လျှိုင်ချမ်းယုကို ရက်စက်စွာရိုက်နှက်ခြင်း
Vol. 8 Ch. 113
လျှိုင်ချမ်းယုမှာ မြေပြင်ပေါ်တွင် ခွေးတစ်ကောင်ပမာ လဲကျနေလေ၏။ သူ စားထားခဲ့သည့် အစာများနှင့် သွေးများပါ အန်ထွက်နေသည်မှာ သနားဖွယ်ရာပင်။
" ပဥ္စမပြစ်မှု.... မင်းက မျိုးနွယ်ထဲက မိန်းကလေးတွေကို မင်းရဲ့အစေခံအဖြစ် စေခိုင်းခဲ့တယ်။ မင်းက သူတို့ရဲ့ခန္ဓာကိုယ်တွေကို လုယူရုံတင်မကဘူး ညှဥ်းပန်းနှိပ်စက်တာပဲ လုပ်ခဲ့သေးတယ်။ မင်းက ငါ့ရဲ့ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ အစ်မကိုလည်း အမြဲတမ်း လိုချင်တပ်မက်နေခဲ့တယ်။ မင်းက သူ့ကို ချောင်ပိတ်မိအောင် တွန်းအားပေးပြီး မင်းရဲ့လက်ခုပ်ထဲကိုရောက် ကြိုးစားခဲ့တယ်။ ဒီအသက်က မင်း မျိုးနွယ်အပေါ်မှာ တင်နေတဲ့ အကြွေးပဲ "
လျှိုင်ချမ်းယုက ယီယွင်ဆီသို့ ခေါင်းပေးလျက်သားဖြင့် မြေပြင်ပေါ်တွင် လဲကျနေလေ၏။ ယီယွင်က လျှိုင်ချမ်းယု၏ခေါင်းကို ကန်လိုက်လေသည်။
ဖောင်း..။
မြည်သံနှင့်အတူ လျှိုင်ချမ်းယုမှာ နောက်သို့လွင့်စဥ်သွားကာ မြေပြင်ပေါ်သို့ တစ်ပတ်ဂျွမ်းလည်ပြီး ကျလေသည်။ အကြိမ်အနည်းငယ်ခန့် လိမ့်သွားပြီးနောက် သူ မြေပြင်ပေါ်တွင် ရုပ်ပျက်ဆင်းပျက် လဲကျသည်။ သူ၏နှာခေါင်းရိုး လုံးဝပင်ကျိုးကြေနေ၏။
မည်သည့်နတ်ဆေးဝါးမျှ မသုံးရလျှင် လျှိုင်ချမ်းယုမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပေလိမ့်မည်။ လျှိုင်ချမ်းယု၏နှာခေါင်းနေရာတွင်လည်း ယခုအခါတွင် သွေးလွှမ်းနေသည့် အပေါက်နှစ်ပေါက်သာ ရှိတော့လေသည်။
" မင်းကို သတ်...သတ်မယ် " လျှိုင်ချမ်းယုမှာ စကားပြောရန်ပင် အခက်တွေ့နေရပြီး စကားတစ်ခွန်းဆိုလျှင် ပါးစပ်ထောင့်မှ သွေးများကျလာသည်။
သူ ရူးသွပ်နေချေပြီ။
အမှန်တကယ်တွင်မူ လျှိုင်ချမ်းယုက အရှုံးပေးလိုလျှင်ပင် ယီယွင်က ခွင့်ပြုမည်မဟုတ်ပေ။ လျှိုင်ချမ်းယု ပါးစပ်ဟလိုက်သည်နှင့် ယီယွင်က လျှိုင်ချမ်းယု၏ မေးစေ့ကို ပစ်ကန်ပစ်လိုက်နိုင်သည်။ ယင်းက ပြိုင်ပွဲတစ်ခု မဟုတ်လေဘဲ သွေးကြွေးဆပ်ပွဲတစ်ခုဖြစ်ပြီး ကျန်းတန်ကလည်း ခွင့်ပြုထားလေသည်။
သွေးကြွေးဆပ်ပွဲကို အကြံပြုခဲ့သူမှာ လျှိုင်ချမ်းယုဖြစ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးခဲ့ခြင်းသာ ဖြစ်လေသည်။
ယီယွင် တိုးကပ်လာသည်ကို မြင်သောအခါတွင် မြေပြင်၌ လဲကျနေသည့် လျှိုင်ချမ်းယုက ရုတ်တရက်ပင် ထရပ်လိုက်သည်။ သူက အင်အားအကုန်စုစည်းကာ ယီယွင်ကို ထိုးတော့မည့်အလားပင်။
