← Chapters

သိမ်မွေ့မှုအပိုင်းအခြား အဆင့်ငယ်အောင်မြင်ခြင်း

Vol. 8 Ch. 119

သိမ်မွေ့မှုအပိုင်းအခြား အဆင့်ငယ်အောင်မြင်ခြင်း

Vol. 8 Ch. 119

တောက်မျိုးနွယ်ဘိုးဘေးက အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ဦး ဖြစ်သည်။ သူသည် တောက်မျိုးနွယ်၏ ရိုးရာပွဲအတွက် အခမ်းအနားဝတ်စုံ ဝတ်ဆင်ထားလေ၏။ အံ့အားသင့်ရခြင်း​ကြောင့် သူ၏ အခမ်းအနားဝတ်စုံမှာ ရှုပ်ထွေးနေလေ၏။

" ဘိုးဘေး တဒင်္ဂလှုပ်ရှားမှုက ဘာကိုပြောတာလဲ " ထိုအဆင့်ကို သိနေသည့် အကြီးအကဲတစ်ဦးက မရေမရာဟန်ဖြင့် မေးလိုက်သည်။

" လူတစ်ဦးမှာ တဒင်္ဂလှုပ်ရှားမှုရှိနေရင် ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို အသေးငယ်ဆုံး အပြုအမူလေးတွေနဲ့ ရှောင်တိမ်းနိုင်ကြတယ်။ တဒင်္ဂလှုပ်ရှားမှုရှိတဲ့ စစ်သည်တစ်ဦးက ပြောင်မြောက်တဲ့ ရှောင်တိမ်းမှုများစွာကို လုပ်နိုင်ကြတယ် " လူလတ်ပိုင်းတစ်ဦးက ဆိုလိုက်သည်။ ထိုသူက တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်ပြီး တောက်မျိုးနွယ်ထဲတွင် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်အဆင့် အငယ်ဆုံးစစ်သည်တစ်ဦး ဖြစ်လေသည်။

" တဒင်္ဂလှုပ်ရှားမှု ရှိနေရင် ရှောင်တိမ်းရတာ လွယ်ကူရုံတင်မကဘူး ရန်သူနဲ့လည်း အနီးကပ်နေနိုင်တယ်။ ဒါကြောင့် တန်ပြန်တိုက်ခိုက်ဖို့က ပိုလိုတောင်မှ လွယ်သွားသေးတယ်။ ဒါကြောင့် တဒင်္ဂလှုပ်ရှားမှုကို သိနေတဲ့ ရန်သူတစ်ဦးက အရမ်းကို ကြောက်ဖို့ကောင်းတယ် "

" တဒင်္ဂလှုပ်ရှားမှုထဲမှာတောင် နိဒါန်းအဆင့် ၊ အဆင့်ငယ်အောင်မြင်ခြင်း ၊ အဆင့်ကြီးအောင်မြင်ခြင်းဆိုပြီး ရှိတယ်။ လက်ရှိမှာ ယီယွင်က ရှောင်တိမ်းဖို့အတွက် ယွင်ရှောင်းရဲ့ တိုက်ခိုက်မှုအားကို ငှားရမ်းအသုံးပြုနေရတယ်။ ဒါဟာ တဒင်္ဂလှုပ်ရှားမှု အဆင့်ငယ်အောင်မြင်ခြင်းလို့ ပြောလို့ရတယ် " လူလတ်ပိုင်းက ရှုပ်ထွေးနေသော အမူအရာဖြင့် ဆိုလိုက်သည်။ သူက တဒင်္ဂလှုပ်ရှားမှုအကြောင်းကို နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း လေ့လာခဲ့သည်ဖြစ်၍ တဒင်္ဂလှုပ်ရှားမှုအကြောင်းအား အကုန်သိသည်။ ထို့အပြင် တဒင်္ဂလှုပ်ရှားမှုကို လေ့လာသင်ယူရန် မည်မျှခက်ခဲကြောင်းကိုလည်း သူသိလေသည်။

