တိုက်ပွဲတွင် ဥာဏ်အလင်းရခြင်း
Vol. 8 Ch. 118
ထိုမြင်ကွင်းကြောင့် ယီယွင်၏အမူအရာ ပြောင်းလဲသွားသည်။ မူလက သူ့အတွက် တောက်ယွင်ရှောင်းကို အနိုင်ယူရန် လွယ်ကူခဲ့သည်။ မသတီစရာ ဓားပေါ်တွင် သွေးရိုးရာလုပ်ပြီးသည့်နောက်တွင်မူ တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။
ထိုဓားက ဘေးပတ်လည်မှ ယွမ်ချီများကို ဝဲကတော့ငယ်တစ်ခုပမာ စုပ်ယူနေသည်ဟုပင် ယီယွင် ခံစားမိသည်။
" ဆရာ... ဒီဓားက " လေပေါ်တွင်ရှိနေသည့် လင်ရှင်းထုံသည် တောက်ယွင်ရှောင်း၏ လက်ထဲမှဓားကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်၏။
" ထူးဆန်းလိုက်တာ... တောက်မျိုးနွယ်ရဲ့ ဓားက အရည်အသွေးမမြင့်တာကြောင့် ရတနာတစ်ခုလို့ ပြောလို့မရပေမဲ့ ဓားကို ပြုလုပ်ထားတဲ့နည်းလမ်းနဲ့ ထိုးထွင်းထားတဲ့ မှော်စာလုံးတွေကတော့ လူသားတွေ ပြုလုပ်ထားတာနဲ့ မတူလှဘူး "
" ဒီနေရာက လူ့အဖွဲ့အစည်းရဲ့ နယ်နိမိတ်မျဥ်းနားက နေရာတစ်ခုဖြစ်နေပြီး မျိုးနွယ်ခြားတစ်ခုက ဓားကို ပြုလုပ်ထားခဲ့တာဆိုရင် မထူးဆန်းလှဘူး။ ဒါပေမဲ့ ဒီနေရာက လူသားမျိုးနွယ်ထဲက တိမ်ရိုင်းနယ်မြေ ဖြစ်နေတယ်။ မျိုးနွယ်ခြားတွေနဲ့လည်း ဘာမှကိုမပတ်သတ်ဘူး။ ဒီလို အရည်အသွေးနိမ့် လက်နက်တစ်ခုက တိမ်ရိုင်းနယ်မြေထဲကို ဘယ်လိုရောက်လာရတာလဲ " အဖိုးအိုစုလည်း မသိပေ။
လက်ရှိတွင် တောက်ယွင်ရှောင်း၏ အရှိန်အဝါများ ဆက်တိုက်ပင် ကြီးထွားလာ၏။ တောက်ယွင်ရှောင်း၏နှုတ်ခမ်းတွင် သွေးစများ ပေကျံနေပြီး အမဓား၏ ဓားအလင်းအောက်တွင် သူက အရိုင်းဆန်နေသည်။
" ယီယွင်... ငါ့ရဲ့ တိုက်ကွက်တစ်ကွက် ခံယူလိုက်စမ်း "
တောက်ယွင်ရှောင်း၏ခန္ဓာကိုယ် မြင့်တက်လာသည်။ အမွေခံလက်နက်ကို နှိုးဆွပြီးနောက်တွင် တောက်ယွင်ရှောင်းက ယခင်နှင့်မတူတော့ပေ။ အမဓား၏ အမြန်နှုန်းက အကန့်အသတ်သို့ ရောက်နေလေ၏။
ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်သွားသည်။ အမွေခံလက်နက်ရှိနေသည့် တောက်ယွင်ရှောင်းက နတ်ဆိုးတစ်ကောင်ပမာ ပြောင်းလဲသွားသည်ဟု ယီယွင် ခံစားရသည်။ တောက်ယွင်ရှောင်းက ခန္ဓာကိုယ်စွမ်းအင်ကို အသုံးပြုခြင်းမရှိဘဲ ဓား၏စွမ်းအင်ကို အသုံးပြုနေချေသည်။
ရွှတ်...။
ယီယွင်က တောက်ယွင်ရှောင်း၏ဓားကို ရှောင်တိမ်းခဲ့သော်လည်း ဓားနှင့်အတူ ပါလာသည့် ထက်ရှသောလေက သူ၏အဝတ်ကို ဖြတ်တောက်သွားခဲ့သည်။
" ဒီကောင် တိုက်ခိုက်ခံလိုက်ရပြီ "
