သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်အစစ်ကို စစ်ဆေးကြမယ်
Vol. 8 Ch. 107
လူများစွာတို့သည် အဆင့်သတ်မှတ်ခြင်းအပေါ် မေးခွန်းထုတ်ကာ သီးသန့်ဆွေးနွေးနေကြလေ၏။ ထိုအထဲတွင် တောက်မျိုးနွယ်မှ မှင်တက်မိနေကြသော အကြီးအကဲများလည်း ပါဝင်သည်။ ထိုအကြီးအကဲများထဲမှ ဗဟုသုတအများဆုံး အကြီးအကဲများကမူ ယီယွင်က တောက်ယွင်ရှောင်းထက် သာနေသည်ကို မအံ့ဩကြသော်လည်း များစွာသာလွန်နေခြင်းကိုမူ မျှော်လင့်မထားမိခဲ့ပေ။
" ဘယ်လိုဖြစ်ရတာလဲ။ ငါ အဲ့ဒါကို မယုံကြည်ဘူး "
လူအုပ်ထဲမှ လူတစ်ဦးက နောက်ဆုံးတွင် မီးတောက်ပေါက်ကွဲသည့်အလား ဖောက်ခွဲအော်ဟစ်လိုက်သည်။
ထိုသူက လျှိုင်ချမ်းယု ဖြစ်သည်။ လူအများအကြားတွင် သူက အတက်ကြွဆုံးသူ ဖြစ်လေ၏။
" ဒီကောင်က ဆန်းကြယ်မှုအဆင့် အဆင့် ၅ ၊ ကျုပ်ကျတော့ အဝါရောင်အဆင့် အဆင့် ၅ တဲ့။ ဒီကောင်က ကျုပ်ထက် အဆင့်ကြီးတစ်ဆင့်လုံး မြင့်နေတာ ဘယ်လိုဖြစ်ရတာလဲ "
သွေးများ စတင်ဆူပွက်လာသည်ဟု လျှိုင်ချမ်းယု ခံစားလိုက်ရသည်။ သူ၏ချောမောသောမျက်နှာ နီရဲနေလေ၏။ သူသည် လက်ဖဝါးထဲသို့ လက်သည်းများ စိုက်ဝင်ကာ သွေးထွက်လာသည်အထိ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေ၏။ သို့သော် လျှိုင်ချမ်းယုက နာကျင်မှုကို မခံစားရပေ။
သူ ရူးသွပ်နေကာ သေချင်နေ၏။
မြက်တစ်ပင်ခန့်ပင် အဖိုးမတန်သည့် သူဆင်းရဲကလေးငယ် ယီယွင် တဖြည်းဖြည်းချင်း ကြီးပြင်းလာကာ ကောင်းကင်အထိ မြင့်တက်သွားခဲ့သည်ကို သူ၏မျက်လုံးနှင့် တပ်အပ်မြင်တွေ့ခဲ့ရသည်။ ယီယွင်သည် သူ၏လျှိုင်မျိုးနွယ်ထဲမှ ရွာသားတစ်ဦးဖြစ်ပြီး ကျွန်တစ်ယောက်ဟုပင် ဆိုနိုင်သည်။ ယခုတွင် ထိုကျွန်က သခင်ဖြစ်သူကို ကျော်တက်သွားခဲ့ချေသည်။
ပျက်စီးခြင်းအရိုး အဆီအနှစ်အား ယီယွင်က ခိုးယူခဲ့သည်ကို သူ အမုန်းတီးရဆုံးပင်။ မူလက သူ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်ပေတော့မည်။ ဂုဏ်သရေများအားလုံး ထိုသို့သာ ဖြစ်သွားခဲ့ချေ၏။
လူတစ်ဦး ဒေါသလွှမ်းမိုးသွားခဲ့လျှင် ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားတတ်သည်။ လက်ရှိတွင် လျှိုင်ချမ်းယုက ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းများ ဆုံးရှုံးနေသည်။ သူ ယီယွင်ကို အလွန်မုန်းတီးကာ တစ်စစီဆွဲဖြဲပစ်ချင်နေ၏။
