အငြင်းပွားခြင်း
Vol. 020 Ch. 1991
တုန်းဟွာကောင်းကင်သည် တုန်းဟွာနယ်မြေ၏ အဓိကကုန်းမြေ ဖြစ်သည်။ ၎င်းသည် တုန်းဟွာနယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ လူတွေက ထိုနေရာအား တုန်းဟွာနယ်မြေဟု မရည်ညွန်းကြဘဲ 'တုန်းဟွာကောင်းကင်' ဟု ခေါ်ကြပေသည်။
တုန်းဟွာနယ်မြေသခင် အိမ်တော်သည် တုန်းဟွာကောင်းကင်တွင် တည်ရှိပေသည်။ အဓိကကုန်းမြေတစ်ခုအနေနှင့် တုန်းဟွာကောင်းကင်မှ တန်ခိုးရှင်များ၏ ပျမ်းမျှစွမ်းရည်သည် နယ်မြေတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်ပေသည်။ သူတို့၌ မရေတွက်နိုင်သော တန်ခိုးရှင်များ ဖြစ်ပေသည်။
လိပ်နတ်ဘုရားကျွန်းစုပေါ်မှ အခြေအနေကြောင့် တုန်းဟွာနယ်မြေတွင် မုန်တိုင်းထန်စေသည်။ ထို့ကြောင့် တုန်းဟွာကောင်းကင်၏ တန်ခိုးရှင်များသည်လည်း တူညီစွာပင် ဤနေရာသို့ ဆွဲဆောင်ခံရပေသည်။
ရီဖူရှင်းသည် တစ်ဖက်လူက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို မြင်ဖူးခဲ့သည်ဟု ပြောသောအခါ သူက တစ်ချက် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းက မအံ့သြခဲ့ပေ။ သူသည် မင်းသမီးဒွန်ဟောင်ကို သုံးကြိမ် မြင်ဖူးခဲ့ပြီး အင်ပါယာရီချင်နှင့်လည်း ကြုံဆုံခဲ့ဖူးသည်။ တူညီသည့်အဖြစ်မျိုး ကြုံဖူးသည်ဟု လူမည်မျှများများက ပြောဆိုနိုင်ပါမည်နည်း။
လူငယ်၏ စကားများက လူအချို့ကို ခြောက်လှန့်နိုင်သော်လည်း ရီဖူရှင်းက တုံ့ဆိုင်းသွားခြင်းမရှိပေ။ သူက အကြည့်များကို ချောက်ကမ်းပါးသို့ ရွှေ့လိုက်ပြီး ငြိမ်းချမ်းစွာ ဆက်လက်ကျင့်ကြံနေသည်။
အမျိုးမျိုးသော တန်ခိုးရှင်များက အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ကိုယ်ပိုင်ကျင့်ကြံမှုကို စတင်လိုက်ကြသည်။ ယခု တန်ခိုးရှင်များသည် နတ်သမုဒ္ဒရာကုန်းမြေတွင် စုဝေးနေကြသည်။ အမှန်တွင် ဤသည်မှာ သူနှင့် မသက်ဆိုင်ကြပေ။ သူတို့သည် ဤနေရာသို့ ပွဲကြည့်ပရိတ်သတ်များအဖြစ်သာ ရောက်နေကြခြင်း ဖြစ်သည်။
ရီဖူရှင်းက တိတ်ဆိတ်စွာနှင့် ချောက်ကမ်းပါးထက်မှ လမ်းစဥ်ကို နားလည်သဘောပေါက်အောင် လေ့လာနေသည်။ အချိန်တချို့ကြာပြီးနောက် သူက မျက်လုံးများကိုပင် မှိတ်လိုက်သည်။ သူ၏ သက်စောင့်ဟော်နန်းအတွင်း တင်ပျဥ်ခွေထိုင်နေသော ပုံရိပ်ယောင်တစ်ခု ရှိနေခဲ့သည်။ ခရမ်းရောင်အလင်းများက ကောင်းကင်တွင် မျောလွင့်နေပြီး ကြောက်မက်ဖွယ် မိုးကြိုးများ ဖြစ်လာသည်။ သူသည် အတွင်းစိတ်နန်းတော်အတွင်း တစ်ယောက်တည်း