← Chapters

ကျင်းလုံဝေ့ လက်ရွေးစင်

Vol. 6 Ch. 90

ကျင်းလုံဝေ့ လက်ရွေးစင်

Vol. 6 Ch. 90

" အကြိုစစ်ဆေးမှုကို အောင်မြင်သွားကြလို့ ဂုဏ်ပြုပါတယ် " ကျန်းတန်က ဦးချိုကိုယူက စတင်ပြီး ချိတ်ပိတ်လေသည်။ သူ၏အသံက ရှင်းလင်းကျယ်လောင်လှပြီး လူတိုင်းကြားရစေရေးအတွက် သူ၏အသံတွင် စွမ်းအင်ထည့်သွင်းရန် မလိုအပ်ပေ။

တစ်ဒါဇင်ထက်ပိုသော လူများကသာ အောင်မြင်ခဲ့လေ၏။

လူပေါင်းထောင်ချီမှ ဒါဇင်အနည်းငယ်ခန့်သာ ကျန်သည်အထိ ဖြုတ်ချခံခဲ့ရသည်။ ထိုကဲ့သို့ ကျရှုံးမှုနှုန်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

တပ်သားလေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များအားလုံး ကျရှုံးခဲ့လေ၏။ ထိုသူများသာမက တောက်မျိုးနွယ်ထဲမှ အားနည်းသူအချို့လည်း ကျရှုံးခဲ့ကြသည်။

တပ်သားလေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များသည် ပြည်ထောင်ရွေးချယ်ပွဲကို မည်သည့်အခါကမျှ အောင်မြင်နိုင်ခြင်းမရှိဟု စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့လေသောကြောင့် ကျရှုံးခဲ့ရချိန်တွင်မူ ဘာမျှမဖြစ်ခဲ့ပေ။ သို့သော် ယီယွင် ပထမရခဲ့သည့် ထိုစစ်ဆေးမှုက မျှတပါ၏လော။

ယီယွင်က သူတို့နှင့် နောက်ခံတူညီပြီး ဆင်းရဲသောဘဝတစ်ခု ရှိနေသည်ဟု သူတို့ ခံစားမိသည်။ အဘယ့်ကြောင့် ယီယွင်က ထင်ပေါ်နေရလေသနည်း။

လူဆိုသည်မှာ ထိုသို့သာဖြစ်သည်။ ထူချွန်သော လူများကိုမူ လူအများက မနာလိုမဖြစ်ဘဲ တောက်ပခွင့်ပေးမည်ဖြစ်ပြီး ထိုသူများကို ကပ်ဖားကာ နောက်လိုက်တစ်ဦးအဖြစ် ဂုဏ်ရှိလာစေရေးအတွက် ချီးမွှမ်းခန်းများပင် သီကြူးပေးကြလောက်သည်။ သို့သော် သူတို့နှင့် ဂုဏ်ရည်တူသူ သို့မဟုတ် ပိုနိမ့်ကျသူတစ်ဦးက ရုတ်တရက်ပင် ကြီးပွားလာပြီး သူတို့ထက် ကျော်လွန်သွားမည်ကိုမူ လက်မခံနိုင်ကြချေ။

ကျန်းတန်က ဆက်ပြောသည်..." ပြည်ထော​င်ရွေးချယ်ပွဲရဲ့ စည်းမျဥ်းတွေအရဆိုရင်တော့ ငါက မင်းတို့တွေကို ကျင်းလုံဝေ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာချင်သလားဆိုတာကို မေးဖို့လိုအပ်တယ်။ မင်းတို့တွေ သဘောတူတယ်ဆိုရင် ပြည်ထောင်ရွေးချယ်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာ ဆက်ပြီးပြိုင်နိုင်တယ်။ မင်းတို့တွေ လက်ခံနိုင်ရင်တော့ အခုပဲ ထွက်သွားလို့ရပြီ "

ကျန်းတန်၏စကားများက သမာရိုးကျသာဖြစ်သော်လည်း စည်းကမ်းသည် စည်းကမ်းသာဖြစ်၍ မဖြစ်မနေပင် မေးမြန်းရပေမည်။

