← Chapters

တောက်ယွင်ရှောင်းကို အနိုင်ယူခြင်း

Vol. 8 Ch. 120

တောက်ယွင်ရှောင်းကို အနိုင်ယူခြင်း

Vol. 8 Ch. 120

" အရမ်းမမောက်မာနဲ့ ယီယွင် " တောက်ယွင်ရှောင်း၏အမူအရာ ခက်​နေသည်။ သူ ဒေါသကြောင့် ရူးသွပ်နေ၏။

တောက်မျိုးနွယ်မှ လူများသည်လည်း တူညီစွာခံစားရသည်။ ထိုကောင်လေး ယီယွင်က မောက်မာလွန်းလှပြီး တောက်ယွင်ရှောင်းကို လုံးဝပင် လျစ်လျူရှုထားသည်။

တောက်ယွင်ရှောင်းက နောက်ဆုံးစိန်ခေါ်မှု လုပ်ခဲ့သည်။ ထိုကောင်က လက်မခံလိုလျှင်ပင် အနည်းဆုံးအနေဖြင့် အဖြေပြန်ပေးသင့်သည်။ ထိုကောင် မျက်လုံးမှိတ်ထားသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။

သို့သော် တစ်ချိန်တည်းမှာပင် တောက်မျိုးနွယ်မှ မိန်းကလေးများကမူ ယီယွင်ကိုကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။ ထိုမိန်းကလေးများ၏ မျက်နှာများ နီရဲနေကြ၏။

" ယီယွင်က အရမ်းမိုက်တာပဲ " မိန်းကလေးတစ်ဦးက လွှတ်ခနဲ ပြောမိသွားသည်။

" အယ်...နင်လည်း အဲ့ဒီလိုတွေးမိတာလား။ ငါလည်းအတူတူပဲ " သူမ၏နံဘေးမှ ၁၄ နှစ်အရွယ် မိန်းကလေးသည် ရှက်သွေးဖြာနေလေ၏။

တောက်ယွင်ရှောင်းက လွန်သန်မာသော်လည်း ယီယွင်၏ရှေ့တွင် ဘာမျှမဟုတ်ခဲ့ပေ။ ယီယွင်က တောက်ယွင်ရှောင်းကို မထိရသေးသော်လည်း တောက်ယွင်ရှောင်းကမူ နှာခေါင်းသွေးယိုနေချေပြီ။ ထိုကွာဟချက်က ကြီးမားလှချေ၏။ ယီယွင်သာ တောက်ယွင်ရှောင်းကို ထိမိလိုက်ပါက တောက်ယွင်ရှောင်းအဖို့ ဘောင်းဘီထဲတွင် သေးပေါက်ချသွားနိုင်လောက်သည်။

မိန်းကလေးများက သူရဲကောင်းများကို ကိုးကွယ်ကြသည်ဖြစ်ပြီး အထူးသဖြင့် သူမတို့နှင့် သက်တူရွယ်တူခန့် လူငယ်သူရဲကောင်းများကို ဖြစ်လေသည်။

ထိုမိန်းကလေးနှစ်ဦးက ဝိညာဥ်ဖက်များ ရှာတွေ့သွားသည့်ပမာ စိတ်လှုပ်ရှားစွာ စတင်ဆွေးနွေးကြလေ၏။ လူအုပ်ထဲရှိ အခြားမိန်းကလေးများသည်လည်း ထို့အတူသာဖြစ်ပြီး သူမတို့က ယီယွင်၏ အကြီးစားပရိတ်သတ်များ ဖြစ်လာကြသည်။

" မင်း အခြားသူတွေကို အနိုင်ကျင့်လွန်းနေပြီ " တောက်ယွင်ရှောင်းမှာ နွားရိုင်းတစ်ကောင်ပမာ တရှုးရှုးတရှဲရှဲ ဖြစ်နေသည်။ သူက ယီယွင်နှင့်တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော်လည်း ယီယွင်က တုန့်ပြန်ခြင်းမပြုသလို မျက်လုံးပင် ဖွင့်မကြည့်ပေ။ ထိုကောင်က ဤနေရာတွင် ရှိနေသည်မှာ ယှဥ်ပြိုင်ရန်အတွက်မဟုတ်ဘဲ အိပ်နေရန်အတွက်သာ ဖြစ်နေသည့်အလားပင်။