ထိုင်နေခဲ့ပြီး မရေတွက်နိုင်သော ပုံရိပ်ယောင်များ၏ ဝန်းရံထားခြင်းကို ခံနေရဟန်တူသည်။ ပုံရိပ်တစ်ခုချင်းစီတွင် မတူညီသော ဟန်ပန်သဏ္ဌာန်များ ရှိလေသည်။ သူတို့က စစ်ပုဆိန်ကို ခုတ်လွှဲကာ လေဟာနယ်ကို ကမ္ဘာပျက်ကပ်သဖွယ် ဖြစ်ပေါ်လာစေသည်။ စစ်ပုဆိန်၏ စွမ်းအားတစ်ခုချင်းစီက နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်သွားသည်ဟု ထင်မှတ်ရသည်။ သူသည် အတိတ်သို့ ခရီးသွားကာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ ပုဆိန်နည်းစနစ်အား လေ့ကျင့်နေသည်ကို ကိုယ်တိုင် မြင်တွေ့နေရပေသည်။
ထိုမြင်ကွင်းအားလုံးက ဤလေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။
ပုဆိန် လွှဲချက်တစ်ခုချင်းစီတွင် ထူးခြားပြောင်မြောက်လှသော စွမ်းအားများ ပါဝင်နေပြီး အလွန် သဘာဝကျလှပေသည်။ ၎င်းတို့သည် မဟာလမ်းစဥ်နှင့် တသားတည်းဖြစ်လာသော်လည်း ရီဖူရှင်းသည် သူမည်မျှ ကြိုးစားပါစေ အပြည့်အဝနားလည် သဘောပေါက်နိုင်ခြင်း မရှိခဲ့ပေ။
"ဦးလေးပေ့ကုံး၊ ရှောင်ရွှမ်း ခင်ဗျားတို့နှစ်ယောက် ဒီဟာကို အာရုံခံကြည့်သင့်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် သူပြောသည်အား ကြားသောအခါ အလေးအနက်နှင့် လျင်မြန်စွာ ထိုင်ချလိုက်ကြသည်။ သူတို့သည် ရီဖူရှင်း၏ နားလည်သဘောပေါက်မှုက မည်မျှအစွမ်းထက်သည်ကို သိရှိထားကြပေသည်။ ယခင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် သူတို့အား ကူညီကာ စွမ်းအားများကို နားလည်သဘောပေါက်စေခဲ့သည်။
သူတို့သည်လည်း မိုးကြိုးလမ်းစဥ်စွမ်းအားကို ကျင့်ကြံကြပေသည်။ ရီဖူရှင်းကညသူတို့အတွက် အကျိုးရှိစေရန် ကူညီပေးနိုင်ပေလိမ့်မည်။
ရီဖူရှင်း၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခု ထိုးထွက်လာကာ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်းတို့၏ စိတ်ထဲသို့ ပုံရိပ်များဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကို သူနှင့်အတူ နားလည်သဘောပေါက်စေရန် ခွင့်ပြုလိုက်သည်။
သူတို့နှစ်ယောက်က မျက်စိမှိတ်ကာ ရီဖူရှင်း ပို့လွှတ်လိုက်သည့် ပုံရိပ်များကို လက်ခံလိုက်၏။ မျှော်လင့်ထားသလိုပင် သူ၏ နားလည်သဘောပေါက်မှုက သူတို့ထက် ပိုမို၍ နက်ရှိုင်းလှသည်။ ၎င်းက နေ့အချိန်ကဲ့သို့ ရှင်းလင်းနေ၏။ သူတို့သည် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ကျင့်ကြံနေခဲ့သော နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားလေသည်။
