← Chapters

ခရမ်းရောင်လေသည် အရှေ့မှလာသည်

Vol. 7 Ch. 101

ခရမ်းရောင်လေသည် အရှေ့မှလာသည်

Vol. 7 Ch. 101

လွန်ခဲ့သည့်လများစွာက ယီယွင် သည် ချီစုဆောင်းမှုနယ်ပယ်သို့ မ၀င်ရောက်မီတွင် လင်ရှင်းထုံ၏ မှတ်စုများကို ဖတ်ခဲ့သည်။ မှတ်စုများထဲတွင် လျှို့ဝှက်ဆန်းကြယ်သောခံစားမှုနှင့်ပတ်သက်သော မှတ်တမ်းများရှိသည်။ ယီယွင် မနေ့ညက ထိုအကြောင်းအရာပတ်သက်၍ မစဉ်းစားမိပေ။ 'နဂါးနံရိုး ကျားအရိုး လက်သီး' ကို ကျွမ်းကျင်စွာ တတ်မြောက်သောအခါ၊ နဂါးနှင့် ကျားသည် စိတ်ထဲတွင် ပေါ်လာလိမ့်မည်။ တောင်များကိုဖြတ်၍ ခုန်နေသော ကျားများနှင့် ကောင်းကင်ကိုးခုသို့ တက်နေသော နဂါးပုံရိပ်များ ဖြစ်သည်။

နဂါးနှင့် ကျားကြား တိုက်ပွဲကို စိတ်ထဲမှာ မြင်နေရသဖြင့် သူတို့၏ လှုပ်ရှားမှုများကို အတုယူ၍ လှုပ်ရှားနိုင်ခြင်းမရှိပေ။ လှုပ်ရှားမှုတိုင်းသည် ကျားနှင့် နဂါးတို့၏ လှုပ်ရှားမှုသာဖြစ်သည်။ ထိုအချိန်တွင် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ၏ စွမ်းအင်တိုင်းသည် လူတစ်ဦး၏ ခြင်ဆီထဲသို့ ထိုးဖောက်ဝင်ရောက်သွားပေလိမ့်မည်။

ထိုနောက်မှာတွင် သူရဲကောင်းတစ်ဦးဟာ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ရဲ့ လှုပ်ရှားမှုအားလုံးကို မေ့ထားနိုင်ပြီး တိုက်ပွဲဝင်သောအခါတွင် ထို 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'၏ လှုပ်ရှားမှုတိုင်းနှင့် အပြည့်အဝ ပေါင်းစပ်နိုင်မည် ဖြစ်သည်။

ထိုခံစားချက်က 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို အပြည့်အဝ ဖော်ဆောင်နိုင်ရန် ကူညီပေးလိမ့်မည်။

'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် ကောင်းမွန်သော်လည်း၊ ၎င်းသည် သေမျိုးသွေးစစ်သည် နှင့် ခရမ်းသွေး နယ်ပယ်များ၏ အခြေခံလက်သီးချက်နည်းပညာတစ်ခုမျှသာဖြစ်သည်။ သိုင်းပညာ လေ့ကျင့်သူတစ်ဦးသည် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'ကို မပြီးမြောက်‌သေးပဲ ရှေ့ဆက်၍ ရည်မှန်းထားပါက ကြေကွဲစရာပင်ဖြစ်‌ပေလိမ့်မည်။

'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို အပြည့်အ၀ ကျွမ်းကျင်ထားခြင်းသည် ခရမ်းရောင်သွေးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီဟု ဆိုနိုင်သည်။

သို့သော် သိုင်းပညာရှင်တို့သည် သိုင်းပညာစနစ်အတွင်း 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ၏ အဓိကအနှစ်ချုပ်ကို နားလည်ထားပါက လုံးဝကွဲပြားသွားမည်ဖြစ်သည်။

ထိုအရာအားလုံးကို လင်းရှင်းထုံ ၏ မှတ်စုများတွင် မှတ်တမ်းတင်ထားသည်။ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို ဖန်တီးသူမှ ချန်ရစ်ခဲ့သော စစ်မှန်သော အဓိပ္ပါယ်လည်း ဖြစ်သည်။

