ဆိုးသွမ်းသော ကလေးငယ်(2)
Vol. 20 Ch. 191
သူမ ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’၏ မျက်နှာကို ကြည့်ရင်းပြောသည်။
“ရှင့်ရဲ့ အခြေခံအချက်အလက်တွေကို အရင်ပြောလိုက်မယ်. ရှင်က ၁၉၈၀နောက်ပိုင်းမှာ မွေးတာပဲ၊ ဒီနှစ် အသက် ၃၃နှစ် ရှိပြီ။ ရှင့်ရဲ့ ဓာတ်ကြီးငါးပါးကို ကြည့်လိုက်ရင် ရေနဲ့သစ်သားပဲ။ ရှင့်မှာ သတ္ထုနဲ့ မီးဓာတ်လျော့နည်းတယ်။ အဲဒါက ရှင့်ရဲ့ မွေးဖွားရာနေရာနဲ့ ဖုန်းရွှေကြောင့်လည်း သက်ဆိုင်နေတယ်။ ရှင်က ပင်လယ်နားမှာ မွေးတာပဲ”
“ရှင် ငယ်ငယ်တည်းက နေထိုင်ကြီးပြင်းခဲ့တဲ့ နေရာနဲ့ မိသားစုက ရှင့်ကို ထက်မြက်ပြီး ကြင်နာတတ်စေတယ်၊ လွတ်လွတ်လပ်လပ် နေထိုင်တတ်တဲ့ လူတစ်ယောက်ဖြစ်လာစေတာပဲ။
ရှင်က အရမ်းကြီး အတိတ်မှာ တွေဝေပိတ်မိမနေဘူး။ တစ်ခါတစ်လေဆိုရင် ပေါ့ဆသလိုတောင် ဖြစ်တတ်တာက ရှင့်ရဲ့ အဓိက အားနည်းချက်ပဲ”
“ရှင့်ရဲ့ ရွေ့ပြောင်းခြင်းနန်းတော်က လွန်ခဲ့တဲ့ နှစ်၃၀အတွင်း ရှင့်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှု နှစ်ခုပဲ ရှိခဲ့တယ်။ တစ်ခုက အသက် ၁၇နှစ်မှာ၊ နောက်တစ်ခုက အသက် ၂၂နှစ်မှာပဲ။ အဲဒီပြောင်းလဲမှုကြောင့် ရှင်က မြောက်အရပ်ကို ပြောင်းရွေ့ခဲ့တယ်”
“ပထမအကြိမ်က ရှင် မွေးရပ်မြေမဟုတ်ဘဲ အခြားပြည်နယ်တစ်ခုက တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့လို့။ ဒုတိယအကြိမ်ကတော့ ရှင့်ရဲ့ ကောလိပ်ကျောင်းက ချစ်သူနဲ့ အိမ်ထောင်ကျပြီး သူ့ရဲ့ မွေးရပ်မြေကို ရွှေ့လာခဲ့လို့ပဲ။
အဲဒါက ရှင်အခု နေ,နေတဲ့ နေရာပဲ။ အဲဒီနောက်ပိုင်းတော့ ပြောင်းလဲမှု ကြီးကြီးမားမား မရှိတော့ပါဘူး”
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ က ခေါင်းကို ဆက်တိုက်ငြိမ့်သည်။
“ကျွန်မ တကယ် ဖူဂျီအန်းပင်လယ်စပ်မှာ မွေးခဲ့ပြီး ပင်လယ်ကို ကြည့်ရင်း ကြီးပြင်းခဲ့တာပါ..ကျွန်မက တက္ကသိုလ်မှာ ဆရာအတတ်သင်နဲ့ တရုတ်စာကို သေချာ ကြိုးစားပြီး လေ့လာခဲ့တာလေ။ တောင်ပိုင်းလေသံမပေါက်အောင်လို့ပေါ့။
နောက်မှ ခင်တဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မ ဘယ်နယ်ကလည်းဆိုတာ မှန်းတောင်မမှန်းနိုင်ဘူး၊ ကုတောက်ကျန့် ကျွန်မကို တစ်ချက် ကြည့်လိုက်ရုံနဲ့ အကုန်မှန်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အရမ်းမိုက်တာပဲ!”
