သုံးလအတွင်း ဝူနိုင်ငံတော်ကို စစ်ချီမည်
Vol. 53 Ch. 786
ကျူးကဲ့ကျုံကောင်း၏ စကားများကို ကြားပြီးနောက် လုချန်း ခဏခန့် အတွေးထဲနစ်မြောနေသည်။
ချွမ်နိုင်ငံတော်၏ ကူးစက်ရောဂါသည် ပို၍ ဆိုးဝါးလာသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့ ချွမ်နိုင်ငံတော်သို့ စေလွှတ်ခဲ့သည့် အထူးကိုယ်ရံတော်အများအပြားပင် သေဆုံးသွားခဲ့ရသည်။ အခုထိ သူတို့ ထိုနေရာမှ အခြေအနေမှန်ကို မသိရသေးပေ။
ထို့ကြောင့် ယခုလို အချိန်တွင် ချွမ်နိုင်ငံတော်ကို အလျင်စလိုတိုက်ခိုက်ခြင်းက ဉာဏ်နည်းရာ ရောက်သည်။ ကူးစက်ရောဂါသာ ရှနိုင်ငံတော်သို့ ပြန့်ပွားလာပါက ပြဿနာများ မည်မျှအထိ ဖြစ်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။
ယခုမူ ပစ်မှတ်တစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ ဝူနိုင်ငံတော်ပင် ဖြစ်သည်။
ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းက ဆက်ပြောသည်။
“ဝူနိုင်ငံတော်က စစ်အင်အားကို အလေးထားတယ်။ နိုင်ငံတော်ကြီးတွေထဲမှာ သူ့ရဲ့ စစ်အင်အားက အကောင်းဆုံးပဲ။ ဝူနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ဖို့က အတော်လေး ခက်ခဲပုံ ရပေမဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ဝူနိုင်ငံတော်ကို အရင်တိုက်ခိုက်မယ်ဆိုရင် တခြားနိုင်ငံတွေကိုပါ ခြိမ်းခြောက်ရာရောက်မယ်။”
“ဝူနိုင်ငံတော် ကျသွားတာနဲ့ အခြားနိုင်ငံတွေ တိုက်ခိုက်လိုစိတ် ရှိတော့မှာ မဟုတ်ဘူး။”
လုချန်း စဉ်းစားလိုက်သည်။ အကျိုးအကြောင်း ဆီလျော်လှသည်။ အင်အားအကြီးဆုံးဖြစ်သည့် ဝူနိုင်ငံတော်ပင် ဖျက်ဆီးခံရလျှင် ကျူးနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော်တို့သည် သူတို့၏ အင်အားကို ချိန်ဆလိမ့်မည်မှာ သေချာသည်။
လုချန်းက
“ဒါဆိုရင် ပညာရှိကြီး အကြံပေးတဲ့အတိုင်းပဲ လုပ်မယ်။ ဝူနိုင်ငံတော်ကို အရင်သိမ်းပြီးမှ ကျူးနိုင်ငံတော်ကို သိမ်းမယ်။”
“ချွမ်နိုင်ငံတော်ရဲ့ ကူးစက်ရောဂါ အခြေအနေ ရှင်းရှင်းလင်းလင်းသိရပြီးနောက်မှ တောင်ဘက်ကို စစ်ချီမယ်။”
ထိုအချိန်တွင် အစေခံတစ်ဦး၏ အသံက အပြင်မှ ထွက်လာသည်။
“မင်းကြီး။ တပ်မှူးလျှံ ဝင်ခွင့်တောင်းနေပါတယ်”
တစ်စုံတစ်ယောက်က လုချန်းနှင့် တွေ့ဆုံလိုကြောင်း ကြားရသဖြင့် ကျူးကဲ့ကျုံကောင်း ထရပ်လိုက်သည်။
“မင်းကြီးမှာ တခြားကိစ္စ မရှိဘူးဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါ။”
လုချန်း
“မလိုပါဘူး ပညာရှိကြီး။ အတူတူ နားထောင်ကြတာပေါ့။”
လုချန်း၏စကားကို ကြားပြီးနောက် ကျူးကဲ့ကျုံကောင်းသည် ပြန်ထိုင်လိုက်သည်။