အချိန်တချို့ကြာပြီးနောက် ရီဖူရှင်းက ကျင့်ကြံနေသည်အား ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက်က ကိုယ်တိုင် နားလည်သဘောပေါက်ရန် ဆက်လက်ကျင့်ကြံနေကြသည်။
ရီဖူရှင်းက ချောက်ကမ်းပါးတဝိုက်ရှိ ပန်းချီများကို လှမ်းကြည့်လိုက်သည်။ သူက အမှတ်အသားများကို ကြည့်နေခဲ့ခြင်း ဖြစ်၏။ ပုဆိန်ခုတ်ရာများက ချောက်ကမ်းပါးနှင့် တသားတည်းဖြစ်နေသလို ထင်မှတ်ရကာ အရိုးရှင်းဆုံး ပုဆိန်ခုတ်ချက်များဖြင့် ထွင်းထုထားခြင်း ဖြစ်ပေသည်။ ထိုအမှတ်အသားအချို့တွင် မည်သည့်စွမ်းအားမှ ပါဝင်မနေဘဲ အမှတ်အသားချည်းသက်သက်သာ ချန်ရစ်ထားခြင်း ဖြစ်သည်။ အမှတ်အသားအများစုတွင်တော့ မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေပေသည်။ အရာအားလုံးက တသမတ်တည်းရှိမနေဟု ထင်မှတ်ရပေသည်။ ရီဖူရှင်းသည် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ထွင်းထုထားခဲ့သော ထိုအမှတ်အသားများမှ စစ်မှန်သော အဓိပ္ပါယ်ကို ရှာမတွေ့ ဖြစ်နေသည်။
ထိုစဥ် တုန်းဟွာကောင်းကင်မှ ရန်ဟောင်က ပြောလိုက်သည်။ "မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့ရဲ့ ဆယ်စုနှစ်စာ နားလည်သဘောပေါက်မှုတွေကို အသုံးပြုပြီး ဒီချောက်ကမ်းပါးထက်မှာ ပုဆိန်နည်းစနစ်ကို ရေးထွင်းခဲ့တယ်။ မျှော်လင့်ထားသလိုပဲ ပုဆိန်နည်းစနစ်က အရမ်းထူးခြားတယ်။ ပုဆိန်ခုတ်ချက်တစ်ခုချင်းစီမှာ ကိုယ်ပိုင်တိုက်ခိုက်မှုပုံစံတွေ ရှိတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ပေါင်းစည်းလိုက်ရင် ပြည့်စုံတဲ့ ပုဆိန်နည်းစနစ်တစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဒီနည်းစနစ်တစ်ခုလုံးကို နားလည်သဘောပေါက်ချင်ရင်တော့ လွယ်ကူမှာ မဟုတ်ဘူး။"
သူ့ဘေးမှ အမျိုးသမီးက ရှေ့သို့ ကြည့်နေခဲ့သည်။ သို့သော်လည်း သူမက မည်သည့်အရာကိုမှ မပြောခဲ့ပေ။ သူမ ချောက်ကမ်းပါးမှ ခံစားရသည့်အရာက တစ်ဖက်လူပြောသည်နှင့် အတော်လေး တူညီမနေချေ။
ထိုအချိန်၌ ပေ့ကုံးရွှမ်းသည် မျက်လုံးများကို ဖွင့်ကာ ချောက်ကမ်းပါးကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လှပသော မျက်လုံးများနှင့် ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ "ရှင် ဒါကို နားလည်သဘောပေါက်လား။"