ကုကျစ်စုန့် ဆက်ပြောသည်:
“ရှင့်ရဲ့ မိဘနှစ်ပါးလုံးက အသက်ရှိသေးတယ်။ ကျန်းလည်း ကျန်းမာပြီး ပြင်းထန်တဲ့ ရောဂါတွေ၊ ကပ်ဆိုးတွေ ဘာမှ မရှိဘူး။ သူတို့က မွေးရပ်မြေမှာပဲ နေခဲ့လို့ ရှင်နဲ့ ဝေးနေတာ။
ရှင်ရဲ့ မိဘနန်းတော်ကနေကြည့်ရမယ်ဆိုရင်တော့ အားလုံး ချောချောမွေ့မွေ့ပါပဲ”
“ရှင်က ဂျူနီယာအထက်တန်းကျောင်းဆရာတစ်ယောက်၊ ပြီးတော့ ခင်ပွန်းနဲ့လည်း နှစ်ပေါင်းများစွာ အိမ်ထောင်ရေး အဆင်ခဲ့ပြေတယ်
ရှင့်ရဲ့ ထိမ်းမြားခြင်းလမ်းကြောင်းနဲ့ ရှင့်ယောင်္ကျားရဲ့ နန်းတော်နေရာနဲ့ တွက်လိုက်မယ်ဆိုရင် ရှင်တို့က တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်တဲ့စုံတွဲပဲ။ ရိုးမြေကျ ပေါင်းဖက်ရမယ့် ဇာတာမျိုးပဲ”
“ရှင်ချီထားတာက ရှင့်ရဲ့သမီးလေး၊ အသက် ၂နှစ်လောက်ရှိပြီ၊ ပြီးတော့ ရှင့်မှာ ၉နှစ်အရွယ် သားတစ်ယောက်လည်း ရှိတယ်”
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’က အင်မတန် စိတ်လှုပ်ရှားကာ ကုကျစ်စုန့်စကားများ အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ဝါရင့်ပရိတ်သတ်များကတော့ သူမ၏ တုံ့ပြန်မှုအား ကြိုသိနေခဲ့ပြီးဖြစ်သည်။
[ကံကြမ္မာဟောတာက အခြေခံပဲ ရှိသေးတယ် ကျဲကျဲ၊ အရမ်းတွေ စိတ်လှုပ်ရှားမနေပါနဲ့ဦး။ လက်ထဲက ကလေးလေး လန့်ပြီး ထအော်လိမ့်ဦးမယ် ဟားဟား]
[သူမက တော်တော် ငယ်သေးပုံပေါ်တာပဲ။ အသက် ၂၀ကျော်လို့ပဲ ထင်ရတယ်၊ ဒါပေမဲ့ သူမက ဆရာမ၊ ပြီးတော့ ကလေးနှစ်ယောက်အမေ။ ဒါတင်မကဘူး၊ ဘဝကိုလည်း သေချာတွေးထားပြီး ဒီအခြေအနေထိတောင် ရောက်လာနိုင်တယ်၊ အရမ်း မိုက်တာပဲ]
[ဒီကျဲကျဲက အခုထိ အပြန်အလှန်ဆက်သွယ်တာ အရွေးခံရတဲ့ထဲမှာ ကံအကောင်းဆုံးလို့ ထင်တာပဲ၊ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်၊ မိဘတွေလည်း ကျန်းမာတယ်၊ ခင်ပွန်းသည်ကလည်း သူမရဲ့ ဖူးစာဖက်လို့ စုန့်စုန့်က ပြောတယ်။
ဒါက သာမန်ဆုတောင်းလို့ ထင်ရပေမယ့် အချို့လူတွေအတွက်ကတော့ တကယ့်ကို ဆုကြီးတစ်ခုပဲ]
[သူမက ဆရာမကိုး၊ ကလေးတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ သူတွေက စိတ်လည်း နုပျိုကြတယ်လေ]
“ကျွန်မမှာ ရှင့်သမီးလေးရဲ့ ဇာတာရှစ်လုံးမရှိပေမယ့် သူ့ရဲ့ ဝိဉာဉ်မီးတောက်က နည်းနည်းတော့ အားနည်းနေတယ်၊ ပြီးတော့ သူမရဲ့ ငယ်ထိပ်ကလည်း ကုသတာ နှေးလွန်းနေတယ်။ အဲဒါက အခုထိ ပြန်မပိတ်သေးဘူး”
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ အနည်းငယ် မျက်စိလည်သွားသည်။
“ကုတောက်ကျန့် ၊ ဒါက ဘာကို ပြောတာများလဲ?”