'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သာမက ယခုကမ္ဘာပေါ်တွင် ကျင့်ကြံခြင်းစနစ်တိုင်းတွင် အကန့်အသတ်များရှိသည်။ 'တိုက်အန်းနတ်ကျင့်စဉ်' သည် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ထက် အဆင့်အတန်းမြင့်သော်လည်း ၎င်းတွင်လည်း အကန့်အသတ်များစွာ ရှိနေသေးသည်။

ထပ်ဆင့် ကျင့်ကြံမည်ဆိုပါက ကျင့်ကြံခြင်းစနစ် ပြောင်းရမည် ဖြစ်သည်။

သိုင်းပညာရှင်များသည် ၎င်းတို့၏ ကျင့်ကြံခြင်းစနစ်ကို စဉ်ဆက်မပြတ် ပြောင်းလဲရသည်။ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးသူများမှာ ကျင့်ကြံခြင်းစနစ်၏ ညံ့ဖျင်းခြင်းသို့ ရောက်သွားကြသည်။

အာရုံခံနိုင်စွမ်း မြင့်မားသူများအနေဖြင့် ကျင့်ကြံခြင်းစနစ်ဟောင်းကို ကျင့်ကြံနိုင်ပြီး ၎င်းတို့၏ သိုင်းပညာဆိုင်ရာ နားလည်မှုအတွင်း‌ ပေါင်းစပ်ထည့်သွင်းနိုင်သည်။ နောက်ဆုံးတွင် သိုင်းပညာရှင်တို့သည် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းစနစ်တွင် ကန့်သတ်ချက်များရှိဟု လူသိများသော်လည်း သိုင်းပညာလမ်းကြောင်းတွင်မူ ကန့်သတ်ချက်မရှိပေ။

ယီယွင် ခံစားခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်၏ အရင်းအမြစ်မှာ ကျင့်ကြံခြင်းကန့်သတ်ချက်ဖြစ်သည်။ ယခုအချိန်တွင် ယီယွင်မှာ ထိုနယ်ပယ်၏ တံခါးကို ခေါက်နေပြီ ဖြစ်သည်။

ယီယွင် ၏ လှုပ်ရှားမှုတိုင်းနှင့် ရပ်တည်ချက်တိုင်းသည် ပတ်ဝန်းကျင်နှင့် ရောနှောသွားသကဲ့သို့ ပိုမိုသဟဇာတဖြစ်လာသည်။

ထိုအခြေနေကိုမြင်သောအခါ ကျန်းတန်မှာ ပိုမိုအံဩလာပြီး မျက်နှာမှာ တဖြည်းဖြည်း တည်လာသည်။

“ဒါက ပုံသဏ္ဍာန်ကင်းမဲ့တယ်လို့ ယူဆဖို့ လုပ်ရိုးလုပ်စဉ်တွေကို မေ့သွားတာလား”

“ဒီကောင်လေးက ဆယ့်နှစ်နှစ်အရွယ်နဲ့ သိုင်းနယ်ပယ်ထဲ ရောက်နေပါလား”

သိုင်းနယ်ပယ်သည် ကိုယ်ခံပညာတွင် ကြီးကြီးမားမား ကျင့်ကြံလိုသူတိုင်း နားလည်ထားရမည့် အရာဖြစ်သည်။

ယီယွင်မှာ ထိုလှုပ်ရှားမှုကို ဆယ့်ငါးမိနစ်ခန့် လုပ်ဆောင်နေသည်။ယီယွင်မှာ အိပ်‌မွေ့ချခံထားရသည် အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး သူ့ကိုယ်ပိုင်ကမ္ဘာအတွင်းသို့ လုံး၀ နစ်မြုပ်နေသည်။

အနီးနားက လာရောက်ကြည့်ရှုသူများမှာ မည်သို့ဖြစ်မည်ကို စောင့်မျှော်နေကြသည်။

ယီယွင် မတိုင်မီတွင် အချိန်အကြာဆုံးသရုပ်ပြခဲ့သူမှာ မိနစ်အနည်းငယ်သာကြာသည့် လျှိုင်ချမ်းယုဖြစ်သည်။ သို့သော် ယီယွင်၏သရုပ်ပြမှုမှာ လျှိုင်ချမ်းယု ထက် ငါးဆပိုကြာသည်။

