ယီယွင်နှင့် တောက်ယွင်ရှောင်း
Vol. 8 Ch. 117
ဗိုလ်လုပွဲ မကျင်းပမီတွင် မိနစ်သုံးဆယ် အနားပေးခဲ့သည်။ တောက်မျိုးနွယ်က ထိုအခွင့်အရေးကို အသုံးပြုကာ အမွေခံလက်နက် မထုတ်ယူမီတွင် ရိုးရာတောင်းဆုပြုပွဲတစ်ခု ကျင်းပခဲ့သည်။ နွားတစ်ကောင် အသတ်ခံခဲ့ရ၏။ မျက်နှာများတွင် နွားသွေးများ သုတ်လိမ်းထားသည့် စုန်းမနှစ်ဦး ထွက်လာခဲ့ပြီး ကခုန်ရင်းဖြင့် ဂါထာများရွတ်ဆိုသည်။
စုန်းမတစ်ဦးက တောက်မျိုးနွယ်၏ အမွေခံလက်နက်တစ်စုံမှ အမဓားကို သယ်ဆောင်လာပြီး သွေးနှင့်ဆေးကြောလေသည်။ ၎င်းသည် အမွေခံလက်နက်ကို ထုတ်ယူချိန်တိုင်းတွင် တောက်မျိုးနွယ်အတွက် လုပ်ဆောင်ရန်လိုအပ်သည့် ရိုးရာပွဲတစ်ခု ဖြစ်လေသည်။ ရန်သူတစ်ဦးအား ရင်ဆိုင်ရာတွင် အသုံးပြုပါက သွေးသောက်ရလိမ့်မည်။ ထို့ကြောင့် အမွေခံလက်နက်ထဲမှ သူတို့၏ ဘိုးဘေးများ၏ဝိညာဥ်များကို ပူဇော်ရန်အတွက် ရိုးရာပွဲတစ်ခု ကျင်းပပေးရန် လိုအပ်သည်။
ယင်းကိစ္စက မကောင်းလှဟု ဆိုနိုင်သည်။ အကြောင်းကမူ အမဓားကို နွားသွေးပြည့်နေသည့် ကြေးခွက်ထဲသို့ နှစ်လိုက်ချိန်တွင် နွားသွေးများက ဆူပွက်လာသည့်အလားပင် အမြုပ်ထလာ၏။ ယင်းသည် အမဓားက သွေးများကို စုပ်ယူနေသကဲ့သို့ ခံစားချက်အား ပေးစွမ်းလေသည်။
" ဒီဓားက အတော်လေးကို မနှစ်မြို့စရာပဲ " ယီယွင် မျက်မှောင်ကုတ်လိုက်သည်။ ထိုရိုးရာပွဲက အရိုင်းနယ်မြေ၏ အယူသည်းခြင်းတစ်ခုသာဖြစ်ပြီး မည်သည့်အရာမျှ မထူးလောက်ဟု သူ ထင်ထားခဲ့သည်။ သို့သော် တောက်မျိုးနွယ်၏ အမွေခံလက်နက်ဖြစ်သည့် အမဓားက သွေးများ စုပ်ယူနေချေသည်။
သွေးသောက်ပြီးသည့်နောက်တွင် အမဓားက ပိုမိုနီရဲလာသည်။ ဓားကိုယ်ထည်တွင် မမြင်ရသော အားအင်တစ်ခု လည်ပတ်နေသည့်ပမာ ဖြစ်နေလေ၏။ တောက်မျိုးနွယ်၏ အမွေခံလက်နက်က ထူးခြားပုံပင်။
အမွေခံလက်နက်ကို သွေးတိုက်ပြီးသည့်နောက်တွင် တောက်မျိုးနွယ်၏ စုန်းမသည် ဓားကို ခြောက်သွေ့သွားစေရန် သုတ်သင်ပေးပြီးနောက် တောက်ယွင်ရှောင်းဆီသို့ ပေးအပ်လိုက်သည်။
အမဓားကို လက်ခံပြီးနောက်တွင် တောက်ယွင်ရှောင်း၏ တစ်ကိုယ်လုံး စွမ်းအင်များ ပြည့်လာသည်။ သူသည် ယီယွင်အား တိုက်ပွဲဆာလောင်စိတ်များ တောက်လောင်နေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။
