သွေးမျိုးဆက်
Vol. 8 Ch. 109
အကြိုဗိုလ်လုပွဲ ပြီးဆုံးသည့်နောက်တွင် ပြိုင်ပွဲဝင်များက ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ပင်ဖြစ်စေ ကိုယ့်နေရာကိုယ် ပြန်သွားခဲ့ကြရသည်။
လူအများအဖို့ မည်မျှပင် မခံမရပ်နိုင်ဖြစ်နေစေကာမူ ပြိုင်ပွဲရလဒ်ကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ စတင်ကာ လူစုခွဲခဲ့ရသည်။
သို့သော် တိုက်ပွဲများကမူ ရပ်တန့်ခြင်းမရှိပေ။
ယီယွင် ညစာစားပြီးကာ စားသောက်ဆိုင်ထဲမှ ထွက်လာချိန်တွင် သူ့အား ပြဿနာရှာလိုသည့် ကလေးတစ်သိုက်နှင့် ဆုံတွေ့ခဲ့လေသည်။ ထိုအဖွဲ့၏ခေါင်းဆောင်က ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး သူမ၏နောက်တွင် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးနှင့် မိန်းကလေးများ အဖွဲ့လိုက်ရှိနေသည်။
ထိုမိန်းကလေးက ထိုအဖွဲ့၏ဆရာကြီး ဖြစ်လေပြီး သူ၏မှတ်ဥာဏ်များထဲမှ ကျောင်းသားအဖွဲ့များနှင့် ကွာခြားမှုမရှိချေ။
ဤကမ္ဘာခြားထဲတွင်ပင် ကလေးများက ၁၃ နှစ်အရွယ်တွင် ပုန်ကန်တတ်ကြလေ၏။ ထိုအရွယ် ကလေးများက အစိမ်းရောင်ဂိုဏ်း ၊ ဟုန်ဂိုဏ်း အစရှိသဖြင့် ဂိုဏ်းများကို အလွယ်တကူပင် ထူထောင်တတ်ကြသည်။
မိန်းကလေးက ဆံပင်ကို ခပ်မိုက်မိုက် တစ်ချက်ယမ်းကာ ယီယွင်ကို ရန်လိုသောအကြည့်များနှင့် စူးစိုက်ကြည့်နေလေ၏။ သူတို့က အင်အားပြသရန် ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ယီယွင်ကို သက်တူရွယ်တူတစ်ဦး ၊ ဥာဏ်ရည်တူတစ်ဦးအဖြစ်သာ သတ်မှတ်ထားကြချေ၏။ အရပ်အမြင့်အရဆိုလျှင် ယီယွင်က ထိုမိန်းကလေးထက်ပင် လက်မအနည်းငယ်ခန့် နိမ့်နေသေးသည်။
ဤကလေးများက အရှေ့အရပ်မှလာသော ခရမ်းရောင်လေနှင့် ယွမ်ချီပုံသဏ္ဌာန်တို့ကို မည်သို့များ သိနိုင်ကြပါမည်နည်း။ သူတို့အတွက်မူ ခွန်အားကို အရပ်အမောင်းနှင့်သာ ဆုံးဖြတ်ကြသည်။
မြင့်မားတောင့်တင်းကာ အစွမ်းထက်မည့်ဟန်ရှိသည့် လူများကိုမူ သူတို့က ရန်စဝံ့ကြမည်မဟုတ်ပေ။ အရပ်ပုသူများကိုမူ သူတို့က ရိုက်ပုတ်ခြင်းမပြုဘဲ နိုင်လိုမင်းထက်ပြုကြမည် ဖြစ်လေ၏။
