← Chapters

ပြည်ထောင်မြင်းစစ်သည်

Vol. 8 Ch. 116

ပြည်ထောင်မြင်းစစ်သည်

Vol. 8 Ch. 116

ကျန်းတန်သည် တောက်ယွင်ရှောင်းနှင့် ယီယွင်တို့၏ တုန့်ပြန်မှုကြောင့် ကျေနပ်သွားကာ ဆိုလေသည်..." ကောင်းတယ်။ မိနစ်သုံးဆယ်အတွင်းမှာ မင်းတို့ရဲ့တိုက်ပွဲ စမယ်။ တောက်ယွင်ရှောင်း နိုင်ခဲ့မယ်ဆိုရင် ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တစ်ဦးအဖြစ် ခန့်အပ်ခံရမယ် "

တောက်ယွင်ရှောင်း မှင်တက်သွားကာ ပျော်ရွှင်သွားလေသည်။ သာမန်ဆိုလျှင် ခရမ်းသွေးနယ်ပယ် စစ်သည်များကိုသာ ကျင်းလုံဝေ့၏ လက်ရွေးစင်အဖြစ် ခန့်အပ်လေ၏။ ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာလျှင် အရင်းအမြစ်များနှင့် အဆောင်အယောင်များ ပိုမိုရရှိလာပေလိမ့်မည်။ သူတို့၏ရှေ့တွင် တောက်ပသောလမ်းကြောင်းသာ ရှိနေသည်။

ကျန်းတန်သည် မူလက ပြည်ထောင်ရွေးချယ်ပွဲတွင် ပထမရရှိသူသာ ထိုနေရာကို ရရှိမည်ဟု ကြေညာထားခဲ့သည်။ ယီယွင်က ပထမနှစ်လှည့်တွင် ပထမရရှိထားသည်ဖြစ်၍ တောက်ယွင်ရှောင်းအဖို့ ဗိုလ်လုပွဲတွင် ပထမရရှိခဲ့လျှင် ထိုနေရာအား ရရှိရန်အတွက် မျှော်လင့်ချက် သေးငယ်လှသည်။ မမျှော်လင့်စွာဖြင့်ပင် ကံကောင်းမှုက သူ့အား မျက်နှာသာပေးလာခဲ့ပြီး ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာမည်ဟု ကျန်းတန်က ကတိပေးလာခဲ့သည်။

တောက်ယွင်ရှောင်းအဖို့ မည်သို့များ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

သူက အမွေခံလက်နက် ရရှိထားသည်။ အမွေခံလက်နက် ထောက်ကူပေးထားလျှင် သူ၏စွမ်းအားများ နှစ်ဆတိုးလာမည်ဖြစ်ပြီး ယီယွင်ကို အနိုင်ယူရန် ခက်ခဲမည်မဟုတ်တော့ပေ။

လက်ရှိတွင် တောက်ယွင်ရှောင်းသာမက တောက်မျိုးနွယ်မှ အကြီးအကဲများနှင့် ဘိုးဘေးတို့လည်း ဝမ်းသာနေကြသည်။ တောက်ယွင်ရှောင်းသာ ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာပါက တောက်မျိုးနွယ်အား အရိုင်းနယ်မြေထဲမှ ပြောင်းရွှေ့ရာတွင် မဟာအကူအညီကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ကျန်းတန်က ဆက်လက်၍ စကားဆိုလိုက်လေရာ တောက်မျိုးနွယ်ဝင်များနှင့် တောက်ယွင်ရှောင်းတို့ အံ့ဩသွားကြရ၏။ သူတို့၏ ပျော်ရွှင်မှုများ အငွေ့ပျံပျောက်ကွယ်သွားကာ စကားမဆိုနိုင်ကြတော့ပေ။

ကျန်းတန်က ဆိုသည်..." နောက်ဆုံးပြိုင်ပွဲမှာ ယီယွင်က နိုင်သည်ဖြစ်စေ ရှုံးသည်ပဲဖြစ်စေ သူက ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တစ်ဦး ဖြစ်လာလိမ့်မယ်။ အကယ်၍ ယီယွင် အနိုင်ရခဲ့မယ်ဆိုရင် ပြည်ထောင်မြင်းစစ်သည်ဆိုတဲ့ ဘွဲ့ထူး အပ်နှင်းခံရမယ် "

လူတိုင်း တုန်လှုပ်သွားရသည်။ ရှုံးနိမ့်လျှင်ပင် ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာချေမည်။ အနိုင်ရခဲ့လျှင်မူ ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦအဖြစ်သာမက ပြည်ထောင်မြင်းစစ်သည်လည်း ဖြစ်လာပေလိမ့်မည်။

