← Chapters

ယီယွင်၏အဆင့်

Vol. 8 Ch. 106

ယီယွင်၏အဆင့်

Vol. 8 Ch. 106

ကျန်းတန်သည် ရလဒ်များ တစ်ခုပြီးတစ်ခု ကြေညာပေးနေလျက်ရှိပြီး သူက အစမှအဆုံးအထိ အမူအရာကင်းမဲ့စွာဖြင့် ရှိနေသည်။

" လျှိုင်ချမ်းယု "

ကျန်းတန်က အမည်ခေါ်လိုက်ချိန်တွင် လျှိုင်ချမ်းယု အသက်အောင့်ထားကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူ့အလှည့်သို့ ရောက်လာချေပြီ။

ကျန်းတန်၏ ကြေညာချက်က သူ၏အနာဂတ် အလားအလာကို ဖော်ညွှန်ပေးလိမ့်မည်။ သူရဲကောင်းတစ်ဦးလား။ သူရဲကောင်းများစွာ အကြားတွင် သူက မည်သည့်နေရာ၌ ရပ်တည်ရမည်နည်း။

တောက်ယွင်ရှောင်းကလည်း လျှိုင်ချမ်းယုကို ကြည့်လိုက်သည်။ လျှိုင်ချမ်းယု၏ ရလဒ်မှတစ်ဆင့် လောက၏ လက်ခံမှုစံနှုန်းက မည်မျှမြင့်မားကြောင်းကို သူ ပြောနိုင်ပေလိမ့်မည်။

" လျှိုင်ချမ်းယု ၊ အသက် ၁၇ ၊ အသုံးပြုတဲ့ ကျင့်စဥ်နည်းစနစ်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း ၊ အဆင့်က အဝါရောင်အဆင့် ၊ အဆင့် ၅ "

အဝါရောင်အဆင့် အဆင့် ၅ တဲ့လား။

လျှိုင်ချမ်းယု အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏နှလုံးသားကို ဖျစ်ညှစ်ကိုင်ဆုပ်ထားသကဲ့သို့ ခံစားနေရပြီး နာကျင်လှသည်။ အဝါရောအဆင့် အဆင့် ၅ မျှသာ ဖြစ်ချေ၏။

ရလဒ်က ပိုမြင့်မားလိမ့်မည်ဟု သူ၏မသိစိတ်ဖြင့် မျှော်လင့်ထားမိခဲ့သည်။ သူက အများနှင့်မတူဘဲ ကွဲထွက်နေသည်ဟု ကျင်းလုံဝေ့က ရှုမြင်လာမည်ကို သူ အလိုရှိခဲ့သည်။ သို့သော် သူက အဝါအဆင့် အထွတ်အထိပ်သို့ မရောက်ဘဲ အလယ်အလတ်၌သာ ရှိခဲ့သည်။

ထိုရလဒ်သည် သူ၏ရှေ့မှ ပြိုင်ပွဲဝင်များထက် များစွာပိုမိုကာ ကောင်းမွန်သော်လည်း လျှိုင်ချမ်းယု စိတ်ပျက်နေရသည်။ လူသားလက်ရွေးစင်အဆင့် အလယ်အလတ်က သူ၏ပန်းတိုင်နှင့် များစွာဝေးကွာနေသေးလေ၏။ သူက အရိုင်းနယ်မြေထဲမှ ထွက်ခွာရေးအတွက် များစွာအားစိုက်ထားခဲ့သည်ဖြစ်ရာ လူသားလက်ရွေးစင်အဆင့် အလယ်အလတ်မျှလောက်ကို မည်သို့များ ကျေနပ်နိုင်ပါမည်နည်း။

" လျှိုင်ချမ်းယုတောင် ဆန်းကြယ်မှုအဆင့်ကို ဝင်ဖို့အတွက် မလုံလောက်သေးဘူးလား " တောက်ယွင်ရှောင်းက လျှိုင်ချမ်းယု စိတ်ပျက်နေသည်ကို သတိပြုမိသည်။

