ရွေးချယ်ပွဲ၏ နောက်ဆုံးတိုက်ပွဲ
Vol. 8 Ch. 110
နေ့ခင်းအချိန် ၊ တောက်မျိုးနွယ်မြို့၏ အပြင်ဘက်တွင် ဗုံသံများ မိုးသို့ထစ်ချုန်းညံနေသည်။
တောက်မျိုးနွယ်၏ စစ်သည်နှစ်ရာသည် ကွင်းပြင်ထဲတွင် စီတန်းကာ မြင်းစီးနေကြ၏။ မြင်းအကောင်နှစ်ရာသည် မများလှဟန်ရှိသော်လည်း ၎င်းတို့ ကွင်းပြင်ထဲတွင် ပြေးလွှာနေချိန်တွင်မူ ကြီးမားလှသော ဖုန်မုန်တိုင်းတစ်ခု ဖြစ်ပေါ်ရသည်။
အရိုင်းနယ်မြေထဲတွင် မြင်းတစ်ကောင် မွေးမြူသည်မှာ ဇိမ်ခံခြင်းသာ ဖြစ်လေ၏။ တောက်မျိုးနွယ်တွင် မြင်းစစ်သည်များ ရာပိုင်းမျှသာရှိလေပြီး လူအင်အားပြသကာ နောက်ဆုံးရွေးချယ်ပွဲကို လာရောက်အားပေးကြခြင်း ဖြစ်သည်။
စင်မြင့်အား ဆောက်ထားပြီးသည်မှာ ကြာခဲ့ပေပြီ။ တောက်မျိုးနွယ်၏ ဘိုးဘေးသည်လည်း ကိုယ်တိုင်ရောက်ရှိလာကာ သမိုင်းတင်မည့် ဖြစ်ရပ်များကို ကြည့်ရှုရန်အတွက် စောင့်ဆိုင်းနေခဲ့သည်။
စီမံဆောင်ရွက်မှုများ ပြီးစီးသောအခါတွင် ကျန်းတန်သည် မြင်းကိုစီးကာ ပြိုင်ကွင်းအလယ်သို့ ရောက်ရှိလာလေ၏။ ယနေ့က ရွေးချယ်ပွဲ နောက်ဆုံးနေ့ ဖြစ်လေသည်။
အကြိုဗိုလ်လုပွဲ ပြီးသည့်နောက် သေမျိုးသွေးနယ်ပယ် စစ်သည်နှစ်ဆယ်သာ ကျန်ရစ်ခဲ့လေ၏။
ထိုလူနှစ်ဆယ်က အလွန်ပင် စိုးရိမ်နေကြသည်။ ယင်းက သူတို့၏အနာဂတ်ရလဒ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။ အောင်မြင်ခဲ့လျှင် ငါးကြင်းတစ်ကောင်က နဂါးတံခါးကို ဖြတ်ကျော်သွားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ကျရှုံးခဲ့လျှင်မူ သူတို့အဖို့ အရိုင်းနယ်မြေထဲတွင် အိုမင်းသေဆုံးသည်အထိ နွမ်းပါးစွာဖြင့် နေထိုင်ရလိမ့်မည်ဟု ဆိုလိုခြင်းသာ ဖြစ်လေသည်။
ထိုကဲ့သို့ ကံကြမ္မာမျိုးက ချောက်ချားဖွယ်ကောင်းလွန်းလှပြီး တွေးကြည့်လျှင် စိတ်ဓာတ်ကျစရာသာ ဖြစ်လေသည်။
" ခေါင်းစဥ်က လက်တွေ့တိုက်ပွဲ"
ကျန်းတန်၏ စကားလုံးများကြောင့် လူအများ စိတ်လှုပ်ရှားသွားကြသည်။
" လက်တွေ့တိုက်ပွဲတဲ့လား။ ဟားဟားဟား... နောက်ဆုံးတော့ လက်တွေ့တိုက်ပွဲကို စစ်ဆေးလာပြီပေါ့ "
" ဒါပဲပေါ့... လက်တွေ့တိုက်ပွဲကပဲ ဘယ်သူက သန်မာပြီး ဘယ်သူက အားနည်းတယ်ဆိုတာကို ချက်ချင်း ပြောနိုင်လိမ့်မယ် "