ကလေးများ၏ခေါင်းဆောင်က ယီယွင် သန်မာကြောင်းကို သိရှိလေပြီး သူမ ခေါ်လာခဲ့သည့် ကလေးတစ်သိုက်က ယှဥ်နိုင်မည်မဟုတ်ပေ။ သို့သော် ယီယွင်က သူတို့ထက် ခေါင်းတစ်လုံးစာခန့် အရပ်ပုသည်။ ထို့အဖြစ်က သူ့တို့အား မသိစိတ်ဖြင့်ပင် စိတ်အင်အားများ တိုးလာစေခဲ့သည်။
ဤကလေးများ၏ အတွေးများကို ဖော်ပြရန်မှာ ခက်ခဲလှသည်။ သူတို့၏ စံပြပုဂ္ဂိုလ်က အစော်ကားခံခဲ့ရသည်ဟု ထင်မိလေသောကြောင့် သူတို့၏သတ္တိကို ပြသရန်အတွက် တစ်ခုခုလုပ်ရန် လိုအပ်သည်။
ဟုတ်သည်။ သူတို့၏ စံပြပုဂ္ဂိုလ်ကို အမှန်တကယ် စော်ကားခဲ့သူမှာ ကျင်းလုံဝေ့သာ ဖြစ်လေ၏။ သို့သော် သူတို့က ကျင်းလုံဝေ့ကို ပြဿနာရှာဝံ့ခြင်းမရှိ၍ ယီယွင်ကို ပြဿနာလာရှာကြခြင်းသယ ဖြစ်လေသည်။
သူတို့က ဟူရာကို မယိမ်းမယိုင် ထောက်ခံအားပေးကြောင်း သက်သေပြရန်အတွက် ဟန်ရေးပြခြင်းကို လုပ်ဆောင်ရန်လိုအပ်သည်။ သူတို့ လိုလားသည့် ရလဒ်အတွက်ကိုမူ သေချာမသိပေ။
ယီယွင် ပြောစရာမဲ့နေရသည်။ နကန်းတစ်လုံးမျှ မသိကြသည့် ကလေးများက ပြဿနာရှာနေသည်ကို ခံနေရသော သူက အမှန်တကယ်ပင် ကံဆိုးလှသည်။ ယီယွင်က အရှိန်အဝါအနည်းငယ် ထုတ်လွှတ်ကာ ထိုကလေးများကို တွန်းထုတ်လိုက်လေသည်။ သူ လူအုပ်ကြားထဲမှ တိုးထွက်သွားခဲ့လေပြီး ဒေါသများချိုးနှိမ်နေရသည့် ထိုလူစုကို ချန်ထားခဲ့သည်။
အကြိုဗိုလ်လုပွဲ အကဲဖြတ်ချက် ထွက်ပေါ်လာပြီးကတည်းကပင် တောက်မျိုးနွယ်မှ လူများ၏ မျက်ဝန်းများထဲတွက် ရန်လိုမှုများ ပြည့်နေသည်ကို ယီယွင် သိရှိခဲ့သည်။
ယီယွင်က တောက်မျိုးနွယ်၏ သခင်လေးသုံးယောက်ကို တစ်ချက်တည်း ရိုက်ဖြုတ်သွားခဲ့မိသည်။ ယင်းက တစ်စုံတစ်ယောက်၏ အိမ်ထဲသို့ဝင်ကာ ပါးရိုက်ခြင်းနှင့် ဆင်တူလေ၏။ တောက်မျိုးနွယ်မှ လူများက သူ့အား မည်သို့များ ဖော်ရွေနေနိုင်ပါမည်နည်း။
ပိုဆိုးသွားသည်မှာ ယီယွင်က ခွန်အားအစစ်ကို မပြသခဲ့ခြင်းပင်။ ရလဒ်ကို ကျင်းလုံဝေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ တောက်မျိုးနွယ်မှ လူများက ကျင်းလုံဝေ့ ကြေညာထားခဲ့သည့် ရလဒ်ကို အလွန်တရာပင် မကျေနပ်ကြပေ။
ယီယွင်က ထိုသူများကို လျစ်လျူရှုထားပြီး လူအုပ်ထဲမှ အမြန်ထွက်သွားလိုသည်။ ထိုစဥ် မဝေးလှနေရာ၌ အဖြူဝတ်မိန်းကလေးတစ်ဦး ရပ်နေသည်ကို ယီယွင် သတိပြုမိသွားသည်။ သူမက သူ့ကို ပြုံးပြနေလေ၏။