ဆန်းကြယ်မှုအဆင့်သည် လူသားအရှင်သခင်၏ အမှတ်သညာတစ်ခု ဖြစ်လေ၏။ လူသားအရှင်သခင်က မည်သည်ပေနည်း။ လူသားအရှင်သည် လူသားများနှင့် နယ်မြေများကို အုပ်ချုပ်ရသူ ဖြစ်လေ၏။ တိုင်အာနတ်ပြည်ထောင်ထဲမှ စစ်သူကြီးများ ၊ အမတ်များ ၊ တော်ဝင်မိသားစုဝင်များကို လူသားအရှင်သခင်များဟု ပြော၍ရသည်။

တိုင်အာနတ်ပြည်ထောင်တွင် မင်းမျိုးနွယ်တစ်ဦး ဖြစ်ရသည်မှာ ဟာသတစ်ခု မဟုတ်ပေ။ သူတို့အား ကြီးမားသောနယ်မြေ အပိုင်စားပေးထားပြီး လူဦးရေများစွာရှိသည့် ပိုင်နက်နယ်မြေများစွာကို အုပ်စိုးကြရသည်။

ဆန်းကြယ်မှုအဆင့်သို့ ရောက်ရန်အတွက်ကမူ ဆန်းကြယ်မှုအဆင့် အဆင့်နိမ့်ပိုင်းကပင် အလွန်ခက်ခဲလှသည်။ သို့သော် တောက်ယွင်ရှောင်းက သူ့ကိုယ်သူအား ယုံကြည်ချက်ရှိသည်။ သူက ပြည်ထောင်ရွေးချယ်ပွဲ အကြိုဗိုလ်လုပွဲတွင် လူငယ်အရှင်သခင်ဘွဲ့ ရယူလိုသည်။

" ယွင်ရှောင်း... မင်း အမြင့်ကြီး မျှော်လင့်မထားနဲ့။ ကျင်းလုံဝေ့ရဲ့ ရွေးချယ်မှုလုပ်ဆောင်ပုံက အရမ်းခက်ခဲတယ် " ဖခင်ဖြစ်သူက တောက်ယွင်ရှောင်း၏ နားထဲသို့ အသံပို့လွှတ်လာသည်။

တောက်ယွင်ရှောင်း၏ အဖေက အကောင်ကြီးတစ်ကောင် ဖြစ်လေ၏။ တောက်ယွင်ရှောင်းတွင် ပါရမီရှိနေခြင်းအပြင် မပူပင်ရသောဘဝ၌ နေထိုင်နေနိုင်သည်မှာလည်း အစွမ်းထက်သော ဖခင်ဖြစ်ကြောင့်သာ ဖြစ်လေ၏။

သူ၏ဖခင်က ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်အဆင့် စစ်သည်တစ်ဦး ဖြစ်သည်။ တောက်မျိုးနွယ်ထဲတွင် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်အဆင့် စစ်သည်များ အနည်းငယ်သာ ရှိသည်။ ဖခင်ဖြစ်သူက ငယ်ရွယ်ကာ တောက်မျိုးနွယ်ထဲတွင် သူ၏အနေအထားက ဖြုံလောက်စရာဖြစ်သည်။

ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်အဆင့်သည် ခေါ်ရကောင်းပုံ ရှိဟန်ရသော်လည်း ကျင်းလုံဝေ့ထဲတွင် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်အဆင့် လက်ရွေးစင်စစ်သည်များ များစွာပင်ရှိသည်။ သူတို့က အဆင့်တူတွင် ရှိနေသည့်တိုင်အောင် ကွာခြားချက်က ကြီးမားလွန်းနေဆဲသာဖြစ်သည်ကို တောက်ယွင်ရှောင်း၏ ဖခင်က သိသည်။

သူ၏ကျင့်ကြံမှုက နှောင့်နှေးနေပြီး ထပ်မံကာ မတိုးတက်နိုင်တော့သည်ကို တောက်ယွင်ရှောင်း၏ ဖခင်က သိလေသည်။ ထို့ကြောင့် သူက သားဖြစ်သူကို စွမ်းအားကြီး အရှင်သခင်တစ်ဦး ဖြစ်လာစေလို၏။ သားဖြစ်သူက မောက်မာကြောင်းကို သူ သိသည်။ တောက်ယွင်ရှောင်းက မျှော်လင့်ချက်ကြီးမားခဲ့ပြီး ရလဒ်ကြောင့် ပြိုလဲသွားရမည်ကို သူ စိုးရိမ်သည်။

