မင်း ငါ့ဆီမှာ အသက်ဆယ်ချောင်း အကြွေးတင်နေတယ်
Vol. 8 Ch. 111
လျှိုင်ချမ်းယုက စင်ပေါ်သို့တက်ရန် မစောင့်နိုင်ခဲ့ပေ။
ယီယွင်သည်လည်း စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ သူက အသက်ပြင်းပြင်းရှုကာ လျှိုင်ချမ်းယုနှင့် ဆယ်ပေခန့်အကွာတွင် ခိုင်မာစွာရပ်လိုက်သည်။ ပထမတိုက်ပွဲတွင် လျှိုင်ချမ်းယုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဤသည်က ကံကြမ္မာသတ်မှတ်ထားသည့် တိုက်ပွဲတစ်ခုဖြစ်ကြောင်း သေချာသည်။
ဟုတ်သည်။ ယီယွင်က လျှိုင်ချမ်းယုနှင့် တိုက်ခိုက်ရရန် ဆန္ဒရှိနေသည်မှာ ကြာခဲ့ပေပြီ။ သူကိုယ်တိုင်ပင် ထိုကောင့်ကို ရိုက်နှက်လိုသည်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးသာ ဖြစ်ချေ၏။
ထိုတိုက်ပွဲသည် လျှိုင်ချမ်းယုနှင့် ယီယွင်တို့ကို စိတ်လှုပ်ရှားစေပေ၏။
" ထင်မထားခဲ့ဘူး။ ထောင်စုမှူးကျန်းက လျှိုင်ချမ်းယုကို တကယ်ကူညီပေးခဲ့တာပဲ။ ယီယွင်နဲ့ လျှိုင်ချမ်းယုတို့ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ငါ နည်းနည်းတော့ သိထားတယ်။ ယီယွင်က လျှိုင်ချမ်းယုရဲ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့ပုံပဲ။ ဒါကြောင့် သူတို့ကြားမှာ ရန်ငြိုးကြီးတစ်ခု ဖြစ်လာရတာပဲ "
" အတော်ကြည့်ကောင်းပြီပဲ။ နှစ်ယောက်လုံးက မျိုးနွယ်တူတူပဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိထားကြမှာပဲ။ လျှိုင်ချမ်းယုက ယီယွင်ကို သက်ညှာမှာမဟုတ်လောက်ဘူး "
လူအများသည် သူတစ်ပါး ဒုက္ခရောက်ရသည်ကို အားရကျေနပ်နေသော ခံစားချက်များနှင့် ဆွေးနွေးနေကြလေ၏။ သူတို့က တောက်မျိုးနွယ်မှ ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်တူထဲမှ လူများ တိုက်ခိုက်ကြသည်ကို ကြည့်ရသည်မှာ ပျော်စရာကိစ္စတစ်ခု ဖြစ်ချေသည်။ ထို့အပြင် ထိုထဲမှတစ်ဦးက ယီယွင် ဖြစ်ချေ၏။ ယီယွင်က တစ်ချိန်လုံး ထင်ပေါ်နေသည်ဖြစ်၍ တောက်မျိုးနွယ်က မျက်မုန်းကျိုးမိနေသည်။
" ထောင်စုမှူးကျန်း ၊ ကျုပ်မှာ မေးစရာတစ်ခု ရှိတယ်။ ကျုပ် မေးခွင့်ရှိလားမသိဘူး " ပြိုင်ကွင်းပေါ်မှ လျှိုင်ချမ်းယုက မေးလိုက်လေသည်။
" ပြောပါ " ကျန်းတန် တုန့်ပြန်လိုက်သည်။