တောက်ယွင်ရှောင်းအတွက်မူ ယင်းက သူ့အား မလေးမစားလုပ်ခြင်းသာ ဖြစ်လေ၏။ တောက်ယွင်ရှောင်း ဒေါသူပုန်ထလာကာ နှာခေါင်းမှသွေးများကို အမဓားပေါ်တွင် သုတ်လိုက်သည်။ ထို့နောက် သူ၏ဘယ်ဘက်ခါးကို အမဓားနှင့် လှီးလေရာ သွေးစိမ်းများထွက်ကျလာပြီး အမဓားက စုပ်ယူလေသည်။

တောက်မျိုးနွယ် အကြီးအကဲများ စိုးရိမ်သွားကြသည်။

" ယွင်ရှောင်း... မင်း ရူးသွားပြီလား " တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်သူသည် သားဖြစ်သူက တိုက်ပွဲအား ရှုံးရတော့မည်ကို သိနေသည်။ ယခုတွင်မူ သားဖြစ်သူက နောက်ဆုံးတိုက်ခိုက်မှုအတွက် ခန္ဓာကိုယ်မှသွေးများကို ပိုမိုအသုံးပြုခဲ့သည်။ ထိုအပြုအမူက ယုတ္တိမတန်လှတော့ပေ။

သို့သော် တောက်ယွင်ရှောင်းက... " ကျွန်တော် မရူးဘူး။ ကျွန်တော် အရှုံးမပေးနိုင်ဘူး။ ဒီလိုမှမဟုတ်ရင် ဒီကိစ္စက တစ်သက်လုံး ရစ်ဝဲနေလိမ့်မယ် "

တောက်ယွင်ရှောင်းက အမွေခံလက်နက်၏ တားမြစ်စွမ်းအင်ကို နှိုးဆွခဲ့သည်။ သွေးများ အလွန်အကျွံထုတ်ယူမှုကြောင့် တောက်ယွင်ရှောင်း၏မျက်နှာ ဖြူလျော်နေ၏။

သူသည် ဘယ်ဘက်ခါးကိုသာမက ညာဘက်ခါးကိုလည်း လှီးဖြတ်ပစ်လိုက်သည်။ သွေးများ ပိုထွက်လာလေလေ တောက်ယွင်ရှောင်း ပိုမိုဖြူလျော်လာလေလေပင်။ မျိုးနွယ် အကြီးအကဲများနှင့် တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်သူတို့ တုန်လှုပ်နေကြသည်။

ယင်းပေးဆပ်မှုက တန်ဖိုးကြီးလွန်းသည်။ အကြောင်းကမူ ဤတိုက်ပွဲပြီးလျှင် တောက်ယွင်ရှောင်း၏ ကျင့်ကြံမှုများ နိမ့်ပါးသွားမည်ဖြစ်ပြီး တစ်နှစ်တာ အားထုတ်မှုများလည်း အချည်းနှီးဖြစ်သွားပေတော့မည်။

လက်ထဲမှ အမဓားက အသံများထွက်လာသည်ကို တောက်ယွင်ရှောင်း ခံစားမိနေသည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များအားလုံးကို အမဓားထဲတွင် တစ်သားတည်း ပေါင်းစည်းခဲ့လေ၏။

" ငါ့ရဲ့ဒီတိုက်ကွက်ကို မင်း ကြိုက်တာပဲဖြစ်ဖြစ် မကြိုက်တာပဲဖြစ်ဖြစ် မဖြစ်မနေခံယူရမယ် " တောက်ယွင်ရှောင်း၏ နဖူးတွင် သွေးကြောများ ထောင်ထနေသည်။ သူ၏ခန္ဓာကိုယ်တွင် သွေးနီအလင်းများ တောက်ပလာ၏။

ဝီ...ဝီ...။

အမဓားက ပြင်းထန်သောအသံများ ဖန်တီးလာသည်။ ဘေးပတ်ဝန်းကျင်မှ ယွမ်ချီများက ပြိုင်ကွင်းပေါ်တွင် စုဝေးလာကြပြီး အနက်ရောင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ အနက်ရောင်ဝဲကတော့သည် သိပ်သည်းသည်အထိ လျင်မြန်စွာလည်နေပြီး ယီယွင်နှင့် တောက်ယွင်ရှောင်းကို လွှမ်းခြုံထားသည်။