“ဟုတ်ကဲ့ မင်းကြီး”
မကြာမီ လျှံဇွန်း နန်းတွင်းစာကြည့်ခန်းထဲသို့ ဝင်လာသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး အသက်ရာကျော် ရှည်ပါစေ”
လုချန်းက တိုက်ရိုက်မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
လျှံဇွန်းက စာတစ်စောင်ကို ထုတ်ယူပြီး လုချန်းကို ပေးသည်။
“မင်းကြီး။ ဖုန်းယင်ကျွန်းကို စေလွှတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့လူတွေ ပြန်ရောက်လာပါပြီ။ ဒါက သူတို့ ဖုန်းယင်ကျွန်းအကြောင်း ရေးထားတဲ့ ထောက်လှမ်းရေး အစီရင်ခံစာပါ။”
ထိုအခါ လုချန်းက လျှံဇွန်း၏ လက်ထဲမှ စာကို ချက်ချင်းယူလိုက်သည်။ ထို့နောက် စာအိတ်ကို ဖွင့်ပြီး သေသေချာချာ ဖတ်လိုက်သည်။
စာထဲမှ အကြောင်းအရာများကို ဖတ်ရှုရင်း လုချန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
မင်းသား လုရှူယွမ် ပြုလုပ်ခဲ့သည့် တိမ်ဖောက်မြှားနှင့် တိမ်ဖောက်လေးအတွက် ပစ္စည်းများသည် ဖုန်းယင်ကျွန်းမှ ရလာခြင်းဖြစ်သည်။ လူသတ်လှံကိုလည်း ဖုန်းယင်ကျွန်းမှ ရရှိသည်။ ဖုန်းယင်ကျွန်းတွင် အဆင့်မြင့်ကမ္ဘာမှ ကျဆင်းလာသော ယာဉ်တစ်စင်း ရှိနိုင်သည်ဟု လုချန်း အမြဲ သံသယဝင်နေခဲ့သည်။ ထို့ကြောင့် ရှနိုင်ငံတော်ကို ပေါင်းစည်းပြီးနောက် ပထမဆုံးအလုပ်အနေဖြင့် အထူးကိုယ်ရံတော်များကို ဖုန်းယင်ကျွန်းသို့ စေလွှတ်၍ စုံစမ်းစေခဲ့သည်။
အထူးကိုယ်ရံတော်တို့၏ ရှည်ကြာသော စုံစမ်းမှုများအပြီးတွင် နောက်ဆုံးတော့ ပြည့်စုံသော သတင်းအချက်အလက်များ ရရှိခဲ့သည်။ လုချန်းလည်း အထူးကိုယ်ရံတော်တို့ ရေးသားထားသည့် ထောက်လှမ်းရေး အစီရင်ခံစာကို စိတ်ဝင်တစား ဆက်ဖတ်လိုက်သည်။
သူ့ စိတ်ထဲမှ တွေးလိုက်သည်။ သူသံသယဝင်ခဲ့သလိုပင် ဖုန်းယင်ကျွန်းတွင် အမှန်တကယ်ပင် အဆင့်မြင့် ကမ္ဘာမှ ကျဆင်းလာခဲ့သည့် အာကာသယာဉ်တစ်စင်း ရှိနေနိုင်သည်။
သို့သော် ထိုယာဉ်သည် အလွန်ကြီးမားပြီး ၎င်းကို တည်ဆောက်ရန် အသုံးပြုထားသည့် ပစ္စည်းများက အလွန်ခိုင်ခံ့သည်။ ထိုယာဉ်ကို ရန်ခရိုင်သို့ သယ်ယူရန် နည်းလမ်းမရှိပေ။
ထိုယာဉ်က ဘယ်လိုပုံပန်းသဏ္ဌာန် ရှိသည်ကို သူ မြင်လိုပါက ဖုန်းယင်ကျွန်းသို့ ကိုယ်တိုင် သွားရောက်လည်ပတ်ရမည်။
ထိုယာဉ်၏ လုပ်ဆောင်ချက်များ၊ အလုပ်လုပ်သေးခြင်းရှိမရှိနှင့် အသုံးပြုနိုင်သေးခြင်းရှိမရှိကိုလည်း သူ သိချင်သည်။
ထိုအချိန်တွင် အစီရင်ခံစာထဲမှ အကြောင်းအရာအချို့ကို လုချန်း ရုတ်တရက် သတိထားမိလိုက်သည်။ ယာဉ်တွင် ဖန်ပြတင်းပေါက်များစွာ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုဖန်ပြတင်းပေါက်များမှတစ်ဆင့် အတွင်းမှ အပြင်ကို မြင်နိုင်သည်။