ယင်းအကွက်က ယီယွင်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ထိုသည်က ဟန်ပြအကွက်သာ ဖြစ်လေသည်။ လျှိုင်ချမ်းယု၏လက်သီးက လမ်းတစ်ဝက်တွင် လက်သီးဖြန့်လိုက်လေရာ ဓားမြောင်သုံးချောင်း ပေါ်ထွက်လာ၏။
လက်နက်ပုန်း...။
ယင်းဓားမြောင်သုံးချောင်း အေးစိမ့်သတ္တုဖြင့် ပြုလုပ်ထားသည်။ ဓားသွားများက အပြာရောင်သမ်းနေလျက်ရှိပြီး အဆိပ်ထည့်ထားကြောင်း သိသာသည်။
သို့သော် ယီယွင်က လျှိုင်ချမ်းယု၏အကွက်ကို သတိပြုမိသည်။ ယီယွင် ခန္ဓာကိုယ်အား တိမ်းစောင်းကာ လက်ချောင်းများနှင့် သုံးချက်ရိုက်ထုတ်လိုက်သည်။
ထန်...ထန်...ထန်...။
သတ္တုချင်းထိခတ်မိသံသုံးခု ထွက်ပေါ်လာပြီး ယီယွင်ကြောင့် ဓားမြောင်သုံးချောင်း လွင့်စဥ်သွားရသည်။ ထို့နောက် ယီယွင်က လျှိုင်ချမ်းယု၏ပခုံးကို ဖမ်းချုပ်ကာ အဆစ်များကို လိမ်ချိုးပစ်လိုက်သည်။
လျှိုင်ချမ်းယု၏ လက်နက်ပုန်းပစ်ခဲ့သော လက်မောင်းသည် ယီယွင်ကြောင့် ကျိုးသွားခဲ့ရလေ၏။
လျှိုင်ချမ်းယု ထိတ်လန့်တကြားဟစ်အော်ကာ ဇောချွေးများ ထွက်လာရသည်။ လျှိုင်ချမ်းယု၏ ညာလက်မောင်းသည် ထူးဆန်းသောပုံစံဖြင့် ကွေးနေလေပြီး အရိုးဖြူများ ထွက်နေလေ၏။
" ဆဌမပြစ်မှု "
" မင်းက လျှိုင်မျိုးနွယ်ရဲ့ လူတွေကို လိမ်ညာပြီးတော့ အဆိပ်ရှိနေတဲ့ ပျက်စီးခြင်းအရိုးကို သန့်စင်ခိုင်းခဲ့တယ်။ မင်းက သူတို့ရဲ့ အသက်စွမ်းအင်တွေနဲ့ လုပ်အားတွေကို ထုတ်ယူသုံးစွဲပြီးတဲ့နောက်မှာ ဘာလျော်ကြေးမှ မပေးခဲ့ဘူး။ သူတို့က သေဖို့ရာပဲ စောင့်နေခဲ့ကြရတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေက ဘာမှမသိခဲ့ကြဘူး။ မင်းက သူတို့တွေက လမ်းမှားပြပေးပြီး ပျက်စီးခြင်းအရိုးကို ဆက်ပြီးသန့်စင်ခိုင်းစေခဲ့တယ်။ အဲ့ဒီကိစ္စကြောင့်ပဲ လျှိုင်မျိုးနွယ်ရဲ့ အားကောင်းမောင်းသန် အမျိုးသားနှစ်ဆယ် သေခဲ့ရတယ်။ အဲ့ဒီ အားကောင်းမောင်းသန် ယောက်ျားသားနှစ်ဆယ်က သူတို့ရဲ့မိသားစုတွေကို ရှာဖွေကျွေးမွေးနေကြတဲ့ လူတွေပဲ။ သူတို့ သေသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ မုဆိုးမတွေနဲ့ အဖမဲ့ကလေးတွေက ရက်စက်ကြမ်းတမ်းမှုတွေကို ကြုံတွေ့ကြရတော့မယ် "