ကလေးငယ်တစ်ဦး မွေးဖွားလာချိန်တွင် သူတို့၏ ဦးခေါင်းခွံသည်က အပြည့်အဝမပိတ်သေးပေ။
အသက်အရွယ်ကြီးမှသာလျှင် အလုံးစုံပိတ်သွားခြင်းဖြစ်သည်။
လူဦးခေါင်းခွံတွင် ငယ်ထိပ်နှင့် နောက်စေ့ရှိသည်။
နောက်စေ့သည်က မွေးပြီး နှစ်လအရွယ်၌ အပြည့်အဝ ပိတ်သွားသည် ဖြစ်သော်လည်း ငယ်ထိပ်မှာတော့ အသက် ၁နှစ်၊ ၁နှစ်ခွဲအရွယ်ခန့်မှသာ အပြည့်အဝပိတ်လေ့ရှိသည်။ ထိုဦးခေါင်းခွံပိတ်ခြင်း နှောင့်နှေးပါက ကလေးငယ်သည်က ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနှင့် ကြီးထွားမှုနှင့် သက်ဆိုင်သည့် ရောဂါများပင် ဖြစ်တတ်သည်။
သဘာဝလွန်ရှုထောင့်မှ ကြည့်မည်ဆိုပါလျှင် မွေးကင်းစနှင့် ကလေးငယ်များသည် သာမန်လူများ မမြင်တွေ့နိုင်သည့် အရာများကို မြင်တွေ့နိုင်ခြင်းမှာ သူတို့၏ ငယ်ထိပ်သည် ဟ,နေသောကြောင့် ထိုအရာသည် ယင်၊ယန်မျက်လုံးအတုများနှင့် လုပ်ဆောင်ချက်တူနေသည်။
လူတော်တော်များများသည်ကား ငယ်ရွယ်စဉ်က သရဲတစ္ဆေများအား မြင်တွေ့နိုင်သော်လည်း အသက်ပြည့်၍ ငယ်ထိပ် လုံးဝ ပိတ်သွားချိန်တွင် ထိုအရာများကို အာရုံခံနိုင်စွမ်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’၏ သမီးငယ်သည် ထိုကဲ့သို့သော ကလေးငယ်ဖြစ်သည်။ သူမ အင်မတန် အထိမခံ ဖြစ်နေရခြင်းမှာ ငယ်ထိပ် အပြည့်အဝ မပိတ်သေးသောကြောင့်သာ ဖြစ်ပေသည်။
ကုကျစ်စုန့်မျက်လုံးများတွင် ကလေးငယ်ပုခုံးပေါ်မှ ဝိဉာဉ်မီးတောက်ငယ်လေး နှစ်ခုမှာ အနည်းငယ် အားနည်းနေသောကြောင့် သူမသည်က တစ်စုံတစ်ရာကြောင့် ကြောက်လန့်နေရခြင်းသာ ဖြစ်ချေလိမ့်မည်။
“ရှင့်ရဲ့ သမီးက ရုတ်တရက် ထငိုတာ, ထရယ်တာမျိုး ဖြစ်တတ်လား? အထူးသဖြင့် အခုနှစ်ရက်လောက် အတွင်းပေါ့”
ကုကျစ်စုန့် စကားဆုံးသည်နျင့် ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ခေါင်းငြိမ့်ကာ စိတ်ပူသည့် အသံဖြင့် ပြောလိုက်သည်။
“အမှန်ပါပဲ! ကျွန်မ အရင်ကတော့ သတိမထားမိဘူး၊ အခြားကလေးတွေနဲ့ ယှဉ်ရင် ယွမ်ယွမ်လေးက အနေအေးပြီး ထိန်းရလွယ်ပါတယ်၊
ဒါပေမဲ့ ပြီးခဲ့တဲ့ လဝက်လောက်တည်းက သူမက နေ့တိုင်း ငို,ငိုနေတာ၊ ယောက္ခမကြီးဆို ချော့လို့တောင် မနိုင်ဘူး”
“ခဏ ခဏလည်း ဖျားတယ်လေ၊ ကျွန်မ သူ့ကို ကလေးဆေးရုံခေါ်သွားပါသေးတယ်။ ဆရာဝန်က ကလေးက ရာသီအကူးအပြောင်း အားနည်းပြီး ကိုယ်ခံအားနည်းတာ ဖြစ်နိုင်တယ်လို့ ပြောလိုက်တာ”
ဆရာဝန်မှ သမီးငယ်၏ အခြေအနေသည် မစိုးရိမ်ကြောင်း ပြောလိုက်ပြီးနောက် ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ သမီးငယ်အတွက် စိတ်မကောင်းဖြစ်ရသော်လည်း အများကြီး မတွေးမိခဲ့ပေ။
သမီးငယ်လေး ငိုယိုနေခြင်းသည်က သဘာဝလွန်ကိစ္စနှင့် သက်ဆိုင်နေလိမ့်မည်ဟု မထင်မိခဲ့!