"သိပ်ကောင်းတယ်။ ငါက စိတ်ဝိညာဥ်လိုမျိုး အလှတန်ဆာဆင်တာမျိုးတွေကို သဘောမကျဘူး။ ပြီးတော့ ငါက ကျင့်စဥ်နည်းစနစ်ကို သရုပ်ပြရာမှာလည်း မတော်ပြန်ဘူး။ တိုက်ခိုက်ရေးစွမ်းရည်အတွက်ဆိုရင်တော့ ငါက ဘယ်သူ့ကိုမှ မကြောက်ဘူး။ ငါ ငယ်ငယ်ကတည်းက မျိုးနွယ်ထဲက ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်လာခဲ့တာပဲ။ သိုင်းပညာကို နှစ်တွေအများကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ငါက တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ဖူးပြီးပြီ "
အကြိုဗိုလ်လုပွဲကို အောင်မြင်ခဲ့ကြသည့် စစ်သည်များက ဝမ်းသာအားရဖြင့် လက်များပွတ်နေကြသည်။ ဤကိစ္စက စောစီးစွာ ဖြစ်လာသင့်သည်ဟု သူတို့ သဘောတူမိကြသည်။ သူတို့က ကျန်းတန် လုပ်ဆောင်နေသည့် စစ်ဆေးမှုများကို တစ်ခါမျှပင် မကြားဖူးကြလေရာ မည်သို့များ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပါမည်နည်း။
ယခင်ကတည်းကပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးခဲ့မည်ဆိုလျှင် လွယ်ကူသွားပေလိမ့်မည်။ ထိုကိစ္စကက မျှတကာ နားလည်ရန်လွယ်ကူသည်။ အသုံးမဝင်သည့် အရာများကို စစ်ဆေးနေခဲ့သည်မှာ မည်သည့်အတွက်ပေနည်း။
ပြိုင်ပွဲဝင်များ စိတ်လှုပ်ရှားနေကြပြီး ကြည့်ရှုနေသူများလည်း ထို့အတူသာ ဖြစ်လေသည်။
လက်တွေ့တိုက်ပွဲကို ကြည့်ရပေတော့မည်။ ထိုသည်က လှည့်စားနေသူများ၏ ပုံစံအစစ်အမှန်ကိုလည်း ထုတ်ဖော်ပြပေးလိမ့်မည်။ လက်တွေ့တိုက်ပွဲတွင် လှည့်ကွက်ဟူ၍ မရှိပေ။
တောက်ယွင်ရှောင်းနှင့် လျှိုင်ချမ်းယုတို့က ယီယွင်အား ကြည့်လိုက်ကြလေ၏။ လျှိုင်ချမ်းယုက ရက်စက်သော အပြုံးတစ်ခု ပြုံးနေလေပြီး တောက်ယွင်ရှောင်းက ဝမ်းသာအားရ ပြုံးနေသည်။ လက်တွေ့တိုက်ပွဲကို သူတို့ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာခဲ့ပေပြီ။
မူလက သူတို့တွင် မျှော်လင့်ချက်များစွာ မရှိခဲ့ပေ။ သို့သော် ကျန်းတန်က သူတို့အား ကျေနပ်အံ့ဩဖွယ်ရာတစ်ခု ပေးလာခဲ့လေ၏။ နောက်ဆုံးတွင် သူတို့ကိုယ်သူတို့အား သက်သေပြနိုင်ပေတော့မည်။
