ကိုယ်ပြုထားတဲ့ မကောင်းမှုက ခံနိုင်ရည်ရှိဖို့ အခက်ဆုံး
Vol. 8 Ch. 114
ကျင်းလုံဝေ့စစ်တပ်သည် လျှို့ဝှက်ကြံစည်ခြင်းနှင့် နောက်ကျောအား ဓားနှင့်ထိုးခြင်းများကို တားမြစ်ပိတ်ပင်ထားသည်။ သို့သော် ပွင့်လင်းမြင်သာစွာ လက်စားချေခြင်းကိုမူ တားမြစ်မထားပေ။
အမှန်တကယ်တွင် ဤလောကကြီးထဲ၌ တရားဥပဒေက အားနည်းလေသည်။ လက်စားချေခြင်းသည် အားလုံးလက်ခံထားသည့် နိယာမတစ်ခုဖြစ်ပြီး သိုင်းလမ်းစဥ်တွင် ဖြစ်ရိုးဖြစ်စဥ်ပုံစံတစ်ခုသာ ဖြစ်လေသည်။
တိုင်အာနတ်ပြည်ထောင်၏ ရဲမတ်များနှင့် တရားရေးဌာနများကပင် ကြားဝင်ပါခြင်း မပြုကြပေ။
ထို့အပြင် ထိုသွေးကြွေးဆပ်ပွဲကို လျှိုင်ချမ်းယု ဦးစွာအကြံပြုထားခဲ့ခြင်း ဖြစ်လေသည်။ စစ်သည်တစ်ဦးက သေခြင်းနှင့်ရှင်ခြင်း တိုက်ပွဲတစ်ခု အစပြုခဲ့လျှင် ကိုယ့်အသက်ကို ကိုယ်တိုင်သာ ဂရုစိုက်ရပေမည်။
ကျန်းတန်ကမူ ကြည့်ရုံသာ ကြည့်နေခဲ့ကြီး ကြားဝင်မပါချေ။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကမူ ကျန်းတန်က ပြိုင်ပွဲကို ရပ်ပစ်လိုက်စေရန် မည်မျှပင်ဆန္ဒပြုနေစေကာမူ အရာမရောက်ပေ။
သို့သော် အခြေအနေပြောင်းပြန်ဖြစ်ကာ လျှိုင်ချမ်းယုက ယီယွင်အား ရက်စက်စွာ ရိုက်နှက်နေလျှင်မူ ကျန်းတန်က ကြားဝင်ပါပေလိမ့်မည်။ အချုပ်ဆိုရသော် ယင်းသည် လူတစ်ဦး၏တန်ဖိုး ဖြစ်လေ၏။
ယီယွင်က အရှေ့အရပ်မှ ခရမ်းရောင်လေကို ဆွဲယူနိုင်ခဲ့သည်ဖြစ်ပြီး အနာဂတ်တွင် လူသားအရှင်သခင်တစ်ပါး ဖြစ်လာပေလိမ့်မည်။ လျှိုင်ချမ်းယုက မည်သို့များ ယှဥ်နိုင်ပါမည်နည်း။ လျှိုင်ချမ်းယုက ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော်လည်း တောက်မျိုးနွယ်၏ မိုင်ထောင်ချီ အတိုင်းအတာအတွင်း၌သာ ဖြစ်လေသည်။ တိမ်ရိုင်းနယ်မြေတစ်ခုလုံးတွင် တောက်မျိုးနွယ်ကဲ့သို့ မျိုးနွယ်များ မြောက်မြားစွာပင် ရှိသည်။
ကျန်းတန် ဦးစီးသည့် ပြည်ထောင်ရွေးချယ်ပွဲက တိမ်ရိုင်းနယ်မြေထဲရှိ ရွေးချယ်ပွဲများစွာထဲမှ တစ်ခုမျှသာ ဖြစ်သည်။ ကျင်းလုံဝေ့အတွက်မူ လျှိုင်ချမ်းယုကဲ့သို့ ပါရမီရှင်မျိုးအား ဆုံးရှုံးခဲ့ရလျှင်ပင် ပြဿနာမရှိပေ။