" စိတ်မပူပါနဲ့ အဖေ။ စံနှုန်းတွေက ဘယ်လောက် တင်းကျပ်လဲဆိုတာကို ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့စွမ်းအားကို ကျွန်တော် သိတယ်။ ကျွန်တော် အများကြီး မျှော်မှန်းမထားပါဘူး။ ကျွန်တော် ဆန်းကြယ်မှုအဆင့်ကို ရောက်နိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ "

တိမ်ရိုင်းနယ်မြေထဲတွင် မွေးဖွားလာရသည်ကပင် သဘာဝအလျောက် အရေးမသာဖြစ်နေသည်ကို တောက်ယွင်ရှောင်း သိသည်။ ဆန်းကြယ်မှုအဆင့် အဆင့် ၁ ကို ရောက်ရှိရန်ပင် ခက်ခဲနေပေလိမ့်မည်။

ဆန်းကြယ်မှုအဆင့် အဆင့် ၁ ဖြစ်ရသည်မှာ ပြဿနာမရှိပေ။ သူက အဆင့်နိမ့်ပိုင်းမှတစ်ဆင့် စစ်သူကြီး ၊ အမတ် ၊ မင်းမျိုး ဖြစ်လာသည်အထိ တဖြည်းဖြည်းချင်း တက်လှမ်းရမည်။

" တောက်ပိုင် ၊ အသက် ၂၂ ၊ အဝါရောင်အဆင့် အဆင့် ၄ "

" စွန်းချန်းဟိုင် ၊ အသက် ၁၉ ၊ အဝါရောင်အဆင့် အဆင့် ၅ "

ကျန်းတန်က လူသုံးဦးအမည်များ ခေါ်ပြီးသွားခဲ့သည်။ မည်သူကမျှ လျှိုင်ချမ်းယုကို ကျော်နိုင်ခြင်းမရှိပေ။ အများဆုံးအနေဖြင့် လျှိုင်ချမ်းယုနှင့် တန်းတူတွင်သာ ရှိကြသည်။

" တောက်ယွင်ရှောင်း ၊ အသက် ၁၄ ၊ ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်ကို အသုံးပြုတယ်။ အဆင့်က...."

ကျန်းတန် တစ်ခဏရပ်ကာ တောက်ယွင်ရှောင်းအား လှမ်းကြည့်လိုက်သည်။ တောက်ယွင်ရှောင်း ချက်ချင်းပင် လက်များချကာ အသက်အောင့်လိုက်ပြီး ရလဒ်ကို အာရုံစိုက်ကာ နားထောင်ထားသည်။

ဘေးပတ်လည်မှ တောက်မျိုးနွယ်ဝင်များ ခြေတဆန့်ဆန့်ဖြစ်ကာ မျှော်လင့်တကြီး ဖြစ်နေကြ၏။ သူတို့ သခင်လေး၏ နောက်ဆုံးရလဒ်ကို သူတို့လည်း သိလိုကြသည်။

" အဝါရောင်အဆင့် အဆင့် ၈ "

တောက်ယွင်ရှောင်း ခေါင်းတစ်ခုလုံး ချာချာလည်သွားရ၏။

" အဝါရောင်အဆင့် အဆင့် ၈ တဲ့လား။ ငါက အဝါရောင်အဆင့် အဆင့် ၈ ပဲလား "

တောက်ယွင်ရှောင်း လက်သီးဆုပ်လိုက်သည်။ အဘယ်သို့ဖြစ်၍ နိမ့်လွန်းနေရလေသနည်း။ သူ မကျေနပ်ပေ။ သူ၏အနာဂတ်အတွက် ကြီးမားသောဆန္ဒများ ရှိသည်။ ပြည်ထောင်ရွေးချယ်ပွဲက သူ၏စမှတ်တစ်ခုသာ ဖြစ်သော်လည်း ထိုစမှတ်က နိမ့်လွန်းနေခဲ့သည်။