"ပုဆိန်နည်းစနစ်တစ်ခုချင်းစီမှာ ကိုယ်ပိုင်တိုက်ခိုက်မှုတွေ ပါဝင်နေတယ်။ အချိန်သာ လုံလောက်ရင် အဲဒါအားလုံးကို နားလည်နိုင်ပေမယ့် အခုတော့ အကုန်လုံး နားမလည်သေးဘူး။" ရီဖူရှင်းက ခေါင်းကို ယမ်း၍ ပြောလိုက်သည်။ သူသည် မည်သည်ကခေါင်း မည်သည်ကအမြီးမှန်း မသိလေရာ ၎င်းတို့အား မည်သို့ ပြည့်စုံစွာ ပေါင်းစပ်ရမည်ကို မသိရှိပေ။
"အင်း" ပေ့ကုံးရွှမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အစကတည်းက သူတို့မှာ အဆက်အစပ်ရှိမနေတာများလား။ ပုဆိန်နည်းစနစ်တစ်ခုချင်းစီက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ဘာအတွေးမှမရှိဘဲ ရိုးရိုးရှင်းရှင်း ခုတ်လွှဲထွင်းထုထားတာလည်း ဖြစ်နိုင်တာပဲလေ။ ကြည့်ရတာ ပုဆိန်နည်းစနစ်က ပြီးပြည့်စုံတဲ့ နည်းစနစ်တစ်ခု မဟုတ်လောက်ဘူး။"
ရီဖူရှင်းက ပေ့ကုံးရွှမ်း ပြောသည်ကို ကြားသည့်အခါ ထူးဆန်းသော အလင်းတစ်ချက်က သူ၏ မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ ၎င်းတို့ကို ပြီးပြည့်စုံသော နည်းစနစ်တစ်ခုအဖြစ် ပြုလုပ်ရန် မကြိုးစားလျှင် ဖွင့်ဆိုရှင်းပြ၍ ရနိုင်ပြီ ဖြစ်သည်။ သို့သော် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်သည် ဤနေရာ၌ မည်သည့် အတွေးမှမရှိဘဲ ရိုးရှင်းစွာ ထွင်းထုခဲ့သည်လား။
"သူတို့က တစ်ခုနဲ့တစ်ခု အမှီအခိုကင်းကင်း ရှိနေကြပုံရတယ်။ ဒါပေမယ့် ဒီလိုသာဆိုရင် အစောကြီးကတည်းက သဘောပေါက်နားလည်တဲ့ တစ်စုံတစ်ယောက် ရှိသင့်တယ်။ ဒီချောက်ကမ်းပါးရဲ့ လျို့ဝှက်ချက်ကို ဖြေရှင်းနိုင်တဲ့သူ ဘာလို့ တစ်ယောက်မှ မရှိရတာလဲ။" ရီဖူရှင်းက မေးလိုက်သည်။ "ချောက်ကမ်းပါးနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေက အမှားတွေဆိုရင် ဒီနေရာမှာ ဘာလျှို့ဝှက်ချက်မှ ရှိမနေဘူး။ ဒီနေရာက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ရဲ့ လေ့ကျင့်ရာနေရာတစ်ခုသက်သက်ပဲ ဖြစ်လိမ့်မယ်။"
ပေ့ကုံးရွှမ်းသည်လည်း နားမလည်နိုင်ပေ။ သူမက ရေရွတ်လိုက်၏။ "ဒါပေမယ့် ကျွန်မက ဒီပုဆိန်နည်းစနစ်တွေ တစ်ခုချင်းစီက အဆက်အစပ်မရှိဘူးလို့ ခံစားနေရတုန်းပဲ။ ကျွန်မရဲ့ ကျင့်ကြံဆင့် သိပ်နိမ့်နေလို့များလား။"
"မင်းပြောတာ အမှန်ဖြစ်နိုင်ပါတယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ပေ့ကုံးရွှမ်းက တည့်တိုးသမားဖြစ်သည်။ ထိုသို့သော လူမျိုးသည် အခြေအနေကို အလွန် နက်နဲစွာ မရှုမြင်သည့်အတွက် အခြားသူများ၏ လွှမ်းမိုးမှုကို မခံရနိုင်ပေ။ သူမက ထိုနည်းလမ်းအတိုင်း မြင်သည်ဆိုလျှင် ထိုသည်က သူမ၏ ယုံကြည်ရာ ဖြစ်သည်။