" ကျုပ် လက်မခံနိုင်ဘူး "
ဒေါသစိတ်သည် လျှိုင်ချမ်းယုအား အရာအားလုံးကို စိန်ခေါ်ရဲသည့် သတ္တိများ ပေးစွမ်းလာခဲ့၏။ သူသည် ကျန်းတန်နှင့် ထိပ်တိုက်တွေ့ရမည့် အခြေအနေမျိုးမှာပင် ခံပြင်းဒေါသစိတ်ကြောင့် အော်ခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် လူအများ၏ အကြည့်များက လျှိုင်ချမ်းယုထံသို့ ပြုံကျလာလေ၏။
လျှိုင်ချမ်းယု လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိပြီး နဖူးတွင် သွေးကြောစိမ်းများ ထောင်နေလေ၏။
" ကျုပ် လက်မခံနိုင်ဘူး "
လျှိုင်ချမ်းယုက ကြီးမားသောပမာဏရှိသည့် အရှက်ရခြင်းကို ခံစားနေရသည့်ပမာပင် ထပ်မံကာ ဟစ်အော်လိုက်သည်။
လူအုပ်ထဲတွင် မျက်နှာသုန်မှုန်နေသည့် နောက်ထပ်လူတစ်ဦး ရှိနေသေးသည်။ ထိုသူက တောက်ယွင်ရှောင်း ဖြစ်လေ၏။
" ကျုပ်လည်း လက်မခံနိုင်ဘူး " တောက်ယွင်ရှောင်းက ဆိုသည်။ သူသည် ထိုကိစ္စကို အမှန်တကယ်ပင် လက်မခံနိုင်ပေ။
သူက ဆန်းကြယ်မှုအဆင့်သို့ ရောက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ယီယွင်က ဆန်းကြယ်မှုအဆင့်အတွက် အရည်အချင်းမီနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အဘယ်သို့ဖြစ်၍ ကျင်းလုံဝေ့က တစ်ဖက်သတ်ဆန်သည့် ဆုံးဖြတ်ချက်မျိုး လုပ်ခဲ့ရလေသနည်း။ ကျင်းလုံဝေ့က တိကျသော အကြောင်းပြချက်ကိုပင် မပေးခဲ့ချေ။
" အကဲဖြတ်စံနှုန်းက ဘာလဲဆိုတာကို ကျုပ် သိချင်တယ် " တောက်ယွင်ရှောင်း၏ မျက်ဝန်းများတွင် ဒေါသများ တောက်လောင်နေ၏။
ဟမ့်...။
ကျန်းတန် အေးစက်စက် နှာခေါင်းရှုတ်လိုက်သည်။ စွမ်းအင်ပေါင်းစည်းထားသည့် အေးစက်သောအသံက လျှိုင်ချမ်းယုနှင့် တောက်ယွင်ရှောင်းတို့၏ နားထဲသို့ ဝင်ရောက်သွားကာ ပေါက်ကွဲသွားခဲ့လေ၏။ သူတို့နှစ်ဦးလုံး ရင်ဝကို အကန်ခံလိုက်ရသည့်ပမာပင် ခန္ဓာကိုယ်များ တုန်ယင်သွားကာ ဒူးထောက်ကျလုမတတ် ဖြစ်သွားရသည်။