အားလုံးက ကျင်းလုံဝေ့၏အဖွဲ့ဝင် ဖြစ်လိုကြပေသောကြောင့် ယီယွင် အပါအဝင် မည်သူကမျှ ထွက်ခွာမသွားကြပေ။

ဇာတ်လိုက်က ဂိုဏ်းကြီးများ၏ ဆွဲဆောင်မှုနှင့် မက်လုံးပေးခြင်းများကို ကျော်လွှားကာ တစ်ကိုယ်တည်း လျှောက်လှမ်းသည်ကို ယီယွင်က ယခင်ဘဝတွင် ဝတ္ထုများထဲ၌ ဖတ်ဖူးလေသည်။

မဟာကံကောင်းမှု၏ အထောက်အပံ့ ရှိနေသည့်အတွက် ထိုကဲ့သို့သော ချဥ်းကပ်ပုံမျိုးက လူတစ်ဦးအဖို့ မိမိကိုယ်ကို အထင်ကြီးမိသွားစေနိုင်သည်။ သို့သော် သူ ထိုအခြေအနေနှင့် ဝေးကွာနေသေးသည်ကို ယီယွင် သိသည်။ သူ၏စွမ်းအားက ဤလောကထဲတွင် မည်သည့်အကျိုးဆက်မျှ မဖြစ်စေနိုင်သည့် ပူဖောင်းငယ်တစ်ခုသာဖြစ်ပြီး ထိုပူဖောင်းငယ်ကို ဆူးတစ်ချောင်းနှင့်ပင် ဖျက်ဆီးပစ်နိုင်သည်။

ထို့အပြင် ကျင့်ကြံမှုအရင်းအမြစ်များ သို့မဟုတ် ကျင့်စဥ်နည်းစနစ်များကိုလည်း သူ့အတွက် ရယူနိုင်ခြင်း မရှိသေးပေ။ သူ၏ဖြစ်ရပ်က ပြဿနာတစ်ရပ်ပင် ဖြစ်နေသေးသည်။

သူက ကြီးမားသော အဖွဲ့အစည်းတစ်ခုထဲသို့ ဝင်ရောက်ရန် လိုအပ်နေသည်။ ထိုအဖွဲ့အစည်း၏ အရင်းအမြစ်များနှင့် အမွေအနှစ်များကို အသုံးပြုကာ သူ တဖြည်းဖြည်းချင်း တိုးတက်လာပြီး နောင်တစ်ချိန်တွင် အင်အားကြီးသော ဘုရင်တစ်ပါး ဖြစ်လာပေလိမ့်မည်။

" မင်း... မင်းရဲ့အမည်က ဘာလဲ။ အသက်က ဘယ်လောက်ရှိပြီလဲ " ကျန်းတန်၏ အကြည့်များက ယီယွင်ဆီသို့ ကျရောက်သွားလေ၏။ သူ၏အကြည့်က ကြမ်းတမ်းကာ အမိန့်အာဏာဆန်သည်။

" စစ်သူကြီးကို ပြန်ဖြေပါတယ်... ဒီအငယ်လေးက ယီယွင်ပါ။ အသက်က ၁၂ နှစ် ရှိပါပြီ " ယီယွင်က ရိုကျိုးခြင်းမရှိ ၊ မော်ကြွားခြင်းမရှိ ချက်ချင်းဖြေလိုက်သည်။

" ကောင်းပြီ... အခု မင်းက အကြိုစစ်ဆေးမှုမှာ ပထမရခဲ့တယ်ဆိုတာကို ငါ ကြေညာတယ် "

" ဒီပြည်ထောင်ရွေးချယ်ပွဲမှာ မင်းက သေမျိုးသွေးနယ်ပယ်တွေထဲမှာ ပထမရပြီး အရွေးခံခဲ့ရမယ်ဆိုရင် ငါက မင်းကို ကျင်းလုံဝေ့ လက်ရွေးစင်တပ်ရဲ့ စစ်သည်တစ်ဦးအဖြစ် ချက်ချင်းကြေညာပေးမယ် " ကျန်းတန်၏အသံက ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီး လူအများကို မနာလိုဝန်တိုစိတ်များ ဖြစ်သွားစေခဲ့သည်။