ယခုတွင်မူ တဒင်္ဂလှုပ်ရှားမှုကို ထုတ်ဖော်ပြနေသည့် ၁၂ နှစ်အရွယ်ကလေးက သားဖြစ်သူ၏ပြိုင်ဘက် ဖြစ်နေလေ၏။ သူ မည်သို့များ မစိုးရိမ်ဘဲရှိပါမည်နည်း။

တောက်ယွင်ရှောင်းနှင့် ယီယွင်တို့ကြားမှ ကွာခြားချက်က ကြီးမားလှသည်။ အမဓား၏စွမ်းအင်ကို နှိုးဆွထားသည့်တိုင်အောင် သူက ယီယွင်ကို မယှဥ်နိုင်သေးပေ။

လေသင်္ဘောပေါ်မှ အဖိုးအိုစုက ယီယွင်၏လှုပ်ရှားမှုများကိုကြည့်ကာ ရယ်မောလိုက်ပြီး..." ဒီကောင်လေးမှာ တဒင်္ဂလှုပ်ရှားမှု ရှိနေတာပါ့လား ဟားဟားဟား။ ရှင်းထုံ... မင်းနဲ့ နောက်ဆုံးအကြိမ် လက်ရည်စမ်းကတည်းက ဒီကောင်လေးက တဒင်္ဂလှုပ်ရှားမှုကို သိမြင်မှုအချို့ ရသွားခဲ့တယ်မလား "

" ဟုတ်တယ် "

လင်ရှင်းထုံ ခေါင်းညိတ်ကာ... " အဲ့ဒီညတုန်းက ယီယွင် တဒင်္ဂလှုပ်ရှားမှုအဆင့်ကို မရောက်သေးပေမဲ့ တဒင်္ဂလှုပ်ရှားမှုအဆင့်ရဲ့ တံခါးဝကို ထိတွေ့မိနေပြီ။ သူက ဘယ်လိုရှောင်ရမလဲကို သိပေမဲ့ အခုလက်ရှိကတော့ ပြိုင်ဘက်ရဲ့အားအင်ကို အသုံးပြုပြီး ရှောင်တိမ်းတဲ့ အဆင့်ငယ်အောင်မြင်ခြင်းကို ရောက်နေသေးပုံတော့ မရသေးဘူး "

" ဒီရက်အနည်းငယ်အတွင်းမှာ ယီယွင်ရဲ့တိုးတက်မှုတွေကို နတ်အမြန်နှုန်းလို့ပဲ ဖော်ညွှန်းရတော့မှာပဲ " လင်ရှင်းထုံက ယီယွင်ကို ချီးမွှမ်းခန်းဖွင့်လိုက်သည်။

ပါရမီရှင်တစ်ဦး၏စံနှုန်း သတ်မှတ်ထားသော မိသားစုကြီးတစ်ခုအတွက်ပင် ယီယွင်၏ လှုပ်ရှားမှုနည်းစနစ် တိုးတက်နှုန်းက အလွန်မြန်ဆန်နေသည်။ တိုက်ပွဲထဲတွင် သိမြင်နားလည်မှု ရရှိလာပြီး လျင်မြန်စွာလေ့ကျင့်နိုင်သော ပြိုင်ဘက်တစ်ဦးက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

" ဟားဟား...ငါ ဒီကောင်လေးကို စပြီးသဘောကျလာပြီ။ သူ့ကိုကြည့်လိုက် တောက်ယွင်ရှောင်းကို လုံးဝပြန်မတိုက်ဘူး။ သူက ရှောင်တိမ်းပြီးတော့ တဒင်္ဂလှုပ်ရှားမှုအဆင့်ကို ခံစားနေတာ "