" မှော်စာလုံးအကျဥ်းထောင် "

အကြီးအကဲတစ်ဦး မျက်ဝန်းများ တောက်ပသွားကာ..." ယွင်ရှောင်းက မှော်စာလုံးအကျဥ်းထောင် အသုံးပြုနိုင်နေတာကို ငါ ဘာကြောင့်များ မသိခဲ့ရတာလဲ "

မျိုးနွယ်သည် အဖိုဓားနှင့် အမဓားကို လက်ခံရရှိခဲ့စဥ်က သိုင်းကွက်များစွာပါဝင်သည့် ဓားပညာတစ်ရပ် ရရှိခဲ့လေပြီး မှော်စာလုံးအကျဥ်းထောင်က ထိုအထဲမှဖြစ်သည်။

အဖိုနှင့်အမ ဓားများ၏ စွမ်းအင်ကို အသုံးပြုလျှင် ပြိုင်ဘက် ထွက်မပြေးစေရန် အကျဥ်းထောင်ထဲတွင် ပိတ်ထားနိုင်လေ၏။ ပြိုင်ဘက်ဖြစ်သူက ဓားကိုင်သူ၏ တိုက်ကွက်ကို တိုက်ရိုက်ပင် ရိုင်ဆိုင်ရပေလိမ့်မည်။

မှော်စာလုံးအကျဥ်းထောင်ကို အသုံးပြုလျှင် ယီယွင်၏ လှုပ်ရှားမှုများကို ကန့်သတ်ပစ်လိမ့်မည်။ သို့သော် မှော်စာလုံးအကျဥ်းထောင်က စွမ်းအင်များစွာ သုံးရလေပြီး အဆင့်မြင့်တိုက်ကွက်တစ်ခုဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် တောက်ယွင်ရှောင်း၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် ထိုအကွက်ကိုသုံးရန် အလွန်ခက်ခဲလိမ့်မည်ဟု အကြီးအကဲများက ခံစားမိကြသည်။

" လူတစ်ဦးက ကြီးမားတဲ့ဖိအားအောက်မှာ အကန့်အသတ်ကို ကျော်လွန်နိုင်လိမ့်မယ်။ အစောတုန်းက ယီယွင်ဟာ တဒင်္ဂရွေ့လျားမှုကို နားလည်သွားခဲ့ပြီး ဖိအားအောက်မှာပဲ ဥာဏ်အလင်းရသွားခဲ့တယ်။ လက်ရှိ ယွင်ရှောင်းကလည်း တူညီတဲ့ အခြေအနေမျိုးမှာပဲဆိုပေမဲ့ ပေးရတဲ့တန်ကြေးက အများကြီးပိုကြီးတယ် "

ယီယွင်၏ တွန်းအားပေးမှုကြောင့် တောက်ယွင်ရှောင်းက အစွမ်းအထက်ဆုံးစွမ်းအားကို သုံးခဲ့ရသည်။ အဆိုပါ အစွမ်းအထက်ဆုံးစွမ်းအားကို သူ အမဓားအား သွေးများစွာ ယဇ်ပူဇော်ပြီးမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။ ယင်းစွမ်းအားက အပိုင်မဟုတ်ပေ။

သွေးများ ခမ်းခြောက်သွားလျှင် တောက်ယွင်ရှောင်းက သာမန်ဖြစ်သွားမည်ဖြစ်ပြီး ပြင်းထန်သောဒဏ်ရာလည်း ရပေလိမ့်မည်။ သူ ကုသရန်အတွက် အချိန်ကြာမည်ဖြစ်ပြီး သူ၏အကန့်အသတ်အား ချိုးဖျက်ခြင်းကမူ တည်ရှိနေပေတော့မည်။

ယင်းသည် ဖြတ်လမ်းနှင့်လမ်းမှန် သင်ယူခြင်းများအကြားမှ ကွာခြားချက်ဖြစ်သည်။

" မှော်စာလုံးအကျဥ်းထောင်ကို သုံးဖို့အတွက်တောင် ယွင်ရှောင်းအတွက် အတော်ခက်ခဲနေပြီ။ သူက ထပ်ပြီးတိုက်ခိုက်ရင်တော့လား..." တောက်ယွင်ရှောင်း၏ ဖခင်ဖြစ်သူ၏မျက်ဝန်းတွင် စိုးရိမ်မှုများ ပြည့်နေသည်။ တောက်ယွင်ရှောင်းက သူ့ကိုယ်သူအား အဆုံးအစွန်ဆုံး အကန့်အသတ်အထိ တွန်းပို့နေချေသည်။