ယီယွင် သည် မုန်တိုင်းကဲ့သို့ ပြင်းထန်သော အရှိန်ဟုန်နှင့် ကျောက်တုံးများကို ထိုးခွဲပြီး သစ်ပင်များကို ပိုင်းဖြတ်လိုက်လျှင် လူအုပ်ကြီးမှာ မြင်နေကြ မြင်ကွင်းဖြစ်နေသေးသောကြောင့် စိတ်လှုပ်ရှားကြမည် မဟုတ်ပေ။

သို့သော် ယီယွင်မှာ သာမာန်လှုပ်ရှားမှုအမူအရာတွေကိုသာ ကြာရှည်စွာ လုပ်ဆောင်လေသည်။

"ဒီကလေး၊ လုပ်နိုင်ပါ့မလား"

"ဒီလို ရူးကြောင်ကြောင် သရုပ်ပြမှုကို ငါတို့ တကယ်ကြည့်ရမှာလား။ ငါ‌တောင် သူ့ထက် ပိုကောင်းအောင် လုပ်နိုင်တယ်"

တောက် မျိုးနွယ်စုမှ လူများအားလုံး ငြီးတွားကြသော်လည်း မည်သူမျှ မအော်ရဲကြပေ။ ကျန်းတန် သည် စစ်ဆေးသူဖြစ်ပြီး ယီယွင်ကို ရပ်တန့်ရန် မအော်သ၍ စကားတစ်ခွန်းမှ မပြောရဲပေ။ မိမိတို့ဘာသာ တီးတီုးရေရွတ်၍ မကျေမနပ်ဖြစ်မှုကိုသာ ဖော်ပြကြသည်။

တကယ်တော့ သာမန်လူများသာမက လျှိုင်ချမ်းယု နှင့် တောင်ယွင်ရှောင်းတို့ပင် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'သရုပ်ပြနေသော ယီယွင်ကို ဘာမှမပြောနိုင်လျှက်ရှိကြသည်။

လျှိုင်ချမ်းယု နှင့် တောက်ယွင်ရှောင်း တို့လေ့ကျင့်ခဲ့သော 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် ချို့ယွင်းချက်များရှိပြီး မပြည့်စုံ‌သောကြောင့်ဖြစ်သည်။

“နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း” သည် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးသော ထိပ်တန်းကျင့်ကြံမှုဖြစ်ပြီး တိုင်အာနတ်ပြည်ထောင် ၏ နိုင်ငံတော်အဆင့် ကျင့်ကြံခြင်းစနစ်ဖြစ်သည်။အလွယ်တကူ ကျင့်ကြံနိုင်သော စနစ်မဟုတ်ပေ။

မှန်ကန်သော သင်ကြားပေးမည့် ဆရာလိုအပ်ရုံသာမက၊ ကျင့်ကြံမည့်သူတွင် ကိုယ်ပိုင်ခံယူချက်ပါ ရှိရမည်ဖြစ်သည်။

တောက်ယွင်ရှောင်း နှင့် လျှိုင်ချမ်းယုတို့တွင် ထိုအခြေခံသတ်မှတ်ချက် နှစ်ခုလုံး မရှိပေ။

"လှုပ်ရှားမှုက လှတယ်ထင်ရပေမယ့် လက်သီးတွေက ထိုးစရာမရှိတော့ဘူး။ ဟန်ပြသက်သက်ပဲ၊ ပြောစရာမရှိဘူး" ဟု တောက်ယွင်ရှောင်းက သမ်းလိုက်သည်။ ယီယွင် ၏ လက်သီးစွမ်းရည်ကို တောက်ယွင်ရှောင်း လုံလောက်စွာ မြင်ဖူးသည်။ မဟူရာသံကျောက်တုံးကို ထိုးခွဲပြီး နောက်ဆုံးလှုပ်ရှားမှုအနည်းငယ်ဖြင့် အပြီးသတ်၍ ကျောက်စိမ်းစင်ပေါ်မှ ဆင်းလာမည့် ယီယွင် ကို စောင့်နေသည်။ ထိုအချိန်တွင် တောက်ယွင်ရှောင်းက ယီယွင် ၏ စွမ်းအားအစစ်အမှန်ကို သိနိုင်ပေလိမ့်မည်။

