← Chapters

ထူးခြားသည့် နန်းတွင်းအစည်းအဝေးပွဲကြီး

Vol. 53 Ch. 792

ထူးခြားသည့် နန်းတွင်းအစည်းအဝေးပွဲကြီး

Vol. 53 Ch. 792

ရှနိုင်ငံတော်၏ အစိုးရအဖွဲ့သစ်အတွက် ရာထူးခန့်အပ်မှုစာရင်းသည် မြန်မြန်ဆန်ဆန် ပင် ရှနိုင်ငံတော် အစိုးရ သတင်းစာတွင် ပါဝင်လာသည်။ လုချန်း၏ စီစဉ်မှုများသည် နေပြည်တော်မှ အရာရှိများအတွက် အတော်လေး ကျေနပ်ဖွယ်ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ သူတို့သည် မြောက်ပိုင်းပြည်နယ်မှ လုချန်း၏ မူရင်းအဖွဲ့ဝင်များ မဟုတ်ကြပေ။ လုချန်း နေပြည်တော်သို့ ချီတက်လာချိန်တွင်လည်း သူတို့ကို သုတ်သင်ရှင်းလင်းခြင်း မရှိခဲ့ပေ။ ယခု ပြန်လည်အသုံးပြုခံရခြင်းက အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်သည်။

အချို့မှာ ရာထူးနိမ့်ကျသွားသော်လည်း သူတို့ကောင်းစွာ နားလည်သည်။ နေပြည်တော်၌ ကျန်ရစ်ခဲ့သော နန်းတွင်းတွင် သူတို့၏ ရာထူးများ အပြောင်းအလဲမရှိသော်လည်း အမှန်တကယ်တွင် မည်သည့် အာဏာမှ ရှိမည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိကြသည်။

သို့သော် ရန်ခရိုင်ရှိ နန်းတွင်းတွင်မူ သူတို့၏ ရာထူးများ လျှော့ချခံရသော်လည်း အမှန်တကယ် စစ်မှန်သော အာဏာကို ကိုင်စွဲထားနိုင်သည်။

စစ်မှန်သော အာဏာရှိသည့် ရာထူးသည် နေပြည်တော်၏ နန်းတွင်း၌ အလုပ်မရှိပဲ အချိန်ဖြုန်းနေရသည့် ရာထူးထက် ပိုမိုကောင်းမွန်သည်။

အရာရှိခန့်စာစာရင်းကို လူသိရှင်ကြား ထုတ်ပြန်ပြီးနောက် လုချန်းက နန်းတွင်းအစည်းအဝေးကြီးကို ချက်ချင်း ခေါ်ယူကျင်းပခဲ့သည်။

မနက် လေးနာရီခွဲတွင် ကောင်းကင်သည် မှောင်နေသေးသော်လည်း အရာရှိ ဝန်ကြီးများစွာသည် နိုင်ငံရေးရာ ခန်းမ အပြင်ဘက်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ယနေ့ လုချန်း နန်းတက်ပြီးနောက် ပထမဆုံးသော တရားဝင် နန်းတွင်းအစည်းအဝေး ဖြစ်သောကြောင့် နေပြည်တော်မှ အရာရှိများသည် အထူးပင် စိတ်အားထက်သန်နေကြသည်။

နေပြည်တော်မှ အရာရှိအားလုံး ရောက်ရှိပြီးနောက် နန်းတွင်းအစည်းအဝေးကြီးကို တရားဝင် စတင်လိုက်သည်။ အရာရှိများက တစ်ညီတည်း ဂါရဝပြုလိုက်ကြသည်။

“မင်းကြီး အသက်ရာကျော် ရှည်ပါစေ၊ ထီးနန်းကို အစဉ်စိုးစံနိုင်ပါစေ။”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ထကြပါ။ နေရာယူကြပါ”

“မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် ဝန်ကြီးများသည် ခန်းမကြီး၏ တစ်ဖက်ခြမ်းသို့ သွားကြသည်။ ထိုနေရာတွင် ထိုင်ခုံတစ်ခုစီ၏ ရှေ့၌ သက်ဆိုင်ရာ ရာထူးကို ဖော်ပြထားသည့် ဆိုင်းဘုတ်တစ်ခုစီ ရှိနေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ နေပြည်တော်မှ အရာရှိများ၏ ရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။ ဧကရာဇ်အသစ်သည် သူတို့ကို ဤမျှလောက် ထည့်စဉ်းစားပေးမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။

သူတို့သည် နှစ်ပေါင်းများစွာ အရာရှိအဖြစ် အမှုထမ်းခဲ့ကြပြီး နန်းတွင်းအစည်းအ‌ဝေး တက်ရာတွင် ထိုကဲ့သို့ ထိုင်ခုံများပါရှိသည့် ပုံစံမျိုးဖြင့် တက်ရောက်ခြင်းကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ လူတစ်ဦးစီအတွက် ထိုင်ခုံတစ်လုံးစီ ပေးထားသည်။

အရင်က သူတို့ နန်းတွင်း အစည်းအ‌ဝေး တက်ရောက်သည့်အခါ ခန်းမကြီးထဲတွင် မတ်တပ်ရပ်ရသည်။ တစ်ခါတစ်ရံ ခြေထောက်များ ညောင်းညာလာသည့်တိုင်အောင် နာရီပေါင်းများစွာ ရပ်နေရသည်။

ဤအချက်မှ ဧကရာဇ်အသစ်သည် ယခင်ဧကရာဇ်နှင့် မည်သို့ ကွဲပြားသည်ကို မြင်နိုင်သည်။

လိယုရီ ပြောခဲ့သလိုပင် ဧကရာဇ်အသစ်သည် ဤကမ္ဘာပေါ်ရှိ အခြားဧကရာဇ်များနှင့် မတူပေ။

ဝန်ကြီးများအားလုံး ထိုင်ပြီးနောက် လုချန်းသည် တိုက်ရိုက်ပင်

“ဒီနေ့ဟာ နန်းတွင်းဖွဲ့စည်းပုံ ပြောင်းလဲပြီးနောက် ပထမဆုံး နန်းတွင်းအစည်းအဝေးကြီးပါပဲ။ မစတင်ခင် ရာထူးအသစ်ခန့်အပ်ခံထားရတဲ့ ဝန်ကြီးတွေကို သတိပေးချင်ပါတယ်။ အစည်းအဝေး စတာနဲ့ နိုင်ငံတော်ရေးရာတွေကိုပဲ ဆွေးနွေးကြရမယ်။”

ထို့နောက် လုချန်းက နဂါးပလ္လင်အောက် ရှေ့ဆုံးနေရာ၌ ထိုင်နေသော ကျူးကဲ့ကျုံကောင်းကို ကြည့်လိုက်ပြီး

“ပညာရှိကြီး စတင်နိုင်ပါပြီ။”

ထိုစကားကို ကြားသောအခါ ခန်းမကြီးတစ်ခုလုံးရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

စတင်ရမည်။

ဘာကို စတင်ရမည်လဲ။

ထိုအခိုက်တွင် ကျူးကဲ့ကျုံကောင်းက စုဝေးရောက်ရှိနေသော ဝန်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီး

“ဒီနေ့ နန်းတွင်းအစည်းအဝေးကြီးကို ကျွန်တော်က ဦးစီးဆောင်ရွက်ပါမယ်။”

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားသောအခါ နေပြည်တော်မှ ရောက်ရှိလာသော အရာရှိများ ဇဝေဇဝါ ဖြစ်သွားကြသည်။

ဒါက ဘာလဲ။

နန်းတွင်းအစည်းအဝေးကြီးကို အရာရှိတစ်ယောက်က ဦး‌ဆောင်မည်ဆိုလျှင် ဧကရာဇ်က ထိုနေရာတွင် ဘာလုပ်နေသနည်း။