" သခင်လေးယွင်ရှောင်းတောင် ဆန်းကြယ်မှုအဆင့်ကို မရောက်ဘူးလား။ ဆန်းကြယ်မှုအဆင့်ကို ရောက်ဖို့က အတော်ခက်ခဲတာပါ့လား "

" ကောင်းကင်အဆင့် ၊ မြေအဆင့် ၊ ဆန်းကြယ်မှုအဆင့် ၊ အဝါရောင်အဆင့် ဆိုပြီး အဆင့်လေးဆင့်ပဲ ရှိတယ်။ ဒါပေမဲ့ အကဲဖြတ်ချိန်ကျ အဝါရောင်အဆင့်တောင် မရတာ ဒါမှမဟုတ် အဝါရောင်အဆင့်ထဲမှာပဲ ရှိကြတယ်။ အဝါရောင်အဆင့်ထဲမှာတောင် တစ်ဆင့်တည်းမဟုတ်ဘဲ ကိုးဆင့်အထိ ပေါ်လာပြန်ရော။ ကျင်းလုံဝေ့က ဘယ်လိုသောက်ကျိုးနည်းတွေကို စစ်ဆေးနေတာလဲ။ အဲ့ဒီအဆင့်တွေက ဘာအတွက်လဲ။ ဟန်ပြလား "

" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ဆန်းကြယ်မှုအဆင့်ကို ရနိုင်ခဲ့ရင် အဲ့ဒီလူက လူငယ်အရှင်သခင် ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ သူတို့က အမတ် ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုရဲ့ အရေးပါတဲ့သူတွေ ဖြစ်လာနိုင်တယ်လေ။ တိမ်ရိုင်းနယ်မြေကို အသာထားလိုက်ဦး တိုင်အာနတ်ပြည်ထောင် တစ်ခုလုံးမှာတောင် ဆန်းကြယ်မှုအဆင့်ရတဲ့သူ နည်းနည်းပဲရှိတယ်။ တိုင်အာနတ်ပြည်ထောင်မှာ လူပေါင်းများစွာ ရှိနေတယ်ဆိုပေမယ် စစ်သူကြီးတွေ ၊ အမတ်တွေ ၊ မင်းမျိုးတွေ ဖြစ်လာနိုင်တဲ့သူက ဘယ်လောက်များရှိလို့လဲ "

မျိုးနွယ်ကြီးတစ်ခုဖြစ်သည့် တောက်မျိုးနွယ်က သတင်းစုံလင်သည်။ သူတို့က လျစ်လျူရှု၍မရသည့် ကောင်းကင် ၊ မြေ ၊ ဆန်းကြယ်မှု ဟူသည့် အဆင့်များကိုပင် သိကြသည်။ ထိုအဆင့်များကို ကြေညာခြင်းသည် ဝါစဥ်ကြီး သူတော်စင်များနှင့် မင်းမျိုးနွယ်များကို ချီးကျူးဂုဏ်ပြုပေးခြင်းသာ ဖြစ်လေ၏။

အဓိပ္ပါယ်ပြည့်ဝသည့် တစ်ခုတည်းသော အဆင့်က အဝါရောင်အဆင့်သာ ဖြစ်သည်။ အရိုင်းနယ်မြေထဲ၌ လူတစ်ဦးက အဝါရောင်အဆင့် အဆင့် ၅ နှင့်အထက်တွင် အဆင့်ချိတ်နိုင်ခဲ့လျှင် ဂုဏ်ယူဝင့်ကြွားနိုင်သည်။

" နောက်ဆုံးတစ်ယောက် "

ကျန်းတန် ယီယွင်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ကောင်းကင်ကို ခရမ်းရောင်ပြောင်းလဲစေပြီး လက်ဖက်ရည်ခွက်များကို ကွဲကြေသွားစေခဲ့သည့် ယီယွင်က အာရုံအစိုက်ခံရဆုံး ဖြစ်သည်။

တောက်ယွင်ရှောင်းအကြောင်း ပြောနေကြသည့် လူတိုင်း ရပ်တန့်လိုက်ကြပြီး ယီယွင်၏ရလဒ်ကို နားစွင့်လိုက်ကြသည်။.

