← Chapters

ချင်ယူဝေ ကလေးမွေးဖွားခြင်းနှင့် ရရှိလာသော ဆုလာဘ်များ

Vol. 53 Ch. 793

ချင်ယူဝေ ကလေးမွေးဖွားခြင်းနှင့် ရရှိလာသော ဆုလာဘ်များ

Vol. 53 Ch. 793

လုချန်းသည် ကလေးငယ်ကို ပွေ့ချီကာ အတွင်းအားအနည်းငယ် ထည့်သွင်းပေးပြီးနောက် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုပြီး ချင်ယူဝေရှေ့သို့ ချပေးလိုက်သည်။

ချင်ယူဝေသည် ထိုင်နိုင်ပြီဖြစ်ရာ ကလေးငယ်ကို ဘေးတွင်တင်ထားကာ ကြည်နူးမှုအပြည့်ဖြင့် ကြည့်နေသည်။

ခဏအကြာတွင် ကလေးငယ်အား နာမည်ပေးရန် ချင်ယူဝေ သတိရသွားသည်။ သူမက လုချန်းကိုကြည့်ကာ

“မင်းကြီး။ ကလေးလေးက နာမည်မရှိသေးပါဘူး။ ကျေးဇူးပြုပြီး နာမည်ပေးပေးပါ။”

လုချန်း ခေဏမျှ စဉ်းစားလိုက်ပြီး

“လုစစ်ယွမ်လို့ ခေါ်ကြတာပေါ့”

ချင်ယုဝေက

“စစ်ယွမ်... စစ်ယွမ်...”

ဟု ရေရွတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် မင်းကြီး”

လုချန်းက ပြုံးလိုက်ပြီး ချင်ယူဝေနှင့် ကလေးငယ်တို့အား အတွင်းအားများ ဆက်လက်ထည့်သွင်းပေးလိုက်သည်။

ချင်ယူဝေသည် လုံးဝပြန်လည်ကောင်းမွန်လာသောအခါ လုချန်းတွင် လုပ်စရာအများအပြားရှိသည်ကို သတိရပြီး

“မင်းကြီး။ ကျွန်မ ကောင်းကောင်းမွန်မွန် ပြန်ဖြစ်ပါပြီ။ မင်းကြီးမှာလည်း ကိစ္စများစွာရှိနေတာမို့ နောက်ထပ်အချိန် မဖြုန်းလိုပါဘူး။”

လုချန်းက

“ဒါဆိုလည်း ကောင်းကောင်းအနားယူပါ။”

ချင်ယုဝေက ‘ဟုတ်ကဲ့’ဟု အသံပြုလိုက်သောအခါ လုချန်းလည်း ထရပ်ကာ ကျောခိုင်းပြီး စာကြည့်ခန်းသို့ ထွက်ခွာသွားလေသည်။

ယခုတစ်ကြိမ် စနစ်မှ မည်သည့်ဆုလာဘ်များ ပေးမည်ကို သူ အလွန်သိချင်နေသည်။

စာကြည့်ခန်းသို့ ရောက်သည်နှင့် လုချန်း စနစ်မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။

[သားရတနာ ရရှိသွားသဖြင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ဆုချလိုက်သည်]

[သခင်၏ သားသမီးအရေအတွက်သည် ဆယ်ဦးကျော်လွန်သွားပြီဖြစ်သောကြောင့် နတ်ဉာဏ်အလင်းနှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ် ဟူသည့် ကောင်းကင်အဆင့် ကျင့်စဉ်ကို ဆုချလိုက်သည်]

ဆုလာဘ်များကို မြင်လိုက်ရသောအခါ လုချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ဂိုဏ်းအင်အားစုအပြင် နတ်စွမ်းအားနှင့် ကောင်းကင်အဆင့် ကျင့်စဉ်များပင် ပါဝင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

နတ်စွမ်းအားကို သူ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ပြီး နတ်ဉာဏ်အလင်း၏ အကျိုးသက်ရောက်မှုအပေါ် လုချန်းသည် အလွန်သိချင်စိတ်ပြင်းပြနေ၏။ ထို့ကြောင့် [နတ်ဉာဏ်အလင်း] ကို ချက်ချင်းနှိပ်လိုက်သည်။

