မျက်နှာကို နောက်တစ်ချက်ရိုက်ပေးမယ်
Vol. 8 Ch. 108
ပြည်ထောင်ရွေးချယ်ပွဲ၏ အကြိုဗိုလ်လုပွဲက မပြီးဆုံးသေးပေ။ ခရမ်းသွေးနယ်ပယ် စစ်သည်များ၏ စစ်ဆေးမှုက ပိုမို၍ပင် ပြင်းထန်သည်။
ခရမ်းသွေးနယ်ပယ် စစ်သည်များက ပြည်ထောင်ရွေးချယ်ပွဲကို သေချာပေါက်ပင် အောင်မြင်မည်ဖြစ်သော်လည်း ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ရရှိရေးအတွက် သူတို့အကြားတွင် ယှဥ်ပြိုင်ရန်လိုသေးလေသည်။ သို့မှသာ သူတို့က ကျင်းလုံဝေ့ထဲတွင် အရင်းအမြစ်များ ပိုမိုရရှိကာ ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခု ရရှိပေလိမ့်မည်။
ယီယွင်သည် တိမ်ရိုင်းနယ်မြေထဲမှ ခရမ်းသွေးနယ်ပယ် စစ်သည်များ သရုပ်ဖော်ပြသနေသည်ကို ကြည့်ရှုနေလေ၏။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက သေမျိုးသွေးနယ်ပယ် စစ်သည်တစ်ဦးထက် အမှန်တကယ်ပင် များစွာပိုမိုကာ သန်မာလေသည်။ တောက်မျိုးနွယ်၏ ပထမသခင်လေးဟူရာက နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ကာ ပတ်ဝန်းကျင်ကို ဆူညံတက်ကြွသွားစေရန် လုပ်ဆောင်နိုင်ခဲ့၏။
ဟူရာကလည်း ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို အသုံးပြုသည်။ သူက တောက်မျိုးနွယ်၏ အမွေခံလက်နက်ဖြစ်သည့် အဖိုနှင့်အမလက်နက်တစ်စုံကို အသုံးပြုသည်။
အဖိုဓားက သုံးပေခန့် ရှည်လျားလေ၏။ ဟူရာ၏လက်ထဲတွင် အဖိုဓားက အသက်ဝင်လာသည့်ပမာပင် အရှိန်အဝါများ လှုပ်ခါလာသည်။ ဟူရာ ဓားသိုင်းကစားချိန်တွင် ဓားချီကြောင့် ပေါက်ကွဲအားလှိုင်များ ဖြစ်ပေါ်ကာ ပြိုင်ကွင်းတစ်ခုလုံးတွင် ဓားအလင်းများ ပြည့်နေလေ၏။ ဟူရာ၏ဓားက မျက်စိနှင့် လိုက်မကြည့်နိုင်လောက်အောင်ပင် မြန်ဆန်လွန်းသည်။
ဟူရာ အမြန်နှုန်း လျော့ချလိုက်ချိန်တွင်မူ အမြန်နှုန်းများ နှေးကွေးသွားသည့်တိုင်အောင် သူ၏လှုပ်ရှားမှုများကို တွက်ဆရန် ခက်ခဲနေဆဲပင်။ ထိုခံစားချက်က ကျန့်ယွီရှန်း ဆင်ဝါမျိုးနည်းစနစ်ကို ထုတ်ဖော်ပြခဲ့စဥ်ကနှင့် ဆင်တူသည်။ သူ လှုပ်ရှားနေသည်ကို မြင်ရသော် ဓားက မည်သို့လှုပ်ရှားနေကြောင်းကို မမြင်ရချေ။
တိမ်ရိုင်းနယ်မြေထဲမှ စစ်သည်များက ချီးကျူးကြလေ၏။ ကျင်းလုံဝေ့ အဖွဲ့ဝင်များပင် အသာခေါင်းညိတ်ကြ၏။