" ကောင်းတယ် သိပ်ကောင်းတယ်။ ငါ အဲ့ဒါကို မစောင့်နိုင်တော့ဘူး။ ငါ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ချင်တယ်။ မင်းလို မျိုးမစစ်လေးကို မရဏလမ်း ပို့ပေးမယ် " လျှိုင်ချမ်းယုက ယီယွင်ဆီသို့ အသံပို့လွှတ်လိုက်လေသည်။
ယီယွင်က လျှိုင်ချမ်းယုကို လှမ်းကြည့်လိုက်သော်လည်း မည်သို့အသံပို့ရမည်ကို မသိလေသောကြောင့် အဖြေမပေးခဲ့ပေ။
လျှိုင်ချမ်းယု၏မျက်ဝန်းတွင် မုန်းတီးမှုများ တောက်ပနေသည်။ သူ လက်သီးဆုပ်ထားလျက်ရှိပြီး ထပ်မံကာ မစောင့်နိုင်တော့ပေ။ ကျန်းတန် စကားအမြန်ဖြတ်ပြီး သူ့အား ယီယွင်နှင့် တိုက်ခိုက်စေမည်ဟုသာ မျှော်လင့်နေမိသည်။
ကျန်းတန်က စည်းမျဥ်းများ ကြေညာနေဆဲပင်။ ဤတိုက်ပွဲတွင် လက်နက်များက စစ်သည်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသောကြောင့် လက်နက်များကို ခွင့်ပြုပေးထားသည်။ စစ်သည်များက ပမာဏများပြားသော စိတ်ဝိညာဥ်စွမ်းအင်များ အသုံးပြုကာ လက်နက်များနှင့် လေ့ကျင့်ထားသည်ဖြစ်၍ လက်နက်များကို ခွင့်ပြုမပေးလျှင် မမျှမတဖြစ်သွားလိမ့်မည်။
တိုက်ပွဲရလဒ်ကိုမူ တစ်စုံတစ်ယောက်က အရှုံးပေးခြင်း သို့မဟုတ် ဆက်လက်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်အထိ ယှဥ်ပြိုင်ပေးရမည် ဖြစ်သည်။
တိုက်ပွဲအစီအစဥ်ကို ကျင်းလုံဝေ့ကသာ ဆုံးဖြတ်ပေးမည်။ မဲခွဲခြင်းများ မရှိပေ။ ကျင်းလုံဝေ့က တိုက်ခိုက်စေလိုသည့်သူ မည်သူမဆိုပင် မဖြစ်မနေ တိုက်ခိုက်ရမည်။ နောက်ဆုံးအဆင့်ကို ကျင်းလုံဝေ့က ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ဖြေရှင်းချက်ပေးရန် မလိုအပ်ပေ။
နောက်ဆုံးတွင် ပထမပွဲစဥ် စတင်ပေတော့မည်။ အကြိုဗိုလ်လုပွဲတွင် တောက်ပခဲ့ကြသည့် ယီယွင်နှင့် တောက်ယွင်ရှောင်းတို့က အခေါ်မခံခဲ့ရပေ။
သို့သော် လျှိုင်ချမ်းယုကမူ ပြိုင်ကွင်းထဲသို့ အခေါ်ခံခဲ့ရသည်။ သူ၏ပြိုင်ဘက်က အကြိုဗိုလ်လုပွဲကို အောင်မြင်ခဲ့သည်ဆိုရုံသာ ရှိခဲ့သည့် လူတစ်ဦး ဖြစ်သည်။ ထိုသူက အဝါရောင်အဆင့် အဆင့် ၁ သာဖြစ်ပြီး ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်မည့်ဟန် ရှိမနေပေ။
လျှိုင်ချမ်းယု၏စွမ်းအားက သတိပြုဖွယ်ရာပင်။ လျှိုင်ချမ်းယုက ထိုသူကို အငြင်းပွားစရာမရှိ အလွယ်တကူပင် အနိုင်ရသွားခဲ့ကာ ဒုတိယပွဲစဥ်သို့ တက်လှမ်းသွားခဲ့သည်။