[နတ်ဉာဏ်အလင်း : သခင်၏ နတ်စွမ်းအားဖြစ်သည်။ သတ္တဝါအပေါင်းတို့အား ဉာဏ်ပညာပေးနိုင်ပြီး အသိဉာဏ်ရှိသော သတ္တဝါတို့အား သခင်နှင့် အလားသဏ္ဌာန်တူသော ဉာဏ်ရည်များ ပေးအပ်နိုင်သည်။ သခင်သည် မိမိ၏အသိပညာများကို ဉာဏ်ပွင့်သွားသူများထံသို့ ဖြန့်ဝေပေးနိုင်ပြီး ထိုသူတို့သည် သခင့်အပေါ် အကြွင်းမဲ့ သစ္စာရှိကြလိမ့်မည်။]

ထိုနတ်စွမ်းအား‌အကြောင်း ဖော်ပြချက်ကို ဖတ်လိုက်ရသောအခါ လုချန်း အစပိုင်းတွင် တအံ့တဩဖြစ်သွားသော်လည်း မကြာမီပင် ပျော်ရွှင်မှုများ ရင်ထဲတွင် လှိုက်တက်လာ၏။

ဤကမ္ဘာသို့ ရောက်လာပြီးကတည်းက သူ့စိတ်ထဲမှ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ ဤနေရာမှလူများသည် သူ၏ အကြံအစည်များနှင့် လုပ်ဆောင်ချက်အချို့ကို နားလည်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။

ထို့ပြင် နတ်ဉာဏ်အလင်းသည် နည်းပညာတိုးတက်မှုတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်သည်။

ကံအားလျော်စွာပင် သူသည် ကမ္ဘာ့ အသိပညာ စာပေများကို ရရှိထားခဲ့သည်။ ကမ္ဘာ့ အသိပညာများစွာကို ရရှိထားသော်လည်း လက်မှုပညာရှင်များအား ထိုစာ ပေများတွင် ပါဝင်သည့်အရာများကို နားလည်စေရန်အတွက် အခြေခံ သဘောတရားအချို့ကို သူကိုယ်တိုင် သင်ကြားပေးဖို့ လိုအပ်နေသေးသည်။

ယခု နတ်ဉာဏ်အလင်းရှိနေသောကြောင့် အခြေအနေက ကွဲပြားသွားပြီဖြစ်သည်။ သူ၏ အယုံကြည်ရဆုံးသော သူများအား အခြေခံအသိပညာအချို့ကို တိုက်ရိုက်ပေးနိုင်သည်။ ထို့နောက် ထိုလက်မှုပညာရှင်များသည် ကမ္ဘာ့အသိပညာစာပေများတွင် ပါဝင်သည့် အသိပညာများကို ကိုယ်တိုင်လေ့လာနိုင်ကြမည်ဖြစ်သည်။ ထိုသို့လေ့လာနိုင်စွမ်းရှိသူအချို့သည် သူတို့၏အသိပညာများကို ဤကမ္ဘာမှ လူများထံသို့ ထပ်ဆင့်ဖြန့်ဖြူးနိုင်ကြလိမ့်မည်။

ထို့ကြောင့် ဤကမ္ဘာသည် စိုက်ပျိုးရေး ခောတ်မှ စက်မှုခေတ်သို့ လျင်မြန်စွာ ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ နှစ်ပေါင်းတစ်ရာသည် လုံးဝ လုံလောက်သည်။ သို့မဟုတ် ထိုထက်ပင် လျော့နည်းနိုင်သည်။

ထိုသို့စဉ်းစားရင်း လုချန်း အလွန်စိတ်လှုပ်ရှားသွားသည်။

နတ်ဉာဏ်အလင်းကို စစ်ဆေးကြည့်ပြီးနောက် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ နိဒါန်းကို ဆက်ဖွင့်ကြည့်လိုက်သည်။

[နတ်ဆိုးမြေမြုပ်ကျင့်စဉ် : ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သည်။ လေ့ကျင့်ပြီးသည်နှင့် ကျင့်ကြံသူ၏ အတွင်းအားသည် နတ်ဆိုးယင်အားကို အထူးတလည် တန်ပြန်နိုင်ပြီး နတ်ဆိုးကျင့်စဉ်ကျင့်သူများကို ဖိနှိပ်နိုင်သည်။]