" ထောင်စုမှူးကျန်း... စစ်သည်တွေက တိုက်ပွဲဆို အားကုန်ထုတ်သုံးရတာကြောင့် ဒဏ်ရာရတာ ၊ ဒုက္ခိတဖြစ်တာအပြင် အသက်ဆုံးရှုံးရတာတောင် ဖြစ်တတ်ပါတယ်။ ကျုပ်တို့က ပြင်ဆင်မထားဘဲ တိုက်ခိုက်ရမှာဆိုတော့ တိုက်ပွဲထဲမှာ တစ်ယောက်ယောက်က သေဆုံးတာ ဒါမှမဟုတ် ကြီးကြီးမားမား ထိခိုက်သွားတာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ " လျှိုင်ချမ်းယုက ထိုစကားများ ဆိုလိုက်လေရာ လူတိုင်း ပြုံးလိုက်ကြသည်။
လျှိုင်ချမ်းယု၏စကားများ မမှားပေ။ တိုက်ပွဲတွင် ဒဏ်ရာရသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် သူ ဤသို့မေးလိုက်ခြင်းသည် တိုက်ပွဲထဲတွင် ယီယွင်ကို ဒုက္ခိတဖြစ်အောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုလိုလေသည်။ သို့သော် သူသည် ကျင်းလုံဝေ့က နောက်ဆက်တွဲ ဂယက်ရိုက်လာမည်ကို စိုးရွံ့လေသောကြောင့် ကြိုတင်ကာမေးမြန်းထားခြင်း ဖြစ်လေ၏။
ကျန်းတန် သဘောတူလိုက်သည်နှင့် သူက ယီယွင် ထိခိုက်ခံစားရအောင် လုပ်လိမ့်မည်။
ကျန်းတန် မျက်မှောက်ကုတ်ကာ ခပ်အေးအေးပင်ဆိုသည်..." အရိုင်းနယ်မြေထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ စစ်သည်တစ်ဦး သိုင်းပညာလေ့ကျင့်တာက သေခြင်းနဲ့ရှင်ခြင်း တိုက်ပွဲတွေကို ရင်ဆိုင်ဖို့ပဲ။ သရုပ်ဖော်ပြတာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ လက်ရည်စမ်းတာလိုမျိုး သာမန်လေ့ကျင့်မှုတွေမှာတောင် အားကုန်ထုတ်ရလိမ့်မယ်။ တိုက်ပွဲတိုင်းကို တိုက်ပွဲအစစ်လိုမျိုး ပြုမူတာကိုပဲ ငါတို့က လိုချင်တယ်။ တိုက်ပွဲအစစ်တွေမှာ ထိခိုက်အနာတရဖြစ်တာက အံ့ဩစရာမဟုတ်ဘူး "
" အခြားတစ်ယောက် အရှုံးမပေးမချင်း တိုက်ခိုက်လို့ရတယ်။ မင်းတို့က သတ်မိခဲ့မယ်ဆိုရင်တောင် မင်းတို့ကို အရေးယူမှာမဟုတ်ဘူး " ကျန်းတန် အသံမြှင့်ကာ ဆိုသည်။
" တစ်ဖက်လူက အရှုံးမပေးခဲ့ရင် ကြီးကြီးမားမား ထိခိုက်တာဖြစ်ဖြစ် အသက်သေတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အခြားတစ်ယောက်က တာဝန်ခံဖို့မလိုဘူးမလား " လျှိုင်ချမ်းယုက မေးလိုက်သည်။ ကျန်းတန်၏စကားတွင် ဟာကွက်ရှိနေ၏။ သူ့အဖို့ ယီယွင်ကို ပါးစပ်မဟနိုင်အောင် ရိုက်နှက်ပေးရန်သာ လိုလေသည်။