ယီယွင်က တဒင်္ဂလှုပ်ရှားမှုအဆင့်အား ​သိမြင်နားလည်မှုကို အမှန်တကယ်ပင် ခံစားမွေ့လျော်နေသည်။ သူ၏ခန္ဓာကိုယ်သည် အလေးချိန်မရှိသည့်ပမာ ဖြစ်နေလေပြီး ငှက်မွှေးတစ်ပမာ ပေါ့ပါးနေကာ တိုက်ခိုက်မှုတိုင်းကို ရှောင်တိမ်းနိုင်နေသည်။

သူသည် တောက်ယွင်ရှောင်းက ပိုမိုကာ မြန်ဆန်ကြမ်းတမ်းစွာ တိုက်ခိုက်လာစေရန်ကိုပင် မျှော်လင့်မိနေသည်။ သို့မှသာ သူ့အဖို့ တဒင်္ဂလှုပ်ရှားမှုကို ပိုမိုသိမြင်နားလည်လာပေမည်။

သို့သော် တောက်ယွင်ရှောင်းကမူ ရူးသွပ်နေချေ၏။ သူ မည်မျှပင် လုပ်ဆောင်စေကာမူ ယီယွင်ကို ထိနိုင်ခြင်းမရှိ၍ အမှန်တကယ် ရူးသွပ်နေသည်။

တောက်မျိုးနွယ် အကြီးအကဲများ အရုပ်ဆိုးနေကြ၏။ လူအုပ်မှာလည်း အော်ဟစ်ခြင်းများ ရပ်နေသည်။ ယီယွင်က တောက်ယွင်ရှောင်းနှင့် တိုက်ခိုက်နေခြင်း မဟုတ်တော့ဘဲ လှုပ်ရှားမှုနည်းစနစ်ကို လေ့ကျင့်နေခြင်းသာ ဖြစ်လေသောကြောင့် သူတို့ မအော်နိုင်ကြတော့ပေ။

ဟုတ်သည်။ ယီယွင်က တောက်ယွင်ရှောင်းနှင့် တိုက်ပွဲအရှိန်မြင့်လာသည်ကို အသုံးချကာ လှုပ်ရှားမှုနည်းစနစ်ကို လေ့ကျင့်နေခဲ့သည်။ ယင်းက တောက်ယွင်ရှောင်းကို လုံးဝစော်ကားနေခြင်းသာ ဖြစ်လေသည်။

တောက်ယွင်ရှောင်းက အမဓား၏စွမ်းအင်ကို တိုက်ပွဲတွင်အသုံးပြုရန် သွေးစတေးမှုပင် လုပ်ခဲ့သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားကို အပြင်းထန်ဆုံး မြင့်တင်ခဲ့သော်လည်း ယီယွင်ကို အနိုင်မယူနိုင်သည်သာမက တောက်ယွင်ရှောင်း၏ စွမ်းအားမြင့်တိုက်ခိုက်မှုကို အသုံးပြုကာ သူ၏လှုပ်ရှားမှုနည်းစနစ်ကိုပင် လေ့ကျင့်နေခဲ့သည်။ ထိုကောင်က အလွန်မောက်မာကာ တစ်ဖက်လူကို လုံးဝပင်အထင်သေးထားသည်။

မကြာမီတွင် ပိုမိုမောက်မာသည့် ကိစ္စရပ်များ ရှိနေသေးကြောင်း သူတို့ သိရှိခဲ့ရသည်။

အရူးကောင်ယီယွင်က ဘာမျှမလုပ်ချေ။ တောက်ယွင်ရှောင်းက အရူးအမူးတိုက်ခိုက်နေပြီး ယီယွင်အား ဓားအလင်းများ လွှမ်းခြုံနေချိန်မှာပင် ယီယွင်က မျက်စိမှိတ်ထားလေသည်။

မျက်လုံး ပိတ်ထားတာလား။ ကြည့်ရှုနေကြသူများ မှင်တက်မိနေကြသည်။ သူတို့ပင် မမြင်ရသည့် ပြင်းထန်လှသော ဓားချက်များကို ယီယွင်က မျက်လုံးပိတ်ကာ ရှောင်နေသည်တဲ့လား။ ထိုကောင် ရူးသွားလေသလော။