ဤကျင့်စဉ်ကို မြင်လိုက်ရသောအခါ တိုင်ယင်နတ်ဆိုးဂိုဏ်းအကြောင်းကို လုချန်းတွေးမိလိုက်သည်။ သူတို့ အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း တိုင်ယင်နတ်ဆိုးဂိုဏ်း၏ ခြေရာတစ်စုံတစ်ရာကိုပင် ရှာမတွေ့ခဲ့ကြပေ။ သူတို့ မည်သည့်နေရာတွင် ပုန်းအောင်းနေသည် သို့မဟုတ် မည်သည့်ဒုစရိုက်များကို ကြံစည်နေသည်ကို မသိရပေ။

သူ၏လူများအားလုံး နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို လေ့ကျင့်ထားကြပါက တိုင်ယင်နတ်ဆိုးဂိုဏ်းမှလူများ မည်မျှပင် လျှို့ဝှက်နေစေကာမူ သူတို့ ထပ်မံပေါ်ထွက်လာသည့်အခါတွင် ဘာမှကြောက်စရာ ရှိတော့မည် မဟုတ်ပေ။

ယင်းသည် လက်ရှိအခြေအနေတွင် အသုံးဝင်နိုင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။

နတ်စွမ်းအားနှင့် ကျင့်စဉ်တို့ကို ကြည့်ပြီးနောက် လုချန်း၏အကြည့်သည် တန်ခိုးရှင် တစ်သောင်းဂိုဏ်းဟူသော စာသားများအပေါ်သို့ နောက်ဆုံးတွင် ရောက်ရှိသွားသည်။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းအကြောင်းကို လုချန်း ယခင်က ကြားဖူးခြင်း မရှိသေးပေ။ ထို့ကြောင့် ၎င်းသည် နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းကဲ့သို့ပင် ပင်လယ်ရပ်ခြားမှ အင်အားစုတစ်ခု ဖြစ်ရမည်ဟု သူ တွေးထားခဲ့သည်။

အသေးစိတ်အချက်အလက်များကို စစ်ဆေးကြည့်ရှုရန် တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ချက်ချင်းနှိပ်လိုက်သည်။

[တန်ခိုးရှင် တစ်သောင်းဂိုဏ်း : လက်ရှိ မြူခိုးဒေသတွင် တည်ရှိသည်။ ဂိုဏ်းအတွင်း၌ ယင်ယန်မှန် နယ်ပယ်မှ နှစ်ဦး၊ မူလအစကမ္ဘာ နယ်ပယ်မှ ဆယ်ဦးနှင့် ကောင်းကင်လူသား စွမ်းအားရှင် အများအပြားရှိသည်။]

[မြူခိုးဒေသ၏ ကန့်သတ်ချက်များ မရုပ်သိမ်းရသေးသောကြောင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အဖွဲ့ဝင်များသည် ဤကမ္ဘာသို့ ခရီးသွားနိုင်ခြင်း မရှိသေးပါ။ သို့သော် သခင်က အမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။]

စနစ်မှ တန်ခိုးရှင် တစ်သောင်းဂိုဏ်းအကြောင်း ဖော်ပြချက်ကို မြင်လိုက်ရသောအခါ လုချန်းသည် တအံ့တဩဖြစ်သွား၏။

မြူခိုးဒေသမှ ဂိုဏ်းအင်အားစုတစ်ခုလား။

ဒါဆို ဒီဆုလာဘ်က အခုအချိန်မှာ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးလား။

ဆုလာဘ်အဖြစ် ရရှိသည့် အင်အားသည် ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ရန် ကူညီလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

စနစ်၏အမြင်တွင် နိုင်ငံအနည်းငယ်ကို ပေါင်းစည်းရန် ကောင်းကင်လူသားအဆင့်ထက် မြင့်မားသူများ မလိုအပ်ဟု ယူဆခြင်းလော။

ထိုအချက်ကို တွေးရင်း လုချန်းသည် ခဏခန့် စဉ်းစားလိုက်၏။ လက်ရှိအခြေအနေအရ နိုင်ငံကြီးများတွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မရှိပါက သို့မဟုတ် တစ်ယောက်လောက်သာ ရှိပါက ကမ္ဘာကြီးကို စုစည်းရန် ကောင်းကင်လူသားအဆင့်ထက် မြင့်မားသူများ မလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။