ထိုမိန်းကလေးက စကားမဆိုဘဲ ပြုံးနေခဲ့သည်။ ယီယွင် လှမ်းကြည့်နေသည်ကို မြင်သောအခါတွင် သူမ လှည့်ထွက်သွားလေ၏။ ယီယွင်က သူမ၏သဘောကို နားလည်ကာ နောက်မှလိုက်သွားလေသည်။
သူတို့နှစ်ဦး ရှေ့သို့သွားနေကြပြီး မကြာမီတွင် တောက်မျိုးနွယ်မြို့ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ယီယွင်နှင့် မိန်းကလေးတို့သည် တောက်မျိုးနွယ်၏ အနောက်ဘက်မှ တောင်တစ်လုံးဆီသို့ ရောက်ရှိသွားခဲ့သည်။ လက်ရှိအချိန်၌ နေဝင်သွားပြီဖြစ်ပြီး အနောက်အရပ်ကောင်းကင် နီရဲနေသည်။
" နင်က လူကြိုက်များပုံလည်း မရှိပါ့လား " လင်ရှင်းထုံက ယီယွင်ကို လှည့်ကြည့်ကာ ခပ်အေးအေးပင်ဆိုသည်။
ယီယွင် စိတ်ပျက်လက်ပျက် ပြုံးကာ..." ကျွန်တော် တောက်မျိုးနွယ်ထဲမှာ ပေါ်ထွက်လာတာက သူတို့ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်မိသွားခဲ့တယ်လေ။ သူတို့က ကျွန်တော့်ကို မကြိုက်ကြတာက ပုံမှန်ပါပဲ။ ဒါ့အပြင် သူတို့ အဲ့ဒီကိစ္စကို မခံမရပ်နိုင် ဖြစ်နေကြတယ်လေ "
" ကျင်းလုံဝေ့ရဲ့ အကဲဖြတ်ရလဒ်တွေက အတော်လေးကို အာဏာကြီးတယ်။ နင် အဲ့ဒီလူတွေကို လျစ်လျူရှုထားလို့ရတယ်။ ဟုတ်သား... ငါ နင်နဲ့ ဆက်ပြီးလက်ရည်းစမ်းမယ်လို့ အရင်က သဘောတူထားခဲ့ဖူးတယ် " လင်ရှင်းထုံက ဆိုသည်။
" ကောင်းပြီ " ယီယွင် ဆက်မမေးသည်က ပိုကောင်းသည်။ လင်ရှင်းထုံက ဆရာဖြစ်၏။ လင်ရှင်းထုံ၏ မည်သည့်အဆင့်ဖြစ်ကြောင်း သူ မသိသော်လည်း သူမက သူ့အတွက် အကျိုးကျေးဇူးများ များစွာပင် ရရှိကြောင်းကိုမူ သူ သိသည်။
လင်ရှင်းထုံက ခါးပတ်အား အသာထိကာ ဓားတစ်လက် ထုတ်ယူလိုက်သည်။
" ဓားလား "
ယီယွင် မျက်ဝန်းများ တောက်ပသွားသည်။ လင်ရှင်းထုံ လက်နက်သုံးသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ယခင်က လက်ရည်စမ်းချိန်စဥ်တွင် သူမက လက်ကိုသာအသုံးပြုကာ ယီယွင်နှင့် ယှဥ်ပြိုင်ခဲ့သည်။
" တောက်ယွင်ရှောင်းက ဓား အသုံးပြုတယ်။ ဟူရာလည်း အတူတူပဲ။ သူတို့ အသုံးပြုတဲ့ ဓားတွေက တောက်မျိုးနွယ်ရဲ့ အမွေခံလက်နက်တွေပဲ။ ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ရဲ့ ဓားနှစ်လက် အရည်အသွေးက လင်ရှင်းထုံရဲ့ဓားကို မယှဥ်နိုင်ဘူးလို့ ဘာကြောင့် ထင်နေမိတာလဲ "
