစိုက်မှု ပျောက်သွားခဲ့ချိန်တွင် ကောင်းကင်ထက်မှ နတ်ကျားရိုင်းပုံရိပ်က ဒုတိယအကြိမ် ဟိန်းဟောက်လိုက်လေသည်။
ဝေါင်း...။
ငရဲပြည် သွေးကန်ထဲမှ သတ်ဖြတ်လိုစိတ်တစ်ခု ပျံ့နှံ့လာသည့်အလားပင်။ ကြိုတင်ပြင်ဆင်မထားသည့် တောက်ယွင်ရှောင်းကို ထိုသတ်ဖြတ်လိုစိတ်က ရိုက်ခတ်သွားလေသည်။ သူ အကြိမ်အနည်းငယ်ခန့် ဒလိမ့်ခေါက်ကွေးဖြစ်ပြီးနောက် မြေပြင်ပေါ်သို့ ဖင်ထိုင်ကျသွားလေ၏။
လျှိုင်ချမ်းယုမှာမူ ခြေလှမ်းတစ်ဒါဇင်ခန့် လွင့်စဥ်သွားရပြီး ခြေလှမ်းနှစ်ဆယ်စည်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
ယီယွင်ကမူ ဟိန်းဟောက်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်၌ စွမ်းအင်များကို အမြင့်ဆုံးအထိ စုဆောင်းနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။
ဂျွတ်...ဂျွတ်...ဂျွတ်...။
ကြက်ဥအခွံအား ခွဲချေသကဲ့သို့ အသံများ ထပ်မံထွက်ပေါ်လာသည်။ စွမ်းအင်များက ယီယွင်၏ခန္ဓာကိုယ်အား သန့်စင်ပေးခဲ့ကာ ခန္ဓာကိုယ်တစ်လက်မချင်းစီတိုင်းကို မာကျောသွားစေသည်။
ဖူး...။
ယီယွင် ခြေလှမ်းအနည်းငယ်ဆုတ်၍ သွေးအနက်များ အန်ထုတ်လိုက်သည်။ ထိုသွေးအနက်များက ယီယွင်၏ ခန္ဓာကိုယ်ထဲမှ မသန့်စင်မှုများ ဖြစ်ချေသည်။ ချဥ်ဆီများ စင်ကြယ်သွားပြီး ခန္ဓာကိုယ်ထဲမှ မသန့်စင်မှုများ ရှင်းလင်းသွားလေသောကြောင့် ယီယွင်၏ခန္ဓာကိုယ်သည် ပိုမို၍ပင် သန့်စင်လာခဲ့လေ၏။
သူ၏ခန္ဓာကိုယ် သန့်စင်လာသည်နှင့်အတူ အုတ်မြစ်ကောင်းတစ်ခုအား ချနိုင်ခဲ့လေသည်။ သူ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်သည့်နေ့သို့ ရောက်လာခဲ့လျှင် ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်က ခရမ်းသွေးနယ်ပယ် အခြားစစ်သည်များထက် စွမ်းအင်များ ပိုမိုသိုလှောင်နိုင်လာပေလိမ့်မည်။
" ပြည်ထောင်ရွေးချယ်ပွဲ အကြိုစစ်ဆေးမှုက ငါ့အတွက် ကံကောင်းစေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါကို အသုံးချပြီးတော့ ငါက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်ကို ချိုးဖျက်နိုင်ခဲ့ပြီးတော့ ခရမ်းသွေးနယ်ပယ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ပြည့်နေတာကိုလည်း ခံစားမိတယ်။ ငါ ဒီစွမ်းအင်တွေကို ကျင့်ကြံပြီး အသုံးပြုပစ်ဖို့အတွက် တကယ်ကို မစောင့်နိုင်တော့ဘူး "