ထိုသို့တွေးရင်း လုချန်းက စနစ်အား

“စနစ်။ ကောင်းကင်လူသားအဆင့်ရဲ့ အထက်က ဘယ်လိုနယ်ပယ်တွေလဲ။ ကြိုပြောပေးလို့ရမလား”

ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။

မြူခိုးဒေသ၏ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် မည်သည့်အဆင့်တွင် ရှိနေပြီး ၎င်းသည် အခြားကမ္ဘာများမှ စွမ်းအားရှင်များ၏ ကျူးကျော်မှုကို ဤကမ္ဘာအား ကာကွယ်ပေးနိုင်မည်လားဆိုသည်ကို လုချန်းက သိလိုသည်။

လုချန်း၏ စကားများ ဆုံးသွားသည်နှင့် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

[ကောင်းကင်လူသားနယ်ပယ်၊ မူလအစကမ္ဘာနယ်ပယ်၊ ယင်ယန်မှန်နယ်ပယ်၊ ဥပဒေအလုံးစုံ နယ်ပယ်၊ နတ်ဘုရားအဆင့် ပြောင်းလဲခြင်းနယ်ပယ်၊ ပြန်လည်ပျက်စီးခြင်းနယ်ပယ်၊ သူတော်စင် နယ်ပယ်၊ ဧကရာဇ် နယ်ပယ်။]

ဒါက...

မူလအစကမ္ဘာ နယ်ပယ်သည် ကောင်းကင်လူသားအဆင့်၏ အထက်တွင်သာ ရှိနေပြီး ယင်ယန်မှန် နယ်ပယ်သည် ကောင်းကင်လူသားအဆင့်ထက် တစ်ဆင့်ကျော်သာ မြင့်မားသည် ဆိုသည့်အချက်ကို လုချန်း မတွေးမိပဲ မနေနိုင်ပေ။ ထိုအချက်ကို ထောက်ရှုလျှင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် အလွန်အစွမ်းထက်ပုံ မရပေ။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် မြူခိုးဒေသတွင် အသေးစားဂိုဏ်းတစ်ခုသာ ဖြစ်ပုံရသည်။

လုချန်း ထိုသို့တွေးနေစဉ် စနစ်၏ အသိပေးသံ ထပ်မံထွက်ပေါ်လာသည်။

[အဓိက နယ်ပယ်တိုင်းကို အသေးစား အဆင့် ဆယ်ဆင့် ခွဲခြားထားသည်]

စနစ်၏ ဖြည့်စွက်မှုကို ကြားရသောအခါ လုချန်း တွေးမိသည်။ ကြီးမားသော နယ်ပယ်တစ်ခုစီတိုင်းတွင် အသေးစားအဆင့် ဆယ်ဆင့်စီ ရှိပါက သာမန်လူများအတွက် ယင်ယန်မှန် နယ်ပယ် ရောက်ရှိဖို့ ကျင့်ကြံရန်ပင် မလွယ်ကူလောက်ပေ။

မြူခိုးဒေသတွင် ယင်ယန်မှန် နယ်ပယ်အထက်မှ စွမ်းအားရှင်များ မရှိနိုင်ရန်သာ မျှော်လင့်ရမည်။

ထိုသို့တွေးရင်း လုချန်းက စနစ်အား “တန်ခိုးရှင် တစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို မြူခိုးဒေသရဲ့ အခြေအနေကို စုံစမ်းဖို့၊ ဒေသရဲ့ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတာနဲ့ တစ်ယောက်ယောက်ကို ဒီဘက်‌ဒေသ ချက်ချင်းစေလွှတ်ပြီး မြူခိုးဒေသရဲ့ အချက်အလက်တွေကို ကျွန်ုပ်ကို အသိပေးဖို့ ပြောလိုက်ပါ”

[သခင်၏ အမိန့်ကို ထုတ်ပြန်ပြီးပါပြီ။ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ကျိဟုန်ဝမ်သည် သခင်၏ အမိန့်ကို လက်ခံရရှိပြီးပါပြီ]

တန်ခိုးရှင် တစ်သောင်းဂိုဏ်းသို့ အမိန့်ထုတ်ပြန်ပြီးနောက် လုချန်း သက်ပြင်းအနည်းငယ် ချလိုက်၏။ နိုင်ငံများ စုစည်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့ လိုအပ်ပုံရသည်။