ထိုဟာကွက်ကို ကျန်းတန်လည်း သိလိမ့်ဖြစ်ကြောင်းကို လျှိုင်ချမ်းယု သိသည်။
လျှိုင်ချမ်းယုက ပွင့်လင်းစွာပင် ဆိုလေသည်..." ကျုပ်က ထောင်စုမှူးကျန်းကို မလိမ်ချင်ဘူး။ ကျုပ်က ယီယွင်နဲ့ ကြီးမားတဲ့ရန်ငြိုး ရှိတယ်။ ယီယွင်က စက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းတွေ သုံးပြီးတော့ ကျုပ်ရဲ့ ပျက်စီးခြင်းအရိုးအဆီအနှစ်ကို ခိုးယူသွားခဲ့တယ်။ ကျုပ်ရဲ့အရင်းအမြစ်တွေကို ခိုးယူတာက ကျုပ်ရဲ့မိဘတွေကို သတ်သွားသလိုပါပဲ။ ကျုပ် ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်နိုင်မဲ့ အခွင့်အရေးကို ယီယွင်က ခိုးယူသွားခဲ့ပါတယ်။ သူနဲ့ကျုပ်က ကမ္ဘာမကျေရန်သူတွေပဲ "
လျှိုင်ချမ်းယု၏ ကျယ်လောင်သော စကားများကြောင့် လူအများ ချက်ချင်းပင် တီးတိုးပြောဆိုလာကြသည်။
" လက်စသတ်တော့ ယီယွင်က သူခိုးတစ်ယောက်ပဲ "
" ကျွန်တစ်ယောက်က သခင်ရဲ့ပစ္စည်းကို ခိုးယူတာမျိုးဆိုရင် သခင်က ကျွန်ကို သတ်ပစ်ဖို့ ကြောင်းကျိုးဆီလျော်တယ်လေ။ ဒါ့အပြင် ကျွန်က ပျက်စီးခြင်းအရိုးအဆီအနှစ်ကို ခိုးယူခဲ့တာဆိုတော့ လျှိုင်ချမ်းယုအတွက် ယီယွင်ကို သတ်ပစ်ဖို့ အကြောင်းပြချက်ရှိတာထက် ပိုသွားပြီ "
" အမှန်ပဲ။ လျှိုင်ချမ်းယုက ယီယွင်ကို သတ်ပစ်ခဲ့ရင်တောင် ကျင်းလုံဝေ့အနေနဲ့ ဘာမှလုပ်မရဘူး "
" ငါက ပြိုင်ပွဲတစ်ခုလို့ ထင်ထားမိခဲ့တာ။ အခုတော့ သွေးကြွေးဆပ် ပြိုင်ပွဲတစ်ခု ဖြစ်လာပြီပဲ။ ဒါကို တားလို့မရတော့ဘူး။ ကျင်းလုံဝေ့လည်း ကြားဝင်ပါလို့မရတော့ဘူး "
လူအများ စတင်ကာပြောကြသည်။ လျှိုင်ချမ်းယု သွေးများဆူပွက်လာသည်ဟု ခံစားလိုက်ရ၏။ လျှိုင်ချမ်းယု ကျန်းတန်အားကြည့်ကာ တုန့်ပြန်စကားကို စောင့်နေသည်။
နောက်ဆုံးတွင် ကျန်းတန် အသာခေါင်းညိတ်လိုက်၏။ တိုင်အာနတ်ပြည်ထောင်၏ စည်းမျဥ်းများနှင့် ၎င်းတို့နှစ်ဦး၏ ရန်ငြိုးများအရ လျှိုင်ချမ်းယုအဖို့ ယီယွင်နှင့် အသေသတ်တိုက်ခိုက်ရန် တောင်းဆိုသည်မှာ ဆီလျော်မှုရှိသည်။
" ကျေးဇူးတင်ပါတယ် " လျှိုင်ချမ်းယု ပျော်ရွှင်သွားသည်။ လွန်ခဲ့သည့် လအနည်းငယ်ခန့်အတွင်းမှာ အရှက်ရခြင်း ၊ ဒေါသထွက်ရခြင်း ၊ ထိုးနှက်ခံရခြင်းများကို ယခုတွင် ဖောက်ခွဲပစ်ရပေတော့မည်။