လင်ရှင်းထုံ၏ ဓားကိုယ်ထဲက အလွန်ပျော့ပြောင်းလှပြီး ငွေရောင်မြွေတစ်ကောင် လူးလွန့်နေသည့်ပမာ ဖြစ်နေသည်။ ဓားက ယီယွင်နှင့် ဝေးကွာသော်လည်း ဓား၏ အေးစက်သောအလင်းက ယီယွင်၏နဖူးကို ထိုးဖောက်သွားသည့်အလား ခံစားရကာ ကျောရိုးများ စိမ့်တက်သွားရသည်။
" ဒီဓားရဲ့အမည်က နှင်းခဲရေ။ ဒါက ငါ့ရဲ့ဓားပဲ။ တစ်ခါတစ်ရံမှာ ငါ ရန်သူတွေနဲ့ ရင်ဆိုင်လာရရင် ငါ ဓားကိုသုံးမှာပဲ။ ငါက ဓားနဲ့ပတ်သတ်ရင် ထူးခြားတဲ့ပါရမီတစ်ခု ရှိတယ်လို့ ပြောလိုရတယ်။ အဲ့ဒီပါရမီက ဓားနှလုံးသားပဲ "
" ဓားနှလုံးသားဆိုတာက သွေးမျိုးဆက်တစ်ခုပဲ။ အဲ့ဒါက လူတိုင်း နိုးထနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ အနာဂတ်မှာ နင်လည်း ကိုယ်ပိုင်သွေးမျိုးဆက်တစ်ခု ပိုင်ဆိုင်လာနိုင်လောက်မှာပါ " လင်ရှင်းထုံ၏ဓားက ယီယွင်အတွက် လောကသစ်တစ်ခု ဖွင့်ပေးလိုက်သည့်အလားပင်။
သွေးမျိုးဆက်တဲ့လား။ ဓားနှလုံးသားတဲ့လား။
ယီယွင်သည် သွေးမျိုးဆက်က မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း သွေးမျိုးဆက်ဆိုသည်က အားကောင်းလောက်သည်ဟု ခံစားမိသည်။
လင်ရှင်းထုံက ဆိုသည်..." လက်ရှိမှာ နင်က ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ဖို့ လိုအပ်နေတယ်။ နင့်အနေနဲ့ သွေးမျိုးဆက်ကို အချိန်တစ်ခုလောက်အထိ မေ့ထားလို့ရတယ်။ အဲ့ဒါက နင်နဲ့ အလှမ်းဝေးနေသေးတယ် "
သူမက ဓားကိုဝှေ့ယမ်းကာ...." လက်နက်ဆိုတာ စစ်သည်တစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ။ ဓားလမ်းစဥ်မှာ စစ်သည်တစ်ဦးအတွက် ပထမဆုံး အခြေချမိနိုင်ဖို့ဆိုတာက ဓားတစ်လက်ကို သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ကစားနိုင်ဖို့ပဲ။ နောက်တစ်ဆင့်ကတော့ ဓားကို ချီနဲ့ ကစားပေးနိုင်ဖို့ပဲ။ တတိယအဆင့်ကတော့ ဓားကို ကစားဖို့အတွက် နှလုံးသားကို အသုံးပြုတာပဲ "
" ဒီနေ့ သေချာကြည့်ထား။ ဒါက ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းပဲ " လင်ရှင်းထုံ၏ဓား စတင်ကာ လှုပ်ရှားသွားသည်။ သူမက နှေးကွေးစွာ ကစားနေသော်လည်း လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေပြင်တို့၏ စွမ်းအားများကို ဆွဲဆောင်နေသည်။ သူမ၏လှုပ်ရှားမှုများက စည်းချက်ညီကာ ပြီးပြည့်စုံနေလေ၏။