တိုင်အာနတ်ပြည်ထောင်ထဲတွင် ပြည်ထောင်မြင်းစစ်သည်တစ်ဦးက မည်သည့်အရာပေနည်း။ နတ်ဧကရာဇ်၏အောက်တွင် မင်းမျိုးများ ရှိသည်။ မင်းမျိုးများကို မင်းသား ၊ နယ်စား ၊ အမတ် ၊ မြို့စား ၊ အမတ်ငယ် ၊ ဘွဲ့ခံအမတ် ၊ မြင်းစစ်သည် ဟူ၍ ခုနစ်ဆင့် ပိုင်းခြားထားသည်။

မြင်းစစ်သည်ဆိုသည်မှာ ပြည်ထောင်မြင်းစစ်သည် ဖြစ်လေ၏။ မင်းမျိုးထဲတွင် မြင်းစစ်သည်များက နောက်ဆုံးတွင်ရှိနေသော်လည်း တန်ဖိုးထားမခံရဟု မဆိုလိုပေ။ တိုင်အာနတ်ပြည်ထောင်ထဲမှ မင်းမျိုးများအားလုံးကို တော်ဝင်အိမ်တော်မှ ထုတ်ပြန်ပေးထားခြင်း ဖြစ်လေသည်။

တိုင်အာနတ်ပြည်ထောင်က ကျယ်ဝန်းသော နိုင်ငံတစ်ခု ဖြစ်လေသည်။ တိုင်အာနတ်ပြည်ထောင်ကို တည်ထောင်ခဲ့သူသည် ပညာရှိတစ်ဦးဖြစ်ပြီး ၎င်း၏လက်အောက်မှ ပိုင်နက်နယ်မြေကို တွက်ချက်ရန် ခက်ခဲပေသည်။

ကြီးမားလှသော တိမ်ရိုင်းနယ်မြေသည် တိုင်အာနတ်ပြည်ထောင်၏ မြောက်ဘက်ဖျားပိုင်းမှ ချောင်ကျသော ဒေသငယ်လေးသာဖြစ်ပြီး တန်ဖိုးမရှိလှပေ။ တောက်မျိုးနွယ်သည် တိမ်ရိုင်းနယ်မြေထဲရှိ မျိုးနွယ်များစွာထဲမှ တစ်ခုသာဖြစ်လေ၏။

ထိုကဲ့သို့ ပြည်ထောင်တစ်ခုတွင် တော်ဝင်အိမ်တော်မှ ခန့်အပ်ထားသည့် မင်းမျိုးများအဖို့ အမည်မျှကပင် ကြီးမားသောဂုဏ်သရေ ရှိလေသည်။

မင်းမျိုးများ၏ ဘွဲ့ထူးများကို မလေးမစားပြောဆို၍ မရပေ။ အရိုင်းနယ်မြေထဲရှိ မည်သည့်နိုင်ငံတွင် မင်းမျိုးများနှင့် အောက်တန်းအလွှာများအကြားမှ ကွာခြားမှုများက အလွန်ကြီးမားသည်။

ယခင်က လျှိုင်ချမ်းယု၏ လက်ပါးစေများသည် လျှိုင်ချမ်းယုက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာမည်ဟု ဆိုခဲ့ကြလေပြီး လျှိုင်ချွေ့ဟွားနှင့် အမျိုးသမီးတစ်သိုက်ကမူ ပြည်ထောင်မြင်းစစ်သည်တစ်ဦးက မည်မျှအစွမ်းထက်ကြောင်းကို ဖြန့်ဝေခဲ့ကြသည်။ ယင်းလုပ်ရပ်များကြောင့် လျှိုင်ချမ်းယုက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခဲ့သည့်ပမာပင် ဖြစ်ခဲ့ရသည်။ အမှန်စင်စစ်တွင် ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ခြင်းနှင့် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခြင်းတို့က ကြီးစွာကွာခြားသည်။

ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာရန်အတွက် တိုက်ပွဲတွင် ချီးကျူးဖွယ်ရာ စွမ်းဆောင်ပြရန် လိုအပ်သည်။ ထိုသို့မဟုတ်လျှင် အထက်အရာရှိများ သတိပြုမိလာစေနိုင်သည့် ပြောင်မြောက်သော ပါရမီ ရှိနေမှသာ ခန့်အပ်ခံရပေမည်။