ဟူရာက ဆန်းကြယ်မှုကိုးပါးဓားကောင်းကင်သိုင်း၏ နောက်ဆုံးအကွက်ကို ထုတ်ဖော်ပြီးသည့်နောက်တွင် ဟူရာ၏ခန္ဓာကိုယ်မှ ဓားအလင်းကိုးခု ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တက်သွားခဲ့လေ၏။ ဓာချီအလင်းကိုးခုက အဝေးမှကြည့်လျှင် ရွှေရောင်ဓားများအလားပင်။
ဝှစ်...ဝှစ်...။
ရွှေရောင်ဓားများက လေထုအားထိုးခွင်းကာ တိမ်တိုက်များကို ထိုးဖောက်သွားလေ၏။ ဘေးပတ်လည်မှ တောက်မျိုးနွယ်ဝင်များ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
တောက်ယွင်ရှောင်း၏ ဓားချီကို ပိုးစုန်းကြူးဟု ခေါ်မည်ဆိုလျှင် ဟူရာ၏ ရွှေရောင်ဓားအလင်းကို လရောင်ဟု ခေါ်ဆိုရချေမည်။
" ဒါက ယွမ်ချီပုံသဏ္ဌာန်ပဲ "
လူအုပ်ထဲမှ စစ်သည်တစ်ဦးက ဆိုသည်..." ခန္ဓာကိုယ်ကနေ ယွမ်ချီ ထုတ်လွှတ်ပြီး ပုံသဏ္ဌာန်ပေါ်အောင် ဖွဲ့စည်းစေဖို့ဆိုတာက အရမ်းကို တီထွင်ဥာဏ်ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ။ အဲ့ဒါကို ခရမ်းသွေးနယ်ပယ် အတော်ဆုံး စစ်သည်တော်တွေကပဲ လုပ်နိုင်တယ်။ ရွှေရောင်ဓားအလင်းကိုးခုကသာ သံနက်ကျောက်တုံးကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အိမ်တစ်လုံးလောက်ရှိတဲ့ သံနက်ကျောက်တုံးတောင် တို့ဖူးတစ်တုံးလို ခုတ်ပိုင်းခံရမှာပဲ။ သခင်လေးဟူရာက ဖျက်ဆီးမှုနဲ့ ကြွားလုံးထုတ်မပြချင်ခဲ့ရုံတင်ပဲ "
" ယွမ်ချီပုံသဏ္ဌာန် " ယီယွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ယခင်နေ့ညတွင် သူ လင်ရှင်းထုံနှင့် လက်ရည်စမ်းခဲ့စဥ်က သူ၏ နောက်ဆုံးလက်သီးချက်သည် ကျားနဂါးတစ်ကောင်ပုံရိပ် ဖြစ်ပေါ်ခဲ့သည်ကို သတိရသွားခဲ့သည်။ ထိုစဥ်က သူ အလေးမထားခဲ့သော်လည်း လင်ရှင်းထုံကမူ ထိုအရာက ယွမ်ချီပုံသဏ္ဌာန်ဟု မှတ်ချက်ပေးခဲ့သည်။
ယွမ်ချီပုံသဏ္ဌာန်သည် အစွမ်းထက်သည့်ဟန် ရှိသည်သာမက တိုက်ခိုက်မှု၏ အဖျက်အားကိုလည်း ကြီးစွာတိုးမြင့်စေသည်။
သေမျိုးသွေးနယ်ပယ်နှင့် ခရမ်းသွေးနယ်ပယ် စစ်သည်များ၏ တိုက်ပွဲတွင် တိုက်ခိုက်ရန်အတွင် သူတို့၏ခန္ဓာကိုယ်များကို မကြာခဏ အသုံးပြုရသည်။ သိုင်းပညာအဆင့် တိုးလာသည်နှင့်ပမျှ စစ်သည်များ၏ တိုက်ပွဲမှာလည်း ယွမ်ချီပြိုင်ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မည်။