ဝီ...ဝီ...။

လေပွေ ပိုမိုကြီးမားလာကာ ယီယွင်အား လွှမ်းခြုံထားသည်။ အားကောင်လေက သူ၏အဝတ်များကို စုတ်ဖြဲပစ်လုနီးပါး ရှိနေလေပြီး အချို့အချိန်များတွင် ရုပ်ဝတ္ထုအသွင် တစ္ဆေလက်တစ်ခုက သူ၏ခြေကျင်းဝတ်ကို ဖမ်းဆုပ်နေခဲ့သည်။ ယင်းက မှော်စာလုံးအကျဥ်းထောင်၏ သက်ရောက်မှု ဖြစ်လေ၏။

" ယီယွင် အဖမ်းခံလိုက်ရပြီ "

လူအများ အံ့အားသင့်သွား၏။ ထိုတစ္ဆေလက်သည်း၏ ဖမ်းဆုပ်မှုက တုန်လှုပ်ဖွယ်ရာ ထိုတိုက်ပွဲ၏ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်။နောက်ဆုံးတွင် ဖိနှိမ်ခံထားရသည့် တောက်ယွင်ရှောင်းက အသာစီးရလာချေပြီ။

" ငါ့တိုက်ကွက်ကို ခံယူလိုက်စမ်း ယီယွင် "

တောက်ယွင်ရှောင်း၏ မျက်ဝန်းများ နီရဲနေသည်။ သူ၏ခန္ဓာကိုယ်တွင် ကျန်ရှိနေသည့် စွမ်းအင်များအားလုံးကို အမဓားထဲသို့ ထည့်သွင်းလိုက်လေ၏။

" ဒါက တိုက်ခိုက်ရေးနည်းစနစ်တစ်ခုပဲ " တစ်စုံတစ်ယောက်က အော်လိုက်သည်။ တိုက်ခိုက်ရေးနည်းစနစ်က ကျင့်ကြံမှုနည်းစနစ်နှင့် ကွဲပြားလေသည်။ ကျင့်ကြံမှုနည်းစနစ်သည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးကာ အဆင့်ချိုးဖျက်စေသည်။ သို့သော် တိုက်ခိုက်ရေးနည်းစနစ်ကိုမူ သတ်ဖြတ်ရန်အတွက် အသုံးပြုကြသည်။

သေစေနိုင်သည့်စွမ်းအားအရာတွင် တိုက်ခိုက်ရေးနည်းစနစ်က ထူးခြားလေပြီး ကျင့်ကြံမှုနည်းစနစ်ကပင် မယှဥ်သာပေ။ တိုက်ခိုက်ရေးနည်းစနစ်ကောင်းတစ်ခုတွင် ယွမ်ချီက ကြီးစိုးလေသည်။ တူညီစွာဖြင့် တောက်ယွင်ရှောင်း အသုံးပြုခဲ့သည့် တိုက်ခိုက်ရေးနည်းစနစ်တွင် သတ်ဖြတ်ရေးအတွက် ယွမ်ချီများ ထည့်သွင်းထားလေ၏။

" အမွေလက်နက်တွေနဲ့ သိုင်းပညာရပ်ကို အတူတွေ့ခဲ့ရတာပဲ။ ဒီတိုက်ခိုက်ရေးနည်းစနစ်ကို အမွေခံလက်နက်တွေနဲ့မှပဲ သုံးလို့ရတယ်။ မှော်စာလုံးအကျဥ်းထောင်လည်း အဲ့ဒီအတိုင်းပဲ "

" ယီယွင်ကို ကန့်သတ်ထားဖို့အတွက် မှော်စာလုံးအကျဥ်းထောင် အသုံးပြုခဲ့တယ်။ ပြီးတော့ ယီယွင်ကို တိုက်ခိုက်ဖို့အတွက် အမွေခံလက်နက်တွေရဲ့ သီးသန့်တိုက်ခိုက်ရေးနည်းစနစ်ကို သုံးထားခဲ့တယ် "