ကျင်းလုံဝေ့ကို ဥပမာပြုရပေမည်။ ကျင်းလုံဝေ့မှ တပ်သား ၉၉% ခန့်သည် ဘွဲ့ထူးများ မရကြပေ။ သူတို့၏အဆင့်က သာမန်လူများနှင့် အတူတူသာဖြစ်ပြီး မင်းမျိုးနွယ်တစ်ဦး မဟုတ်ပေ။ ကျင်းလုံဝေ့၏ ထောင်စုမှူးကျန်းတန်သည်ပင် ပြည်ထောင်မြင်းစစ်သည်တစ်ဦးသာ ဖြစ်ချေသည်။

မင်းမျိုးအဆင့်အတန်းအရ ယီယွင်က ကျန်းတန်နှင့် အဆင့်တူဖြစ်သွားလိမ့်မည်ဟု ဆိုနိုင်သည်။

ကျန်းတန်တွင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ခန့်အပ်နိုင်သည့် အခွင့်အာဏာ ရှိမနေပေ။ သို့သော် ယီယွင်က အရှေ့အရပ်မှ ခရမ်းရောင်လေကို ဆင့်ခေါ်ပြီးသည့်နောက်တွင်မူ ယီယွင်တွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေလေပြီး အနာဂတ်တွင် နယ်စားတစ်ဦး သို့မဟုတ် မင်းသားတစ်ဦးပင် ဖြစ်လာနိုင်သည်။

အနာဂတ်တွင် နယ်စားတစ်ဦး ဖြစ်လာနိုင်သည့် လူတစ်ဦးကို ပြည်ထောင်မြင်းစစ်သည်ဘွဲ့ ပေးအပ်လျှင်ပင် ဘာဖြစ်သေးသနည်း။

ယီယွင်အား ပြည်ထောင်မြင်းစစ်သည်အဖြစ် ခန့်အပ်ရေးအတွက် ကျန်းတန်အဖို့ ကျင်းလုံဝေ့မှ စီနီယာများနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ ၎င်းတို့ ခွင့်ပြုပေးမှသာ သူ့အဖို့ ပြည်ထောင်မြင်းစစ်သည်ဘွဲ့ကို ခန့်အပ်နိုင်မည်။

နောက်တစ်ဆင့်သည် မြို့တော်သို့ဝင်ရန် အသိအမှတ်ပြုခြင်း ဖြစ်လေ၏။ အမှန်တစ်ကယ်တွင် ပြည်ထောင်မြင်းစစ်သည်ကဲ့သို့ ဘွဲ့မျိုးကိုမူ ကျင်းလုံဝေ့များ စီနီယာများ သဘောတူလျှင်ပင် ကိစ္စပြတ်ပေသည်။ မြို့တော်သို့ဝင်ခွင့်ရရေးမှာ လုပ်ထုံးတစ်ခုမျှသာ ဖြစ်လေ၏။

" ယီယွင်က သခင်လေးယွင်ရှောင်းကို အနိုင်ယူနိုင်ရင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာတော့မယ် "

တောက်မျိုးနွယ်မှ စစ်သည်များက ပြည်ထောင်မြင်းစစ်သည်၏ အဓိပ္ပါယ်ကို ကောင်းစွာပင်သိသည်။ မျိုးနွယ်ငယ်လေးတစ်ခုမှ သူဆင်းရဲကလေးတစ်ဦးက မင်းမျိုးနွယ်တစ်ဦးအဖြစ်​ တောက်ကြွားလာတော့မည်ကို သူတို့ မယုံနိုင်ကြပေ။ နောင်အချိန်များတွင် သူတို့က ယီယွင်ကိုတွေ့လျှင် ဦးညွတ်ရပေတော့မည်။

" ဒီကောင်က သခင်လေးယွင်ရှောင်းကို အနိုင်ယူနိုင်မှပဲ အဲ့ဒီကိစ္စက ဖြစ်လာမှာပါဟ။ သခင်လေးယွင်ရှောင်းက ငါတို့ တောက်မျိုးနွယ်ရဲ့ အမွေခံလက်နက်ကို အသုံးပြုဖို့ ခွင့်ပြုချက်ရထားတယ်။ သခင်လေးယွင်ရှောင်း လက်ထဲမှာ အမွေခံလက်နက် ရှိနေမယ်ဆိုရင် အောင်ပွဲရမှာ မလွဲမသွေပဲ "

တောက်မျိုးနွယ်မှ စစ်သည်အချို့က မလိုတမာဆိုကြသည်။ မျိုးနွယ်ငယ်တစ်ခုမှ သာမန်လူတစ်ဦးကို ထိုကဲ့သို့ဘွဲ့မျိုး ပေးအပ်သည်ကို တောက်မျိုးနွယ်မှ စစ်သည်များ လက်သင့်မခံနိုင် ဖြစ်နေကြသည်။