လျှိုင်ချမ်းယုတွင် တောက်ယွင်ရှောင်း နှင့် ဆင်တူသော အတွေးတစ်ခုရှိသည်။၎င်းမှာ ယီယွင်၏ စွမ်းအားအစစ်အမှန်ကို သိလိုခြင်းဖြစ်သည်။

ယီယွင်မှာတစ်ချိန်လုံး အောင်ပွဲခံနေသော်လည်း လျှိုင်ချမ်းယုမှာ ယီယွင်၏ စွမ်းအားအကုန်လုံးကို ထုတ်ဖော်ပြသတာကို တစ်ခါမှ မမြင်ဖူးပေ။ ကျန့်ယွီရှန်း က ယီယွင် ကို ရွေးချယ်သည့်အချိန်တွင် ယီယွင်မှာ ကျောက်ထိုင်ကျူထက် အားနည်းမည် မဟုတ်ပေ။ နိုင်ငံတော်၏ရွေးချယ်မှု ပဏာမဆင့်တွင် ရွေးချယ်ခံရသည်မှာယီယွင်၏ ခွန်အားကြောင့် မဟုတ်ပဲ စိတ်ဝိညာဉ်ကြောင့်ဖြစ်သည်။

လျှိုင်ချမ်းယုမှာ ယီယွင်၏ ဖုံးကွယ်ထားမှုနောက်ကွယ်မှာ ရှိသည့် စွမ်အားဘယ်လောက်ရှိကြောင်းကို ကြည့်ချင်နေသည်။ သို့သော် ယီယွင် သည် အဖွားအိုတဦးကဲ့သို့ ဖြေးညှင်းစွာ နဂါးနံရိုး ကျားရိုးလက်သီးကို သရုပ်ပြနေသည်။

“ဘယ်တော့ပြီးမလဲ”

ဆယ့်ငါးမိနစ်နောက် ဆယ့်ငါးမိနစ်။ တောက်ယွင်ရှောင်း သည် စောင့်ဆိုင်းနေရသဖြင့် စိတ်မရှည်တော့ပေ။

ယီယွင် ၏ အင်အားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု တောက်ယွင်ရှောင်း အခိုင်အမာ ယုံကြည်လာသည်။

လျှိုင်ချမ်းယု တွင်လည်း အလားတူ အတွေးမျိုး ရှိသည်။ မဟုတ်ပါက ယီယွင် သည် မဟူရာသံကျောက်တုံးအနည်းငယ်ကို ဖျက်ဆီးရန် တိုက်ခိုက်မှုအနည်းငယ်ဖြင့် အလွယ်တကူ အဆုံးသတ်လိုက်မည် ဖြစ်သည်။

"ဒီကျွန်လေးက ပြည်သူတွေကို မရိုးသားတဲ့နည်းလမ်းတွေနဲ့ လှည့်စားနေတာ၊ သူ့မှာ တကယ်အရည်အချင်းရှိရင် စောစောစီးစီး တိုက်ကွက်တွေထုတ်မှာပေါ့ အဲဒီအဘိုးကြီး ကျန်းတန်ကတော့ ပဏာမအဆင့်မှာ အမှားလုပ်ခဲ့တာကို သဘောပေါက်မှာ၊ ဒီအခြေအနေကို မကယ်တင်နိုင်‌တော့ဘူး"

လျှိူင်ချမ်းယု တွေးနေစဉ်မှာပင် ယီယွင် အပေါ်မှ ခရမ်းရောင်အခိုးအငွေ့တစ်ခု ပေါ်လာသည်။လူအုပ်ကြီးမှာ အခိုးငွေ့များကို ရုတ်တရက် မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ခရမ်းရောင် အခိုးအငွေ့များသည် သက်တံတစ်ခုသဖွယ် နေရောင်ခြည်ကို ဖြန့်ကျက်ထားကာ ရေတံခွန်ကဲ့သို့ အလင်းရောင်များ လွင့်ပျံ‌‌နေသည်။အခိုးငွေ့များ တဖြည်းဖြည်းပြန့်နှံလာသည်။