စနစ်၏ ဆုလာဘ်ပေးပုံကို လုချန်း အချိန်အတော်ကြာကတည်းက သတိပြုမိခဲ့သည်။ ယခုအချိန်တွင် မြူခိုးဒေသမှ အင်အားစုတစ်ခုကို ဆုချလိုက်ခြင်းက ယခုအချိန်တွင် ကောင်းကင်လူသားအဆင့်အထက် စွမ်းအားရှင်များ မလိုအပ်ကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး၊ မကြာမီ မြူခိုးဒေသအတွင်းမှ ဂိုဏ်းအင်အားစုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းကိုလည်း ဖော်ပြနေသည်။

စနစ်က သူလိုအပ်နိုင်မည့် အရာများကို ကြိုတင်ပေးလေ့ရှိသည်။

စနစ်မှ တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ဆုချလိုက်ကတည်းက မြူခိုးဒေသကို ရင်ဆိုင်ရန် ပြင်ဆင်မှုများ စတင်ဖို့ လိုအပ်နေပြီဟူသည့် သဘောလည်းဖြစ်သည်။

.......

ထိုအချိန်တွင်။

မြူခိုးဒေသ။

တန်ခိုးရှင် တစ်သောင်းဂိုဏ်း။

ဂိုဏ်းတစ်ခုလုံးသည် မြူခိုးများ ဖုံးလွှမ်းနေသော်လည်း ဂိုဏ်း၏အဆောက်အဦး များအပေါ်တွင် ဖယောင်းတိုင်အချို့ရှိနေ၏။ ထိုဖယောင်းတိုင်များက အလင်းပေးထားသော နေရာများတွင်တော့ မြူခိုးများ ကင်းမဲ့နေသည်။

ထိုဖယောင်းတိုင်များကြောင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များသည် လမ်းကို ရှင်းလင်းစွာ မြင်နိုင်ကြခြင်း ဖြစ်သည်။

ယနေ့သည် ဂိုဏ်း၏ သိုင်းပညာပြိုင်ပွဲဖြစ်ပြီး ဂိုဏ်း၏ အဓိကတောင်ထွတ်တွင် တပည့်များဖြင့် ပြည့်နှက်နေသည်။

တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အဆင့်မြင့်အရာရှိများသည် တပည့်များ၏ သိုင်းပညာစွမ်းရည်ပြိုင်ပွဲကို ကြည့်ရှုနေကြပြီး ဆွေးနွေးနေကြစဉ် ရုတ်တရက် ဂိုဏ်းချုပ်နှင့် အကြီးအကဲများစွာတို့၏ စိတ်ထဲတွင် တစ်စုံတစ်ခု ခံစားမိလိုက်ကြသည်။

တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အရာရှိကြီးများသည် တစ်ချိန်တည်းတွင် သူတို့၏ ထိုင်ခုံများမှ ထရပ်လိုက်ကြသည်။ ဤအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ ဂိုဏ်းမှ တပည့်များ တအံ့တဩဖြစ်သွား၏။

သူတို့သည် လုချန်း၏ ညွှန်ကြားချက်များကို မရရှိသေး‌ပေ။ ထို့ကြောင့် ဂိုဏ်းချုပ်နှင့် အခြားသူများ ဘာ့အတွက်ကြောင့် ရုတ်တရက် ထရပ်လိုက်ကြသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ခဏအကြာတွင် ဂိုဏ်းချုပ် ကျိဟုန်ဝမ်က “နှစ်ထောင်ချီကြာအောင် မြူခိုးဒေသမှာ ပိတ်မိနေခဲ့ပြီးနောက် အပြင်ထွက်နိုင်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ ကျုပ်တစ်ခါမှ မတွေးထားခဲ့ဘူး။”

“ကောင်းကင်ဘုံမှာ မျက်စိရှိနေတာလား။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေက နောက်ဆုံးတော့ ပျောက်ကွယ်တော့မှာပဲ။”

ထိုအချိန်တွင် ကျိဟုန်ဝမ် အလွန်စိတ်လှုပ်ရှားနေပြီး မျက်ရည်များပင် ဝဲနေသည်။

All Chapters