ယီယွင်ကမူ တိုက်ခိုက်စရာမလိုဘဲ ဒုတိယပွဲစဥ်သို့ တက်ရောက်သွားခဲ့လေ၏။ ယင်းအဖြစ်ကြောင့် ယီယွင်၏စွမ်းအားကို မြင်တွေ့လိုကြသူများ စိတ်ဆိုးကြရသည်။ ကျင်းလုံဝေ့၏ အကဲဖြတ်ပေးသူများက ဤကောင်လေးကို အပစားပေးလွန်းလှချေသည်။
" ဒီကောင် ပထမပွဲစဥ်ကို ရှောင်နိုင်ခဲ့ပေမဲ့ ဒုတိယပွဲစဥ်ကိုတော့ ရှောင်နိုင်မှာမဟုတ်ဘူး။ မင်းဆိုတာ အနှေးနဲ့အမြန် ဖော်ထုတ်ခံရမှာပဲ " အလွယ်တကူ အနိုင်ရရှိခဲ့သည့် လျှိုင်ချမ်းယုက ယီယွင်ကို သရော်လိုက်သည်..." အခြားသူတွေက မင်းရဲ့နောက်ခံကို မသိလောက်ပေမဲ့ ငါကတော့ အားလုံးကိုသိတယ်။ မင်း သိုင်းလေ့ကျင့်တာ သုံးလပဲရှိသေးတယ်။ မင်းရဲ့စွမ်းအားက ကျောက်ထိုင်ကျူလို လူတွေကိုပဲ အနိုင်ကျင့်လို့ရလိမ့်မယ်။ မင်းက စစ်မှန်တဲ့ ကျွမ်းကျင်သူတစ်ဦးနဲ့ တိုက်ခိုက်ဖူးရဲ့လား။ မင်းမှာ ဘာတိုက်ပွဲအတွေ့အကြုံမှ ရှိမနေမှာကိုတောင် ငါ စိုးရိမ်မိတယ် "
" ငါကတော့ ငယ်ငယ်ကတည်းက နည်းပြယိုယွင်နဲ့ တိုက်ခိုက်လာခဲ့တယ်။ ငါက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ။ ငါက ချီစုဆောင်းမှုနယ်ပယ်ရဲ့ အကန့်အသတ်မှာ ရှိနေပြီ။ မင်းက ငါနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ဘယ်အရာက ထင်နေစေခဲ့တာလဲ "
ယီယွင်က ပါရမီရှင်တစ်ဦး ဖြစ်သည်ကို လျှိုင်ချမ်းယု သိသည်။ ယီယွင်က နည်းစနစ်သရုပ်ဖော်ရာတွင် ခရမ်းရောင်မြူခိုးများ ထုတ်ဖော်ခဲ့ခြင်း ၊ ကောင်းမွန်သည့် စိတ်ဝိညာဥ် ရှိနေခြင်းများက ယီယွင်၏ပါရမီကို သက်သေပြနေသည်။ ထိုကောင်က ပါရမီရှိနေလျှင်ပင် ဘာဖြစ်သေးသနည်း။ ယနေ့က လက်တွေ့တိုက်ပွဲ ဖြစ်လေသည်။ ပါရမီရှင်တစ်ဦးက အခြားသူများ ကြောက်စိတ်ဝင်လာစေရေးအတွက် ကြီးပြင်းလာရန် လိုလေသည်။
ဤတိုက်ပွဲတွင် လျှိုင်ချမ်းယုက ယီယွင်၏ ယုံကြည်ချက်များကို ရိုက်ချိုးပစ်ကာ ဒုက္ခိတဖြစ်အောင် လုပ်လိုသည်။ သို့မှသာ ထိုကောင်က အနာဂတ်တွင် ဖုန်မှုန့်တစ်မှုန့်ထက် မပိုတော့ပေမည်။
ယီယွင်က လျှိုင်ချမ်းယုကိုကြည့်ကာ ဆိုသည်..." မင်း ငါနဲ့တိုက်ခိုက်ချင်ရင် မင်းရဲ့ပြိုင်ဘက်ကို အရင်ဆုံး အနိုင်ယူလိုက်ဦး။ လူဆယ်ယောက်ကျော် ကျန်နေသေးတယ်။ ဒီလူတွေထဲမှာ မင်းရဲ့စွမ်းအားက အကောင်းဆုံးမဖြစ်နိုင်ဘူး။ ဘယ်သူသိနိုင်မလဲ နောက်တစ်ပွဲမှာ မင်း ရှုံးသွားနိုင်တာပဲလေ "