ကျန်းတန်က လျှိုင်ချမ်းယုနှင့် ယီယွင့်တိုအကြားမှ မကျေလည်မှုများကို သတိပြုမိခဲ့ပြီး ဖြစ်ချေသည်။ သူတို့နှစ်ဦးအကြားတွင် တစ်ဦးက မဖြစ်မနေပင် အဆုံးသတ်ရလိမ့်မည်။ ထိုနှစ်ဦးကို ကျင်းလုံဝေ့စစ်တပ်ထဲတွင် ရင်ဆိုင်တွေ့ဆုံစေပြီး ပဋိပက္ခဖြစ်စေမည့်အစား ၎င်းတို့နှစ်ဦးကို လူရွေးပွဲတွင် တိုက်ခိက်ခိုင်းစေသည်က ပိုကောင်းပေသည်။
ထိုနှစ်ဦးထဲတွင် မည်သူ့အား ရွေးချယ်ရမည်မှာ သိသာပေသည်။ ပါရမီရှင်တစ်ဦးကို ခေါ်ယူခဲ့လျှင် ကျင်းလုံဝေ့အတွက် ကြီးစွာအကျိုးပြုပေးခြင်း ဖြစ်သည်။ သို့သော် ကိုယ်ရေးကိုယ်တာအတွက်မူ ကျွမ်းကျင်သူတစ်ဦးကို ပျိုးထောင်ပေးခြင်းသည် ကျန်းတန်အတွက် အကျိုးရှိစေ၏။ အနာဂတ်တွင် ယီယွင်က ကျန်းတန်၏ တပည့်တစ်ဦး ဖြစ်လာနိုင်သည်။ ထို့ကြောင့် ယီယွင်သာ အမှန်တကယ်ပင် ဖွံ့ထွားလာခဲ့ပါက ကျန်းတန်အဖို့လည်း ဂုဏ်သရေများ မျှဝေခံစားနိုင်လိမ့်မည်။
အစောပိုင်းက ကျန်းတန် ယီယွင်၏ကျင့်ကြံမှုအဆင့်ကို မေးလိုက်ချိန်ကတည်းကပင် တိုက်ပွဲရလဒ်ကို မှန်းဆနိုင်ခဲ့သည်။ ယီယွင်၏ ပထမဆုံးပြိုင်ပွဲတွင် လျှိုင်ချမ်းယုနှင့် ဆုံတွေ့စေခဲ့သည်မှာလည်း ကျန်းတန်က တမင်စီစဥ်ပေးခဲ့ခြင်း ဖြစ်သည်။
လျှိုင်ချမ်းယု၏ ကံကြမ္မာက စတင်ချိန်ကတည်းကပင် ဆိုးရွားသောအဆုံးသတ် ဖြစ်နေသည်။ သို့သော် လျှိုင်ချမ်းယုကသာ ယီယွင်ကို သတ်ရန်အတွက် ဟာကွက်အသုံးပြုကာ ကိုယ့်သေတွင်း ကိုယ်မတူးခဲ့လျှင် ယခုကဲ့သို့ မရှုမလှအခြေအနေမျိုးနှင့် အဆုံးသတ်ရမည်မဟုတ်ပေ။
ကိုယ်ပြုထားခဲ့သည့် မကောင်းမှုက ခံနိုင်ရည်ရှိရန် အခက်ခဲဆုံးဟု ဆိုရမလိုပင်။
................................
" နဝမပြစ်မှု... မင်းက လျှိုင်မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်သုံးခဲ့တယ်။ ဆေးတောင်တန်းကို ပြောင်သလင်းခါအောင် ခူးပစ်ခဲ့တယ်။ ကျွဲနွားတွေနဲ့ အမဲလိုက်ခွေးတွေကို သတ်ခဲ့တယ်။ မင်းရဲ့အနာဂတ်ဆီ ရောက်ဖို့အတွက် လျှိုင်မျိုးနွယ်ကို ချနင်းပြီး စတေးပစ်ခဲ့တယ်။ မင်းရဲ့ဒီအသက်က လျှိုင်မျိုးနွယ်က လူတွေဆီမှာ အကြွေးတင်နေတာပဲ "
.................................