သို့သော် မကြာမီတွင် ရူးနေသည်မှာ ယီယွင် မဟုတ်လေဘဲ သူတို့သာဖြစ်သည်ဟု သံသယဝင်လာမိကြသည်။ ယီယွင်က တောက်ယွင်ရှောင်း၏ တိုက်ခိုက်မှုများကို မျက်လုံးမှိတ်ထားလျက်ဖြင့် အလွယ်တကူပင် ရှောင်တိမ်းနိုင်နေကြောင်း သူတို့ မြင်နေရသည်။ ထိုကောင်၏ လှုပ်ရှားမှုများက ရေစီးနေသည့်အလားပင်။ မျက်လုံးမှိတ်ထားချိန်တွင် ယီယွင်၏ လှုပ်ရှားမှုများက ပိုမိုပြေပြစ်လာသည်ဟုပင် ဆိုနိုင်သည်။

အဘယ်သို့ ဖြစ်ရလေသနည်း။

တောက်မျိုးနွယ်မှ လူများ တုန်လှုပ်နေကြသည်။ သူတို့၏မျက်လုံးများ ကျွတ်ထွက်ကျလုမတတ် ဖြစ်နေရသည်။

ယီယွင်က ဆန်းကြယ်သည့်အခြေအနေထဲ ရောက်ရှိနေသည်။ ယီယွင်က မျက်လုံးကို မှီခိုအားထားနေရန် မလိုအပ်ဘဲ တောက်ယွင်ရှောင်း၏အားအင်ကို ခံစားရင်းဖြင့် တောက်ယွင်ရှောင်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ကြောင်း သိရှိလာသည်။

တောက်ယွင်ရှောင်း၏ဓားချက်တွင် ဓားချီနှင့် သတ်ဖြတ်လိုစိတ်တို့ ရှိလေပြီး ဓားထဲတွင်မူ ယွမ်ချီများ ထည့်သွင်းထားသည်။ ယင်းအရာများ အတူပေါင်းစည်းကာ အားအင်တစ်ခု ဖြစ်ပေါ်သည်။ ထိုအားအင်ကို ခံစားခြင်းဖြင့် ယီယွင်က တောက်ယွင်ရှောင်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်နေသည်။ ယင်းကဲ့သို့ ရှောင်တိမ်းမှုနည်းလမ်းက မျက်လုံးထက်ပင် ပိုမိုမြန်ဆန်သည်။

မျက်လုံးအသုံးပြုကာ ရန်သူ၏တိုက်ခိုက်မှုများကို ခြေရာခံလျှင် ဦးနှောက်ဆီသို့ ပို့ဆောင်ပေးရလိမ့်မည်။ ထို့နောက်မှသာ ဦးနှောက်က ခန္ဓာကိုယ်ကို ရှောင်တိမ်းရန်အတွက် အမိန့်ပေးလိမ့်မည်။ ယင်းက အနည်းငယ်ခန့် နှေးကွေးသည်။

ခန္ဓာကိုယ်အတွက်မူ တိုက်ခိုက်မှုအားအင်ကို ခံစားကာ တစ်ဆက်တည်းပင် ရှောင်တိမ်းနိုင်၏။ ထိုအားအင်ကို အသုံးပြုကာ ရှောင်တိမ်းသည်က ပိုမိုမြန်ဆန်သည်။

ယီယွင်က အားအင်ကို ခံစားကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ကြောင်း သိရှိသွားခဲ့သည်ဖြစ်၍ မျက်လုံးမှိတ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ရှုပ်ထွေးနေသော ဓားအလင်းများ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် ယီယွင်၏အာရုံများ ပိုမိုစူးစိုက်လာနိုင်ခဲ့ပြီး အားအင်ကို ခံစားနိုင်စွမ်းမှာလည်း ပိုမိုထက်မြက်လာခဲ့သည်။ ထို့ကြောင့်ပင် တောက်ယွင်ရှောင်း မည်မျှပင် အရူးမူးတိုက်ခိုက်စေကာမူ ယီယွင်ကို မထိမိခြင်းဖြစ်လေ၏။