ယီယွင် အံ့အားသင့်သွား၏။ သူမ မသိသည့် ကျင့်စဥ်နည်းစနစ်များ မရှိသည့်ပုံပင်။
သူမက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို သိသည်။ သူမက ဆန်းကြယ်မှုကိုးပါ ဓားကောင်းကင်သိုင်းကိုလည်း သိနေပြန်ချေ၏။ ထို့အပြင် ထိုကျင့်စဥ်နည်းစနစ်နှစ်ခုက သူမ၏ အဓိကကျင့်စဥ်နည်းစနစ် မဟုတ်ချေ။ သူမ၏ အဓိကကျင့်စဥ်နည်းစနစ်က နတ်မိမယ်နှလုံးသားကျမ်း ဖြစ်လေ၏။
လင်ရှင်းထုံက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို မှတ်စုတိုများ ရေးထားပေးခဲ့သည်ကပင် ယီယွင်အတွက် အလွန်ပင် အကျိုးဖြစ်စေ၏။
ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို သူမ ကစားခဲ့သည်မှာလည်း ပြီးပြည့်စုံလှသည်။ ထိုဓားသိုင်းကို တတ်ကျွမ်းခြင်းမရှိသည့် ယီယွင်သည်ပင် ထိုဓားသိုင်းက အံ့ဩဖွယ်ကောင်းသည်ဟု ခံစားမိသည်။
အထူးသဖြင့် ခရမ်းရောင်သလင်းကျောက်က ယီယွင်အား ပေးစွမ်းထားသည့် အမြင်အာရုံအောက်တွင် ပတ်ဝန်းကျင်မှ ကောင်းကင်အဆင့် ယွမ်ချီများ လင်ရှင်းထုံဆီသို့ စီးဆင်းသွားပြီး မရေမတွက်နိုင်လောက်သော အလင်းစက်များ ဖြစ်ပေါ်လာလေသည်။
ဝှစ်...၊ ဝှစ်...၊ ဝှစ်...။
လင်ရှင်းထုံ၏ ခန္ဓာကိုယ်မှ ရွှေရောင်ဓားအလင်းကိုးခု ထွက်ပေါ်လာ၏။ ထိုအရာသည် ယခင်က ဟူရာ ထုတ်ဖော်ပြခဲ့သည့် ယွမ်ချီပုံသဏ္ဌာန် ဖြစ်လေသည်။
သို့သော် လင်ရှင်းထုံ၏ ယွမ်ချီပုံသဏ္ဌာန် ရွှေရောင်ဓားငယ်ကိုးချောင်းက ဓားအလင်း၏ဝန်းကျင်တွင် နတ်သမီးများပမာ ပျံဝဲနေလေ၏။ လင်ရှင်းထုံ တိုက်ခိုက်လိုက်ချိန်တွင် ရွှေရောင်ဓားငယ်များ ပျံသန်းသွားလေပြီး ဓားပြန်ရုတ်ချိန်တွင်မူ ရွှေရောင်ဓားငယ်များက သူမဆီသို့ ပြန်လာကြလေ၏။
ထိုသိုင်းကွက်ကြောင့် ယီယွင် အံ့ဩဘနန်း ဖြစ်နေရလေသည်။
လင်ရှင်းထုံက ဟူရာထက် တစ်နှစ်ငယ်ကြောင်း တွေးမိလိုက်ချိန်တွင်မူ လင်ရှင်းထုံ၏ ပါရမီက မည့်သည့်အဆင့်၌ ရှိနေကြောင်းကိုပင် မှန်းဆရန်ခက်ခဲသွားလေ၏။