ကျင်းလုံဝေ့၏လက်ရွေးစင်။

ကျင်းလုံဝေ့၏ စစ်သည်များအတွက်ပင် ကွဲပြားသော ဆက်ဆံမှုရလဒ်များရှိသည့် ဂုဏ်ရည်ကွဲပြားမှုများ ရှိပေသည်။

ဥပမာဆိုရသော် ယခင်က လျှိုင်မျိုးနွယ်သို့ သွားရောက်ခဲ့သည့် ကျန့်ယွီရှန်းက ကျင်းလုံဝေ့၏ လက်ရွေးစင်စစ်သည်တစ်ဦး ဖြစ်လေသည်။

လက်ရွေးစင်စစ်သည်များက ကျင့်ကြံမှုအရင်းအမြစ်များ ၊ ကျင့်ကြံရေးနေရာများ ၊ ကျင့်ကြံမှုနည်းစနစ်များတို့တွင် အလွန်အရေးသာစွာ ခံစားခွင့်ရကြပြီး သာမန်စစ်သည်များထက် များစွာသာလွန်သည်။

ပြည်ထောင်ရွေး​ချယ်ပွဲတွင် ရွေးချယ်ခံရသည့် စစ်သည်အများစုသည် ပုံမှန်အားဖြင့်ဆိုလျှင် သာမန်စစ်သည်များသာ ဖြစ်လာကြရသည်။ တောက်မျိုးနွယ်မှ ပထမသခင်လေးနှင့် ဒုတိယသခင်လေးတို့ကဲ့သို့ ခရမ်းသွေးနယ်ပယ် အတော်ဆုံးစစ်သည်များကသာ လက်ရွေးစင်စစ်သည်များ ဖြစ်လာနိုင်သည်။

ယခုတွင်မူ ကျန်းတန်က အရွယ်မရောက်သေးသည့် ကလေးတစ်ဦးကို ကြီးစွာတန်ဖိုးထားနေပြီး လက်ရွေးစင်စစ်သည်အဖြစ် ခေါ်ယူရန်ပင် ပြင်ဆင်နေချေသည်။ အဘယ့်ကြောင့် အဆင့်ကျော်လွန်းနေရလေသနည်း။

ထိုကလေးက မည်မျှအစွမ်းထက်လေသနည်း။ ထိုကလေး၏ ကျင့်ကြံမှုအဆင့်က သူတို့ထက် မမြင်နိုင်လောက်ပေ။

အကြိုစစ်ဆေးမှုတွင် ထိုကလေးက ပထမရခဲ့သော်လည်း သူက ရုတ်တရက်အတွင်း ထောင်တက်လာကာ တောက်ယွင်ရှောင်းကို ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်ချေသည်။ ထိုကလေးက ဟာကွက်အား တွေ့ရှိသွားခဲ့ခြင်းသကဲ့သို့သော အမှားအယွင်းတစ်ခုခု ရှိနေနိုင်လောက်သည်။

မည်သည့်ပြဿနာမျှ ရှိမနေလေဘဲ ယီယွင်က ပေါက်ကွဲထွက်လာခြင်းမျှသာ ဖြစ်သည်ဆိုလျှင်ပင် ထိုကောင်လေးတွင် အားကောင်းသော စိတ်ဝိညာဥ်တစ်ခု ရှိနေသည်မှာ မည်သို့ထူးခြားလေသနည်း။ ထိုကောင်လေးက စိတ်ဝိညာဥ်ကို အသုံးပြုကာ သတ်ဖြတ်၍ရလေသလော။

စိတ်ဝိညာဥ်က ကဏ္ဍအမျိုးမျိုးတွင် လွှမ်းခြုံထားသည်ဖြစ်ပြီး ခွန်အားသည် အစိတ်အပိုင်းငယ်မျှသာ ပါဝင်လေ၏။ လူအများအတွက် အကာအကွယ်မဲ့စွာ ရှင်သန်နေထိုင်ရပြီး သားရဲများ ကျက်စားနေထိုင်သည့် အရိုင်းနယ်မြေထဲတွင် လူအများ တန်ဖိုးအထားဆုံးအရာမှာ ခွန်အားသာ ဖြစ်သည်။