လူအများ အော်လိုက်ကြသည်။ ယီယွင်၏ အင်္ကျီလက်တွင် တစ်ပေခန့်ရှိသော အပေါက်ကြီးကို သူတို့ မြင်နေရသည်။
" မဟုတ်ဘူး... အဲ့ဒါက ဓားရဲ့လေအဟုန်ပဲ။ ယီယွင် ဒဏ်ရာမရဘူး "
ယီယွင် အခုတ်မခံခဲ့ရသော်လည်း တောက်ယွင်ရှောင်း၏ ဓားချက်ကြောင့် တောက်မျိုးနွယ်မှ လူအများ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
" သခင်လေးယွင်ရှောင်း အနိုင်ရမှာ သေချာနေပြီ "
" အဲ့ဒီကလေးကို သတ်ပစ် "
တိမ်ရိုင်းနယ်မြေမှ လူများက စရိုက်ကြမ်းတမ်းလှသည်။ အထူးသဖြင့် တောက်မျိုးနွယ်မှ ငယ်ရွယ်သွေးဆူသော လူများသည် ယီယွင်က သူတို့မျိုးနွယ်အား လွှမ်းမိုးသွားမည်ကို မလိုလားကြပေ။ လက်ရှိတွင် သူတို့က တောက်မျိုးနွယ်မှ အမျိုးသမီးငယ်များနှင့် ကွဲပြားနေသည်။
ခွန်အားကသာ ယောက်ျားတစ်ယောက်၏ အနေအထား ၊ ကြွယ်ဝမှု ၊ မိန်းမလှများကို ဖန်တီးပေးနေသည့် အရိုင်းအစိုင်းလောကကြီးတစ်ခုက တောရိုင်းဥပဒေနှင့် မကွာခြားလှပေ။ အထီးများသည် သူစိမ်းတစ်ယောက်က ၎င်းတို့၏ပိုင်နက်ကို ထိပါးလာသည်ဟု ခံစားရပါကို ထိုသူစိမ်းကို ရန်လိုမှုနှင့်သာ ဆက်ဆံပေလိမ့်မည်။
ဘယ်ဘက်လက်အင်္ကျီ ခုတ်ဖြတ်ခံလိုက်ရ၍ ယီယွင်၏မျက်ဝန်းများ လေးနက်သွားသည်။ တောက်ယွင်ရှောင်းက အမှန်တကယ်ပင် များစွာပိုမိုကာ သန်မာလာချေသည်။
" ဒီကောင် ရှောင်သွားတာလား။ ဟမ့်... နောက်တစ်ကြိမ်မှာ ငါ မင်းရဲ့လက်ကို ဖြတ်ပစ်မယ် " တောက်ယွင်ရှောင်း ပြက်ရယ်ပြုလိုက်သည်။ ရုတ်ခြည်းမှာပင် သူ၏ညာလက် လှုပ်ရှားသွားကာ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဖောင်း...။
လေထုသည် အမဓားက ဖိသိပ်သည်ကို ခံလိုက်ရလေပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ အပြာရောင်လေလှိုင်းများက ယီယွင်ဆီသို့ ပြေးဝင်သွားသည်။
" ဓားချီ "
ပြိုင်ကွင်းအပြင်မှ တစ်စုံတစ်ယောက်က အော်လိုက်သည်။ တောက်ယွင်ရှောင်းသည် ဓားပညာသရုပ်ပြစဥ်က ဓားချီ ထုတ်ဖော်ဖူးလေ၏။ ယနေ့တွင်မူ တောက်ယွင်ရှောင်းက ဓားချီကို မျက်စိနှင့်မြင်နိုင်သည့် အတိုင်းအတာအထိ ထုတ်ဖော်ခဲ့သည်။ ထိုသို့သော စွမ်းအားနှင့်အမြန်နှုန်းက ယခင်နေ့ကထက် များစွာသာလွန်နေသည်။
ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ တိမ်းရှောင်လိုက်သည်။