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’သည် ဂျူနီယာအထက်တန်းကျောင်းဆရာမတစ်ဦးဖြစ်သည်။ သူမသည်ကား ပထမ semတွင် အင်မတန် အလုပ်ရှုပ်နေခဲ့ပြီး ခင်ပွန်းသည်မှာလည်း ပရိုဂရမ်ရေးဆွဲသူတစ်ဦးဖြစ်သည်။
ရံဖန်ရံခါ အချိန်ပိုအလုပ်ဆင်းရခြင်းသည်က ပုံမှန်ဖြစ်သော်ကြောင့် သူမ ကလေးထိန်းတစ်ဦး ငှားရမ်းခဲ့သည့်အပြင် ယောက္ခမကိုပါ အကူအညီတောင်း၍ သမီးငယ်အား နေ့တွင် အပ်ထားခဲ့သည်။
သူမ တစ်ခုတွေးလိုက်မိပြီးနောက် ရှက်ရှက်ဖြင့် ပြောသည်။
“ကျွန်မ သားကြီးများလားလို့? ယွမ်ယွမ် အရင်တုန်းက အဲဒီလို အော်ငိုတုန်းကတော့ သားကြီးက ပုခက်နားမှာ နေပြီး ယွမ်ယွမ်ကို စတတ်တယ်။ အခုလည်း ယွမ်ယွမ်ကို သူထပ်စတယ်ထင်နေခဲ့တာ။ သားကို ဆူတောင် ဆူပြီး မှားစွပ်စွဲခဲ့မိသေးတယ်”
“ကုတောက်ကျန့် ယွမ်ယွမ်ကို တစ်ခုခုကများ ပြုစားထားတာလား ကြည့်ပေးပါဦး၊ အိမ်ရဲ့ ဖုန်းရွှေပြဿနာများလားဟင်?”
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ က ပြောပြီးသည်နှင့် မတ်တပ်ရပ်လိုက်ပြီးနောက် သမီးငယ်အား ချီကာ သူမအခန်းကို ဖုန်းဖြင့် လှည့်ပတ်ရိုက်ပြပြီး ယွမ်ယွမ်၏ အိပ်ရာလေးအားလည်း သေချာ ရိုက်ပြလိုက်သည်။
ကုကျစ်စုန့် ပြင်ဆင်ရန်လိုအပ်သည့် နေရာများအား ထောက်ပြလိုက်ပြီးနောက် ဆက်ပြောသည်။
“ဖုန်းရွှေအလှဆင်တွေမှာတော့ ဘာမှ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ နေရာလည်း အဆင်ပြေပါတယ်။ အဲဒါက ယွမ်ယွမ်ရဲ့ပြဿနာနဲ့ ဘာမှ မဆိုင်ပါဘူး”
သူမ ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“အခြား ဆွေမျိုးနီးစပ်တွေမှာ ရှင့်သမီးကို ထိခိုက်စေရတဲ့ အရာတစ်ခုခု သက်ရောက်နေလိမ့်မယ်”
ထိုစကားအား ကြားရပြီးနောက် ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ ပူပန်သွားသည်။
မိသားစုလေးယောက်မှ လွဲ၍ ဤအိမ်တွင် ရေရှည်ကြာမြင့်စွာ နေထိုင်သူမရှိပေ။ ယောက္ခမဖြစ်သူသည် တစ်ခါတစ်ရံသာ အလည်လာတတ်ပြီး ကလေးထိန်း ယောက်မသည်လည်း အလုပ်ဆင်းချိန်တွင် အိမ်တန်းပြန်သူဖြစ်သည်။
ခင်ပွန်းသည်နှင့် သားဖြစ်သူတို့တွင် တစ်ခုခု ဖြစ်ပျက်ထားသည်လော?
သူမ ဖုန်းကို ကောက်ယူကာ ခင်ပွန်းသည်ထံသို့ ဖုန်းဆက်၍ ခွင့်ယူပြီး အိမ်သို့ အမြန်ပြန်လာရန် ပြောလိုက်သည်။ ထို့နောက် တုန်တုန်ရီရီဖြင့်:
“ကျွန်မရဲ့ မျောက်ကလေးက အိပ်နေတုန်းပဲ၊ အခု သူ့ကို သွားခေါ်လိုက်ပါမယ်!”