" ငါ့မှာ မင်းတို့တွေကို ရှင်းပြနေဖို့အတွက် တာဝန်မရှိဘူး။ မင်းတို့တွေ လက်မခံနိုင်ရင် ပြည်ထောင်ရွေးချယ်ပွဲကနေ နုတ်ထွက်လိုက်ကြ။ ဘယ်သူကမှ မင်းတို့တွေကို တွန်းအားပေးမထားဘူး။ ဒါပေမဲ့ မင်းတို့ကို ကျင်းလုံဝေ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့ပြီဆိုရင် မင်းတို့တွေ မှတ်ထားရမှာက ကျင်းလုံဝေ့ထဲမှာ အမှုတော်ထမ်းရွက်တာပဲရှိပြီး မေးခွန်းထုတ်တယ်ဆိုတာ ဘယ်တော့မှမရှိဘူးဆိုတာကို နားလည်ထားကြ။ အခု မင်းတို့က ငါ့ကို မေးခွန်းထုတ်ခဲ့တာဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ " ကျန်းတန်၏အသံတွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပါဝင်နေ၏။ လျှိုင်ချမ်းယုနှင့် တောက်ယွင်ရှောင်းတို့သာမက တောက်မျိုးနွယ်မှ အကြီးအကဲများပင် ဖိအားကို ခံစားကြရသည်။
မင်း လက်မခံနိုင်ရင် နုတ်ထွက်သွားလိုက်။
မင်း ဆက်နေမှာဆိုရင် မဖြစ်မနေ နာခံရမယ်။
ကျင်းလုံဝေ့က စစ်တပ်တစ်ခုဖြစ်ပြီး တိုင်အာနတ်ပြည်ထောင်တွင် အစွမ်းအထက်ဆုံးစစ်တပ် ဖြစ်လေသည်။ ကျင်းလုံဝေ့က ထူးခြားစွာရပ်တည်နေ၏။ ကြီးမားသော စစ်တပ်တစ်ခုအနေဖြင့် သူတို့ ချမှတ်ထားသည့် စည်းကမ်းများကို နိမ့်ကျသော လူတစ်ဦးက မည်သို့များ မေးခွန်းထုတ်နိုင်မည်နည်း။
တိမ်ရိုင်းနယ်မြေထဲရှိ မျိုးနွယ်များထဲမှ သခင်လေးများကို ဆိုမထားနှင့် အမတ်တစ်ဦး၏ သားတစ်ယောက်ကပင် ကျင်းလုံဝေ့ကို ထိုသို့လုပ်၍မရပေ။ ရှင်းပြချက်အတွက်ကမူ ခြင်္သေ့တစ်ကောင်က ကြွက်တစ်ကောင်ကို ရှင်းပြနေရန် လိုပါဦးမည်လော။
" တောင်းပန်လိုက်စမ်း ယွင်ရှောင်း " တောက်ယွင်ရှောင်း၏ နားထဲတွင် ဖခင်ဖြစ်သူ၏အသံ ထွက်ပေါ်လာသည်။ တောက်ယွင်ရှောင်း သွေးကြောများ ထောင်လာသည်အထိ လက်သီးဆုပ်လိုက်သည်။ သူ ခံပြင်းဒေါသ ဖြစ်နေ၏။
" တောင်းပန်လိုက်စမ်း ယွင်ရှောင်း။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ " တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်သူအသံ ထပ်မံထွက်ပေါ်လာသည်။
တောက်ယွင်ရှောင်း အသက်ပြင်းပြင်း ရှုလိုက်၏။ သူ၏စွမ်းအားကို သက်သေပြခွင့်မရသည်အား မုန်းတီးမိချေသည်။
" ကျုပ်...လက်ခံတယ် " တောက်ယွင်ရှောင်း မျက်နှာတင်းမာနေပြီး စော်ကားမှုများကို သည်းခံကာ ထိုစကားများကို ခက်ခက်ခဲခဲပင် ကြိုးစားပြောလိုက်ရသည်။
ကျန်းတန် အမူအရာကင်းမဲ့နေသည်။ သူ လက်ခါပြလိုက်ရာ ကျင်းလုံဝေ့၏ အဖွဲ့ဝင်များက ယာယီရှေ့ထွက်လာကြ၏။
ထို့နောက်ပိုင်းကမူ ခရမ်းသွေးနယ်ပယ် စစ်သည်များ၏ စစ်ဆေးမှုဖြစ်ပြီး တောက်ယွင်ရှောင်း ၊ ယီယွင်တို့နှင့် သက်ဆိုင်ခြင်းမရှိပေ။