ယာဉ်ထဲတွင် အခန်းများရှိသည်။ ထိုအခန်းများသည် အလွန် သန့်ရှင်းသည်။ ပုံမှန် နေထိုင်နေသည့်သူများ ရှိနေသကဲ့သို့ဖြစ်သည်။
လုချန်း၏ ရင်ခုန်သံ တစ်ချက်မြန်သွားသည်။ ဖုန်းယင်ကျွန်းရှိ ထိုယာဉ်ထဲတွင် လူတွေ နေထိုင်နေသေးသလား။
လူရှိနေနေပါက ထိုယဉ်တွင် အလွန်ကြောက်စရာကောင်းသည့် လက်နက်များ တပ်ဆင်ထားနိုင်ဖွယ် ရှိသည်။ တစ်ချက်တည်း ပစ်လိုက်ရုံနှင့် ရှနိုင်ငံတော်တစ်ခုလုံးကို ပျက်ဆီးသွားနိုင်စရာရှိသည်။
လုချန်းက လျှံဇွန်းကို ချက်ချင်းညွှန်ကြားလိုက်သည်။
“အထူးကိုယ်ရံတော်တွေနဲ့ ဖုန်းယင်ကျွန်းကို အနီးကပ် စောင့်ကြည့်ထားခိုင်း။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံမှာ တစ်ခုခု ထူးခြားတာရှိရင် ကျွန်တော့်ကို ချက်ချင်း အစီရင်ခံပါ။”
လျှံဇွန်းသည် ချက်ချင်းပင်
“အမိန့်အတိုင်းပါ မင်းကြီး။”
လုချန်းက လက်ကို ဝှေ့ယမ်းသည်။
“ လုပ်စရာရှိတွေ သွားလုပ်ပါတော့။”
“သွားခွင့်ပြုပါ။”
ထို့နောက် လျှံဇွန်း နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာသွားသည်။ သူ ထွက်ခွာသွားသည်နှင့် လုချန်းက သူ၏လက်ထဲရှိ အစီရင်ခံစာကို ကျူးကဲ့ကျုံကောင်းထံသို့ ပစ်ပေးလိုက်သည်။
“ပညာရှိကြီး။ ဒီထဲက အကြောင်းအရာတွေကို ကြည့်လိုက်ပါဦး။”
ကျူးကဲ့ကျုံကောင်းသည် လုချန်းဆီမှ ပျံသန်းလာသည့် စာရွက်ကို ချက်ချင်းဖမ်းလိုက်သည်။ ထောက်လှမ်းရေး အစီရင်ခံစာပါ အကြောင်းအရာကို မြင်ရသော် သူလည်း မယုံနိုင်အောင် ဖြစ်သွားသည်။
“မင်းကြီး။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံက ကမ္ဘာ့ပြင်ပ အရာများလား”
လုချန်း ချက်ချင်းမဖြေပေ။ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် လူသတ်လှံ သူ၏လက်ထဲတွင် ပေါ်လာသည်။ လုချန်း၏ လက်ထဲတွင် ထူးဆန်းသည့် လက်နက်ကို မြင်ရသောအခါ ကျူးကဲ့ကျုံကောင်း အံ့အားသင့်သွားသည်။
လူသတ်လှံမှ ထွက်ပေါ်လာသည့် ကြီးမားသည့် ဖိအားကို ကျူးကဲ့ကျုံကောင်း ခံစားရသည်။ ဤထူးဆန်းသည့် လက်နက်သည် သူ၏အသက်ကို ချက်ချင်း ဖယ်ရှားနိုင်သည်ဟု သူ ခံစားမိသည်။
လုချန်းက
“ဒါက လူသတ်လှံပဲ။ အရင်ဧကရာဇ်က ဒီလက်နက်နဲ့ ကျွန်တော့်ဆရာမကို သတ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ နောက်ဆုံးမှာ လက်နက်ရဲ့ ဆန့်ကျင်တုံ့ပြန်မှုကြောင့် သူပဲ ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဒီလက်နက်က ဖုန်းယင်ကျွန်းမှာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံကနေ လာတာပါ။”
ကျူးကဲ့ကျုံကောင်းက