" ယီယွင်... စင်ပေါ်ကို တက်ခဲ့ " တောက်ယွင်ရှောင်း ပြိုင်ကွင်းပေါ်သို့ ခုန်ဝင်သွားကာ ဆိုလိုက်သည်။
ယီယွင်က အမဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက် စင်ပေါ်သို့ တက်သွားလေသည်။
တောက်ယွင်ရှောင်းနှင့် ယီယွင်က ပေသုံးဆယ်အကွာ ရပ်နေကြသည်။ သူတို့အား လူပေါင်းသောင်းချီကာ ကြည့်နေကြသည်။ သူတို့သည် ရင်တမမဖြစ်နေကြပြီး အာရုံစိုက်ကာ ကြည့်နေကြသည်။ သူတို့က ထိုနှစ်ယောက်၏ စိတ်ဝင်စားဖွယ်ရာ မည်သည့်အဖြစ်အပျက်ကိုမျှ အလွတ်မခံနိုင်ပေ။
ဤသည်က တောက်မျိုးနွယ်၏ အမွေခံလက်နက်ကို အသုံးပြုသည့် တိုက်ပွဲတစ်ခု ဖြစ်လေသည်။ တောက်မျိုးနွယ်၏ အမွေခံလက်နက်က သာမန်ညောင်ညမဟုတ်ပေ။ သာမန်လူများစွာအဖို့ အမွေခံလက်နက်ကို မြင်ဖူးခြင်းပင်မရှိဘဲ အိုမင်းလာကြရသည်။ အချို့ဆိုလျှင် အမွေခံလက်နက်က မည်သို့ပုံစံရှိကြောင်းကိုပင် မသိရပေ။ ယနေ့တွင် အမွေခံလက်နက်၏ စွမ်းအားကို မြင်တွေ့ရမည်ဖြစ်ရာ သူတို့က မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
" သခင်လေးယွင်ရှောင်းက သေချာပေါက် အနိုင်ရမှာပဲ။ တောက်မျိုးနွယ် အဓွန့်ရှည်တည်တံ့ပါစေ " တစ်ယောက်က အော်လိုက်သည်။ ထိုအော်သံသည် လေနှင့်အတူ လွင့်ပါသွားကာ ပဲ့တင်ထပ်သွားလေ၏။
ဤတိုက်ပွဲက သူတို့၏အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မည်။
ယီယွင်က ပြည်ထောင်မြင်းစစ်သည် ဖြစ်လာလိုသည်။ အကြောင်းကမူ ပြည်ထောင်မြင်းစစ်သည်များထဲတွင် အတော်ဆုံးသူများ တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်မြို့တော်သို့ ဝင်ခွင့်ရပြီး အရင်းအမြစ်များစွာ ခံစားခွင့်ရကာ တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ခွင့်ရမည်အား သူ သိထားပေသောကြောင့်ပင်။ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာရေးသည် သူ၏သိုင်းလမ်းစဥ်အတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း သူသိသည်။
ထိုမျှမကသေးဘဲ ပြည်ထောင်မြင်းစစ်သည်တစ်ဦးတွင် ကိုယ်ပိုင်နယ်မြေ ရှိသည်။ ထိုသို့ဆိုလျှင် ယီယွင်က အစ်မဖြစ်သူ ကျန်းရှောင်ယုကို ဗဟိုဒေသသို့ ခေါ်ဆောင်သွားကာ ဇိမ်ရှိသောဘဝတွင် နေခိုင်းနိုင်လိမ့်မည်။ အဒေါ်ဝမ် ၊ ဦးလေးကျိုး ၊ ကျိုးရှောင်ကဲ့တို့ကဲ့သို့ သူ့အား မျက်နှာသာပေးခဲ့သူများကိုလည်း ခေါ်သွားရမည်။ ယီယွင်က ထိုသူများကို ဗဟိုဒေသသို့ ခေါ်ဆောင်သွားကာ အရိုင်းနယ်မြေ၏ မရေရာသောဘဝများကို နှုတ်ဆက်ခိုင်းစေမည်။