" ဒဿမပြစ်မှု... ငါတို့ရဲ့ လက်စားချေတာတွေက ကျေအေးလို့မရတော့ဘူး။ မင်းက ငါ့ကို သတ်ချင်ခဲ့ပြီး ရှင်လျက်နဲ့သေအောင် လုပ်ချင်ခဲ့တယ်။ ဒီနေ့ ပြည်ထောင်ရွေးချယ်ပွဲမှာ မင်းရဲ့ဆိုးယုတ်တဲ့အပျော်အတွက် ငါ့ကို သတ်ဖို့မျှော်လင့်ပြီးတော့ အကဲဖြတ်စစ်ဆေးသူတွေဆီမှာ တောင်းဆိုခဲ့တယ်။ မင်းကို ဒဏ်ရာသက်သာလာစေပြီး ငါ့ကို လက်စားလာချေမှာကို ခွင့်ပြုပေးလိုက်မယ်ဆိုရင် ငါက ကျားတစ်ကောင်ကို သက်ညှာပေးခဲ့ပြီး ငါ ချစ်ရတဲ့သူတွေကို အန္တရာယ်ပေးမိသလို ဖြစ်သွားရလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာ ငါက အနာဂတ်ရဲ့ ပြဿနာတွေကို အမြစ်ပြတ်ရှင်းပစ်မယ် "
ယီယွင်က လျှိုင်ချမ်းယု၏ လက်မောင်းနှင့် ဒူးရိုးနှစ်ဖက်ကို ချိုးပစ်လိုက်လေသည်။ ဒူးရိုးများ ကျိုးသွားလေသောကြောင့် လျှိုင်ချမ်းယု မက်တပ်မရပ်နိုင်တော့ပေ။
ယီယွင်က လျှိုင်ချမ်းယုကို ဆွဲယူကာ လက်သီးတစ်ချက် ထပ်မံကာထိုးလိုက်သည်။
ဖောင်း...။
နောက်ဆုံးလက်သီးချက်က လျှိုင်ချမ်းယု၏ တန်းထျန်ပေါ်သို့ ကျရောက်သွားလေ၏။ လျှိုင်ချမ်းယု၏ခန္ဓာကိုယ် အပြင်းအထန် တုန်ခါလာသည်။ သူသည် ခန္ဓာကိုယ်ကျိုးကြေခြင်းနှင့် သွေးကြောများ နာကျင်ထိခိုက်သည်ကို ခံစားနေရသည်ဖြစ်ပြီး နောက်ဆုံးတစ်ချက်က သူ၏တန်းထျန်ကို ထိမှန်သွားခဲ့သည်။ လက်ရှိတွင် လျှိုင်ချမ်းယုက ခြင်းပေါက်တစ်လုံးပမာ ဖြစ်နေလေပြီး စွမ်းအင်များ သိုလှောင်နိုင်ခြင်း မရှိတော့ပေ။
သူ၏ခန္ဓာကိုယ်ထဲသို့ ယွမ်ချီများ စုပ်ယူနိုင်ခဲ့လျှင်ပင် ယွမ်ချီများ ခန္ဓာကိုယ်ကိုဖြတ်၍ စီးဆင်းသွားမည်သာဖြစ်ပြီး မည်သည့်အရာမျှ ကျန်ခဲ့မည်မဟုတ်ပေ။
စွမ်းအင်များ ထောက်ပံ့ပေးခံရခြင်းမရှိပါက အရိုးများနှင့် အကြောများစွာ ပျက်စီးနေသည့် လျှိုင်ချမ်းယုအဖို့ ပြန်လည်သက်သာလာရန် အလွန်ခက်ခဲသွားပေလိမ့်မည်။ သူ တစ်သက်လုံး ဒုက္ခိတဖြစ်ကာ အိပ်ယာပေါ်တွင် လှဲနေရလိမ့်မည်။
ယီယွင်သည် လျှိုင်ချမ်းယုအား ဒုက္ခိတဖြစ်စေရန် လုပ်ဆောင်ပြီးနောက် အလွန်ပင်လန်းဆန်းသွားလေ၏။ နောက်ဆုံးလက်သီးချက်က ယီယွင်၏ ဆန္ဓများ ပြည့်ဝသွားကာ ဝမ်းသာကြည်နူးမိသွားစေခဲ့သည်။ လပေါင်းများစွာ ကိန်းအောင်းနေသည့် မုန်းတီးမှုများ ၊ ရန်ငြိုးများ ၊ ကြုံတွေခဲ့ရသည့် အခက်အခဲများအားလုံးကို ထိုအခိုက်တွင် လွှတ်ချပစ်နိုင်ခဲ့သည်။
လန်းဆန်းမှုကို ခံစားနေချိန်တွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များက ယီယွင်၏ဦးခေါင်းသို့ ရောက်ရှိလာကာ သူ၏ဝိညာဥ်ကို သန့်စင်ပျိုးထောင်ပေးလေ၏။