“ဒါဆိုရင် ဖုန်းယင်ကျွန်းမှာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံက ကမ္ဘာ့ပြင်ပပစ္စည်း ဖြစ်နိုင်ပါတယ်။”
ဤအချက်တွင် ကျူးကဲ့ကျုံကောင်း၏ မျက်နှာထား ပိုလေးနက်လာသည်။ ထို့နောက် သူ ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။
“မင်းကြီး။ ကျွန်တော့်ဆီမှာ ခန့်မှန်းချက်တစ်ခု ရှိပါတယ်။ ချွမ်နိုင်ငံတော်ကို ကျရောက်နေတဲ့ ကူးစက်ရောဂါကလည်း ကမ္ဘာ့ပြင်ပ ပစ္စည်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။”
အတိတ်က ကျူးကဲ့ကျုံကောင်းသည် ချွမ်နိုင်ငံတော်ထဲတွင် အမြဲနေထိုင်ခဲ့သည်။ သူသည် ထိုနိုင်ငံနှင့် ရင်းနှီးသည်။ ထိုကဲ့သို့ ပြင်းထန်သော ကူးစက်ရောဂါအကြောင်းကို သူ မကြားဖူးခဲ့ပေ။
ဤခေတ်မှ လူများသည် ပညာမဲ့ သူများ မဟုတ်ပေ။ အများစုသည် ကူးစက်ရောဂါ၏ အကြောင်းအရာများကို အသေးစိတ်မသိသော်လည်း ၎င်းကို ကာကွယ်ရန် နည်းလမ်းအချို့ကို သိကြသည်။ ဥပမာ- ဖျားနာသူများကို သီးခြားခွဲထားခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများကို မီးရှို့ သင်္ဂြဟ်ခြင်းတို့ ဖြစ်သည်။
အတိတ်က ချွမ်နိုင်ငံတော်တွင် အသေးစား ကူးစက်ရောဂါများကို ကြုံဖူးသည်။ ချွမ်နိုင်ငံတော်သာမက အခြားနိုင်ငံများလည်း ရောဂါများကို ကြုံဖူးသည်။ သို့သော် ထိုရောဂါများသည် ခြောက်လအတွင်း ငြိမ်သက်သွားလေ့ရှိသည်။
သို့သော် ချွမ်နိုင်ငံတော်မှ ရောဂါသည် အချိန်ကြာမြင့်စွာ ဆက်ဖြစ်နေပြီး ပို၍ ဆိုးရွားလာသည်။ အထူးကိုယ်ရံတော်များ စုဆောင်းခဲ့သည့် သတင်းအချက်အလက်အရ ချွမ်နိုင်ငံတော် နန်းတွင်းသည် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားခဲ့ကြသည်။ ရောဂါ ဖြစ်ပွားသည့်နေရာကို စစ်တပ်များ စေလွှတ်၍ ပိတ်ဆို့ခဲ့သည်။ သို့သော် ရောဂါပြန့်ပွားမှုကို လုံးဝ ရပ်တန့်နိုင်ခြင်းမရှိပေ။
ထိုရောဂါက ထူးဆန်းသည်ဟု ကျူးကဲ့ကျုံကောင်း ခံစားရသည်။ ချွမ်နိုင်ငံတော်မှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားသော်လည်း နိုင်ငံတော်တစ်ခုလုံးသို့ ဆက်လက်ပြန့်ပွားနေသည်။ ထိုရောဂါသည် ယခင်က တွေ့ကြုံခဲ့ရသည့် ရောဂါမျိုး မဟုတ်သည်မှာ ထင်ရှားသည်။
ကမ္ဘာ့ပြင်ပပစ္စည်းများကို ဖုန်းယင်ကျွန်းတွင် တွေ့ရှိထားသည်။ ထို့ကြောင့် ချွမ်နိုင်ငံတော်တွင်လည်း ကမ္ဘာပြင်ပပစ္စည်းများ ပေါ်လာခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ချွမ်နိုင်ငံတော်မှ ရောဂါသည် ထိုပစ္စည်းများကြောင့် ရောက်လာခြင်း ဖြစ်နိုင်သည်။
ကျူးကဲ့ကျုံကောင်း၏ ခန့်မှန်းချက်ကို ကြားရသောအခါ လုချန်း ရင်ထဲတုန်လှုပ်သွားသည်။