လေသင်္ဘောပေါ်မှာ စုကျဲက ပြုံးကာဆိုသည်..." ဒီကောင်လေး ယီယွင်က မကောင်းတာတော့ သေချာတယ်။ ဒီကောင်လေးက တစ်ဖက်လူကို ဘွင်းဘွင်းကြီး အနိုင်ကျင့်နေတာပဲ။ သူက တဒင်္ဂလှုပ်ရှားမှုကို နားလည်သွားတာနဲ့ပဲ တစ်ဖက်လူကို အနိုင်ကျင့်နေခဲ့ပြီ။ ဒီလုပ်ရပ်က မမှန်ဘူးဆိုပေမဲ့ ငါကြိုက်တယ် "

နံဘေးမှ လင်ရှင်းထုံ ရယ်မောလိုက်သည်။ ယနေ့တွင် ယီယွင် သင်ယူခဲ့ရသည့်အရာ အနာဂတ်တွင် ကြီးမားသောအထောက်အကူ ဖြစ်လာလိမ့်မည်ကို သူမ သိသည်။ ထို့ကြောင့် ထိုခံစားချက်ကို အတတ်နိုင်ဆုံး စီးမြောပေးသည်က အကောင်းဆုံးဖြစ်လေသည်။ သို့သော် ထိုအတိုင်းဆက်လုပ်နေလျှင် ယီယွင်က တောက်ယွင်ရှောင်း၏ ယုံကြည်ချက်များကို ဖျက်ဆီးမိပေတော့မည်။

လင်ရှင်းထုံက တောက်ယွင်ရှောင်းကို အကောင်းမမြင်ပေ။ အကြိမ်အနည်းငယ်ခန့်သာ ဆုံဖူးသည်ဖြစ်ပြီး တောက်ယွင်ရှောင်း၏ အကြည့်များက စူးရဲလှကြောင်းကို သူမ သတိထားမိသည်။

လင်ရှင်းထုံက ထိုကိစ္စကို စိတ်မဆိုးပေ။ အမှန်တကယ်တွင် တောက်ယွင်ရှောင်းကဲ့သို့ ငါးဖားလောင်းများက သူမ အာရုံစိုက်ရန်ပင် မထိုက်တန်ပေ။ တိမ်ရိုင်းနယ်မြေထဲမှ သခင်လေးများက လောကကြီး မည်မျှကျယ်ဝန်းကြောင်း မသိကြလေသောကြောင့် လင်ရှင်းထုံ ပြောစရာမဲ့နေရသည်။ ရေတွင်းထဲက ဖားသူငယ် ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်းကိုပင် ၎င်းတို့က မသိကြပေ။ သူတို့က ရှေးဟောင်းမိသားစုများနှင့် မည်မျှကွာခြားကြောင်းကိုလည်း မသိကြပေ။ တောက်ယွင်ရှောင်းက လင်ရှင်းထုံကို မသမာစိတ်ဝင်ပြနေသည်မှာ ရယ်စရာသာဖြစ်သည်။

ရှေးကာလများကတည်းပင် မတိုးတက်ခြင်းနှင့် မသိမိုက်မဲခြင်း အမွှာတစ်စုံက မခွဲမခွာရှိခဲ့ကြသည်။ တိမ်ရိုင်းနယ်မြေအတွက်လည်း ထို့အတူသာ ဖြစ်ချေ၏။