" လူအများက ငါ့ကို ထောက်ခံတယ်။ ထောင်စုမှူးကျန်းကလည်း ငါ့ကို ကူညီပေးနေတယ်။ ကောင်းတယ် ဒီနေ့တော့ အများဆန္ဒအတိုင်း လိုက်လုပ်မယ်။ ငါ ဒီမျိုးမစစ်လေးရဲ့ သိုင်းပညာကို ဖျက်ဆီးပြီးတော့ ရှင်လျက်နဲ့သေအောင် လုပ်ပေးမယ် " လျှိုင်ချမ်းယု စိတ်ထဲတွင် ဟစ်ကြွေးလိုက်သည်။
ယီယွင်က လျှိုင်ချမ်းယုကို ခပ်အေးအေးပင် ကြည့်နေ၏။
လူအများက သူ့အား ပြစ်တင်ပြောဆိုနေသည်။ သူ ပျက်စီးခြင်းအရိုးအဆီအနှစ်အား ခိုးယူခဲ့သည်ကို လူအများက ထင်မြင်သေးစက်ဆုပ်နေကြ၏။ လက်ရှိ ယီယွင်က ရေတွင်းနက်တစ်ခုပမာပင် တည်ငြိမ်ကာ နက်နဲသည်။
လျှိုင်ချမ်းယု လက်သီးဆုပ်ကာ ညစ်ကျယ်ကျယ်ပြုံး၍ ဆိုလေသည်..." မင်းက ငါ့ရဲ့ ပျက်စီးခြင်းအရိုးအဆီအနှစ်ကို ခိုးယူပြီး စားပစ်ခဲ့တော့ရော ဘာဖြစ်သေးလဲ။ မင်းက ငါ့ကို ယှဥ်လို့မရသေးဘူး "
လျှိုင်ချမ်းယု ကြွက်သားများ ဖြေလျော့လိုက်ရာ မြည်သံများ ထွက်ပေါ်လာသည်။
လျှိုင်ချမ်းယုက နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ငယ်စဥ်ကတည်းကပင် သင်ကြားခဲ့သည်ဖြစ်ပြီး ကောင်းစွာကျွမ်းကျင်သည်။
သူ၏သရုပ်ပြမှုကြောင့် ဘေးပတ်လည်မှ လူများ အံ့အားသင့်ကြရသည်။ လျှိုင်ချမ်းယုက ရက်စက်သောလူတစ်ဦး ဖြစ်လေ၏။ လျှိုင်ချမ်းယုက ယီယွင်ဆီသို့ ခြေတစ်လှမ်းစီ တိုးသွားချိန်တိုင်းတွင် အရိုးအဆစ်များမှ မြည်သံများ ထွက်ပေါ်လာနေ၏။
" သခင်လေးလျှိုင်က မျိုးမစစ်လေးကို သတ်တော့မယ် "
" ဒီကောင့်ရဲ့ အကြောတွေကို ဆွဲဖြတ်ပြီး ခေါင်းကို လိမ်ချိုးပစ်လိုက် "
လူအုပ်ကြားထဲရှိ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက အရိုင်းဆန်စွာပင် ဟစ်အော်အားပေးနေသည်။
ယီယွင်သည် လျှိုင်ချမ်းယု ရှေ့သို့လျှောက်လာသည်အထိ လှုပ်ရှားမှုမရှိဘဲ ရပ်နေခဲ့၏။
ဝေါင်း...။
လျှိုင်ချမ်းယု မာန်သွင်းဟစ်အော်ကာ ကျားရိုင်းတစ်ကောင်ပမာ ခုန်အုပ်လိုက်လေ၏။
ကျားခုန်အုပ် ညက်ညက်ကြ...။
လျှိုင်ချမ်းယုက ယီယွင်၏ ရင်ဝသို့ ခြေစုံပစ်လိုက်သည်။ ထိုကန်ချက်က ကျောက်မောင်းတစ်ခုအရွယ် သံနက်ကျောင်တုံးတစ်ခုကို အလွယ်တကူပင် ခွဲချေပစ်နိုင်သည်။ ကန်ချက်ထိမိလျှင် မည်သူမဆိုပင် တစ်စစီဖြစ်သွားလိမ့်မည်။