ယီယွင်က ဓားချီကို အချိန်မီတိမ်းရှောင်ခဲ့သော်လည်း ထိုအခိုက်မှာပင် တောက်ယွင်ရှောင်းက ယီယွင်၏ရှေ့၌ ပေါ်ထွက်လာသည်။ တောက်ယွင်ရှောင်းက ယီယွင်ဆီသို့ တည်နေရာခုန်ကူးသွားသည့်ပမာ ဖြစ်နေသည်။
လက်ရှိတွင် ယီယွင်က ဓားချီကို ရှောင်တိမ်းပြီးကာ လေထဲတွင် ရှိနေသေးလေသည်။ သူ ထပ်မံကာရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
" သေစမ်း "
တောက်ယွင်ရှောင်း တိုက်ခိုက်လိုက်သည်။ ဓားသည် ယီယွင်၏ ရင်ဘက်ဆီသို့ ပြေးဝင်သွားလေ၏။ အမဓားသည် နှစ်ပေသာရှည်လျားပြီး ဓားသွားက နီရဲနေသည်။
လက်ရှိတွင် အချိန်များ ရပ်တန့်နေသည့်ပမာ ဖြစ်နေသည်။ ယီယွင်၏ အမြင်တွင် သွေးနီရောင် အမဓားက အဆိပ်ပြင်း မြွေတစ်ကောင်ပမာ တိုးကပ်လာနေချေ၏။
ယီယွင် တိုင်းဆမရနိုင်အောင်ပင် အာရုံစူးစိုက်ထားသည်။ သူသည် လင်ရှင်းထုံနှင့် လက်ရည်စမ်းခဲ့သည့် ယမန်နေ့ညသို့ ပြန်ရောက်သွားသည့်ပမာ ဖြစ်နေလေ၏။ သူ့အား လင်ရှင်းထုံက တစ်ကြိမ်ပြီးတစ်ကြိမ်ပင် တိုက်ခိုက်နေသည်။ သူမ၏ ဖိနှိမ်တိုက်ခိုက်မှုများက တောက်ယွင်ရှောင်းကဲ့သို့ မြန်ဆန်ခြင်းမရှိသော်လည်း တောက်ယွင်ရှောင်းထက် များစွာပိုမိုကာ သေသပ်သည်။ လင်ရှင်းထုံက ယီယွင်အား တိုက်ခိုက်ခဲ့သည်မှာ ရုပ်ခန္ဓာကိုယ်တိုက်ခိုက်မှု မဟုတ်လေဘဲ အားအင်အပြည့်တိုက်ခိုက်မှုများ ဖြစ်လေသည်။
အားအင်...။
ယမန်နေ့ညက လင်ရှင်းထုံ ပြောခဲ့သည် စကားများကို ယီယွင် ပြန်ကြားယောင်လာသည်။
" တဒင်္ဂလှုပ်ရှားမှုနည်းစနစ်က နိဒါန်းအဆင့်ပဲ။ နိဒါန်းအဆင့်ပြီးရင်တော့ အဆင့်ငယ်အောင်မြင်မှုလို့ ခေါ်တယ်။ အဲ့ဒါက ရန်သူရဲ့အားအင်ကို ငှားရမ်းအသုံးပြုပြီး တိမ်းရှောင်ဖို့ အထောက်အကူပေးနိုင်တယ်။ ငါ ထပ်ပြောမယ်ဆိုရင်တောင် နင့်အတွက် နားလည်ဖို့ခက်ခဲနေလိမ့်မယ်။ အရာအားလုံး နင့်ရဲ့ ကိုယ်ပိုင်ဥာဏ်အလင်းရတဲ့အပေါ်မှာ မူတည်တယ် "
ထိုအခိုက်တွင် ယီယွင် တစ်စုံတစ်ခုကို နားလည်သွားသည်။ ယီယွင် ခန္ဓာကိုယ်ကို အားသုံးကာ တွန့်လိမ်လိုက်ရာ သွေးနီရောင်ဓားသည် ယီယွင်၏ နှာခေါင်းနားမှ ဖြတ်သန်းသွားသည်။ ယီယွင်သည် ဓားနှင့် အကွာအဝေး တစ်လက်မပင်မပြည့်ဘဲ ရှောင်တိမ်းနိုင်ခဲ့သည်။
လေထဲမှ ယီယွင်သည် ခြေချစရာမရှိသည့်တိုင်အောင် ရှောင်တိမ်းနိုင်ခဲ့၏။ ယင်းအဖြစ်ကြောင့် လူအများမှာ ယီယွင်က တောက်ယွင်ရှောင်း၏ ဓားချက်ကြောင့် လွင့်သွားရသည့် သစ်ရွက်တစ်ရွက်ပမာ ဖြစ်နေသည်ဟု ခံစားကြရသည်။