စိတ်ဝိညာဥ်ဟူသည့် မလိုအပ်သော အဆင်တန်ဆာသည် ပြည်ထောင်၏ဗဟိုမှ လူများ ဖန်တီးထားခဲ့သည့် အယူအဆတစ်ခုသာ ဖြစ်ချေသည်။ အရိုင်းနယ်မြေမှ စစ်သည်များအတွက်မူ စိတ်ဝိညာဥ်က မည်သည့်အရာပေနည်း။ စား၍ရလေသလော။

လူအများစုသည် လက်မခံနိုင် ဖြစ်နေကြလေပြီး အထူးသဖြင့် လျှိုင်ချမ်းယုနှင့် တောက်ယွင်ရှောင်းတို့က သာ၍ပင်ဆိုးသည်။

လျှိုင်ချမ်းယုက မတ်တပ်ရပ်ကာ ထိုကိစ္စကို ဆန့်ကျင်လိုသော်လည်း ကျန်းတန်က အစွမ်းထက်လွန်းနေလေသောကြောင့် လျှိုင်ချမ်းယုမှာ လက်ခံရုံအပြင် မည်သည့်အရာကိုမျှ မတတ်နိုင်ခဲ့ပေ။

ကြွက်တစ်ကောင်က ခြင်္သေ့တစ်ကောင်ကို မည်သို့ ဆန့်ကျင်ရပါမည်နည်း။

သို့သော် လျှိုင်ချမ်းယုက သတ္တိနည်းနေသော်လည်း တောက်ယွင်ရှောင်းက သတ္တိနည်းနေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤလောကထဲတွင် ကိုယ့်နေရာအား သိရှိကြသူများ မများလှပေ။ ထို့အပြင် တောက်ယွင်ရှောင်းက အသက် ၁၄ နှစ်သာ ရှိနေသေးသည်။ မောက်မာစေလာသည်အထိ ဂရုစိုက်ခံထားရသည့် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သော တောက်ယွင်ရှောင်းက ကိစ္စများကို ကိုင်တွယ်ရာတွင် တည့်တိုးဆန်ပြီး မဆင်မခြင်လုပ်တတ်သည်။

တောက်ယွင်ရှောင်း ပါးစပ်ဟတော့မည့်ဆဲဆဲတွင် သူ၏နားထဲသို့ အသံတစ်ခု ရောက်ရှိလာသည်..." ယွင်ရှောင်း... ပါးစပ်ပိတ်ထား "

ထိုသည်က ဖခင်ဖြစ်သူ၏အသံ ဖြစ်သည်ကို တောက်ယွင်ရှောင်းက လွယ်လွယ်ကူကူပင် ပြောနိုင်သည်။

" ကျွန်တော် ဒါကို လက်မခံနိုင်ဘူး အဖေ။ ဒါက ဘယ်လိုသောက်ကျိုးနည်း ပြည်ထောင်ရွေးချယ်ပွဲလဲ။ သူတို့က ခွန်အားကို ဘာလို့မစစ်ဆေးရတာလဲ။ ခွန်အားကို စစ်ဆေးလိုက်မယ်ဆိုရင် ချက်ချင်း ရှင်းလင်းသွားမှာပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့တွေ ဒီလိုအသုံးမဝင်တဲ့ အရာတွေကို စစ်ဆေးနေသေးတယ်။ ကျွန်တော် လက်မခံနိုင်ဘူး " စိတ်ဝိညာဥ်စစ်ဆေးမှုတွင် ယီယွင်က ကျော်တက်သွားသည်ကို ခံရပြီးနောက်တွင်မူ တောက်ယွင်ရှောင်းက စိတ်ဝိညာဥ်ဟူသည့် စကားလုံးအား သုံးစွဲရမည်ကို မသိစိတ်ဖြင့် အထင်သေးနေမိသည်။

" မင်း မကျေနပ်ဘူးဆိုရင် အကြိုဗိုလ်လုပွဲမှာ သူထက် ကျော်ပစ်လိုက်လေ " တောက်ယွင်ရှောင်း၏ အဖေက ရိုးရှင်းစွာပင် တုန့်ပြန်လာသည်။

" ဒီကောင့်ကို ကျော်ရမယ်တဲ့လား " တောက်ယွင်ရှောင်း နှာမှုတ်လိုက်သည်။ သူက ထိုကောင့်ကို ကျော်နိုင်သည်သာမက ဆဲပင် ဆဲပစ်နိုင်သည်။