“ဝူး”

ယီယွင်၏ ခန္ဓာကိုယ်မှ သန့်စင်သော စွမ်းအင်များသည်

ကောင်းကင်မှ အခိုး‌အငွေ့များဆီသို့ ပျံတက်သွားသည်။

ထိုအခိုးအ‌ငွေ့များသည် ကောင်းကင်သို့ ပျံ့နှံ့သွားပြီး ခရမ်းရောင်တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။တိမ်တိုက်မှာ ခရမ်းရောင်ဖဲပြားသဖွယ် လှပသည်။

ထိုမြင်ကွင်းကြောင့် လူတော်တော်များများကို ထိတ်လန့်သွားစေသည်။လူအများမှာ တိမ်တိုက်နှင့် ယီယွင်နဲ့ ပတ်သက်မှု ရှိ၊ မရှိ သေချာမသိကြပေ။

ယီယွင် က ခရမ်းရောင်အခိုးအငွေ့ကို ဘယ်လိုဖန်တီးနိုင်မှာလဲ။

ထိုနောက် ယီယွင်၏ လက်သီးများဆီမှ အလင်းရောင်များ တဖျပ်ဖျပ်တောက်နေတာကို သတိပြုမိကြတယ်။

များပြားလှသော စွမ်းအင်ပမာဏသည် ယီယွင်ဆီသို့ အရပ်ရပ်မှ ရောက်လာကြသည်။ ထိုအချိန်တွင် ယီယွင် သည် ခရမ်းရောင်သွေးနယ်ပယ် အတွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည် ။

"အိုး.. ဒါက... အရှေ့ကလာတဲ့ ခရမ်းရောင်လေ" ကျန်းတန် သည် အလွန်တုန်လှုပ်သွားသည်။ လူတစ်ဦးသည် ၎င်း၏ သိုင်းပညာကို အာရုံစူးစိုက်ပြီး ထွေပြားမှုအားလုံးကို ဖယ်ရှားသည့်အခါ ၎င်းတို့သည် 'ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ပျက်ပြယ်သော၊ ငါမရှိ' ဟူသော အခြေအနေသို့ ဝင်ရောက်သွားမည်ဖြစ်သည်။ ထိုအခြေအနေအောက်တွင် သူတို့၏ စွမ်းအင်အစစ်မှန်မှာ ထွက်ပေါ်လာနိုင်သည်။

ထွက်ပေါ်လာသော စွမ်းအားများသည် ကောင်းကင်အဆင့် ယွမ်ချီ နှင့် ရောနှောကာ ကောင်းကင်သို့ ပျံတက်သွားသည့် လေလှိုင်းတစ်ခုအဖြစ် ပေါင်းစပ်သွားနိုင်သည်။

ဤသည်မှာ “အရှေ့အရပ်မှ ခရမ်းရောင်လေ” ဖြစ်သည်။

ခရမ်းရောင်လေကို ကောင်းကင်သားတော်၏ အရှိန်အဝါဟုလည်း လူသိများပြီး ၎င်းသည် မဖော်ပြနိုင်လောက်အောင် အဖိုးတန်လှသည်။

အရှေ့အရပ်မှလာသော ခရမ်းရောင်လေက လူတစ်ဦး၏ ကျင့်ကြံမှုနှင့် ပတ်သတ်ခြင်းမရှိပေ။ ၎င်းသည် သိုင်းသမားတိုင်း အိပ်မက်မက်နေရသည့် မွန်မြတ်မှုကဲ့သို့ ကျင့်ကြံမှုအခြေအနေတစ်ရပ်ဖြစ်သည်။ ၎င်းကို ကြုံကြိုက်လာနိုင်သော်လည်း ရှာဖွေ၍မရနိုင်ပေ။

သို့သော်၊ သိုင်းပညာကျွမ်းကျင်သော လူသားပညာရှင်များစွာသည် ၎င်းတို့၏ဘဝတွင် အရှေ့အရပ်မှလာသော ခရမ်းရောင်လေ၏အခြေအနေသို့ တစ်ခါမျှမဝင်ရောက်နိုင်စွမ်း မရှိပေ။