" ငါက တကယ်ကိုပဲ ရေတွင်းထဲက ဖားတစ်ကောင် ဖြစ်နေတာပါ့လား " ယီယွင် ရေရွတ်လိုက်သည်။ သူ ပထမဆုံး နားလည်ထားခဲ့သည်မှာ "လမ်းကြောင်းများက အကန့်အသတ်ရှိပြီး ၊ သိုင်းပညာတွင် အကန့်အသတ်မရှိ " ဟူ၍ ဖြစ်လေသည်။ ထို့အပြင် သူက အရှေ့အရပ်မှ ခရမ်းရောင်လေကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ယီယွင်က ထိုအောင်မြင်မှုနှစ်ခုကြောင့် မော်ကြွား၍မဆုံး ဖြစ်ခဲ့လေသည်။
လင်ရှင်းထုံက " လမ်းကြောင်းများက အကန့်အသတ်ရှိပြီး ၊ သိုင်းပညာတွင် အကန့်အသတ်မရှိ " ဟူသည့် အဆင့်ကို အောင်မြင်ထားခဲ့သည်မှာ သေချာပေါက်ပင် ကြာမြင့်လောက်ချေပြီ။ ထိုသို့သာမဟုတ်လျှင် သူမက သိုင်းကျမ်းလက်ရေးမူထဲတွင် မှတ်စုတိုများ ရေးထည့်ထားမည်မဟုတ်ချေ။
လင်ရှင်းထုံက ကျင့်စဥ်တစ်ခုကို နှစ်ဝက်ခန့်မျှ သာမန်လေ့ကျင့်ခဲ့ရုံနှင့်ပင် ထိုမျှအဆင့်အထိ ရောက်ခဲ့ချေသည်။ သူအဖို့ ရှေ့ဆက်လျှောက်ရန် ခရီးရှည်ကြီး လိုသေးသည်။
လင်ရှင်းထုံက ဓားသိုင်းကစားပြနေပြီး ယီယွင်က ကြည့်နေခဲ့သည်။
တူညီသည့် ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းသာ ဖြစ်သော်လည်း ဟူရာက လင်ရှင်းထုံထက် များစွာဆိုးရွားလှသည်။ တောက်ယွင်ရှောင်း ကစားပြသည်ကမူ ကြည့်ရန်ပင်မတန်ချေ။
နှစ်ဘဝ နေထိုင်ခဲ့သည့် ယီယွင်၏ဝိညာဥ်က ပိုမိုအားကောင်းကာ အာရုံခံစားနိုင်စွမ်း မြင့်မားလေသည်။ လင်ရှင်းထုံက စကားမဆိုဘဲ ဓားသိုင်းကစားနေခဲ့သည်။ ယီယွင်သည် လင်ရှင်းထုံ ဓားသိုင်းကစားပြနေသည်ကို ကြည့်နေရင်းဖြင့် ယခင်က တောက်ယွင်ရှောင်း၏ ဓားသိုင်းကစားဟန်များကို ပြန်တွေးနေခဲ့သည်။
" တောက်ယွင်ရှောင်းက ဆန်းကြယ်မူကိုးပါးဓားကောင်းကင်သိုင်းနဲ့ တောက်မျိုးနွယ်ရဲ့ အမွေခံလက်နက်ရဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်မပေးနိုင်ဘူး။ ဓားလမ်းစဥ်မှာ အဆင့်တွေ ရှိခဲ့မယ်ဆိုရင် တောက်ယွင်ရှောင်းက ခန္ဓာကိုယ်နဲ့ ဓားကိုင်တဲ့အဆင့် အစပျိုးအဆင့်မှာပဲ ရှိနေသေးတယ်......" မျက်စိရှေ့မှောက်တွင် လင်ရှင်းထုံက ဓားသိုင်းကစားပြနေသည်ဖြစ်၍ ယီယွင်က တောက်ယွင်ရှောင်း၏ ဓားပညာကို သုံးသပ်နိုင်ခဲ့သည်။