" ရှေးအခါ သိုင်းပညာလေ့ကျင့်ချိန်တုန်းက လူတွေဟာ လက်စားချေတဲ့ ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းနိုင်အောင် လုပ်ဆောင်ကြတယ်။ အဲ့ဒါက နှလုံးသားနဲ့စိတ်ကို တည်ငြိမ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ဖို့များပြီး ကျင့်ကြံမှုအတားအဆီးကိုလည်း ပါးလျသွားစေတယ် "
လျှိုင်ချမ်းယုကို ပစ်လွှတ်လိုက်လေရာ မြေပြင်ပေါ်သို့ ခွေးသေတစ်ကောင်ပမာ ကျသွားလေ၏။ လျှိုင်ချမ်းယုမှာ အသက်ကို လုရှုနေရသည်။ လျှိုင်ချမ်းယု၏မျက်နှာ ဖြူလျော်နေကာ မျက်ဝန်းများ အရောင်အသွေးမဲ့နေ၏။ သူ မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲနေသည်။ ရည်မှန်းချက်ကြီးသည့် လျှိုင်ချမ်းယုအဖို့ သိုင်းပညာပျက်စီးကာ အရိုးများ ကျိုးကြေသွားသည်မှာ သေစေနိုင်လောက်သော ထိုးနှက်တစ်ခု ဖြစ်လေ၏။ သူ ရှင်လျက်နှင့် သေခဲ့ရချေပြီ။
" သ...သခင်လေး " တပ်သားလေ့ကျင့်ရေးစခန်းမှ ကြောင်အနေကြသည့် လျှိုင်မျိုးနွယ်ဝင်အချို့မှာ မည်သည့်အရာကို လုပ်ဆောင်သင့်ကြောင်း ရှင်းလင်းစွာ မသိတော့ပေ။
သူတို့၏သခင်က ယီယွင်ကြောင့် ဒုက္ခိတဖြစ်သွားခဲ့လေရာ သူတို့ မည်သည့်နေရာသို့ သွားရတော့မည်နည်း။
တပ်သားလေ့ကျင့်ရေးစခန်းမှ အခြားသူများနှင့် လျှိုင်မျိုးနွယ်၏ အကြီးအကဲများက သူတို့ သတင်းကောင်းနှင့်အတူ ပြန်လာမည်ကို စောင့်မျှော်နေကြချေသည်။ လျှိုင်ချမ်းယု ဒုက္ခိတဖြစ်သွားခဲ့သည့် သတင်းကို လျှိုင်မိသားစု၏ အကြီးအကဲများ ကြားသိခဲ့လျှင် မည်သို့ဖြစ်လာလိမ့်မည်ကို သူတို့ မသိတော့ပေ။
တောက်မျိုးနွယ်မှ လူများသည်လည်း မှင်တက်မိနေကာ မည်သို့ပြောရမည်ကို မသိကြတော့ပေ။ သူတို့သည် လျှိုင်မျိုးနွယ်က အတွင်းရေးပဋိပက္ခ ဖြစ်ပွားနေသည်ကို ဝမ်းသာမိခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရယ်နိုင်ခြင်းမရှိတော့ပေ။
ယီယွင်က ကြောက်မက်ဖွယ်ကောင်းလှသည်။ ယီယွင်၏ ရက်စက်ကြမ်းတမ်းသောစွမ်းအားနှင့် ပြတ်သားသောစိတ်တို့ကြောင့် သူတို့ တုန်ယင်မိသည်။
" ယီယွင်က လျှိုင်ချမ်းယုကို ဒုက္ခိတဖြစ်အောင် အသာလေးလုပ်သွားခဲ့တယ်။ သူသာ ပြစ်မှုဆယ်ခုကို ရေတွက်ဖို့ကြောင့်သာ မဟုတ်ခဲ့ရင် ဒီထက် အချိန်ပိုတိုလောက်တယ်။ ယီယွင်က ဘယ်ကျင့်ကြံမှုအဆင့်မှာလဲ "
လျှိုင်ချမ်းယု၏စွမ်းအားက ပြည်ထောင်ရွေးချယ်ပွဲ၏ သေမျိုးသွေးနယ်ပယ် ပြိုင်ပွဲတွင် ထိပ်ဆုံးငါးယောက်အတွင်း ဝင်နိုင်သည်ဟု ပြော၍ရပေသည်။ သို့သော် ထိုသို့သောလူမျိုးကိုပင် ယီယွင်က အလွယ်တကူ ရိုက်နှက်ခဲ့သည်။ ယင်းက ပြိုင်ပွဲတစ်ခုပင် မဟုတ်လေဘဲ သတ်ပွဲတစ်ခုသာ ဖြစ်ချေ၏။ ယီယွင်က မည်ကဲ့သို့စွမ်းအားမျိုး ပိုင်ဆိုင်ထားလေသနည်း။