အဆင့်မြင့် သိုင်းကမ္ဘာတစ်ခုအတွက် ယွမ်ချီပုံသဏ္ဌာန်သည် အခြေခံများထဲမှ တစ်ခုသာ ဖြစ်ချေ၏။ အရိုင်းနယ်မြေထဲမှ လူများအတွက်မူ ယွမ်ချီပုံသဏ္ဌာန်သည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုသာ ဖြစ်လေ၏။
လူအများ စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်နေကာ တက်ကြွစွာပင် အားပေးနေကြ၏။ သာမန်လူများအဖို့ ယွမ်ချီပုံသဏ္ဌာန်ကို မြင်တွေ့ရန်ပင် အခွင့်အရေးမရှိပေ။ ဟူရာက တောက်မျိုးနွယ်ထဲ အတော်ပင် ထင်ပေါ်သည်ဖြစ်၍ အားပေးသံများအားလုံးက သူ့အား လေးစားအားကျသူများထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။
ဟူရာ၏ သရုပ်ပြမှု ပြီးဆုံးသွားခဲ့သည်။
တောက်မျိုးနွယ်မှ လူများ၏ မျက်နှာများ နီရဲကာ ဂုဏ်ယူဝင့်ကြွားနေကြသည်။ သူတို့က နှစ်ချို့သေရည်တစ်အိုးလုံး သောက်ထားသည့်ပမာပင် ဖြစ်နေလေပြီး အပျော်များကို ဖုံးဖိမထားနိုင်ကြချေ။ အစောပိုင်းက သူတို့၏ ထွန်းတောက်မှုများကို ယီယွင်က အုပ်မိုးသွားခဲ့လေသောကြောင့် မပျော်မရွှင်ဖြစ်ခဲ့ရသည်။ ယခုတွင် ဟူရာကြောင့် သူတို့ ချက်ချင်းပင် ပျော်ရွှင်ကာ ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။
ပထမသခင်လေးဟူရာကလည်း မာကျောမှုခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိရန်အတွက် နီးကပ်နေသည်။ နောက်ရက်အနည်းငယ်တွင် သူ နောက်ဆုံးအဆင့်ကို လုပ်ဆောင်လိမ့်မည်။ ထိုသည်ကား တောက်မျိုးနွယ်မှ လူများ စောင့်မျှော်နေသည့်အရာ ဖြစ်လေသည်။
တောက်မျိုးနွယ်၏ နှစ်ပေါင်းရာချီ ကာလများတွင် နဂါးပေါင်းစည်းခြင်းနှင့် မာကျောမှုခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိခဲ့သည့် ပါရမီရှင်ကို မွေးထုတ်ပေးဖူးခြင်း မရှိခဲ့ချေ။
" သခင်လေးက မာကျောမှုခန္ဓာကိုယ်နဲ့ နဂါးပေါင်းစည်းခြင်း အဆင့်ကို ရောက်တော့မယ်။ သူ့ရဲ့ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်မှာပဲ။ မကြာခင်မှာ သူက ခရမ်းသွေးနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်သွားလိမ့်မယ်။ သူက ဘယ်လိုပြိး အစွမ်းမထက်ဘဲ နေပါ့မလဲ။ သခင်လေးဟူက ယီယွင်ထက် သေချာပေါက်ကို ကျော်လွန်လိမ့်မယ်။