" ဒီအသက်က မင်း အားကောင်းမောင်းသန် ယောကျ်ားသားကြီးတွေ ၊ သူတို့ရဲ့ဇနီးတွေနဲ့ သားသမီးတွေဆီမှာ တင်နေတဲ့ အကြွေးပဲ " ထို့နောက် ယီယွင်က လျှိုင်ချမ်းယု၏ လည်ပင်းကို ဆုပ်ကိုင်ကာ လက်ကိုဆန့်၍ မြှောက်လိုက်သည်။ ထို့နောက်တွင်မူ ယီယွင်က လျှိုင်ချမ်းယု၏ခေါင်းကို မြေပြင်နှင့် ရိုက်ချလိုက်လေသည်။
ဘုန်း...။
မြေပြင် ထပ်မံအက်ကွဲသွားသည်။ ယခုတွင် လျှိုင်ချမ်းယု၏မျက်နှာ ဆိုးရွားစွာပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေ၏။ သူ၏ ခန္ဓာကိုယ်တစ်ပိုင်းသည် အပျက်အစီးပုံထဲ မြုပ်နေလေ၏။
" သတ္တမပြစ်မှု "
" မင်း ပျက်စီးခြင်းအရိုးကို သန့်စင်ခဲ့တာကြောင့် အားကောင်းမောင်းသန် ယောက်ျားသားနှစ်ဆယ် သေခဲ့ရတာကို ငါ့အပေါ် အပြစ်ပုံချခဲ့တယ်။ ငါက ပလိပ်ရောဂါ ကူးစက်ခံထားရပြီး အပမှီနေတာကြောင့် လူတွေသေခဲ့ရတာလို့တောင် ပြောခဲ့သေးတယ်။ လူတွေကို အဖြစ်မှန်ကို မသိကြဘဲ ငါ့ကို အရိုးခိုက်အောင် မုန်းတီးခဲ့ကြတယ်။ အဲ့ဒီအမုန်းတွေက မင်းကြောင့်ပဲ " ယီယွင်က စကားဆိုနေရင်းဖြင့် လျှိုင်ချမ်းယု၏ ခေါင်းကို ဖနောင့်ဖြင့် ပေါက်လိုက်လေသည်။
ဘုန်း...။
ယီယွင်၏ ခြေဆောင့်ချက်ကြောင့် ကျောက်ခဲပုံ တစ်စစီပြန့်ကျဲသွားရသည်။ လျှိုင်ချမ်းယုမှာ အသံပင်မထွက်နိုင်တော့ပေ။ သူ၏ခေါင်းသည် မြေပြင်ထဲတွင် စိုက်ဝင်နေပြီး ခန္ဓာကိုယ်မှာ တဆက်ဆက်တုန်ခါနေသည်။
ယီယွင်က ပြစ်မှုခုနစ်ခု ထုတ်ပြောခဲ့ကာ လျှိုင်ချမ်းယုကို ခုနစ်ကြိမ်ရိုက်နှက်ခဲ့သည်။ လျှိုင်ချမ်းယု ထမလာနိုင်တော့ပေ။
" သ..သခင်လေး " လျှိုင်မျိုးနွယ်ဝင်များ ဖြူလျော်နေကာ အသံများတုန်ယင်နေသည်။ သေးငယ်က အန္တရာယ်ပေးနိုင်ခြင်းမရှိသည့် အလွယ်တကူ အနိုင်ကျင့်၍ရသော ယီယွင်က ရုတ်တရက်အတွင်း ထိုမျှကြီးမားသော စွမ်းအားများ ရှိလာခဲ့လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ထိုကောင် သခင်လေးလျှိုင်ထက် ပိုမိုစွမ်းအားကြီးသည့် အမှိုက်တစ်စပင်။
တောက်မျိုးနွယ်မှ လူများသည်ပင် မဲ့ရှုံ့နေကြလေ၏။ ယင်းက ပြိုင်ပွဲတစ်ခု မဟုတ်လေဘဲ ရက်စက်သော သတ်ပွဲတစ်ခုသာ ဖြစ်ပေ၏။ ယီယွင်က ရက်စက်လွန်းလှချေသည်။
သို့သော် ယီယွင်၏ စကားများအရဆိုလျှင် ယီယွင်နှင့် လျှိုင်ချမ်းယုတို့တွင် မဟာရန်ငြိုးများ ရှိနေချေ၏။ ယီယွင်က လျှိုင်ချမ်းယုကို ရင်ဆိုင်နေပုံမှာ မသင့်လျော်ခြင်းမရှိပေ။