ကျူးကဲ့ကျုံကောင်း၏ ခန့်မှန်းချက်က မှန်နိုင်သည်။ သာမန်ရောဂါဆိုပါက ဤကမ္ဘာမှ လူများတွင် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ ထို့ပြင် သူသည် ရောဂါများနှင့် ပတ်သက်သည့် အသိပညာအချို့ကို အထူးကိုယ်ရံတော်များသို့ ပေးထားပြီးသားဖြစ်သည်။ ချွမ်နိုင်ငံတော်ကို စုံစမ်းရန် သွားကြသော လျှံဇွန်း၏ အထူးကိုယ်ရံတော်များသည် ကပ်ရောဂါအကြောင်းနှင့် ယင်းကို ဘယ်လို ကာကွယ်ရမည်ဆိုတာ သိကြသည်။ သို့ရာတွင် ချွမ်နိုင်ငံတော်သို့ စုံစမ်းရန် သွားခဲ့သည့် အထူးကိုယ်ရံတော်အများအပြားသည် ဘာကြောင့်မှန်းမသိ သေဆုံးခဲ့ရသည်။
ချွမ်နိုင်ငံတော်မှ အခြေအနေသည် တိုင်ယင်ဂိုဏ်း၏ လုပ်ရပ် သို့မဟုတ် အခြားအရင်းမြစ်တစ်ခုမှ ဖြစ်နိုင်သည်။ အချို့သော ကမ္ဘာ့ပြင်ပပစ္စည်းများ ချွမ်နိုင်ငံတော်ထဲသို့ ကျရောက်ခဲ့ပြီး ရောဂါပိုးအချို့ကို ယူဆောင်လာကာ ချွမ်နိုင်ငံတော်အတွက် ဤမျှ ကြီးမားသည့် ရောဂါကပ်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်။
ချွမ်နိုင်ငံတော်ထဲတွင် ကမ္ဘာပြင်ပပစ္စည်းများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုအချက်က လုချန်းအား အရေးတကြီးလုပ်ဆောင်ရန် လှုံ့ဆော်မှုတစ်ရပ် ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာသည် သူယခင်က ထင်မြင်ယူဆထားသလောက် မလုံခြုံသောကြောင့် ဖြစ်သည်။
အခြားကမ္ဘာများမှ လာသည်ဟု ထင်ရသည့် တိုင်ယင်ဂိုဏ်းခေါင်းဆောင်ကဲ့သို့သော ပုဂ္ဂိုလ်များ ရှိသည့် ဖြစ်နိုင်ခြေကို ဖယ်ထားလိုက်လျှင်ပင် အနောက်ဘက် မြူခိုးဒေသရှိ စွမ်းအားရှင်များသည်လည်း ဤကမ္ဘာအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ဖုန်းယင်ကျွန်းမှ အရာဝတ္ထုများသည် ကမ္ဘာပြင်ပပစ္စည်းများ ဖြစ်သည်မှာ သေချာသလောက် ရှိနေသည်။ ချွမ်နိုင်ငံတော်တွင်လည်း ထိုသို့သော ပစ္စည်းများ ရှိသည်ဟု ယူဆရသည်။
ဤသို့တွေးမိသောအခါ အန္တရာယ် အလားအလာများကို သူပို၍ပြင်းထန်စွာ ခံစားလာရသည်။
ကမ္ဘာကို အုပ်ချုပ်မှုတစ်ခုအောက်တွင် အလျင်အမြန် စုစည်းရမည်ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက ကျူးကဲ့ကျုံကောင်းအား
“ပညာရှိကြီး။ သုံးလအတွင်း ဝူနိုင်ငံတော်ကို စစ်ချီဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။ ဘယ်လို ထင်ပါလဲ။”
လုချန်း၏စကားကို ကြားရသောအခါ ကျူးကဲ့ကျုံကောင်း ခဏစဉ်းစားလိုက်သည်။
“မင်းကြီးမှာ ရှိတဲ့ တပ်ဖွဲ့တွေနဲ့ဆိုရင် သုံးလဆိုတဲ့ အချိန်က လုံလောက်တဲ့ ပြင်ဆင်ချိန်ပါပဲ။”
လုချန်းက
“ဒါဆိုရင် သုံးလအတွင်းမှာ ဝူနိုင်ငံတော်ကို စစ်ချီမယ်။”