သို့သော် မကြာမီပင် မြောက်ပိုင်းပြည်နယ်မှ ဝန်ကြီးဟောင်းများ လုံးဝ မတုံ့ပြန်ကြသည်ကို နေပြည်တော်မှ အရာရှိများ သတိပြုမိလိုက်သည်။ သူတို့က ဤအရာကို ပုံမှန်ဟု ယူဆပုံရသည်။ မြောက်ပိုင်းပြည်နယ်တွင် မကြာခဏ လုပ်ဆောင်ခဲ့ပုံရသည်။

ထရပ်ပြီး တစ်စုံတစ်ရာ ပြောလိုသော နေပြည်တော်မှ အရာရှိများလည်း လုချန်း၏ ပထမစကားဖြစ်သည့် “နိုင်ငံတော်ရေးရာများကိုသာ ဆွေးနွေးမည်” ဟူသော စကားကို သတိရလိုက်ကြသည်။ ထို့ကြောင့် သူတို့၏ နေရာများတွင်သာ ယဉ်ကျေးစွာ ထိုင်နေလိုက်ကြသည်။

ကျူးကဲ့ကျုံကောင်းက ဆက်လက်၍

“ဒီနေ့ နန်းတွင်းအစည်းအဝေးကြီးရဲ့ အဓိက အကြောင်းအရာက ဝူနိုင်ငံတော်ကို စစ်ချီမယ့်အကြောင်း ဆွေးနွေးဖို့ပဲ။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမကြီး အတွင်းရှိ အရာရှိများကြားတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်သွားသည်။

ဝူနိုင်ငံတော်ကို စစ်ချီမည်။

ဧကရာဇ်အသစ်သည် တိုက်ကြီးတစ်ခုလုံးကို ဤမျှ မြန်မြန် စုစည်းရန် ကြံစည်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

ဒါက ခန်းမထဲရှိ လူတိုင်းအတွက် ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်။ စစ်ပွဲတွင် ထူးချွန်စွာ လုပ်ဆောင်နိုင်ပါက သူတို့ ရာထူးတိုးရန် အခွင့်အရေး ရရှိကြမည်ဖြစ်သည်။

အရပ်ဘက် နှင့် စစ်ဘက် အရာရှိများအားလုံး ထိုအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေကြသည်။

ကျူးကဲ့ကျုံကောင်းက ဆက်လက်၍

“မင်းကြီးမှာ လက်ရှိ ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက် ရှိပါတယ်။ အစီအစဉ်က ပထမဆုံး တပ်ဖွဲ့တွေကို ဝူနိုင်ငံတော်ကို စစ်ချီတက်စေပြီး အဲ့ဒီနောက် ကောင်းကင်လူသား စွမ်းအားရှင်တွေက ဝူ‌ နေပြည်တော်ကို တိုက်ရိုက် သွားပြီး ဝူတော်ဝင်မိသားစုကို ဖိအားပေးစေဖို့ပဲ။ ဒီနည်းနဲ့ ဝူတပ်ရဲ့ စစ်ဆင်နွှဲလိုတဲ့ စိတ်ဓာတ်ကို အချိန်တိုအတွင်းမှာ ဖျက်ဆီးပစ်နိုင်ပြီး ဝူနိုင်ငံတော်ကို လက်နက်ချစေနိုင်ပါတယ်။”

ကောင်းကင်လူသား စွမ်းအားရှင်များ ရှိနေသောကြောင့် စစ်ပွဲ၏ သဘောသဘာဝ ပြောင်းလဲသွားသည်။ အရင်တုန်းက နိုင်ငံများအားလုံးတွင် အဆင့်လွန်ပညာရှင်များသာ ရှိကြပြီး သူတို့ကို လျှို့ဝှက်လက်နက်များအဖြစ် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် မည်သည့်နိုင်ငံကိုမှ အနိုင်ယူရန် မလွယ်ကူခဲ့ ပေ။

သို့သော် ကောင်းကင်လူသား စွမ်းအားရှင်များကတော့ မတူပေ။ ဝူနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်များ ရှိမရှိ မသေချာပေ။ မရှိပါက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ဝူ နေပြည်တော်သို့ စေလွှတ်လိုက်ရုံဖြင့် ဝူနိုင်ငံတော်၏ အဆင့်လွန်ပညာရှင်များအားလုံးကို နှိမ်နင်းရန် လုံလောက်ပြီး ဝူနိုင်ငံတော်ကို တိုက်ရိုက် လက်နက်ချခိုင်းနိုင်မည်ဖြစ်သည်။