ယီယွင်၏မြင်ကွင်းထဲတွင် အချိန်များ ရုတ်တရက်ပင် နှေးကွေးသွားလေ၏။ ယီယွင်၏မျက်လုံးထဲတွင် လျှိုင်ချမ်းယု၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာပင် မြင်နေရသည်။
လင်ရှင်းထုံနှင့် အကြိမ်များစွာ လက်ရည်စမ်းပြီးသည့်နောက် သူ၏ အာရုံခံစားနိုင်စွမ်းများအရ ထိုးထွင်းသိမြင်မှုများစွာ ရရှိခဲ့သည်။ ထို့အပြင် ယီယွင်၏ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက ပြီးပြည့်စုံသည့်အနေအထားသို့ ရောက်ရှိနေပြီး အရှေ့အရပ်မှ ခရမ်းရောင်လေကိုလည်း ထုတ်ဖော်နိုင်သည်။ ထို့ကြောင့် ယီယွင်ကို နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း အသုံးပြုကာ ရင်ဆိုင်နေသည့် လျှိုင်ချမ်းယုက ကံကြမ္မာကို ဘောင်ခတ်လိုက်ခြင်းသာ ဖြစ်လေ၏။ ယီယွင်က လျှိုင်ချမ်းယု၏ လှုပ်ရှားမှုမှ အပြစ်ဟာကွက်များကို တစ်ချက်ကြည့်ရုံနှင့် မြင်နေရသည်။
ယီယွင်က ခြေတစ်လှမ်းပင် မရွေ့ပေ။ သူ့အား လျှိုင်ချမ်းယု၏ကန်ချက် ထိမိတော့မည်ကို မြင်လိုက်ရချိန်၌ လက်အား လျှပ်ပြက်သည့်ပမာ ဆန့်လိုက်သည်။
ဖြောင်း...။
ယီယွင်၏လက်က လျှိုင်ချမ်းယု၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်မိသွားသည်။
" ဘယ်လို " လျှိုင်ချမ်းယုမှာ ခြေထောက်တွင် သန်မာလှသော အားအင်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏အရှိန်အဟုန်များ ရပ်တန့်သွားရသည်။ သူ၏ခြေထောက် ကွေးညွတ်သွားရကာ ယီယွင်၏လက်က သူ့အား သံညှပ်တစ်ခုပမာ ဆုပ်ကိုင်ထားပြီး အလွန်နာကျင်လှသည်။
" မင်း " လျှိုင်ချမ်းယု မှင်တက်မိသွားသည်။
လူအများ ငြိမ်ကျသွား၏။ လျှိုင်ချမ်းယု၏ မြန်နှုန်းမြင့် စွမ်းအားအပြည့် ခြေကန်ချက်ကို လက်ဗလာနှင့် ကာကွယ်သွားခဲ့သည်တဲ့လား။ ထို့အပြင် ယီယွင်က ခြေတစ်လှမ်းပင် ဆုတ်မသွားခဲ့ချေ။
" မင်းက သေချင်နေတာပဲ " မမျှော်လင့်ထားသော ဖြစ်ရပ်ကြောင့် လျှိုင်ချမ်းယု မှင်တက်မိသွားသော်လည်း သတိမပျက်ခဲ့ပေ။ သူ၏ ညာခြေထောက်ကို ယီယွင်က ဖမ်းဆုပ်ထားလေခြင်း သူ ဟစ်အော်ကာ ခန္ဓာကိုယ်အား တစ်ပတ်လည်စေပြီး ယီယွင်၏လည်ပင်းအား ဘယ်ခြေထောက်နှင့် ကန်လိုက်သည်။
" ဖြောင်း "
ယီယွင် အခြားလက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ လျှိုင်ချမ်းယု၏ ဘယ်ခြေထောက်အား ဖမ်းမိသွားသည်။