"ခရမ်းရောင်လေက အရှေ့ကလာတာလား"ဟု ယာဉ်ပျံပေါ်တွင် အဘိုးအိုစုကရေရွတ်ကာ ၎င်း၏မုတ်ဆိတ်မွေးကို ပွတ်သပ်နေသည်။ ပွတ်သပ်နေသည်မှာ ကြာမြင့်လွန်းသဖြင့် မုတ်ဆိတ်အချို့မှာ လက်ထဲသို့ကပ်ပါလာသေသည်။

အဘိုးအိုစုနှင့်မဝေးသောနေရာတွင် လင်ရှင်းထုံသည် ထိုမြင်ကွင်းကိုကြည့်‌နေလေသည်။ လင်ရှင်းထုံ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာသည်။

ထိုအချိန်တွင်၊ ယီယွင်၏အရိုးများမှ တိုးညင်းသောအသံကို ထုတ်လွှတ်လိုက်သည်။

အသံသည် တိုးညင်းရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။

မိုးကြိုးကဲ့သို့အရိုးများ၊ လေးကြိုးကဲ့သို့ အရွတ်များ။

“ဘက်(စ်) ”

အသံမှာ ပိုပိုပြီး ပြင်းထန်လာသည်။ တစ်ချိန်တည်းမှာပင် ယီယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အလင်းရောင်သည် တဖြေးဖြေး ပိုမိုတောက်ပလာသည်။

ထိုအချိန်တွင် ယီယွင်တွင် စွမ်းအင်အားလုံး ပေါင်းစည်းလာသည်။ “ကျင့်ကြံခြင်းလုပ်စဉ်များသည် အကန့်အသတ်များ ရှိသော်လည်း သိုင်းပညာတွင် အကန့်အသတ်မရှိ‌” ဟူသော ဆိုရိုးစကားမှာ ပိုမိုနက်ရှိုင်းလာကာ ယီယွင်၏စိတ်ထဲမှ နဂါး၊ ကျားသဏ္ဍာန်ရုပ်ပုံများသည် ပိုမိုထင်ရှားလာခဲ့သည်။

ယီယွင်သည် စွမ်းအင်အားလုံးကို လွန်ကဲစွာ စုဆောင်းလိုက်သောအခါတွင် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း’ကိုအကြိမ်ပေါင်း ၁၈ကြိမ်ခန့် မရပ်မနား သရုပ်ပြခဲ့ပြီးဖြစ်သည်။

နောက်ဆုံးလက်သီးချက် ဆွဲထုတ်လိုက်သည်။

"ဗွမ်း"

ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်ပမာဏများစွာကို ညှစ်ထုတ်လိုက်ပြီး အရိုးနှင့် ကြွက်သားများရှိ အသံများသည် တစ်သားတည်းဖြစ်လာသည်။

"ပင်း ပင်း ပင်း ပင်း"

စင်မြင့်ပေါ်တွင်၊ တောက် မျိုးနွယ်စု၏ အကြီးအကဲများဘေးတွင်ရှိသော လက်ဖက်ရည်ခွက်တစ်ဆယ့်နှစ်ခွက်နှင့် လက်ဖက်ရည်အိုးသုံးအိုးမှာ ကွဲအက်သွားသည်။ လက်ဖက်ရည်များ လွင့်စင်သွားသဖြင့် အကြီးအကဲများမှာ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။

တောက် မျိုးနွယ်စု၏ အကြီးအကဲများသည် ခရမ်းရောင်သွေးနယ်ပယ်တွင်ရှိကြသော်လည်း တချို့မှာ သိုင်းပညာရှင်မဟုတ်သော တောက် မျိုးနွယ်စု၏ အကြံပေးအချို့လည်း ပါရှိသည်။ထိုသူများ၏ လက်ဖက်ရည်ခွက်များ အက်ကွဲသွားသည်ကို မြင်ရသောအခါ ထိတ်လန့်တကြား ပြန်ဆုတ်သွားကြသည်။

All Chapters