သူမ၏ ကျင့်ကြံဆင့်က အလွန်နိမ့်သည့်အတွက်ကြောင့် နားလည်သဘောပေါက်နိုင်စွမ်းမရှိဘဲ မှားကောင်းမှားသွားမျိုးလည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင်ပင် ထိုသည်က သူမ၏ ကျင့်ကြံရေးလမ်းကြောင်းပင် ဖြစ်လေသည်။
"မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ချောက်ကမ်းပါးမှာ ရတနာထားခဲ့တယ်ဆိုတဲ့ ကောလာဟလက ဘယ်လောက်ထိ မှန်နိုင်လဲ။" ရီဖူရှင်းက သူ့နောက်မှာ ရှိနေသော လင်းယွမ်ကို မေးလိုက်သည်။
လင်းယွမ်သည် နတ်သမုဒ္ဒရာကုန်းမြေမှ တန်ခိုးရှင်တစ်ဦး ဖြစ်သည့်အတွက် သူက ထိုအရာများနှင့် ပိုရင်းနှီးသင့်ပေသည်။
"နတ်သမုဒ္ဒရာမှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကောလာဟလ အများကြီး ရှိတယ်။ အချိန်တွေ ကုန်လွန်ပြီးသွားတဲ့အခါ လူအများစုက အဲဒါတွေကို အမှန်ဆိုပြီး ယုံကြည်ဖို့ ဆန္ဒရှိလာတော့တာပဲ။" လင်းယွမ်က အပြုံးနှင့် ပြောလိုက်သည်။ "ဒါပေမယ့် အဲဒါက အမှန် ဟုတ်မဟုတ် သိပ်မသေချာဘူး။ ဒီစီနီယာရန်ဟောင်အစ်မပြောတာ အမှန်ပဲ ထင်ပါတယ်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က နှစ်ပေါင်းသုံးဆယ်လောက် လမ်းစဥ်ကို သဘောပေါက်အောင် ဒီနေရာမှာ ကျင့်ကြံရင်း ဒီရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ ခုတ်လွှဲထွင်းထုခဲ့တာလည်း ဖြစ်နိုင်တယ်။ အဲဒါက ပြောဖို့ခက်တယ်။"
"သူမ မှားတယ်။" အသံတစ်ခုက ပြောလိုက်သည်။ လင်းယွမ်က ထိုနေရာသို့ ကြည့်လိုက်၏။ စကားပြောလိုက်သည့်သူမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်နှင့် တွေ့ဖူးသည်ဟု ဆိုခဲ့သူ ဖြစ်သည်။ သူက ချောက်ကမ်းပါးရှေ့တွင် ရပ်နေကာ ရီဖူရှင်းတို့ အဖွဲ့ကို ကျောပေးထားလျက်နှင့် ပြောလိုက်သည်။ "မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ဒီနေရာမှာ ပုဆိန်နည်းစနစ် ပန်းချီတွေကို ချန်ထားခဲ့တာ။ အဲဒါက ပြည့်စုံနဲ့ နည်းစနစ်တစ်ခုပဲ။ ဒါပေမယ့် နားလည်ဖို့ခက်တယ်။ မင်းက အဲဒါကို နားမလည်နိုင်ခဲ့ရင် လွယ်လွယ်ကူကူ ကောက်ချက်မချသင့်ဘူး။ ကျုပ် သိသလောက်ဆိုရင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ဒီနေရာမှာ ရတနာချန်ထားခဲ့တာ အမှန်ပဲ။"
လူအုပ်ကြီးက သူပြောသည်ကို ကြားသောအခါ သူ၏ အမြင်ကို အသိအမှတ်ပြုကြပေသည်။ ထိုသူက ထူးခြားသာလွန်သော အရှိန်အဝါနှင့် အလွန်အစွမ်းထက်သော ကျင့်ကြံခြင်း ရှိသည်။ သူက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်နှင့် တွေ့ဖူးသူလည်း ဖြစ်နေသည်။ သူပြောသည်က အမှန်ဖြစ်နိုင်၏။