" ယီယွင်... မင်းနဲ့ငါက ရန်ငြိုးမရှိပေမဲ့ ဓားမှာ မျက်စိမပါဘူးကွ။ မင်း မတော်တဆ ထိခိုက်မိခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့။ ငါ မင်းကို ထပ်သတိပေးမယ်။ အမဓား လက်ထဲမှာရှိရင် ငါ့ရဲ့စွမ်းအားက အနည်းဆုံး ၁၀၀% လောက် တိုးမြင့်သွားတယ် " တောက်ယွင်ရှောင်းက အမဓားကို ရင်ဝယ်ပိုက်ထားကာ ပွဲခံဟန်ဖြင့် ဆိုလိုက်သည်။
" အပြောတွေက ဘာမှအဓိပ္ပါယ်မရှိဘူး။ တိုက်ကွက်စတော့ " ယီယွင်က တောက်ယွင်ရှောင်း၏ အမဓားကို လက်ဗလာဖြင့်ရင်ဆိုင်ရန် လက်ဝါးဖြန့်လိုက်သည်။
ကန္တာရလေ တိုက်ခတ်နေကာ ယီယွင်၏အဝတ်ကို လှုက်ခတ်နေစေသည်။ ယီယွင်၏ပုံစံနှင့် အရှိန်အဝါများ လူအများကို နက်နဲဆန်းကြယ်သော ထင်မြင်ချက်များ ကျန်ရှိစေခဲ့သည်။
တောက်မျိုးနွယ်ထဲမှ မိန်းကလေးအချို့မှာ ယီယွင်၏ပုံစံကြောင့် သူမတို့၏ နှစ်သက်မှုများ ပြောင်းလဲသွားရလေ၏။ အရိုင်းနယ်မြေထဲမှ မိန်းကလေးများက သူရဲကောင်းကို နှစ်သက်ကြလေပြီး လက်ရှိတွင် သူမတို့အမြင်၌ ယီယွင်က သူရဲကောင်းတစ်ဦး ဖြစ်နေခဲ့သည်။ သူက ပါရမီရှင်တစ်ဦးဖြစ်ပြီး ရှေ့တွင်လည်း တောက်ပသောအနာဂတ် ရှိသည်။ ယီယွင်က တောက်ယွင်ရှောင်း၏ဓားကို လက်ဗလာနှင့် ရင်ဆိုင်ရချိန်တွင်ပင် ကြောက်လန့်ဟန်မပြပေ။ ထိုမောက်မာမှုက အဆိုပါမိန်းကလေးများ၏ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်ခဲ့သည်။ သူမတို့က ယီယွင်၏ကျောပြင်ကို ကြည့်နေရင်းဖြင့် ရင်ခုန်မြန်လာကာ မျက်နှာများ နီမြန်းလာကြရသည်။
ချွမ်...။
တောက်ယွင်ရှောင်း၏ လက်ထဲမှ အမဓားက အသက်ဝင်နေသည့်ပမာ ပျံတက်သွားသည်။ တောက်ယွင်ရှောင်းက ယီယွင်ကို အနိုင်ယူရန် မစောင့်နိုင်တော့ပေ။
လူအများက တောက်ယွင်ရှောင်း၏ တိုက်ခိုက်မှုကို ကြည့်နေစဥ်မှာပင် အချိန်များ အဆတစ်ရာခန့် နှေးကွေးသွားသည့်အလားပင်။ သူ၏ခန္ဓာကိုယ်က အရိပ်တန်းတစ်ခုပမာ ဖြစ်နေလေပြီး လူအများအဖို့ တောက်ယွင်ရှောင်း၏ ခြေသံနှင့် ဓားက လေထုအား ပိုင်းဖြတ်လိုက်သံကိုသာ ကြားရသည်။
" အတော်မြန်တဲ့ ဓားပဲ "
" သခင်လေးယွင်ရှောင်းရဲ့ ဓားကို ငါတို့ မြင်တောင်မမြင်ရဘူး။ ဘယ်လိုလုပ်ပြီး ရှောင်ကြမလဲ "