ထို့ပြင် ရှတပ်များ၏ စစ်အင်အားမှာလည်း အလွန် အင်အားကြီးမားနေဆဲဖြစ်သည်။ ရှနိုင်ငံတော်၏ လက်နက်များကို မြင်ပါက ဝူ စစ်သည်များ စစ်တိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားလိမ့်မည်။

ဤတစ်ကြိမ်တွင် ရှနိုင်ငံတော်သည် အဆင့်နှစ်ဆင့်ဖြင့် စစ်ပွဲဆင်နွှဲသည့် မဟာဗျူဟာကို အသုံးပြုမည်ဖြစ်သည်။ တစ်ဖက်တွင် ဝူနိုင်ငံတော်၏ တပ်မတော်ကို တိုက်ခိုက်မည်။ ယင်းက အောက်ခြေအဆင့် တိုက်ခိုက်မှုဖြစ်သည်။ အခြားတစ်ဖက်တွင် ဝူတော်ဝင်မိသားစုနှင့် အာဏာရှိ မိသားစုများကို ပစ်မှတ်ထားကာ ထိပ်ပိုင်းအဆင့်ကို တိုက်ခိုက်ရန် ရည်ရွယ်ထသည်။

ပုံမှန် စစ်ပွဲများတွင် အောက်ခြေအဆင့်ကိုသာ တိုက်ခိုက်လေ့ရှိပြီး ထိုအဆင့်တွင် လူများစွာ သေဆုံးသော်လည်း နေပြည်တော်ရှိ မင်းညီမင်းသားများနှင့် အထက်တန်းလွှာ များကတော့ ထိခိုက်မှု မခံစားရပေ။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သော လူများကို ထပ်မံ စုဆောင်းကာ ရှေ့တန်းသို့ စေလွှတ်၍ သေစေမည်သာဖြစ်သည်။

အောက်ခြေအဆင့် စစ်ပွဲသည် အလွန်ကြာမြင့်စွာ တိုက်ခိုက်နေရမည်ဖြစ်ပြီး နှစ်ဖက်စလုံးမှ စစ်သည်များ မောပန်းနွမ်းနယ်လုနီးပါး ဖြစ်လာမှသာ ဆွေးနွေးမှုများ ဖြည်းဖြည်းချင်း စတင်ကြမည်ဖြစ်သည်။

သို့သော် အဆင့်မြင့်သူများ၏ အသက်များ ပါဝင်လာပါက စစ်ပွဲ အလွန်ကြာရှည်မည် မဟုတ်ပေ။

ကျူးကဲ့ကျုံကောင်း၏ ဦးဆောင်မှုအောက်တွင် စစ်ပွဲကို မည်သည့်အချိန်တွင် စတင်မည်၊ စစ်သည် မည်မျှ စေလွှတ်မည်နှင့် ထောက်ပို့အစီအစဉ်များ အစရှိသည့် အသေးစိတ်အချက်အလက်များကို တစ်ခုပြီးတစ်ခု ဆွေးနွေးခဲ့ကြသည်။

ယနေ့ နန်းတွင်းအစည်းအဝေးကြီးတွင် ကျူးကဲ့ကျုံကောင်းသည် အစည်းအဝေးတစ်ခုလုံးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လုချန်းက စကားအနည်းငယ်သာ ဝင်ရောက်ပြောဆိုပြီး လာရောက် လေ့လာသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူသည် အာဏာများ လျှော့ချခံထားရသော ရုပ်သေးရုပ် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေစေသည်။

သို့‌သော် လုချန်းက ရုပ်သေးဧကရာဇ် မဟုတ်သည်မှာ သေချာသည်။ အရာရှိများ ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ သူတို့၏ မျက်လုံးများသည် လုချန်းအပေါ်တွင်သာ အမြဲ ရှိနေကြသည်။