" အဲ့ဒါအမှန်ပဲ... ယီယွင် အဲ့ဒီဘွဲ့ကို ရဖို့အတွက်ဆိုရင် ငါတို့ရဲ့သခင်လေးကို ကျော်နိုင်မှဖြစ်မယ်။ ငါတို့ တောက်မျိုးနွယ်ရဲ့ အမွေခံလက်နက်က မရေမတွက်နိုင်လောက်တဲ့ ပျက်စီးခြင်းသားရဲတွေကို သတ်ခဲ့တာဆိုတော့ ယီယွင်အဖို့ ယှဥ်နိုင်ပါ့မလား "

ပြည်ထောင်မြင်းစစ်သည် ဘွဲ့သည် အပြောသက်သက် မဟုတ်လေဘဲ စစ်မှန်သော အကျိုးအမြတ်တစ်စု ဖြစ်လေသောကြောင့် လူအများ မနာလိုဖြစ်နေရသည်။

ပြည်ထောင်မြင်းစစ်သည်တစ်ဦးသည် တိုင်အာနတ်ပြည်ထောင်ထံမှ အရင်းအမြစ်များကို နှစ်စဥ်ရရှိနိုင်မည်။ ထိုမျှမကသေးဘဲ ပြည်ထောင်မြင်းစစ်သည်တစ်ဦးက ဗဟိုဒေသထဲတွင်လည်း နယ်မြေအသေးစားတစ်ခု အပိုင်စားရလေသည်။

ပြည်ထောင်မြင်းစစ်သည်တစ်ဦး၏ ကြွယ်ဝမှုက အတော်ပင်များပြားသည်။ ပြည်ထောင်မြင်းစစ်သည်တစ်ဦးက သန်မာသည်သာမက လေးစားဖွယ်ရာ အဆင့်အတန်းလဲ ရှိလေ၏။ ထို့ကြောင့် ပြည်ထောင်မြင်းစစ်သည်တစ်ဦးထံတွင် ခိုလှုံလိုကြသူများ များစွာပင်ရှိပြီး ပြည်ထောင်မြင်းစစ်သည်တစ်ဦး၏ အစေခံများ ဖြစ်လာစေရေးအတွက် ပိုင်ဆိုင်မှုများ စွန့်လွှတ်ကြသူများပင် ရှိလေသည်။

အမျိုးသမီးများကလည်း ပြည်ထောင်မြင်းစစ်သည်တစ်ဦးထံတွင် သူတို့၏ ခန္ဓာကိုယ်များကို ရောင်းစားကာ အလုပ်အကျွေးပြုရရေးအတွက် သူတို့ချင်း ပြိုင်ဆိုင်ကြရသည်။ သူမတို့ ကံကောင်းကာ သခင်ဖြစ်သူက သတိပြုမိသွားခဲ့ပြီး ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာခဲ့ပါက ဘုရားစောင်မခြင်းသာ ဖြစ်လေသည်။

ထိုသည်ကား ဤလောကကြီး၏ လက်ရှိဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ ဤလောကကြီးထဲတွင် သာမန်လူများက ခက်ခဲကြမ်းတမ်းသော ဘဝများတွင် နေထိုင်ကြရသည်။ သစ်ပင်ကောင်းတစ်ပင်တွင် ခိုနားခွင့်ရပြီး အစေခံအလုပ်အကျွေးဘဝ၌ နေထိုင်ခွင့်ရလျှင်ပင် ဘဝများက လွယ်ကူနေပေလိမ့်မည်။

ယခင်က လျှိုင်ချမ်းယု ပြောခဲ့သည့် မိသားစုတစ်ခုဆိုသည်မှာ ယင်းအရာပင် ဖြစ်သည်။ သူသာ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာလျှင် နယ်မြေငယ်တစ်ခု အပိုင်စားရလာမည်။ သူက အစေခံများနှင့် မိန်းမလှများ ခေါ်ယူကာ စည်းစိမ်ခံစားနိုင်မည်။

အဆိုပါ ဝိုးတဝါးကတိစကားကြောင့် လျှိုင်မျိုးနွယ်ဝင်များ စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့ကိုသာ အလုပ်သမားများအဖြစ် ခေါ်ယူခဲ့ပြီး လျှိုင်ချမ်းယု၏နောက်သို့ လိုက်ပါကာ ဗဟိုဒေသထဲရှိ မြို့တော်ထဲသို့ ရောက်သွားနိုင်ခဲ့လျှင် သူတို့အဖို့ ငတ်မွတ်ခေါင်းပါးမှုများ ၊ ပုလိပ်ရောဂါများနှင့် သားရဲတိုက်ခိုက်မှုများကို ကြောက်နေရန်မလိုတော့ပေ။