"စီနီယာ ခင်ဗျား ပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ အဲဒီလိုလည်း ဖြစ်နိုင်တာပဲ။" လင်းယွမ်က ပြန်ဖြေလိုက်သည်။ သူ၏ ကျင့်ကြံဆင့်နှင့်သူက တစ်ဖက်လူအား စိတ်အနှောက်အယှက်ပေး၍ မဖြစ်နိုင်ပေ။ သူက ထိုသို့လုပ်ရန် အရည်အချင်း မပြည့်မီချေ။
"ဖြစ်နိုင်တာမဟုတ်ဘူး။ ဟုတ်ကိုဟုတ်တာ။" လူငယ်က ဆက်ပြောလိုက်သည်။ အစောပိုင်းက သူသည် သူ့ဘေးမှ အမျိုးသမီးအား ပုဆိန်နည်းစနစ်က ပြီးပြည့်စုံသော နည်းစနစ်တစ်ခုဟု ပြောခဲ့သည်။ သို့သော်လည်း ပေ့ကုံးရွှမ်းနှင့် အခြားသူများက ၎င်းအား မဟုတ်ဟု ဆိုနေကြပေသည်။
"ရှင်က အဲဒါကို နားလည်နိုင်လို့လား။" ပေ့ကုံးရွှမ်းက တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။
"ကောင်းကင်အရှင်ရဲ့ သင်ကြားမှုကို ဘယ်လိုလုပ် အလွယ်တကူ နားလည်နိုင်မှာလဲ။" ထိုသူက ပြန်ဖြေလိုက်သည်။
"ရှင်လည်း နားမလည်နိုင်မှတော့ ဘာလို့ ကျွန်မ မှားတယ်ဆိုတာ ဒီလောက် သေချာနေရတာလဲ။" ပေ့ကုံးရွှမ်း၏ အသံက အလွန် တည်ငြိမ်နေသည်။ သူမသည် သူနှင့် ရည်ရွယ်ချက်ရှိရှိ ငြင်းခုန်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ တစ်ဖက်လူက ၎င်းအား နားမလည်သေးဟု ဆိုလေရာ သူမ ခန့်မှန်းချက် မှန်ကန်နေသည်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် တစ်ဖက်လူက ထိုသို့ ကောက်ချက်ချလာသည်ကို တွေ့ရသောအခါ ထူးဆန်းသည်ဟု ခံစားမိပေသည်။
တစ်ဖက်လူက ကျိုးကြောင်းသင့်စွာ ရှင်းပြလျှင်ပင် သူမက နှိမ့်ချစွာ လက်ခံလိုက်ဦးမည် ဖြစ်သည်။
ထိုသူက ပထမဆုံးအကြိမ်အဖြစ် သူ့ခေါင်းကို သူတို့ဘက်သို့ လှည့်လာခဲ့သည်။ သူက ပေ့ကုံးရွှမ်းကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ "မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်မှာ ရတနာတစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူ အဆင့်တက်ပြီးသွားတဲ့အခါမှာတော့ နောက်တစ်ကြိမ် ထပ်ပြီး အသုံးမပြုတော့ဘူး။ ကောင်းကင်အရှင် ကျုပ်တို့အိမ်တော်ကို လာလည်တုန်းက ကျုပ်တို့ကလန်ရဲ့ စီနီယာတစ်ယောက်က အဲဒီအကြောင်း မေးခဲ့ဖူးတယ်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ လမ်းစဥ်မှာ ဉာဏ်အလင်းရပြီးတော့ အဲဒါကို ထပ် အသုံးမလိုတော့ဘူးတဲ့။ အဲ့လိုဆိုရင် အဲဒီရတနာက အခု ဘယ်မှာလဲ။"
ပေ့ကုံးရွှမ်းက ခေါင်းညိတ်လိုက်သည်။ ထိုစကားများအရ ဤနေရာ၌ ရတနာတစ်ခု မြှုပ်နှံထားသည်မှာ ဖြစ်နိုင်ချေရှိပေသည်။