နန်းတော်အစည်းအဝေးကြီးကို ကျူးကဲ့ကျုံကောင်းက ဦးဆောင်သော်လည်း အခြားတစ်ယောက် ကြားအောင် သူတို့ ပြောနေရခြင်းဖြစ်ကြောင်း အရာရှိများ အလွန်ရှင်းလင်းစွာ သိထားကြသည်။

ဤအစည်းအဝေးပုံစံသည် နေပြည်တော်မှ အရာရှိများအတွက် အတော်လေး ဆန်းသစ်သော်လည်း ထိုအရာကို သူတို့လျင်မြန်စွာ လက်ခံလိုက်ကြသည်။

နန်းတွင်းအစည်းအဝေး ပြီးဆုံးသောအခါ နေ့လယ်ရောက်နေပြီဖြစ်သည်။

နဂါးပလ္လင်ပေါ်တွင် မနက်တစ်ပိုင်းလုံး ထိုင်ပြီး လူများ ပြောဆိုနေကြသည်ကို နားထောင်ရသဖြင့် လုချန်း အနည်းငယ် ပင်ပန်းနေသည်။ သူ စကားအနည်းငယ်သာ ပြောဆိုခဲ့သော်လည်း သူတို့၏ ဆွေးနွေးမှုများကို နားထောင်ရခြင်းက အတော်လေး အားကုန်စေသည်။

အစည်းအဝေးပြီးဆုံးပြီး လုချန်း မိဖုရားဆောင်သို့ သွားရန် ပြင်ဆင်နေစဉ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး သူ့ဆီသို့ အမြန်ရောက်လာပြီး

“မင်းကြီး။ ချင်သခင်မ မီးဖွားပါတော့မယ်။”

ထိုစကားကို ကြားသောအခါ လုချန်း စကားများစွာ မပြောတော့ပဲ ချင်ယူဝေနေထိုင်သည့် အဆောင်သို့ တိုက်ရိုက် သွားတော့သည်။

ချင်ယူဝေ၏ အဆောင်အပြင်ဘက်တွင် အမျိုးသမီးအုပ်စုကြီးတစ်စု ရောက်နေသည်။ လုချန်း ရောက်လာသည်ကို မြင်သောအခါ သူတို့က အလျင်အမြန် လမ်းဖယ်ပေးကြသည်။

လုချန်းလည်း ချင်ယူဝေ၏ အခန်းထဲသို့ အမြန် ဝင်သွားသည်။

အခန်းထဲရောက်သောအခါ ယခင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဝမ်းဆွဲသည်များနှင့် ကူညီပေးနေသော အစေခံမိန်းကလေးများကလည်း ယခင်ကကဲ့သို့ပင် ဖြစ်သည်။ လုချန်းကို မြင်သောအခါ လူတိုင်း ချင်ယူဝေ အနားမှ နေရာဖယ်ပေးလိုက်ကြသည်။

လုချန်း ရောက်ရှိလာသည်ကို မြင်သောအခါ ချင်ယူဝေ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။ သူ အလုပ်များလွန်း၍ သူမထံ လာရောက်လိမ့်မည် မဟုတ်ဟု ချင်ယူဝေ ထင်ထားခဲ့သည်။ သူမ မမီးဖွားမီ လုချန်းရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အိပ်ရာပေါ်တွင် လဲလျောင်းနေသော ချင်ယူဝေက

“မင်းကြီးကို ဂါရဝပြုပါတယ်။ မထနိုင်တာကို ခွင့်လွှတ်ပါ”

ဟု အားအင်ချိနဲ့စွာ ပြောလိုက်သည်။

လုချန်းက ညင်သာစွာ ပြုံးပြီး ကုတင်ဘေးတွင် ထိုင်ရင်း

“ကိစ္စမရှိပါဘူ။ မင်း သက်တောင့်သက်သာ လဲလျောင်းနေပါ။”

ထိုအခိုက်တွင် လုချန်းက ချင်ယူ‌ဝေ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့။ ကလေးက မကြာခင် မွေးတော့မှာပါ။”