တောက်ယွင်ရှောင်းက ယီယွင်ကို စူးစိုက်ကာ ကြည့်လိုက်သည်။ တောက်ယွင်ရှောင်းနှင့် ယီယွင်တို့အကြားမှ ပတ်သက်မှုက လျှိုင်ချမ်းယုနှင့် ကွဲပြားလေသည်။ လျှိုင်ချမ်းယုက ယီယွင်ကို မုန်းတီးခြင်းဖြစ်ပြီး တောက်ယွင်ရှောင်းကမူ လက်မခံနိုင်ခြင်း ဖြစ်သည်။ သူက ယီယွင်ထက် ကဏ္ဍအားလုံးတွင် သာလွန်သည်ဟု ခံစားရသည်။
" ဟဲဟဲ... တိမ်ရိုင်းနယ်မြေထဲက သခင်လေးတွေက သူတို့ကိုယ်သူတို့ အထင်ကြီးနေကြပုံပဲ။ ငါတို့ စစ်ဆေးသူတွေ လုပ်ထားတဲ့ အကဲဖြတ်ရလဒ်တွေမှာ သူတို့တွေရဲ့ အမြင်တွေကိုပါ ကြည့်ပေးရမယ်လို့ ထင်နေကြပုံပဲ " ကျန်းတန် ဆင်းလာချိန်တွင် ကျင်းလုံဝေ့၏ လက်ရွေးစင်စစ်သည်တစ်ဦးက အထင်သေးစွာ ဆိုလိုက်သည်။ သူတို့က တိမ်ရိုင်းနယ်မြေထဲမှ လူများကို လူရိုင်းများကဲ့သို့သာ ဆက်ဆံကြသည်။ အမှန်တကယ်တွင်လည်း ထိုကိစ္စက အမှန်ဖြစ်ချေသည်။
အရိုင်းနယ်မြေနှင့် ဗဟိုဒေသတို့ အကြားတွင်ရှိသည့် ကွာခြားချက်က ကြီးမားလွန်းချေသည်။
" ဟိုကောင်လေး ယီယွင်က အရှေ့အရပ်ကလာတဲ့ ခရမ်းရောင်လေတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ ခရမ်းရောင်လေက ကောင်းကင်သားတော်ရဲ့ သင်္ကေတတစ်ခုပဲ။ အနာဂတ်မှာ ယီယွင်က အရှင်သခင်တစ်ဦး ဖြစ်လာဖို့အတွက် အခွင့်အရေးရှိတယ် " အခြားသော လက်ရွေးစင်တစ်ဦးက ဆိုလိုက်သည်။
" ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်ခြေတစ်ခုပဲလေ။ လူငယ်အရှင်သခင်တစ်ဦးရဲ့ ရှေ့ခရီးမှာ အမျိုးအမည်မသိရတဲ့ ကိစ္စရပ်တွေ အများရှိနေတယ်။ သူတို့က လမ်းခရီးအလယ်မှာ ကျရှုံးတာ ဒါမှမဟုတ် အလားအလာတွေ ကုန်ခမ်းသွားတာမျိုးဖြစ်ပြီး ကျရှုံးသွားနိုင်တယ်။ ဟူး...ဒါပေမဲ့ လူငယ်အရှင်သခင်အချို့ကတော့ ကြောက်ဖို့ကောင်းလောက်တဲ့နှုန်းနဲ့ ကြီးထွားလာကြတယ်။ သူတို့က တဖြည်းဖြည်းချင်းနဲ့ ပညာရှင်တွေ ၊ မဟာဧကရာဇ်တွေ ဖြစ်လာကြတယ်။ အရာအားလုံးက ဖြစ်နိုင်ခြေရှိပါတယ်လေ " ကျန်းတန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
ဘေးနားတွင်ရှိသည့် ကျင်းလုံဝေ့၏ လက်ရွေးစင်စစ်သည်များက တစ်ဦးနှင့်တစ်ဦး ကြည့်ကာ တံတွေးမျိုချလိုက်ကြသည်။ သူတို့အတွက်မူ မဟာဧကရာဇ်တစ်ပါး ဆိုသည်မှာ မြင့်မားလွန်းလှသော အရာတစ်ခုသာ ဖြစ်ချေသည်။ တိုင်အာနတ်ပြည်ထောင်ကို တည်ထောင်ခဲ့ပြီး မျိုးဆက်ပေါင်းထောင်ချီအထိ အရိပ်အာဝါသ လွှမ်းမိုးနိုင်ခဲ့သည့် ဧကရာဇ်သည်ပင် ပညာရှင်အဆင့်၌သာ ရှိလေသည်။