တောက်ယွင်ရှောင်းသာ လင်ရှင်းထုံ၏ အတွေးများကို သိသွားပါက တစ်စစီပြိုလဲသွားပေလိမ့်မည်။ သူက ငယ်ရွယ်ကာ အပြင်လောကကြီးအား မမြင်ဖူးလေသောကြောင့် အလွန်ပင် ဝင့်ကြွားလှသည်။ တောက်ယွင်ရှောင်း၏ အဘိဓာန်ထဲတွင် " မဖြစ်နိုင် " ဟူသည့် စကားလုံး မရှိပေ။

ယခုတွင်မူ သူ့ထက် နှစ်နှစ်ငယ်သည့် ယီယွင်နှင့် ရင်ဆိုင်ရချိန်တွင်မူ ယီယွင်က သူ့ထက် ပိုမိုသန်မာနေဆဲပင်။

တောက်ယွင်ရှောင်းသည် အမွေခံလက်နက်၏ စွမ်းအင်ကို နှိုးဆွရန်အတွက် ကျင့်ကြံမှုကို အထိခိုက်ခံကာ သွေးစတေးထားရလေသောကြောင့် ရှုံးလိုခြင်းမရှိပေ။ သို့သော် သူ ပြန်ရလာသည့် ရလဒ်ကမူ ပြိုင်ဘက်က သူ့အား အသုံးချကာ လှုပ်ရှားမှုနည်းစနစ်ကို လေ့ကျင့်နေခြင်းသာပင်။ ယင်းအဖြစ်က တောက်ယွင်ရှောင်း၏ ကြီးမားလှသော ဝင့်ကြွားမှုများကို ပြိုကွဲစေလေသည်။

အား...။

တောက်ယွင်ရှောင်း ထိတ်လန့်ဖွယ်ရာ ဟစ်အော်လိုက်သည်။ ဓားကိုင်ထားသော လက်မှ သွေးကြောများ ဖောင်းကြွလာ၏။ သူ၏ဓားကို အပြင်းထန်ဆုံး လွှဲယမ်းနေသော်လည်း ယီယွင်အား မထိနိုင်ချေ။

လူတိုင်း၏မျက်လုံးများရှေ့ ၊ တောက်မျိုးနွယ်မှ လူများ၏ရှေ့ ၊ ဖခင်ဖြစ်သူ ၊ အဖိုးဖြစ်သူနှင့် တောက်မျိုးနွယ် အကြီးအကဲများ၏ရှေ့ ၊ ကျင်းလုံဝေ့၏ အရာရှိများ ရှေ့မှောက်တွင် သူ့ထက် နှစ်နှစ်ငယ်သည့် ကလေးတစ်ဦးက သူ့အား ဆော့ကစားနေသည်ကို သည်းမခံနိုင်တော့ပေ။

သူ အမှန်တကယ်ပင် ရူးသွပ်လေတော့မည်။ သူ ယီယွင်ကို ဖိကာတိုက်ခိုက်နေ၏။ ယီယွင်ကို တိုက်ခိုက်မိရေးအတွက် သူ၏ သက်တမ်းနှစ်နှစ်ဆယ်ကိုပင် စွန့်လွှတ်ပေးနိုင်သည်။

သို့သော် အမှန်တရားက ရက်စက်လွန်းသည်။

ယီယွင်၏ လှုပ်ရှားများက ရေကဲ့သို့ပင် စီးဆင်းနေပြီး ယီယွင် အားနည်းလာသည်ကို တောက်ယွင်ရှောင်း မခံစားမိပေ။

အမဓားက သွေးစားသုံးသည့် ဓားတစ်လက် ဖြစ်၏။ ဓားပေါ်တွင် ဖြန်းပတ်ထားသည့် တောက်ယွင်ရှောင်း၏သွေးများ ကုန်ခမ်းသွားလေပြီ။

အား...။

တောက်ယွင်ရှောင်း နှလုံးကွဲကြေသည့်အသံ အော်လိုက်သည်။ သူ၏နှလုံး ပွင့်ထွက်တော့မည့်ပမာ ခံစားနေရသည်။ သူ၏နှာခေါင်းပေါက်ထံမှ သွေးစီးကြောင်းနှစ်ခု ကျဆင်းလာသည်။