ချင်ယူဝေက

“မင်းကြီး ဘေးမှာ ရှိနေတော့ ကျွန်မ စိတ်မလှုပ်ရှားပါဘူး။”

လုချန်း ဘေးနားတွင် ရှိနေသရွေ့ မီးဖွားခြင်းသည် နာကျင်မှု မရှိသလောက်ပင်ဟု ချူးယုချင်တို့ထံမှ သူမ အစောကြီးကတည်းက ကြားသိထားပြီးဖြစ်သည်။

ချူးယုချင်တို့က သူမကို လိမ်ညာမည်မဟုတ်ဟု ချင်ယူဝေ ယုံကြည်သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး မသက်မသာ ဖြစ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။

ချင်ယူဝေ အံ့အားသင့်သွားသည်။ ချူးယုချင်တို့ ပြောခဲ့သည့်အတိုင်း မည်သည့် မသက်မသာ ဖြစ်မှုမှ မရှိသည်မှာ အမှန်ပင်။

ချင်ယူဝေ ကျေးဇူးတင်စကား ပြောဆိုရန် ပြင်နေစဉ် ရုတ်တရက် သူမ၏ ဝမ်းဗိုက်ထဲ၌ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ဘာဖြစ်နေသည်ကို မသိလိုက်မီပင် သူမ၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ရာ ထွက်ခွာသွားသလို ခံစားလိုက်ရပြီး သူမ၏ ဝမ်းဗိုက်မှ အလေးချိန် ချက်ချင်း ပေါ့ပါးသွားသည်။

နောက်တစ်ခဏတွင် ကလေးငိုသံတစ်ခု အခန်းအတွင်း ပဲ့တင်ထပ်သွားသည်။

ချင်ယူဝေ မှင်တက်သွားသည်။

လုချန်း ရှိနေလျှင် မီးဖွားခြင်းက လွယ်ကူမည်ဟု ကြားဖူးသော်လည်း ဤမျှလောက် လွယ်ကူမည်ဟု သူမ လုံးဝ မထင်ခဲ့ပေ။

ဒါက အလွန်ရိုးရှင်းလွန်းသည် မဟုတ်ဘူးပါလား။

ချင်ယူဝေသည် သတိထား၍ အနည်းငယ် ထလိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ကြည့်လိုက်သည်။ ဝမ်းပိုက်ပြားသွားပြီး အစေခံမိန်းကလေးများက ကလေးကို သန့်ရှင်းရေးလုပ်နေသည်ကို တွေ့ရသောအခါမှ သူမသည် အမှန်တကယ် မီးဖွားခဲ့ပြီဖြစ်သည်ကို နောက်ဆုံးတွင် ယုံကြည်သွားသည်။

လုချန်းက ချင်ယူဝေကို ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားဖြင့် ဆက်လက်ကုသပေးနေသည်။ ဝမ်းဆွဲသည်များက ကလေးကို အမြန် သန့်ရှင်းရေးလုပ်ပြီးသောအခါ လုချန်းထံသို့ ယူဆောင်လာကြသည်။

“မင်းကြီးကို ဂုဏ်ပြုပါတယ်။ မင်းသားလေးပါ။”

ဝမ်းဆွဲသည်၏ စကားကို ကြားသောအခါ အပျော်ရွှင်ဆုံးသူမှာ လုချန်း မဟုတ်ပဲ ချင်ယူဝေဖြစ်သည်။

ထိုခေတ်တွင် အမျိုးသမီးတစ်ဦး၏ တန်ဖိုးကို သူမ၏ ကလေးများက ဆုံးဖြတ်သည်။ သူမ၏ ကလေး အိမ်ရှေ့မင်းသား ဖြစ်လာမည်ဟု မမျှော်လင့်နိုင်သော်လည်း မင်းသားလေးတစ်ပါး ရရှိခြင်းက သူမ၏ အနာဂတ်ဘဝတွင် လုံခြုံမှုအချို့ ရရှိမည်ဟု ဆိုလိုသည်။ ချင်ယူဝေ၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

All Chapters