လျှိုင်ချမ်းယု၏ အပြုအမူများက အမှန်တကယ်ပင် ဆိုးယုတ်ကာ နှလုံးသားမဲ့သည်။ သို့သော် အရိုင်းနယ်မြေထဲတွင် ထိုကဲ့သို့ကိစ္စမျိုးက သမာရိုးကျသာ ဖြစ်လေ၏။ ကျွမ်းကျင်သူတစ်ဦးက အခြားများ၏ ကံကြမ္မာများကို စေစားနိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်သူတစ်ဦးက အကြင်နာခေါင်းပါးနေလျှင်ပင် အပြစ်ပေး၍မရပေ။
လူသတ်သမားသည် လူသတ်လိမ့်မည်သာဖြစ်ပြီး လူတစ်ဦး အားနည်းနေလျှင် ထိုသူ၏ကံကြမ္မာက ဤကဲ့သို့ ဆိုးရွားသောအခြေအနေ ဖြစ်ရပေလိမ့်မည်။
လက်ရှိတွင် ယီယွင်က မည်သည့်သက်ညှာမှုမျှ မပြပေ။ သူက လျှိုင်ချမ်းယု၏ခြေထောက်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ မြေစာပုံထဲမှ ဆွဲထုတ်လိုက်သည်။ လက်ရှိတွင် လျှိုင်ချမ်းယုမှာ ယီယွင်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီး သူ၏အမေပင် မှတ်မိနိုင်မည့်ဟန် ရှိမနေပေ။
ယီယွင်က လျှိုင်ချမ်းယုကို ဇောက်ထိုးကိုင်ထားလေပြီး သူ၏မျက်နှာက မြေပြင်နှင့် ထိနေသည်။ လျှိုင်ချမ်းယုက စုတ်တံတစ်ချောင်းပမာ ဖြစ်နေလေပြီး မြေပြင်တွင် အနီရောင်မျဥ်းကြောင်းတစ်ခု ချန်ထားရစ်ခဲ့သည်။ အနီရောင်အရည်များက မှင်များမဟုတ်လေဘဲ သွေးများသာဖြစ်သည်။
လျှိုင်ချမ်းယု၏ ဆိုးဝါးသောအခြေအနေကြောင့် ယီယွင်က ရပ်တန့်ခြင်းမရှိခဲ့ပေ။ သူက သေခြင်းနှင့်ရှင်ခြင်းကို အဆုံးဖြတ်ပေးနိုင်ငည့် စာအုပ်ကို ကိုင်ထားသည့်အလား ရှိနေသည်။ သူသည် အခြားသူများ၏ ကောင်းမှုနှင့် မကောင်းမှုများကို ဆုံးဖြတ်ပေးမည့် ငရဲမင်းအလား ဖြစ်နေလေ၏။ ယီယွင်က လျှိုင်ချမ်းယု၏ ပြစ်မှုများကို ဆက်လက်၍ ထုတ်ပြောလေသည်။
" အဌမပြစ်မှု။ လူတွေက ငါ့အစ်မကို တိုက်ခိုက်လာစေအောင် မင်းက သွေးထိုးပေးခဲ့တယ်။ အိမ်ကိုတောင်မှ မီးရှို့ပစ်ခဲ့တယ် "
" ငါ့အစ်မက ငါ ပျောက်သွားတဲ့သတင်းကို ကြားရပြီးတော့ အားကိုးရာမဲ့နေချိန်မှာ ရွာသားတွေက အနိုင်ကျင့်ခဲ့ကြတယ်။ ဒီလိုထိုးနှက်ချက်မျိုး ခံလိုက်ရတဲ့ ငါ့အစ်မက အရုပ်ကြိုးပျက် ဖြစ်ရလုနီးပါး ဖြစ်ခဲ့ရတယ်။ ငါက ငါ့အစ်မကို ကာကွယ်ပေးမယ်လို့ ကျိန်ဆိုထားတယ်။ ဒါတောင် မင်းက သူ့ကို ပြေးပေါက်မရှိအောင် လုပ်ခဲ့သေးတယ်။ ဒီအသက်က မင်း ငါ့ဆီမှာ အကြွေးတင်နေတာပဲ။ ပြီးတော့ ငါ့အစ်မဆီမှာရောပဲ " ထိုသို့ဆိုကာ ယီယွင်က လျှိုင်ချမ်းယုကို လေပေါ်မြောက်လိုက်ပြီး ဘေးဝိုက်ကန်ချက်တစ်ချက် ကန်လိုက်လေသည်။
ဖြောင်း...။
လျှိုင်ချမ်းယု ဘောလုံးတစ်လုံးပမာ လွင့်သွားရပြီး သွေးစက်များ နေရာအနှံ့ ပြန့်ကျဲသွားရသည်။