ကနဦးတွင် သူ ဒေါသကြောင့် နာကျင်ခဲ့သည်။ ထို့နောက်ပိုင်း၌ သူ နာကျင်ရသည်ကမူ အစောပိုင်းက သွေးရိုးရာပြုလုပ်ခဲ့ရခြင်းကြောင့် သူ၏သွေးစီးဆင်းမှုများ မတည်ငြိမ်တော့ခြင်းပင်။

တောက်ယွင်ရှောင်း ရပ်လိုက်သည်။ သူ အသက်ပြင်းပြင်း ရှုနေရင်းဖြင့် နှာခေါင်းမှ စီးကျလာသော သွေးများကို မျိုချနေသည်။ တောက်ယွင်ရှောင်း၏ဘဝတွင် ယခုကဲ့သို့ အရှက်ကွဲရခြင်းမျိုး မရှိခဲ့ပေ။

" ယီယွင်... မင်း ငါ့ရဲ့တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ဝံ့ရဲ့လား "

တောက်ယွင်ရှောင်း၏မျက်လုံးများ နီရဲနေသည်။ အကျိုးမရှိသည်ကို သိသွားလေသောကြောင့် သူ ထပ်မံတိုက်ခြင်း မပြုတော့ပေ။ သို့သော် တောက်ယွင်ရှောင်းက အရှုံးမပေးလိုချေ။ သူက ယီယွင်ကို တစ်ကြိမ်ခန့် ထိပ်တိုက် တိုက်ခိုက်လိုသည်။ ထိုသို့သာမဟုတ်လျှင် ယနေ့အတွေ့အကြုံက သူ၏တစ်ဘဝလုံး ရစ်ဝဲနေမည့် နတ်ဆိုးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးရွေးစရာအနေဖြင့် သူ မဖြစ်မနေပင် တိုက်တွန်းရပေတော့မည်။

လက်ရှိတွင် တောက်ယွင်ရှောင်း၏ ဓားကိုင်လက် တုန်ယင်နေလျက်ရှိပြီး ယီယွင်ကို ဒေါသတကြီး စူးစိုက်ကြည့်နေသည်။

ယီယွင်က မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး အစောပိုင်းက ရရှိခဲ့သည့် ဥာဏ်အလင်းထဲ၌ နစ်မြောနေဆဲပင်။ တဒင်္ဂလှုပ်ရှားမှုတွင် နိဒါန်းအဆင့်မှ အဆင့်ငယ်အောင်မြင်ခြင်းသို့ တိုးတက်ရန်အတွက်ကမူ သူ့အဖို့ သိမြင်နားလည်ရန်နှင့် ချေဖျက်ရန် လိုအပ်သည့် အရာများစွာ ရှိနေသေးသည်။

သူက ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေဆဲဖြစ်ပြီး တောက်ယွင်ရှောင်း၏ စကားများကို မကြားခဲ့ပေ။ အမှန်တကယ်တွင် ပတ်ဝန်းကျင်မှ ဖြစ်ရပ်များက သူ့အတွက် အရေးမပါတော့ပေ။

သူသည် စည်းမျဥ်းမရှိ ၊ သဏ္ဌာန်မရှိ ၊ လေဟာနယ်မရှိ ၊ ကိုယ်တိုင်လည်းမရှိသည့် အိပ်မွေ့ချခံထားရသကဲ့သို့ အခြေအနေထဲသို့ ရောက်ရှိနေသည်။

သို့သော် တောက်ယွင်ရှောင်း၏အမြင်တွင်မူ ယီယွင်၏ တုန့်ပြန်ပုံက လုံးဝပင် ပမာမခန့်ဆန်ခြင်းသာ ဖြစ်ချေ၏။

All Chapters