လူတစ်ဦးက ဓားတစ်လက်နှင့် တိုက်ခိုက်ချိန်တွင်မူ လက်သီးသုံးသည်နှင့် ယှဥ်မည်ဆိုပါက တိုက်ခိုက်မှုအကွာဝေး တိုးလာစေပြီး တိုက်ခိုက်မှုစွမ်းအားနှင့် တိုက်ခိုက်မှုအမြန်နှုန်းတို့ကိုလည်း တိုးလာစေသည်။ ဓားနှင့်လက်သီးတို့ အကြားမှ အမြန်နှုန်းက ကြီးစွာကွာခြားလှသည်။
ဝှစ်...။
တောက်ယွင်ရှောင်းက ယီယွင်၏ရှေ့သို့ လျင်မြန်စွာရောက်ရှိသွားကာ အမဓားက လည်ပင်းဆီသို့ တည့်တည့်ဝင်လာသည်။
ဓားက ယီယွင်၏လည်ပင်းအား ထိုးခွဲပစ်တော့မည့်ပမာ ရှိနေလေသည်။ အနီးတွင်ရှိနေသည့် ကျင်းလုံဝေ့၏ သမားတော်သည်ပင် မကယ်နိုင်တော့ဟု ထင်နေမိသည်။
လူအများ အော်လိုက်ကြသော်လည်း ယီယွင်ကမူ တည်ငြိမ်နေဆဲပင်။ သူက ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို မြင်တွေ့ဖူးသည်။ ယမန်နေ့ညက ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို လင်ရှင်းထုံ ကစားပြခဲ့သည့်အား သူ မြင်ထားခဲ့သည်။ လင်ရှင်းထုံ၏ ဓားပညာနှင့် ယှဥ်ကြည့်လျှင် တောက်ယွင်ရှောင်း၏ ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းက ပြောရန်ပင်မတန်ပေ။
သူသည် လင်ရှင်းထုံ၏ ဓားပညာကို လေ့ကျင့်ဖူးခြင်းမရှိသည့်တိုင်အောင် တောက်ယွင်ရှောင်း၏ဓားသိုင်းမှ ဟာကွက်များကို မြင်နေရသည်။
တောက်ယွင်ရှောင်းက ယီယွင်၏လည်ပင်းကို ဖြတ်မိတော့မည့်အချိန်တွင် ယီယွင် နောက်သို့ခုန်ဆုတ်သွားကာ သတ်ကွက်ကို တိမ်းရှောင်သွားခဲ့၏။ ဓားဖျားသည် ယီယွင်၏လည်ပင်းနှင့် တစ်လက်မအကွာမှ ဖြတ်သန်းသွားခဲ့သည်။
ဟမ့်။
တောက်ယွင်ရှောင်းမှာ ပထမတိုက်ကွက်ကို ယီယွင် ပွတ်ကာသီကာပုံစံဖြင့် ရှောင်တိမ်းသွားသည်ကို မကျေမနပ်ဖြစ်သွားကာ ဒုတိယတိုက်ကွက်ဖြင့် အမြန်တုန့်ပြန်သည်။
သူက ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း၏ ပန်းမုန်တိုင်းသိုင်းကွက် အသုံးပြုလိုက်သည်။ ထိုသိုင်းကွက်ကို အပြင်းထန်ဆုံး လေ့ကျင့်ပြီးချိန်တွင် ဓားသည် အသက်ရှုတစ်ကြိမ်အတွင်းမှာပင် အကြိမ်ပေါင်းရာချီကာ ထိုးဖောက်နိုင်ပေလိမ့်မည်။ သို့သော် တောက်ယွင်ရှောင်းက ထိုအဆင့်အထိ မရောက်သေးဘဲ အကြိမ်ရေ ဒါဇင်အနည်းငယ်ခန့်သာ ထိုးနိုင်သည်။
ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို ထုတ်ဖော်လျှင် ရေပက်၍ပင် မဝင်နိုင်ပေ။ ခန္ဓာကိုယ်ဝန်းကျင်မှ ဓားအလင်းများက ဓားချီများနှင့် ပေါင်းဖက်ကာ အကန့်အသတ်မဲ့ ကာကွယ်ပေးသည်။ တောက်ယွင်ရှောင်းက ထိုအဆင့်၏ အစောပိုင်းအဆင့်၌သာ ရှိနေသေးသည်။
ယီယွင်အား သိပ်သည်းလှသော ထိုဓားအလင်းများ ဖုံးလွှမ်းသွားချိန်တွင် ယီယွင်၏ခန္ဓာကိုယ်သည် အရိပ်အဖြစ်ပြောင်းလဲသွားလေပြီး လူအများ မမြင်ရတော့ပေ။ ထိုခံစားချက်က ကျန့်ယွီရှန်း ဆင်ဝါးမျိုနည်းစနစ်ကို ထုတ်ဖော်စဥ်ကနှင့် ဆင်တူသည်။ ယီယွင်က မည်သို့လှုပ်ရှားမည်ကို သူတို့ မသိရသော်လည်း ပြိုင်ကွင်းအား အရိပ်များလွှမ်းမိုးထားသည်ဟု သူတို့ ခံစားရသည်။
ဓားအလင်းနှင့် အရိပ်များ တောက်ပနေ၏။ သို့သော် တောက်ယွင်ရှောင်း၏ဓားက ပစ်မှတ်ကို မထိနိုင်ကြောင်းမှာမူ သံသယဖြစ်ရန်မလိုပေ။
ဓားတစ်လက်နှင့် လူတစ်ဦးက မိုးသီးမိုးပေါက်ကျသကဲ့သို့ ဓားချက်များ ထုတ်ဖော်နေလျက်ရှိပြီး လက်ဗလာနှင့် အခြားတစ်ဦးကမူ ရှောင်တိမ်းနေလေသည်။ မည်သူက ပိုတော်ကြောင်း ထင်ရှားလှသည်။
" ဘာလဲဟ " တောက်ယွင်ရှောင်း မျက်နှာနီနေသည်။ ယီယွင်က ရင်ဆိုင်ရခက်မည်ကို သူ သိလေသောကြောင့် ယီယွင်နှင့် ရင်ဆိုင်ရန်အတွက် အမွေခံလက်နက်အား အသုံးပြုခွင့် တောင်းဆိုခဲ့ရသည်။ သို့သော် ယီယွင်နှင့် တိုက်ခိုက်ရသည်မှာ သူ ထင်ထားသည်ထက် ပိုမိုခက်ခဲနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက ဓားပညာကို နှစ်များစွာကြာသည်အထိ လေ့ကျင့်ခဲ့ပြီး ဓားသည် သူ၏အစိတ်အပိုင်းပမာ ဖြစ်နေခဲ့သည်။ သူက ယီယွင်၏ခြေဖျားကိုပင် ဖမ်းမမိခဲ့ချေ။
" ဆန္ဒမစောနဲ့ ယွင်ရှောင်း " တောက်ယွင်ရှောင်း၏ နားထဲတွင် ဖခင်ဖြစ်သူ၏အသံ ထွက်ပေါ်လာသည်။ သားဖြစ်သူက ယီယွင်နှင့် ရင်ဆိုင်ရာတွင် အခြေပျက်နေကြောင်း သူသိသည်။
" ကျွန်တော်သိတယ် အဖေ။ ဒီကောင်က ဒီလိုစွမ်းအားမျိုး ရှိနေတော့လည်း ကျွန်တော့်အဖို့ အမွေခံလက်နက်ရဲ့စွမ်းအားကို သုံးဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး " တောက်ယွင်ရှောင်းက မောက်မာဝင့်ကြွားသော်လည်း အရူးမဟုတ်လေသောကြောင့် ယီယွင်၏စွမ်းအားကို သိလေသည်။ လျှိုင်ချမ်းယုနှင့် တိုက်ပွဲတွင် ယီယွင်က စွမ်းအားများစွာ လျှိုထားခဲ့ကြောင်းကို သူ သိသည်။ သို့သော် အမွေခံလက်နက်၏စွမ်းအင်ကို ငှားရမ်းနိုင်သည်ဖြစ်၍ တောက်ယွင်ရှောင်းက ယီယွင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေဆဲပင်။