တောက်မျိုးနွယ်တစ်ခုလုံး မှင်တက်မိသွားသည်။ တောက်မျိုးနွယ်၏ ဘိုးဘေး ၊ မဟာအကြီးအကဲနှင့် အခြားအကြီးအကဲများ မှင်တက်မိနေကြ၏။ လေထဲတွင် ယီယွင်က မည်သို့များ ရှောင်တိမ်းနိုင်ခဲ့လေသနည်း။
" မဖြစ်နိုင်ဘူး " တောက်ယွင်ရှောင်း မယုံနိုင်ဟန် ဟစ်အော်ကာ ထပ်မံတိုက်ခိုက်သည်။
ပန်းမုန်တိုင်း...။
တောက်ယွင်ရှောင်းက အမဓား၏ စွမ်းအင်များကို စုစည်းလိုက်ရာ ဓားချက်တစ်ရာနီးပါးခန့် ထုတ်ဖော်ခဲ့သည်။ ထိုဓားသိုင်း၏ အမြန်နှုန်းကြောင့် အမဓားမှာ လေထဲတွင် ပျော်ဝင်သွားရသည်။ ဓား၏လေအဟုန်ကို ခံစားမိရပြီး ဓားကိုမူ မမြင်ရပေ။
သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။ ယီယွင်၏ခန္ဓာကိုယ်က အလေးချိန် မရှိတော့သည့်ပမာ ဖြစ်နေလေ၏။ တောက်ယွင်ရှောင်း၏ဓားက ပိုင်းဖြတ်လာလျှင် ရလဒ်အနေဖြင့် ယီယွင်၏ခန္ဓာကိုယ်က နောက်သို့ရွေ့သွားသည်။ တောက်ယွင်ရှောင်းမှာ ဓားကိုင်နေရခြင်း မဟုတ်လေဘဲ ယပ်တောင်တစ်ချောင်း ကိုင်ထားပြီး ယီယွင် အဝေးသို့လွင့်သွားစေရန် ယပ်ခတ်ပေးနေရသကဲ့သို့ပင် ခံစားမိနေသည်။
တောက်ယွင်ရှောင်း၏ဓားချီက အလွန်ထက်ရှလှပြီး သံနက်ကျောက်ကိုပင် ပိုင်းဖြတ်နိုင်ပေရာ လူတစ်ဦးကို အဘယ်သို့များ လွင့်သွားစေနိုင်ပါမည်နည်း။ သို့သော် လူအများ၏ရှေ့မှောက်တွင် ထိုကိစ္စ ဖြစ်ပျက်နေ၏။
ယီယွင်၏ လှုပ်ရှားမှုများက အလွန်ထူးဆန်းလှသည်။ တောက်ယွင်ရှောင်း၏ ဓားသိုင်းက အလွန်ပင်မြန်ဆန်လှသော်လည်း ယီယွင်၏ရှေ့မှောက်တွင်မူ နှေးကွေးလေးလံနေသည်။
အကြိမ်ရာပေါင်း အနည်းငယ်ခန့် တိုက်ခိုက်ခဲ့သော်လည်း ယီယွင် ခြေဖျားကိုပင် ထိမိခြင်းမရှိခဲ့ပေ။ တောက်ယွင်ရှောင်း ချွေးပျံလာရ၏။
အဘယ်သို့ ဖြစ်ရလေသနည်း။
တောက်မျိုးနွယ် ဘိုးဘေး ၊ မဟာအကြီးအကဲနှင့် အခြားသူများ ထိတ်လန့်နေကြကာ နဖူးတွင် ဇောချွေးများ သီးနေသည်။ သူတို့က ကြာရှည်စွာ အသက်ရှင်နေထိုင်လာခဲ့ပြီး စာအုပ်ပေါင်းများစွာ ဖတ်ခဲ့ဖူးသည်။ သူတို့က တောက်ယွင်ရှောင်းထက် ဗဟုသုတများ ပိုမိုများပြားသည်ဖြစ်ပြီး ယီယွင်၏ လှုပ်ရှားမှုများက မည်သည့်အရာဖြစ်ကြောင်း သူတို့ သိကြသည်။
" တဒင်္ဂလှုပ်ရှားမှု ...ဒါက တဒင်္ဂလှုပ်ရှားမှု လှုပ်ရှားမှုနည်းစနစ်ပဲ " တောက်မျိုးနွယ် ဘိုးဘေး၏အသံ တုန်ယင်နေသည်။
ပထမတွင် အရှေ့အရပ်မှ ခရမ်းရောင်လေ။ ထို့နောက်တွင် တဒင်္ဂလှုပ်ရှားမှုနယ်ပယ်။
ထိုအရာများအားလုံးက အဘယ်သို့ဖြစ်၍ ၁၂ နှစ်အရွယ် ကလေးတစ်ဦးထံတွင် ပေါ်လာရလေသနည်း။