စကားဆုံးသည်နှင့် ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ ယွမ်ယွမ်အား ဆိုဖာပေါ်တင်ထားခဲ့ပြီးနောက် သားဖြစ်သူ၏ အခန်းသို့သွားကာ တံခါးခေါက်လိုက်သည်။
အချိန်အကြာကြီးတံခါးခေါက်နေခဲ့ပြီးနောက် အထဲမှ တံခါးဖွင့်ပေးလာသည်။ ရှုပ်ပွနေသော ဆံပင်ဖြင့် ကလေးငယ်လေးတစ်ဦးက မျက်လုံးများကို ပွတ်ကာ ထွက်လာခဲ့သည်။
သူ ပထမဆုံးပြောသည့် စကားမှာ :
“မေမေ သားဗိုက်ဆာတယ်”
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’က သားဖြစ်သူ၏ ခေါင်းကို အသာပုတ်လိုက်ရင်း ပြောသည်။
“အရင်ဆုံး ဒီကိုလာပြီး ကျဲကျဲတစ်ယောက်ကို ကြည့်ခိုင်းလိုက်ပါဦး၊ ပြီးရင် မေမေ မနက်စာ ပြန်နွှေးပေးမယ်”
ကလေးငယ် ခေါင်းကို ရမ်းကာ အော်ဟစ်လိုက်သည်။
“သား ဗိုက်ဆာတယ်၊ အခု စားမှကို ရမှာ၊ မေမေ သားဗိုက်ဆာတယ်”
“ဘာလို့ ဆိုးနေရတာလဲ? ခဏထိုင်ပါဦး။ ပြီးရင် မေမေ...”
“မရဘူး မရဘူး မရဘူး။ အခု! အခုစားချင်တာ! ဝူး သားဗိုက်ဆာတယ်!!”
ကလေးငယ်က မိခင်၏လက်ထဲမှ ရုန်းထွက်ကာ မြေပေါ်သို့ တစ်ဝက်ထိုင်ချလိုက်ရင်း ဝက်ဝံတစ်ကောင်ကဲ့သို့ပင် ဒေါသတကြီး အော်ဟစ်နေခဲ့သော်လည်း အော်သံတွင် ငိုသံပါ စွက်နေခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ရော၊ ကြည့်ရှုသူများပါ တစ်ခုခု မူမမှန်ကြောင်း ခံစားလိုက်ရသည်။
သားဖြစ်သူသည်က အနည်းငယ် ဆိုးကာ ဆော့တတ်သော်လည်း ဤမျှ ဆူညံတတ်သည့် ကလေးမဟုတ်။
[ဒီကလေးက ဗိုက်ဆာနေတာပဲ၊ ဒါပေမယ့် ဒီလိုမျိုးလုပ်နေတာကတော့ ပုံမှန်မဟုတ်သေးပါဘူး]
ထိုအချိန်တွင် ဆိုဖာပေါ်တွင် ထိုင်နေသည့် သမီးငယ်ယွမ်ယွမ်ကလည်း အစ်ကိုဖြစ်သူ၏ ဆူညံသံကြောင့် ထိတ်လန့်ကာ နှုတ်ခမ်းလေးများ မဲ့၍ အော်ဟစ်ငိုယိုတော့သည်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ စိတ်ဖိစီးနေသည့်အချိန်တွင် ကုကျစ်စုန့် ရုတ်တရက် ပြောလိုက်သည်။
“ရှာစရာမလိုတော့ဘူး၊ ပြဿနာက သားကြီးပဲ”
သူမ၏ မှေးစင်းထားသော မျက်လုံးများက ကလေးငယ်အား မျက်နှာပြင်မှ တစ်ဆင့် စိုက်ကြည့်နေခဲ့သည်။
ဖောက်ထွင်းမြင်ရလုနီးနီး လူရိပ်တစ်ခုမီာ တံခါးပေါက်ဘေးတွင် ရပ်နေခဲ့ကာ ‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’နှင့် လက်တစ်ကမ်းအကွာတွင်သာ ရှိနေခဲ့သည်။
ကုကျစ်စုန့်:
“ရှင့်ရဲ့ သားကြီးဘေးမှာ သရဲတစ်ကောင်ရှိနေတယ်”
‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’: “?!!!”
ကြည့်ရှုသူများ: “?!!!”
သရဲရှိနေကြောင်းကို မသိခင်က ကိစ္စမရှိသော်လည်း သိလိုက်ရပြီးချိန်တွင်တော့ ကြောက်လန့်လွန်းသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။