" အဲ့ဒါက မသေချာပါဘူး။ စွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ ရွှေရောင်ဓားအလင်းကိုးခုကမှ စွမ်းအားအစစ်ပဲ။ အဲ့ဒါက ပုံရိပ်ယောင်ဖြစ်စဥ် မဟုတ်ဘူး။ သခင်လေးဟူက ဘယ်လိုလူစားမျိုးလဲ။ မျိုးနွယ်ငယ်ထဲက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့သူတွေကို သူက သင်ခန်းစာပေးလိမ့်မယ်။ ငါတို့ တောက်မျိုးနွယ်ရဲ့ စွမ်းရည်အစစ်ကို သူတို့တွေ မြင်ကြရလိမ့်မယ်။
လူအများ စိတ်လှုပ်ရှားနေသည်။ ကျင်းလုံဝေ့၏ စစ်ဆေးသူများက ခရမ်းသွေးနယ်ပယ် စစ်သည်များကို အဆင့်သတ်မှတ်ရန် ဆယ့်ငါးမိနစ် အချိန်ယူခဲ့သည်။
လူစာရင်းအရဆိုလျှင် ဟူရာက နောက်ဆုံးလူ ဖြစ်လေ၏။ ကျန်းတန်က ဟူရာကို ခေါ်လိုက်ချိန်တွင် တောက်မျိုးနွယ်မှ လူများ အသက်အောင့်ထားလိုက်ကြသည်။ ဤသည်ကား တောက်မျိုးနွယ်၏ ဂုဏ်သရေအတွက် သူတို့ စိုးရိမ်နေကြသည့် အခိုက်အတန့်တစ်ခု ဖြစ်လေ၏။ ဟူရာက ယီယွင်အား လွှမ်းမိုးသွားမည်ကို သူတို့ စောင့်ဆိုင်းနေခဲ့သည်။
တောက်မျိုးနွယ်၏စွမ်းအားက မျိုးနွယ်ငယ်များ အားလုံးပေါင်းထားသည်ထက် ဆယ်ဆခန့် ပိုမိုသန်မာသည်။ သူတို့အား ယီယွင်က လွှမ်းမိုးထားသည်ကို မည်သို့များ ခွင့်ပြုနိုင်ပါမည်နည်း။
လူအများ မျှော်လင့်စောင့်စားခြင်းများ ပြည့်နေလေပြီး ကျန်းတန် ပါးစပ်ဟလာမည့်အချိန်ကို စောင့်နေကြသည်။
" ဟူရာ ၊ အသက် ၁၈ ၊ ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို သရုပ်ဖော်ပြခဲ့တယ်။ အဆင့်က...."
" ဆန်းကြယ်မှုအဆင့် အဆင့်မဲ့ "
တောက်မျိုးနွယ်မှ လူများ ငေးငိုင်နေပြီးနောက် အော်ဟစ်ဆူညံသွားလေသည်။ နောက်ဆုံးတွင် ဟူရာက ဆန်းကြယ်မှုအဆင့် ရခဲ့သော်လည်း အဆင့်ပါမလာခဲ့ချေ။
အဝါရောင်အဆင့် အဆင် ၉ နှင့် ဆန်းကြယ်မှုအဆင့် အဆင့် ၉ တို့ အကြားတွင်ရှိသည့် ကွာခြားချက်က ကြီးမားလှသည်။ လူအချို့အ အဝါရောင်အဆင့်ထက် အနည်းငယ်သာလွန်နေသည်ဟု အကဲဖြတ်ရလေပြီး ဆန်းကြယ်မှုအဆင့်ဟု မှတ်ယူရန်မှာလည်း အဆင့်သတ်မှတ်၍ မရချေ။ ပါရမီကို အကဲဖြတ်သည့် စည်းမျဥ်းများအရ အဆင့်မဲ့သာ ဖြစ်လေ၏။