တောက်မျိုးနွယ် စစ်သည်များ မျက်ဝန်းများတောက်ပနေသည်။ ယီယွင်သာ ပုံပန်းမကျသော လှုပ်ရှားမှုနည်းစနစ်ကို မသုံးနိုင်တော့လျှင် တောက်ယွင်ရှောင်း အနိုင်ရပေတော့မည်။

ရုတ်ခြည်းမှာပင် တောက်ယွင်ရှောင်း လှုပ်ရှားလိုက်သည်။ အမဓား၏ အလင်းသည် လက်ညှိုးလုံးခန့်တုတ်သော အနီရောင်မျဥ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီး ယီယွင်ဆီသို့ ပြေးဝင်သွားသည်။

" သွေးနီငရဲ "

တောက်ယွင်ရှောင်းက သူ့ကိုယ်သူအား အကန့်အသတ်အကုန်အထိ တွန်းပို့ကာ မှော်စာလုံးအကျဥ်းထောင်နှင့် သွေးနီငရဲ သိုင်းကွက်များ ထုတ်သုံးခဲ့သည်။ ထိုတိုက်ခိုက်ရေးနည်းစနစ်များက အမဓားနှင့် အံဝင်ဂွင်ကျဖြစ်ပြီး အမဓား၏ မကောင်းဆိုးဝါးစွမ်းအင်များကို တိုက်ပွဲထဲတွင် အသုံးပြုထားသည်။

ထိုတိုက်ခိုက်မှုသည် အရိုင်းနယ်မြေထဲရှိ သေမျိုးသွေးနယ်ပယ် စစ်သည်တစ်ဦး ရှိသင့်သည်ထက် ကျော်လွန်နေ၏။ ၎င်းတို့က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကိုသာ လေ့ကျင့်ရလေသောကြောင့် ဤလှပသောတိုက်ကွက်က သူတို့အား လောကသစ်တစ်ခု ပြသသွားခဲ့သည်။

လူအများသည် အဝေးတွင်ရှိနေသော်လည်း မြွေနီ၏ သွေးဆာရက်စက်မှုကို ခံစားမိနေကြသည်။ သူတို့ ကျောချမ်းလာကာ ခြေလက်များ ထုံထိုင်းလာသည်ဟုပင် ခံစားကြရသည်။ ယင်းသည် မြွေနီက သူတို့အား တိုက်ခိုက်လာတော့မည့်အလားပင်။

လူအများက ယီယွင်ကို စူးစိုက်ကြည့်နေသည်။ ယီယွင်ကလည်း နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအား လေ့ကျင့်ထားကြောင်း သူတို့ သိကြသည်။ ထိုကျင့်ကြံမှုနည်းစနစ်သာ ရှိသည့် ထိုကောင်က ဓတစ်လက်ကို လက်ဗလာနှင့် မည်သို့ရင်ဆိုင်ပါမည်နည်း။

သေမင်းနှုတ်ခမ်းဝ နီးနေချိန်တွင် ယီယွင် မျက်လုံးပွင့်လာသည်။ တောက်ယွင်ရှောင်းထံမှ ကြီးမားသော အရှိန်အဝါကို သူ ခံစားမိသည်။ အဆိုပါ သွေးနီရောင်တိုက်ခိုက်မှုကလည်း ပြောင်မြှောက်လှချေ၏။

အမွေခံလက်နက် ကိုင်ထားသည့် တောက်ယွင်ရှောင်းကို လက်ဗလာနှင့် ရင်ဆိုင်နေရသည့် ယီယွင်အဖို့ အရေးမသာဖြစ်နေသည်။ ထိုအခြေအနေမျိုးတွင် လူများစွာ သွေးပျက်သွားနိုင်သည်။

သို့သော် ယီယွင်က ကြောက်လန့်ဟန်မပြပေ။ သူ၏ အသက်ရှုနှုန်းကို အပြင်းအထန်ဆုံးအထိ ဖိသိပ်လိုက်လေ၏။ သူ၏နှလုံးထဲမှ ခရမ်းရောင်သလင်းကျောက် စတင်တုန်ခါလာပြီး ယီယွင်၏ ခန္ဓာကိုယ်ကို သန့်စင်သောစွမ်းအားများ ဖြည့်တင်းပေးလေသည်။