လျှိုင်ချမ်းယု ရယ်မောကာ..." မင်းက သေရတော့မှာကိုတောင် ပါးစပ်စွာနေသေးတာပါ့လား။ မင်းက တကယ့်ကို ငတုံးပဲ "
လျှိုင်ချမ်းယု စကားဆိုနေချိန်တွင် ကျန်းတန်က ရုတ်တရက်ပင် အော်လိုက်သည်..." နောက်တစ်လှည့်က ယီယွင်နဲ့ လျှိုင်ချမ်းယု။ ပြိုင်ကွင်းထဲကို ဝင်ပါ "
ထိုအသံကြောင့် များစွာသော ပြိုင်ပွဲဝင်များ အံ့အားသင့်သွားကြသည်။ လျှိုင်ချမ်းယုနှင့် ယီယွင်က ခါးသီးသောရန်ဘက်များ ဖြစ်ကြကြောင်းကို သူတို့ သိလာခဲ့သည်။ သူတို့က ပြပွဲတစ်ခုကြည့်ရန် စောင့်နေခဲ့သော်လည်း ထိုနှစ်ဦးက တိုက်ပွဲတွင် မဆုံခဲ့ကြပေ။ သို့သော် ယီယွင်၏ ပထမတိုက်ပွဲတွင် လျှိုင်ချမ်းယုနှင့် ဆုံတွေ့မည်ဟု သူတို့ ထင်မထားမိခဲ့ပေ။
ယင်းက တိုက်ဆိုင်မှုပေလော။ သို့မဟုတ် တမင်စီစဥ်ပေးလိုက်ခြင်း ဖြစ်လေသလော။
" ထောင်စုမှူးကျန်းက အဲ့ဒီနှစ်ယောက်ရဲ့ ရန်ငြိုးတွေကို သတိပြုမိတာကြောင့် တမင်စီစဥ်ပေးလိုက်ပုံပဲ " တစ်စုံတစ်ယောက်က အခိုင်အမာ အဆိုပြုသည်။ အဘယ်သို့များ ထိုမျှအထိ တိုက်ဆိုင်ပါမည်နည်း။
" ဒါက လျှိုင်ချမ်းယုကို ကူညီပေးလိုက်တာ မဟုတ်ဘူးလား။ လျှိုင်ချမ်းယုက ဒါမျိုးကို စောင့်မျှော်နေခဲ့တာလေ " လူအများက လျှိုင်ချမ်းယုကို ကြည့်လိုက်ကြရာ လျှိုင်ချမ်းယုက စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ လျှိုင်ချမ်းယုသည် တစ်လခန့် ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်က သိုးငယ်တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်နေသည်။
" ကောင်းတယ် သိပ်ကောင်းတယ်။ ငါ့အကြိုက်ပဲ။ ထောင်စုမှူးကျန်းကတောင် ငါ့ကို ကူညီပေးနေတယ်။ ဟားဟားဟား " လျှိုင်ချမ်းယု ဝမ်းသာနေသည်။ သူသည် ယီယွင်ကို စိတ်လှုပ်ရှားကာ နီရဲနေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်လေ၏။ လူဆိုသည်မှာ အလွန်တရာ ဒေါသထွက်လာချိန်တွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ ဆုံးရှုံးတတ်လေသည်။
" ဒီနေ့က မင်း သေရမဲ့နေ့ပဲ " လျှိုင်ချမ်းယုက ပြုံးကာ အသံပို့လွှတ်လိုက်လေသည်။