ယခုတွင်မူ လျှိုင်ချမ်းယု၏ အိပ်မက်များက ခန္ဓာကိုယ်ကဲ့သို့ပင် ပျက်စီးသွားပြီဖြစ်ပြီး ဘယ်သောအခါမျှ အမှန်တကယ်ဖြစ်လာမည် မဟုတ်တော့ပေ။ လျှိုင်ချမ်းယု၏ ကြီးမားသောဆန္ဒများမှာ ယီယွင်ကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရသည်။

ယီယွင်သာ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခဲ့လျှင် လူများကို ဗဟိုဒေသသို့ ခေါ်သွားနိုင်ပေမည်။ သူ၏အိမ်ကို တည်ဆောက်ပြီး အစေခံများခေါ်ယူကာ စစ်မှန်သော မင်းမျိုးနွယ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ အသက် ၁၂ နှစ်အရွယ် မင်းမျိုးတစ်ဦး ဆိုသည်မှာ လူအများအတွက် မနာလိုစရာပင်။ ယင်းအဖြစ်ကို တောက်ပသောအနာဂတ်ဟုသာ ဖော်ညွှန်းရပေလိမ့်မည်။

ယီယွင်သာ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာလျှင် ရုပ်ချောမောသောရုပ်ရည်ကို ထပ်ပေါင်းလိုက်ပါက တောက်မျိုးနွယ်ထဲမှ မိန်းက​လေးများစွာပင် ယီယွင်အား လေးစားမြတ်နိုးမိခြင်းဖြင့် အဆုံးသတ်ရပေမည်။ ဟူရာနှင့် တောက်ယွင်ရှောင်းတို့၏ ပရိတ်သတ်များပင် ဘက်ပြောင်းသွားကာ ယီယွင်ကို သဘောကျသွားပေလိမ့်မည်။ ယင်းသည် ပြည်ထောင်မြင်းစစ်သည်ဘွဲ့၏ စွမ်းအား ဖြစ်လေ၏။

တောက်ယွင်ရှောင်း၏ မျက်နှာသည် မနာလိုမှုကြောင့် စိမ်းပုပ်နေလေ၏။ မူလက သူထင်ထားသည်မှာ ယီယွင်ကို အနိုင်ယူပြီး ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာလျှင် ကြီးမားသောဂုဏ်သရေဟု သူ ထင်ထားခဲ့သည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းတန်က ယီယွင်အား ကတိပေးလိုက်ကာ သူ၏ဝင့်ကြွားမှုများကို ကွဲကြေသွားစေလေ၏။

ယီယွင် ရှုံးခဲ့လျှင်ပင် ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာပေမည်။ ယီယွင် အနိုင်ရခဲ့လျှင်မူ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာပေလိမ့်မည်။

တောက်ယွင်ရှောင်း၏ ရည်မှန်းချက်က လျှိုင်ချမ်းယုနှင့် ဆင်တူသည်။ သူသည် ချမ်းသာကြွယ်ဝလိုပြီး ဘုန်းတန်ခိုးအာဏာ ရှိလိုသည်။ တောက်ယွင်ရှောင်းက လျှိုင်ချမ်းယုထက်ပင် ရည်မှန်းချက်ကြီးသည်။

ယနေ့တွင် သူ၏ရည်မှန်းချက်က သေးငယ်သည်သာမက ယီယွင်အတွက် ပထမဆုံးခြေလှမ်းပင် ဖြစ်နေခဲ့ကြောင်း သိခဲ့ရသည်။ ယင်းအဖြစ်ကြောင့် သူ မနာလိုဖြစ်ရသည်။

" ပြည်ထောင်မြင်းစစ်သည်တဲ့လား။ မင်း ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာမှာကို ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်မှာလဲ။ အိပ်မက်မက်နေတာ ရပ်လိုက်တော့။ ဘာတွေပဲဖြစ်ဖြစ် ငါက မင်းကို ရပ်တန့်မယ် " အတွေးနှင့်အတူ တောက်ယွင်ရှောင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူက ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လာလိုသည်ဖြစ်ပြီး ယီယွင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာသည်ကို လုံးဝမမြင်လိုပေ။ ဗိုလ်လုပွဲတွင် သူ မဖြစ်မနေပင် နိုင်ရမည်။

All Chapters