ယီယွင်၏ အရိုးအဆစ်များနှင့် အရွတ်အကြောများ မြည်ဟီးလာ၏။ သူ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနှင့်ပင် လက်သီးချက် ထုတ်ဖော်လိုက်သည်။

ဘုန်း...။

ထိုလက်သီးသည် ပြည်ထောင်ရွေးချယ်ပွဲတွင် လူအများ၏ရှေ့မှောက်၌ သူ ပထမဆုံးအကြိမ် အားအပြည့်ထုတ်သုံးခြင်း ဖြစ်လေသည်။ သူ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ပြီးသည့်နောက်တွင်မူ ထိုလက်သီးချက်က ပိုမိုပြတ်သားလာ၏။

ဝေါင်း...။

ဝေါင်း...။

ယီယွင် ရှေ့သို့တက်သွားရာ သူ၏နောက်တွင် ကျားတစ်ကောင်နှင့် နဂါးတစ်ကောင် ပုံရိပ်များ ထွက်ပေါ်လာ၏။ ယင်းသည် မိုးပြာနဂါးနှင့်ကျားဖြူ မဟုတ်လေဘဲ ခရမ်းရွှေနဂါးနှင့် ကောင်းကင်နတ်ကျား ဖြစ်လေသည်။

" ယွမ်ချီသဏ္ဌာန် "

တောက်မျိုးနွယ် မဟာအကြီးအကဲက တုန့်ပြန်မှုကြီးမားလှသည်။ သူ မက်တက်ထရပ်လိုက်လေပြီး သူ၏လက်အောက်မှ စားပွဲမှာလည်း လက်တစ်ဖက်၏ဖိအားကြောင့် ကျိုးကြေသွားရသည်။

ယွမ်ချီသဏ္ဌာန်သည် ယွမ်ချီကို ပုံရိပ်ထဲတွင် ပေါင်းစပ်ခြင်းဖြစ်ပြီး တိုက်ခိုက်ရာတွင် အသုံးပြုသည်။ ယင်းအရာကို ခရမ်းသွေးနယ်ပယ် အတော်ဆုံး စစ်သည်များကသာ အသုံးပြုနိုင်သည်။

အဘယ်သို့ဖြစ်၍ ယီယွင်တွင် ထိုအရာ ပေါ်လာရလေသနည်း။

ယီယွင်တွင် မာကြောမှုခန္ဓာကိုယ် ရှိနေလေသလော။

တောက်မျိုးနွယ် မဟာအကြီးအကဲ၏ စိတ်ထဲတွင် ထိုအတွေး ဖြစ်ပေါ်နေသော်လည်း ယီယွင်ကမူ တောက်ယွင်ရှောင်းနှင့် ထိပ်တိုက်ဆုံတွေ့မိနေပေပြီ။ ကျားနဂါးပုံရိပ်က ငရဲမြွေနီနှင့် ဆုံတွေ့လေ၏။

ဘုန်း...။

ပြိုင်ကွင်း ပေါက်ကွဲသွားကာ အပိုင်းအစများ နေရာအနှံ့သို့ လွင့်ပျံ့သွားသည်။ ယီယွင်နှင့် တောက်ယွင်ရှောင်းတို့ထံမှ စွမ်းအင်များ ပေါက်ကွဲသွားလေ၏။

ယီယွင်၏အဝတ်များ သွေးများနှင့် နီစွေးနေသည်။ သူ၏ညာလက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ အရိုးထိတိုင်နက်သည့် ဒဏ်ရာကြီးတစ်ခု ရှိနေသည်။

သို့သော် ယီယွင်က မြေပြင်ပေါ်သက်ဆင်းကာ ခြေဆယ်လှမ်းခန့်သာ ဆုတ်ခွာခဲ့ရသည်။ တောက်ယွင်ရှောင်းကမူ ပြိုင်ကွင်းအပြင်သို့ လွင့်စဥ်သွားကာ မြေပြင်ပေါ်သို့ ပြင်းစွာပြုတ်ကျသည်။ သူ၏မျက်နှာ ဖြူလျော်နေကာ နှုတ်ခမ်းများ တုန်ယင်နေပြီး နှာခေါင်းမှ သွေးများစီးကျနေသည်။

All Chapters