" ကောင်းပြီလေ... ကျွန်တော် ဒီကောင့်ကို ကျော်ပြမယ်။ ပြည်ထောင်ရွေးချယ်ပွဲရဲ့ သေမျိုးသွေးနယ်ပယ်ပြိုင်ပွဲ ပထမနေရာက ကျွန်တော့်အတွက်ပဲ " တောက်ယွင်ရှောင်း လက်သီးဆုပ်ထားလေပြီး ယီယွင်ကို မုန်းတီးစိတ်များနှင့် စူးစိုက်ကြည့်နေသည်။

တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်သူက တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် တောက်ယွင်ရှောင်းဆီသို့ အသံပို့လိုက်သည်။ တောက်ယွင်ရှောင်းက ထိုအသံကိုကြားကာ မျက်ဝန်းများ တောက်ပသွားလေသည်။

" အဖေပြောတာ အမှန်ပဲလား။ ကျွန်တော် အဲ့ဒါကို တကယ်သုံးလို့ရတာလား။ မျိုးနွယ်က အဲ့ဒါကို ဖုံးကွယ်မထားတော့ဘူးလား "

" ဟုတ်တယ်။ အဲ့ဒါကို တော်တော်များများ အတည်ပြုပြီးပြီ။ အချိန်တစ်ခဏလောက် အောင့်အီးသည်းခံလိုက်တာက မင်း အားနည်းတယ်လို့ ဆိုလိုတာမှမဟုတ်တာ။ ဒီရွေးချယ်ပွဲမှာ မင်းက ငါမျှော်မှန်းထားသလို စွမ်းဆောင်ပြရမယ်။ မင်းက ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်စစ်သည်တစ်ဦး ဖြစ်လာရမှာတင်မကဘူး ဒီပြည်ထောင်ရွေးချယ်ပွဲက ငါတို့တောက်မျိုးနွယ် အလယ်ပိုင်းဒေသကို ပြောင်းရွှေ့ဖို့အတွက် စမှတ်တစ်ခု ဖြစ်လာလိမ့်မယ် "

" ကျွန်တော် နားလည်ပြီ " တောက်ယွင်ရှောင်းက စိတ်လှုပ်ရှားမှုများနှင့် လက်သီးဆုပ်လိုက်သည်။

တောက်မျိုးနွယ်၏ အကြီးအကဲများတွင် ထိုကဲ့သို့ရည်မှန်းချက်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

" သိပ်ကောင်းတယ်။ တောက်မျိုးနွယ်ရဲ့ သမိုင်းစာအုပ်ထဲမှာ ငါက စာမျက်နှာအသစ် ရေးထိုးနိုင်တဲ့သူ ဖြစ်လာရမယ် "

" အကြိုဗိုလ်လုပွဲမှာ ယီယွင်ကို အနိုင်ယူရန်အတွက်က... ဟုတ်တယ်လေ... ငါ ဒီကောင့်ကို အနိုင်ယူနိုင်တယ်ဆိုရင် မေးခွန်းထုတ်စရာ ဖြစ်လာပါဦးမလား "

" မျိုးနွယ်က ဒီကိစ္စကို ဖုံးကွယ်မထားတော့ဘူးဆိုရင်... ရေတွင်းတစ်ခုထဲက ဖားတစ်ကောင်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို လူတိုင်း သိသွားရအောင် ငါလုပ်ပေးမယ် "

တောက်ယွင်ရှောင်းက လူအုပ်ထဲတွင်ရှိနေသည့် ယီယွင်ကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းတွင် အထင်သေးခြင်းနှင့် လှောင်ရယ်ခြင်းများ ပြည့်နှက်နေ၏။

" မင်းက အကြိုစစ်ဆေးမှုမှာ တောက်ပနေလိမ့်မယ်။ ဒါပေမဲ့ အကြိုဗိုလ်လုပွဲမှာ ငါက မင်းကို သေချာပေါက် နင်းချေပေးမယ် "

ဖခင်ဖြစ်သူ၏ စကားများအတွက်ကိုမူ တောက်ယွင်ရှောင်း မျှော်လင့်ခြင်းအပြည့် ဖြစ်နေရလေ၏။

All Chapters