ယီယွင် စွမ်းပင်များ စုပ်ယူနေသည်မှာ ပြည့်ဝနေပြီဖြစ်ပြီး အနည်းငယ်ပင် တိုးမလာတော့ပေ။ ထို့အပြင် သူက တောက်ယွင်ရှောင်းကို ကျော်ဖြတ်ခဲ့ပြီး အကြိုစစ်ဆေးမှု၏ ပထမနေရာကိုလည်း ရရှိနေပေပြီ။
" ဆရာ ၊ ယီယွင်က ပထမနေရာ ယူသွားပြီ " လင်ရှင်းထုံက ပြိုင်ပွဲဝင်များထဲတွင် ယီယွင်ကိုသာ သိလေသည်။ ထို့အပြင် သူမ၏သွေးကြောများကလည်း ယီယွင်နှင့် ပတ်သတ်မှုအချို့ ရှိနေသည်ဖြစ်၍ သူမက ယီယွင်ကိုသာ နိုင်စေလိုခဲ့သည်။
" မြေစာပင်အဆင့် ပြည်ထောင်ရွေးချယ်ပွဲရဲ့ အကြိုစစ်ဆေးမှုလေးပဲလေကွာ။ သူ ပထမရတော့ရော ဘာဖြစ်လဲ။ ဘာမှ အထင်ကြီးစရာမရှိဘူး " အဖိုးအိုစုက အရေးမစိုက်သည့်ပမာ နှုတ်ခမ်းမဲ့ပြလိုက်သည်။ သို့သော် ယီယွင်က ကြီးမားသော ဖိအားအောက်တွင် အဆင့်ချိုးဖျက်ခဲ့သည်အား မြင်တွေ့ခဲ့ရကာ အဖိုးအိုစု အတော်ပင် အံ့အားသင့်နေခဲ့သည်။
ထိုတစ်ကြိမ်တည်းဆိုလျှင် ထည့်တွက်စရာမရှိပေ။ သို့သော် ယီယွင်သာ ဖိအားများအောက် သို့မဟုတ် အခက်အခဲများအောက်တွင် အကြိမ်ကြိမ် အဆင့်ချိုးဖျက်ခဲ့လျှင်မူ သူ ထည့်တွက်ပေးရပေတော့မည်။
" ဆိုးတာပဲ.... ဒါတကယ်ကို ဆိုးတာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပြီးပြည့်စုံနေရင်... မဟုတ်သေးဘူး ပြီးပြည့်စုံတာရဲ့အောက် နည်းနည်းလေးပဲ လျော့နေခဲ့မယ်ဆိုရင်တောင် သူက သိုင်းပညာရဲ့ မဟာမျိုးစေ့တစ်ခု ဖြစ်လာလိမ့်မယ် " အဖိုးအိုစု ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူသည် စကားကြီးစကားကျယ်ပြောသည့် ယီယွင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ရပုံကို မှတ်မိနေသေးသည်။ ယီယွင် ပြောခဲ့သည့် စကားလုံးများအရဆိုလျှင် ယီယွင်၏စိတ်ဝိညာဥ်က မဆိုးလှလောက်ပေ။
သို့သော် ဤလောကကြီးထဲတွင် နောင်တပုံစံတစ်မျိုး အမြဲတမ်းရှိသည်။
လင်ရှင်းထုံတွင် ပြီးပြည့်စုံသော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အလွန်မြင့်မားသော အာရုံခံစားနိုင်စွမ်း ရှိလေသည်။ သူမက ကဏ္ဍအားလုံးတွင် စင်းလုံးချောဖြစ်နေခဲ့သော်လည်း သူမ၏ ယင်သွေးကြောများက သိုင်းပညာလမ်းစဥ်ကို ဖြတ်တောက်ပစ်ခဲ့လေပြီး များစွာခရီးမပေါက်နိုင်သည့် ကံဇာတာ ဖြစ်ခဲ့ရသည်။
ယီယွင်တွင် နဂါးပေါင်းစည်းခြင်း ၊ စိတ်ဝိညာဥ် ၊ ကောင်းမွန်သော အာရုံခံစားနိုင်စွမ်း ၊ ကြီးမားသော စိတ်ဆန္ဒတို့ ရှိလေ၏။ သို့သော် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ချို့တဲ့နေသည်။ ထိုအရာက ယီယွင်၏ ကံကြမ္မာပျော့ကွက်လည်း ဖြစ်နိုင်လောက်လေ၏။