သိုင်းပညာအရာတွင် ယီယွင်က လင်ရှင်းထုံနှင့် များစွာအလှမ်းဝေးလှသည်။ ယီယွင်က လင်ရှင်းထုံ၏ ဓားပညာ ဆယ်ပုံလျှင် တစ်ပုံခန့်ကိုပင် နားမလည်နိုင်ပေ။ သို့သော် ထိုမျှပမာဏကပင် ယီယွင်အဖို့ ဓားပညာပေါ်တွင် ကိုယ်ပိုင်အမြင်တစ်ခု ဖန်တီးရန်အတွက် လုံလောက်လေသည်။
နားလည်ရုံသာရှိပြီး ဖော်ပြ၍မရနိုင်သည့် အရာများစွာပင် ရှိလေသည်။ လူတိုင်းတွင် မတူကွဲပြားသော ထိုးထွင်းသိမြင်နိုင်စွမ်းများ ရှိသည်ဖြစ်၍ လင်ရှင်းထုံက စကားပြောခြင်းမပြုဘဲ ဓားသိုင်းကစားပြနေခဲ့ခြင်းသာ ဖြစ်လေသည်။
လက်ရှိတွင် ယီယွင်က စိတ်ထဲတွင် ထိုးထွင်းသိမြင်ထားသော မျိုးစေ့တစ်ခု ကျဲချနိုင်ခဲ့သည်။ အနာဂတ်တွင် သူ၏စွမ်းရည်များ တိုးတက်လာပါက ထိုမျိုးစေ့သည် မိုးမြင့်တမျှ သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလာပေလိမ့်မည်။
စစ်သည်တစ်ဦး၏ သိုင်းပညာလေ့ကျင့်မှုတွင် ပတ်ဝန်းကျင်ကလည်း ကြီးစွာပင် လွှမ်းမိုးမှုရှိသည်။
လူတစ်ဦးက ကျွမ်းကျင်သူတစ်ဦးနှင့် မကြာခဏယှဥ်ပြိုင်ရပြီး ထိုကျွမ်းကျင်သူ နိုင့်ထက်စီးနင်းဆန်နေပြီး တစ်ချိန်လုံး အနိုင်ကျင့်ခံနေရပါက ထိုသူသည်လည်း ကျွမ်းကျင်သူတစ်ပိုင်း ဖြစ်လာပေလိမ့်မည်။
လူတစ်ဦးက အရုပ်တစ်ရုပ်နှင့် မကြာခဏလေ့ကျင့်ကာ နှစ်အနည်းငယ်ခန့်အထိ ရိုက်နှက်နေခဲ့လျှင်သည် အရုပ်သည် အရုပ်သာ ဖြစ်နေပေလိမ့်မည်။
ယီယွင်နှင့် လင်ရှင်းထုံတို့က မိုးသောက်ချိန်နားနီးအထိ လေ့ကျင့်ခဲ့ကြသည်။ လင်ရှင်းထုံ ထွက်ခွာသွားခဲ့လေပြီး ယီယွင်က တောက်မျိုးနွယ်ဆီသို့ တိတ်တဆိတ်ပင် ပြန်လာခဲ့သည်။
နာရီအနည်းငယ်ခန့် ကြာပြီးလျှင် ပြည်ထောင်ရွေးချယ်ပွဲ၏ နောက်ဆုံးအလှည့် ရောက်ရှိလာပေတော့မည်။ ဗိုလ်ပွဲအခိုက်အတန့် စတင်ပေတော့မည်။ ထိုတိုက်ပွဲက နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။
" နောက်ဆုံးအလှည့်ရဲ့ ခေါင်းစဥ်က ဘာဖြစ်မလဲဆိုတာကို ငါသိချင်မိတယ် " ယီယွင် မျှော်လင့်စောင့်စားခြင်းများဖြင့် တွေးနေလေသည်။
သူ တစ်နာရီခန့် သမထထိုင်ပြီးနောက် အိပ်စက်ခဲ့သည်။ သူ အိပ်မောကျသည့် အခြေအနေသို့ ရောက်ရှိသွားလေ၏။ လေးနာရီခန့် အိပ်စက်လိုက်လျှင် သူ၏ အကောင်းဆုံး စိတ်အခြေအနေကို ပြန်လည်ရောက်ရှိသွားနိုင်ပေလိမ့်မည်။