ဆန်းကြယ်မှုအဆင့် အဆင့်မဲ့သည် ဆန်းကြယ်မှုအဆင့်သို့ ရောက်သည်ဆိုရုံသာရှိပြီး လုံလောက်မှုမရှိဘဲ မှေးမှိန်ပျောက်ကွယ်သွားနိုင်သည်။ တိကျစွာဆိုရသော် ၎င်းက အဝါရောင်အဆင့်နှင့် ဆန်းကြယ်မှုအဆင့် အကြားတွင်ရှိသည့် ကြားအဆင့်တစ်ခုသာ ဖြစ်လေသည်။
ဟူရာက တောက်မျိုးနွယ်ထဲတွင် ထိပ်ဆုံး လူငယ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် လူကြီးပိုင်း စစ်သည်များထက် များစွာအားနည်းခြင်း မရှိပေ။ တောက်မျိုးနွယ်၏ အမြင့်ဆုံးစံနှုန်း သင်္ကေတတစ်ခုကို အဝါရောင်အဆင့်နှင့် ဆန်းကြယ်မှုအဆင့်တို့ အကြားတွင်ရှိသည့် ကြားအဆင့်အဖြစ်သာ အကဲဖြတ်ပေးခဲ့သည်တဲ့လား။
တောက်မျိုးနွယ်ထဲတွင် ဟူရာကို ထောက်ခံအားပေးကြသူများ များစွာပင်ရှိသည်။ ယခုတွင် ကျင်းလုံဝေ့က ဟူရာကို ဆန်းကြယ်မှုအဆင့် အဆင့်မဲ့အဖြစ်သာ ပေးခဲ့သည်ဖြစ်ရာ ထောက်ခံအားပေးကြသူများက ထိုအရာကို လက်မခံနိုင်ကြပေ။ သူတို့က အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ပြီး သူတို့ မပျော်ရသေးမီမှာပင် ဟာသတစ်ခုပမာ ဖြစ်ခဲ့ရသည်။
တိမ်ရိုင်းနယ်မြေထဲတွင် ဆန်းကြယ်မှုအဆင့် မရှိလေဘဲ ဟူရာကသာ ဆန်းကြယ်မှုအဆင့် အဆင့်မဲ့အား ရခဲ့သည်ဆိုလျှင် သူတို့သည် ကျင်းလုံဝေ့၏ အကဲဖြတ်မှုများက တင်းကျပ်သည်ဟု ယူဆကာ လျော်ပေးလိုက်နိုင်သည်။
ယခုတွင်မူ ယီယွင်ဟု အမည်ရသည့် လူညစ်ကလေးက ဆန်းကြယ်မှုအဆင့် အဆင့် ၅ ၌ ရှိနေချိန်တွင် ဟူရာက ဆန်းကြယ်မှုအဆင့်၏ ကြားအဆင့်တွင်သာ ရှိနေခဲ့သည်။ သူတို့က မည်သို့များ လက်သင့်ခံနိုင်ပါမည်နည်း။
" ဒါမမျှတဘူး "
" ဟူရာက ဘယ်လိုလုပ်ပြီး အဆင့်မဲ့ဖြစ်နေရတာလဲ။ ကျုပ်တို့ လက်မခံနိုင်ဘူး "
လူအချို့က ဟစ်အော်လိုက်ကြသည်။ အစောပိုင်းက ယီယွင် တောက်ယွင်ရှောင်းကို လွှမ်းမိုးခဲ့စဥ်က အော်ဟစ်သူများ များစွာမရှိခဲ့ပေ။ ယခု ဟူရာပါ လွှမ်းမိုးခံလိုက်ရချိန်၌ သူတို့ သည်းမခံနိုင်တော့ပေ။
ပရိတ်သတ်အင်အားက ကြောက်မက်ဖွယ်ကောင်းလှသည်။ အထူးသဖြင့် အစွန်းရောက်ပရိတ်သတ်များက ပိုဆိုးလေသည်။ သူတို့၏ စံပြပုဂ္ဂိုလ်အတွက်ဆိုလျှင် အသက်စွန့်ရန်ပင် ဝန်မလေးတတ်ကြပေ။