ကျန်းတန် ဆက်ပြောလေသည်..." ငါတို့တွေအနေနဲ့ သခင်လေးတွေရဲ့ သံသယတွေကို အရေးစိုက်နေဖို့ မလိုဘူး။ ဒါပေမဲ့ သူတို့က လက်မခံနိုင်မှတော့ နောက်ဆုံးအလှည့်မှာ သူတို့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်အစစ်ကို စစ်ဆေးလိုက်ကြမယ် "
ကျန်းတန်က သာမန်ပင် ပြောလိုက်လေ၏။ ခံပြင်းဒေါသများ ဖြစ်နေကြသူများက လျှိုင်ချမ်းယုနှင့် တောက်ယွင်ရှောင်းတို့သာ မကသည်ကို သူသိသည်။ ထိုအထဲတွင် အခြားပြိုင်ပွဲဝင်များနှင့် တောက်မျိုးနွယ်၏ သာမန်လူများလည်း ပါဝင်ကြပေလိမ့်မည်။ မည်သူကမျှ ထိုကိစ္စကို လက်ခံနိုင်ခြင်း မရှိကြချေ။
တိမ်ရိုင်းနယ်မြေထဲမှ လူများ လက်ခံလာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ စွမ်းအားသာ ဖြစ်ချေသည်။ ထိုသူများအတွက် အခြားအရာများက မျက်စိရှုပ်စရာများသာဖြစ်ပြီး ကိစ္စတစ်ခုကို သူတို့ သိရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ခွန်အားသာ လိုအပ်သည်။
" အိုး... သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးမှာလား " ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး မျက်ဝန်းများ တောက်ပသွားလေသည်။
" ဒါအမှန်ပဲ။ ဒီလူတွေက အသက်အရွယ်တွေနဲ့ ကျင့်ကြံမှုတွေ ကွဲပြားကြတယ်။ သူတို့ရဲ့ခွန်အားတွေကို စစ်ဆေးဖို့အတွက် ပုံသေစံနှုန်း ရှိမနေဘူး။ ဒါပေမဲ့ အစောတုန်းက ငါ ယီယွင်ကို မေးကြည့်ခဲ့တယ်။ သူ့ရဲ့ကျင့်ကြံမှုက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်မှာပဲ။ ဒါကြောင့် ငါတို့တွေက သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးမယ်ဆိုရင် မမျှမတဖြစ်တာမျိုး ရှိလာမှာမဟုတ်တော့ဘူး။ တကယ်တော့ အဲ့ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်အစစ်ကို ငါလည်း မြင်ချင်မိတယ် " ကျန်းတန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
၁၂ နှစ်အရွယ် ကလေးတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည် အကန့်အသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ကျန်းတန် ထိုအရာကို မျှော်လင့်မိနေသည်။