"ဘယ်သူကမှ ချောက်ကမ်းပါးကို မဖျက်ဆီးနိုင်ဘူးဆိုကတည်းက အဲဒါကို ဘယ်သူမှ မဖျက်ဆီးနိုင်လို့ပဲ။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ဒီပန်းချီတွေကို ရိုးရိုးရှင်းရှင်း ထွင်းထုထားခဲ့တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။" တစ်ဖက်လူက ကျိုးကြောင်းဆီလျော်စေရန် ဆက်ပြောလိုက်သည်။
ပေ့ကုံးရွှမ်းက ခေါင်းညိတ်လိုက်သည်။ "ရှင်ပြောတာ ကျိုးကြောင်းမသင့်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရာအားလုံးကို ရှင်းပြနိုင်တာတော့ မဟုတ်ဘူး။"
တစ်ဖက်လူက ကြက်သေသေသွားခဲ့သည်။ သူက ပေ့ကုံးရွှမ်းကို ထူးဆန်းသော အကြည့်တစ်ချက်ပေးလိုက်သည်။ သူသည် ပေ့ကုံးရွှမ်းက သူ့ကို တမင်သက်သက် ငြင်းခုန်နေသည်ဟု ထင်နေသည်။
"မင်းရဲ့ ကျင့်ကြံဆင့်နဲ့ လမ်းစဥ်အကြောင်းဆွေးနွေးဖို့ အရည်အချင်းမမီဘူး။ ကျုပ်က မင်းကို မှားနေတယ်ပြောရင် မင်းမှားနေတာပဲ။" သူက သာမန်အတိုင်း ပြောလိုက်သော်လည်း အသံက အေးစက်လာသည်။ သူက ရီဖူရှင်းတို့ အဖွဲ့ကို ကြည့်လိုက်သည်။ ထိုလူများက ထိပ်တန်းအင်အားစုတစ်ခုမှ လာခြင်း ဖြစ်နိုင်သည်။ သို့သော် သူက သိပ်အရေးမထားပေ။
တုန်းဟွာနယ်မြေတွင် သူ မဆန့်ကျင်ရဲသော အင်အားစုမှာ အနည်းငယ်သာ ရှိသည်။
ပေ့ကုံးရွှမ်းက မှင်တက်သွားသည်။ သူမက စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး သူ့နှင့် ဆက်လက်မငြင်းဆန်တော့ပေ။ သူမသည် တစ်ဖက်လူ၏ သဘောထားကို နားလည်သွားပုံရသည်။ သူမက ပြဿနာကို အကျယ်အကျယ် မဖြစ်ချင်တော့ပေ။
ပေ့ကုံးအော့သည် တစ်ဖက်လူကို ပြင်းထန်သော အကြည့်တစ်ချက်ပေးလိုက်၏။ သို့သော် သူက မည်သည့် ရုတ်ရုတ်သဲသဲမှ မဖြစ်စေခဲ့ပေ။ သူက ဤနေရာသို့ ရီဖူရှင်းနောက်မှ လိုက်လာသည်ဖြစ်ရာ ရီဖူရှင်းအတွက် ပြဿနာဖြစ်စေလိမ့်မည် မဟုတ်ချေ။
"စီနီယာတို့၊ လမ်းစဥ်တွေက နားလည်သဘောပေါက်ဖို့ ခက်မှတော့ မတူညီတဲ့ အတွေးတွေလည်း ရှိကြမှာပဲလေ။ ဘာလို့ အဲဒါနဲ့ ပတ်သတ်ပြီး ငြင်းခုန်နေကြမှာလဲ။" လင်းယွမ်သည် ထိုလေထုက ကိုးယို့ကားယား ဖြစ်လာသည်ကို မြင်သောအခါ ပြောလိုက်ပေသည်။
ထိုသူက သူ့အား တစ်ချက်ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့် သူက လင်းယွမ်၏ မျက်လုံးများကို စွမ်းအားနှင့် ထိုးဖောက်လိုက်ကာ လင်းယွမ်သည် သူ့ပေါ် ကျရောက်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်ရပေသည်။
***