" ကျွန်မ လက်မခံနိုင်ဘူး။ ဟူရာက အနည်းဆုံးတော့ ဆန်းကြယ်မှုနယ််ပယ် အဆင့် ၆ လောက် ဖြစ်သင့်တယ် " ဒေါသကြောင့် နီမြန်းနေသည့် မိန်းကလေးတစ်ဦးက အော်လိုက်သည်။ တောက်မျိုးနွယ်ထဲတွင် ဟူရာကို နှစ်သက်နေကြသည့် မိန်းကလေးများစွာ ရှိလေသည်။ ဟူရာအတွက်ဆိုလျှင် သူမတို့က ကိုယ်လုံးတီးနှင့်ပင် ပြေးဝံ့ကြပေ၏။
" ဟုတ်တယ်... အနည်းဆုံးတော့ ဆန်းကြယ်မှုအဆင့် အဆင့် ၆ ဖြစ်သင့်တယ်။ ငါတို့ရဲ့ သခင်လေးဟူရာက ယီယွင်ကို ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ "
" ယီယွင်က ဘယ်လိုသောက်ကျိုးနည်းကောင်လဲ။ ဒီကောင်က မျိုးနွယ်ငယ်တစ်ခုက သာမန်လူတစ်ဦးပဲလေ။ ဒီကောင်က ကျင့်ကြံမှုတောင် မမြင့်မားဘူး။ အကဲဖြတ်ချိန်ကျ ရှင်တို့က သူ့ကို ဆန်းကြယ်မှုအဆင့် အဆင့် ၅ ပေးထားသတဲ့လား။ ကျွန်မ အဲ့ဒါကို လက်မခံနိုင်ဘူး " အခြားသော မိန်းကလေးတစ်ဦးကလည်း အလွန်ဒေါသထွက်နေလျက်ဖြင့် ဟစ်အော်လိုက်သည်။ သူမတို့၏ စံပြပုဂ္ဂိုလ်က သာမန်လူတစ်ဦးထက် အဘယ်သို့များ နိမ့်နေရလေသနည်း။ ဤသည်က သူမတို၏ စံပြပုဂ္ဂိုလ်ကို စော်ကားလိုက်ခြင်းသာ ဖြစ်ချေသည်။
တောက်မျိုးနွယ်မှ မိန်းကလေးများ ဒေါသထွက်နေကြသည်ကို ကြည့်နေရင်းဖြင့် ယီယွင် ပြောစရာမဲ့နေသည်။ သူက အကြောင်းအရင်းမရှိဘဲ အပြစ်တင်ခံနေရချေ၏။ သူက တောက်ယွင်ရှောင်း ၊ လျှိုင်ချမ်းယုတို့နှင့် ပြိုင်ဆိုင်ခဲ့ခြင်းသည် ခရမ်းသွေးနယ်ပယ်မှ ဟူရာနှင့် မည်သို့မျှ ပတ်သတ်ခြင်းမရှိပေ။ သူက အဘယ်သို့များ ဆွဲထည့်ခံလိုက်ရလေသနည်း။
ဟူရာက သူ၏အတိတ်ဘဝမှာ ကိုရီးယားဒရာမာ သရုပ်ဆောင်များနှင့် အသည်းအသန်အားပေးကြသည့် ပရိတ်သတ်များနှင့် ဆင်တူနေသည်ဟု ယီယွင် ခံစားမိသည်။
ယီယွင်က ဟူရာကို မသိမသာ လှမ်းကြည့်လိုက်သည်။ ပရိတ်သတ်များက ဒေါသထွက်နေကြသော်လည်း။ ဟူရာကမူ ဓားကို ကိုင်ထားဆဲဖြစ်ပြီး နေရာတွင်ပင် အမူအရာကင်းမဲ့စွာဖြင့် ရပ်နေသည်။ ဘေးပတ်လည်မှ အဖြစ်အပျက်များက သူနှင့် မသက်ဆိုင်သည့်အလားပင်။
ယီယွင် အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။ ဤဟူရာက စိတ်ဝင်စားစရာပင်။ ဤကဲ့သို့ လူအုပ်ကြီးနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ဟူရာက တည်ငြိမ်နေသေးလေ၏။ ဤကဲသို့ သည်းခံနိုင်စွမ်းမျိုးက ရူးနှမ်းသော လူငယ်တစ်ဦးနှင့် တူမနေပေ။