" ယီယွင်က သေမျိုးသွေးနယ်ပယ်မှာပဲ ဖြစ်ရမယ်။ သူက အသက် ၁၂ နှစ်ပဲ ရှိသေးတာဆိုတော့ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်နိုင်မှာ မဟုတ်လောက်သေးဘူး။ သူသာ တကယ်ပဲ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ထားနိုင်ခဲ့ရင် ကျင်းလုံဝေ့က လျှိုင်ချမ်းယုနဲ့ ပြိုင်ခိုင်းပြီး မရှုမလှပုံစံနဲ့ အရိုက်ခံရတာမျိုး ဖြစ်စေမှာမဟုတ်ဘူး "
" ယီယွင်ရဲ့အဆင့်က ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ် ဖြစ်လောက်မယ် " တောက်မျိုးနွယ် စစ်သည်တစ်ဦးက ပြောလိုက်သည်။ သူ၏အဆင့်က မဆိုးလှသော်လည်း အသက် ၂၈ ကျော်နေပြီဖြစ်၍ ပြည်ထောင်ရွေးချယ်ပွဲတွင် ပြိုင်ခွင့်မရပေ။
" ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်လား။ အဲ့ဒါက လျှိုင်ချမ်းယုနဲ့ အတူတူပဲလေကွာ။ ဒါပေမဲ့ သူတို့ တိုက်ခိုက်တဲ့အချိန်မှာ ဘာကြောင့်မလို့ ကွာခြားချက်က အရမ်းကြီးမားနေရတာလဲ " သာမန်လူများ ပဟေဠိဖြစ်နေကြသည်။ သူတို့အတွက်မူ လူတိုင်းက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သာဖြစ်၍ စွမ်းအားများလည်း တူညီသင့်သည်။
" မေးခွန်းက အဓိပ္ပါယ်မရှိဘူး "
ထိုသူက ခေါင်းယမ်းကာ..." သူတို့နှစ်ယောက်က ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်ဆိုတော့ရော ဘာဖြစ်လဲ။ ယီယွင်က သရုပ်ဖော်ပြသရာမှာ ဆန်းကြယ်မှုအဆင့် အဆင့် ၅ ရခဲ့တာကို မမေ့ကြနဲ့ဦး "
ဆန်းကြယ်မှုအဆင့် အဆင့် ၅။
ဟုတ်သည်။ ကျင်းလုံဝေ့က ယီယွင်ကို ဆန်းကြယ်မှုအဆင့် အဆင့် ၅ သတ်မှတ်ပေးထားလေပြီး တောက်မျိုးနွယ်၏ တတိယသခင်လေးထက် များစွာပိုမြင့်သည်။ မူလက တောက်မျိုးနွယ်ဝင်များ လက်မခံနိုင်ခဲ့ကြသော်လည်း ယခုတွင်မူ သူတို့ ပြောစရာမဲ့နေကြရသည်။ ယီယွင်၏ ပါရမီနှင့်စွမ်းအားတို့က အဆင့်သတ်မှတ်ချက်နှင့် ထိုက်တန်းကြောင်းကို သူတို့ ဝန်ခံရပေမည်။
ယီယွင် သိုင်းနည်းစနစ်ကို သရုပ်ဖော်ပြသခဲ့စဥ်က သူ၏စွမ်းအားကို ပြသခြင်းမရှိခဲ့ပေ။ အကယ်၍ ယီယွင်သာ တိုက်ခိုက်လိုလျှင် သံနက်ကျောက်တုံးတစ်တုံးကို လွယ်လင့်တကူပင် ခွဲပစ်နိုင်ပေ၏။
တောက်ယွင်ရှောင်းနှင့် ဟူရာတို့၏ အမာခံပရိတ်သတ်များအားလုံး ပါးစပ်ပိတ်နေကြ၏။
ယီယွင် ထုတ်ဖော်ပြခဲ့သည့် စွမ်းအားများအရဆိုလျှင် သူတို့အဖို့ ယီယွင်ကို မရိုမသေပြု၍ မရတော့ပေ။ ကျင်းလုံဝေ့က အဆင့်သတ်မှတ်ရာတွင် မမှားခဲ့ကြောင်းကို ထိုကိစ္စက အမှန်ပြုသွားခဲ့ချေ၏။ ယီယွင်က အကြိုစစ်ဆေးမှုတွင် ပထမရရှိရေးအတွက် ဟာကွက်ကို အသုံးပြုသွားခြင်း မရှိခဲ့ပေ။ ထို့အပြင် သူတို့က မြင်နိုင်စွမ်း ချို့တဲ့နေလေသောကြောင့် ယီယွင်၏သရုပ်ဖော်ပြသမှုကို နားလည်နိုင်ခဲ့ခြင်းသာ ဖြစ်လေ၏။