ထိုအဖြစ်ကို မြင်လိုက်ကြရသည့် လူအများမှာ မျက်နှာများ မဲ့ရှုံ့သွားကြပြိး အသက်ပြင်းပြင်း ရှုလိုက်ကြသည်။ ဤကလေးက ရက်စက်လွန်းလှချေ၏။
ယခင်နေ့က စားသောက်ဆိုင်ရှေ့တွင် ယီယွင်နှင့် ထိပ်တိုက်တွေ့ခဲ့သည့် ကလေးများ ၊ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ၁၄ နှစ်အရွယ် ကလေးမလေးမှာ ကြောက်လန့်တုန်ရီနေသည်။ သူတို့၏ မျက်နှာငယ်လေးများ ဖြူလျော်နေကာ အလွန်တရာပင် ကြောက်လန့်နေကြ၏။
အရပ်ပုသည့် ထိုကောင်လေးက အလွန်တရာပင် မိစ္ဆာဆန်လှချေသည်။ ထိုကောင်လေး၏ အန္တရာယ်ပေးမည့်ဟန်မရှိသည့် ပြင်ပပုံစံအောက်တွင် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်အသွင် ရှိနေချေသည်။
" ထပ်...ထပ်မရိုက်ပါနဲ့တော့။ ငါတို့ရဲ့ သခင်လေးက အရှုံး....အရှုံးပေးပါတယ် " တပ်သားလေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးက လေပြေသွေးကာ ဆိုလေသည်။ ယီယွင်က ထိုသူကို မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။
ယီယွင်၏ မျက်ဝန်းများက နတ်ဘုရားတစ်ပါးကို သတ်ထားဖူးသည့်အလားပင်။ သူ၏မျက်နှာတွင် သွေးများပေကျံနေကာ ခန္ဓာကိုယ်တွင် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု လွှမ်းခြုံနေလေ၏။ တပ်သားလေ့ကျင့်ရေးစခန်းမှ ထိုသူမှာ ယီယွင်၏မျက်ဝန်းများကြောင့် ကြောက်ဒူးတုန်လာရပြီး ဒူးထောက်ကျသွားလေသည်။
ယီယွင်၏ အရှိန်အဝါက ဖိနှိမ်နိုင်လွန်းလှသည်။ သူက လျှိုင်ချမ်းယုကို ဤပုံစံမျိုးအထိ ရိုက်နှက်ခဲ့သည်။ လျှိုင်ချမ်းယု၏ အစေအပါးတစ်ဦးက ယီယွင်ကို မည်သို့များ မျက်နှာချင်းဆိုင်နိုင်ပါမည်နည်း။
" ခင်ဗျား ဘာပြောလိုက်တာလဲ " ယီယွင်က မေးခွန်းထုတ်လိုက်သည်။ ထိုသူ ချက်ချင်းပင် ငြိမ်ကျသွားလေပြီး စကားဆိုမိသည်ကို နောင်တရသွားလေသည်။
" ငါ ဘာ...ဘာမှ...ဘာမှ မ..မပြောခဲ့ပါ " သူ တုန်ယင်စွာဆိုလိုက်လေပြီး ကျန်းတန်က ယီယွင် ထပ်မံကာအကြမ်းမဖက်တော့စေရန် တားဆီးပေးမည်ဟု မျှော်လင့်မိစွာဖြင့် ကျန်းတန်ကို လှမ်းကြည့်လိုက်သည်။ ယီယွင်ကို တားဆီးနိုင်သည့် တစ်ဦးတည်းသောလူက ကျန်းတန်သာ ဖြစ်လေသည်။
မည်သူက အနိုင်ရကြောင်း ရှင်းလင်းနေချေပြီ။ ကျန်းတန်သာ စကားဆိုလိုက်ပါက ယီယွင် မဖြစ်မနေပင် ရပ်ရပေလိမ့်မည်။
သို့သော် ကျန်းတန်ကမူ မည်သည့်အရာပင်ဖြစ်နေပါစေ သူနှင့် မသက်ဆိုင်သည့်အလားပင် အေးဆေးနေလေ၏။