ယီယွင် ခြေထောက်နှစ်ဖက်လုံး ဖမ်းယူထားလေသောကြောင့် လျှိုင်ချမ်းယု၏တစ်ကိုယ်လုံး တန်းလန်းဖြစ်နေရသည်။ ယီယွင်က လျှိုင်ချမ်းယု၏ ခြေနှစ်ဖက်ကို ကိုင်ကာ မြှောက်လိုက်လေသည်။
" မင်း " လျှိုင်ချမ်းယုမှာ ဒေါသထွက်ခြင်း ၊ မကျေမနပ်ဖြစ်ခြင်းတို့ကို ခံစားနေရလေ၏။ သူ၏တိုက်ခိုက်မှုက ပြီးပြည့်စုံကာ အားမာန်ပြည့်ဝသည်။ အဘယ်သို့ဖြစ်၍ ယီယွင်က ထိုတိုက်ကွက်၏ ဟာကွက်ကို အလွယ်တကူ ရိုက်ချိုးပစ်နိုင်ရလေသနည်း။
ယီယွင်က လျှိုင်ချမ်းယုကို သေခြင်းနှင့်ရှင်ခြင်းအား ဆုံးဖြတ်ပေးတော့မည့်ပမာ ကြည့်လိုက်သည်။ သူက မျက်နှာသေဖြင့် ဆိုလိုက်လေသည်..." မင်းက ပြစ်မှုဆယ်ခု ကျူးလွန်ခဲ့တယ်။ မင်းက ငါ့ဆီမှာ အသက်ဆယ်ချောင်း အကြွေးတင်နေတယ် "
စကားဆုံးသည်နှင့် ယီယွင်က လျှိုင်ချမ်းယု၏ ခြေနှစ်ချောင်းကို ကိုင်ကာ လွှဲရမ်းလိုက်သည်။ ယီယွင်က လျှိုင်ချမ်းယု၏ ခြေနှစ်ချောင်းကို ကိုင်ကာ အထက်အောက် သုံးကြိမ်ယမ်းပြီး လူအား မြေပြင်နှင့်ရိုက်လေသည်။
ဘုန်း...။
ယီယွင်က လျှိုင်ချမ်းယုကို သစ်သားချောင်းသဖွယ် သဘောထားကာ မြေပြင်နှင့်ရိုက်လေရာ မြေပြင်အက်ကွဲသွားရပြီး အပိုင်းအစများ လွင့်ပျံသွားရသည်။ လျှိုင်ချမ်းယု၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မြေပြင်နှင့် ရိုက်ခတ်မိနေလေ၏။
လျှိုင်ချမ်းယုက ခန္ဓာကိုယ်ကို နှစ်ကာလများစွာ လေ့ကျင့်ခဲ့သည်ဖြစ်ပြီး ရုပ်ခန္ဓာကိုယ်က မာကြောနေကာ ထိုတိုက်ခိုက်မှုကို ခံနိုင်ရှိသည်။ သို့တိုင်အောင်ပင် သူ၏မျက်နှာတွင် သွေးအလူးလူး ဖြစ်နေရပြီး မူးဝေနေသည်။
မြင်ကွင်းကြောင့် လူတိုင်း ကြက်သေသေနေရသည်။
အဆင့်အတန်းမြင့်မားကာ အားကောင်းလှသည့် လျှိုင်ချမ်းယုက " ကျားခုန်အုပ် ညက်ညက်ကြေ " သိုင်းကွက်ကို စွမ်းအားအကုန် အသုံးပြုခဲ့သည့်တိုင်အောင် ယီယွင်က အလွယ်တကူပင် ခုခံသွားခဲ့သည်။
ထို့နောက်တွင် ကြီးမားစွာပင် ဆန့်ကျင်ဘက်ဖြစ်ခဲ့လေ၏။ ယီယွင်က လျှိုင်ချမ်းယုကို လူသားတုတ်တစ်ချောင်းပမာ ဆုပ်ကိုင်ကာခေါင်းအား မြေပြင်နှင့် ရိုက်နေချေ၏။ ဤကဲ့သို့ အရိုက်ခံရပုံမှာ အလွန်တရာ အရှက်ရဖွယ်ရာပင်။ အဘယ်သို့ ဖြစ်ရလေသနည်း။