" နောက်ဆုံးတော့ ယီယွင်ရဲ့အလှည့် ရောက်လာပြီ။ ဒီကောင်က အဝါရောင်အဆင့် ဘယ်အဆင့်ကို ရမလဲဆိုတာ ငါသိချင်မိတယ် "

" ဒီကောင် ထုတ်ဖော်ခဲ့တဲ့ အဲ့ဒီတိမ်တိုက်တွေက အစွမ်းထက်ပုံရပေမဲ့ သခင်လေးယွင်ရှောင်းရဲ့ ဓားချီကိုတော့ မယှဥ်နိုင်ဘူး။ ဒီကောင်က ဘယ်လောက် ကောင်းနိုင်မှာမလို့လဲ "

လူတိုင်း စောင့်စားနေကြသည်။ ကျန်းတန်က ယီယွင်၏အမည်ကို ခေါ်လိုက်ချိန်တွင် တစ်ခဏရပ်တန့်သွားကာ ယီယွင်ကို လေးနက်သော မျက်ဝန်းများနှင့် စူးစိုက်ကြည့်လိုက်သည်။

စင်မြင့်ပေါ်ရှိ တောက်မျိုးနွယ်၏ အကြီးအကဲများကလည်း အပြည့်အဝ အာရုံစိုက်ထားကြသည်။ ခရမ်းရောင်မြူခိုးများ မည်သည့်အရာဖြစ်ကြောင်း သူတို့ သိလိုကြသည်။

" ယီယွင် ၊ အသက် ၁၂ နှစ် ၊ အသုံးပြုတဲ့ ကျင့်စဥ်နည်းစနစ်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း။ အဆင့်က ဆန်းကြယ်မှုအဆင့် အဆင့် ၅ " ကျန်းတန်၏အသံက ပီသကျယ်လောင်ပြီး ဆယ်မိုင်အကွာမှပင် ကြားရနိုင်သည်။

လက်ရှိတွင် လူတိုင်း မှင်တက်မိနေကြ၏။

ဆန်းကြယ်မှုအဆင့်တဲ့လား။

ယီယွင်က ဆန်းကြယ်မှုအဆင့်သို့ အမှန်တကယ်ပင် ရောက်ရှိနေပြီး အဆင့် ၅ ပင် ဖြစ်နေသည်။

ထိုသို့ဆိုလျှင် ထိုကော​င်က လူငယ်အရှင်သခင်တစ်ဦးပေလော။ ထိုကောင်က စစ်သူကြီးတစ်ဦး ၊ မင်းမျိုးတစ်ဦး သို့မဟုတ် ဂိုဏ်းတစ်ခု၏ အရေးပါသူတစ်ဦး ဖြစ်လာတော့မည်လော။

အဘယ်သို့ ဖြစ်ရလေသနည်း။ ထိုကောင်က ခရမ်းရောင်တိမ်တိုက်အချို့ ထုတ်ဖော်ခဲ့ရုံမျှသာ ဖြစ်လေပြီး ဆန်းကြယ်မှုနယ်ပယ် အဆင့် ၅ အထိပင် ချီးမြောက်ခံခဲ့ရချေသည်။

လူများစွာတို့မှာ တုန့်ပြန်ရန် နှေးကွေးနေကြရ၏။ ကျင်းလုံဝေ့က အကဲဖြတ်မှု မှားယွင်းခဲ့သည်ဟုသာ သူတို့ ယုံကြည်ထားသည်။ အဘယ်သို့ဖြစ်၍ သူတို့၏ သခင်လေးယွင်ရှောင်းက အဝါရောင်အဆင့် အဆင့် ၈ သာဖြစ်ပြီး ယီယွင်က ဆန်းကြယ်မှုအဆင့် အဆင့် ၅ ဖြစ်နေရလေသနည်။

ထိုကွာခြားချက်က ကြီးမားလွန်းလှချေသည်။

All Chapters