" သေချာပြီလား ယွင်ရှောင်း "
အမွေးခံလက်နက်၏ စွမ်းအင်ကို အသုံးပြုသည်မှာ အသေးအဖွဲ့ကိစ္စတစ်ခု မဟုတ်လေသောကြောင့် တောက်ယွင်ရှောင်း၏ ဖခင် စိုးရိမ်နေသည်။
တောက်ယွင်ရှောင်းက စကားမပြန်ဘဲ သူ့ရင်ဘက်အား ထုလိုက်သည်။
ဝေါ့...။
တောက်ယွင်ရှောင်းက အမဓားပေါ်သို့ သွေးတစ်လုတ် အန်ချလိုက်လေ၏။ အမဓားက နွားသွေးများ စုပ်ယူသကဲ့သို့ပင် ပြုမူလေသည်။ အမဓားက တောက်ယွင်ရှောင်း၏ သွေးများကို စုပ်ယူကာ နီရဲလာပြီး အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် လူအများ ငေးငိုင်သွားရသည်။ သူတို့ အမွေခံလက်နက်ကို သိကြသော်လည်း အမွေခံလက်နက်၏ စွမ်းအားက မည်သို့ရှိကြောင်း မသိကြပေ။
" အမွေခံလက်နက်ကို သွေးအသုံးပြုပြီး ပူဇော်နေတယ်။ တောက်ယွင်ရှောင်းက စိတ်ပျက်စရာပဲ " ဘိုးဘေး မျက်မှောင်ကုတ်လိုက်၏။ တောက်မျိုးနွယ်၏ အမွေခံလက်နက်က အနည်းငယ်ခန့် မကောင်းဆိုးရွားဆန်သည်။ ဓားတစ်လက်အဖြစ် အသုံးပြုလျှင်ပင် ကြီးမားသောစွမ်းအားကို ပေးလေသည်။
အမွေခံလက်နက်၏ အကြီးမားဆုံး စွမ်းအားကို အသုံးပြုလိုလျှင်မူ သွေး တိုက်ကျွေးရ၏။ ထိုသွေးက ဓားကိုင်ထားသူ၏သွေး ဖြစ်နေလျှင်မူ ပိုမို၍ပင် အာနိသင်ကြီးမားသည်။
ဓားကိုင်သူ၏ သွေးကို အမွေခံလက်နက်အား တိုက်ကျွေးလိုက်လျှင် ဓားကိုင်သူ၏ ယွမ်ချီများကို ကြီးစွာထိခိုက်စေသည်။ သွေးယဇ်ပူဇော်ခဲ့သည့် တောက်ယွင်ရှောင်း သက်သာလာစေရန် နှစ်ဝက်ခန့်အထိ ကြာနိုင်သည်။ တောက်ယွင်ရှောင်းကဲ့သို့ ငယ်ရွယ်သည့် စစ်သည်များအဖို့ နှစ်ဝက်ကာလက အလွန်တန်ဖိုးကြီးလှသည်။
တောက်ယွင်ရှောင်းက လောင်းကြေးထည့်ထားသည်ဖြစ်ပြီး သူသာ အနိုင်မရခဲ့လျှင် ထိုးနှက်ချက် ကြီးမားပေလိမ့်မည်။
ဝီ....။
အမဓားက သွေးကို စားသုံးပြီးနောက်တွင် ပြိုင်ကွင်းပေါ်တွင် မြည်သံတစ်ခု ပေးလာသည်။ တောက်မျိုးနွယ်မှ လူများ မှင်တက်မိနေကြသည်။
တောက်မျိုးနွယ်၏ အမွေခံလက်နက်က သွေးကို စားသုံးပြီးနောက်တွင် မည်သို့ဖြစ်လာမည်ကို သူတို့ မသိကြပေ။ အမွေခံလက်နက်က သွေးကိုစားသုံးသည်မှာ မကောင်းဆိုးဝါးဆန်ဟန် ရှိနေသော်လည်း အမွေခံလက်နက်၏စွမ်းအားကိုမူ သံသယရှိရန်မလိုပေ။ အမွေခံလက်နက်ထံမှ အသံနှင့်ပင် ထိုကိစ္စကို ပြောနိုင်သည်။