← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

သူမ ထိတ်လန့်တကြား လှည့်ပတ်ကြည့်လိုက်မိသည်။

“ကုတောက်ကျန့်.. အဲ အဲဒီ သရဲက ဒီ.. ဒီအခန်းထဲမှာလို့ ထင်လားဟင်….!?”

ကုကျစ်စုန့် မငြင်းဆန်ခဲ့ချေ။

“ရှင်ထင်ထားတာထက်ကို ပိုပြီး နီးတယ်”

ထိုစကားအား ကြားရပြီးနောက် သူမ အသက်ရှုကြပ်သကဲ့သို့ ဖြစ်လာကာ ခြေထောက်တွေပင် မခိုင်တော့။ ကြမ်းပေါ်သို့ ပုံလဲကျမတတ်ဖြစ်သွားရသည်။

သို့သော် သူမ၏ အိမ်တွင် ကလေးငယ်နှစ်ဦးရှိနေသေးသည်အား သတိရလိုက်သည်။ ထို့အတူ သူမနှင့် ဗီဒီယိုကောမှပြောနေသူမှာ ကုတောက်ကျန့်ဖြစ်ကြောင်းကို အမှတ်ရလိုက်ပြီးနောက် ကြောက်စိတ်အနည်းငယ် ပြေသွားသည်။

ထို့ကြောင့်  အံကို တင်းတင်းကြိတ်ပြီးနောက် သတ္တိရှိရှိပြောလိုက်သည်။

“အဲဒါက ကျွန်မသားကို ဘာလုပ်နေတာလဲ?”

ကုကျစ်စုန့်က တစ်ဖက်မှ လက်များကို ဆက်တိုက်ဝှေ့ရမ်းပြနေသော သရဲအား ကြည့်လိုက်ရင်း စိတ်အေးစွာ ပြောသည်။

“ရှင် အရမ်းကြီးတော့ စိတ်ပူစရာမရှိပါဘူး၊ အဲဒါက ဘယ်သူ့ကိုမှ ထိခိုက်စေလိုစိတ်မရှိနိုင်ဘူး၊ သူက ရှင့်သားကို နှောင့်ယှက်ဖို့ရော အန္တရာယ်ပြုဖို့ပါ မရည်ရွယ်ဘူး…”

“ပြောရရင် ရှင့်ရဲ့သားက သူ့ကို အရင် ရန်သွားစတာဖြစ်ရမယ်”

သူမ၏ အသံကို ကြားရပြီးနောက် မီးခိုးရောင်တစ္ဆေသည် အင်မတန် စိတ်လှုပ်ရှားသွားပုံပေါ်သည်။

သူက ဖုန်းမျက်နှာပြင်နားအထိ ပျံဝဲလာပြီးနောက် မျက်နှာကို ကင်မရာနှင့် ကပ်ထားကာ စိတ်လှုပ်ရှားမှုကြောင့် တွန့်လိမ်နေခဲ့သည်။

“ဒါက စုန့်စုန့်မလားဟင်? အခုက ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အဖွဲ့ရဲ့ရိုက်ကူးရေးအစီအစဉ်လား?!! စုန့်စုန့်ရေ ငါက မင်းရဲ့ သစ္စာရှိပရိသတ်ပါ!! ငါ တီဗီမှာ ပါနေတာလား? မြေအောက်ကမ္ဘာက သူငယ်ချင်းတွေရော ငါ့ကို မြင်နေရလား?!”

ထို့နောက် သူ ခေါင်းကို ငြိမ့်ကာ ဆက်ပြောသည်။

“ငါ တကယ်လည်း ဒီကလေးကို ဘာမှ မလုပ်ခဲ့ဘူး။  ဒီကလေး ဘယ်လောက်တောင် နှလုံးသားမဲ့တဲ့ လုပ်ရပ်ကို လုပ်ခဲ့လဲဆိုတာ မင်းတို့က သိမှာမဟုတ်ပါဘူး။ ငါက သူ့ကို ကူတောင် ကူညီပေးခဲ့တာကို!”

ကြည့်ရသည့်အတိုင်းဆိုရလျှင် သရဲ၏ မျက်နှာသည်က ကင်မရာနှင့် အင်မတန် ကပ်နေခဲ့သည်။ သူသည်ကား မျက်နှာမှ မုတ်ဆိတ်များ မရိတ်မသင်ထားသော အဘိုးကြီးတစ်ယောက်နှင့် တူကာ သားရေဂျာကင်နှင့် ဘောင်းဘီပွပွဝတ်ဆင်ထားခဲ့သည်။

သူ၏ အသွင်အပြင်အရ သူသည် ဘဝကောင်းကောင်းတွင် နေထိုင်ခဲ့ရပုံမပေါ်ပေ။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ ရော ကြည့်ရှုသူများပါ သူ့အသံအား မကြားနိုင်သော်လည်း သရဲတစ်ကောင်နှင့် အင်မတန် နီးစပ်နေသောကြောင့် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ ဖုန်းနှင့် အင်တာနက်ကိုပါ သက်ရောက်မှု ရှိနေခဲ့သည်။

သူ့၏ပုံစံအရ ဖုန်းထဲသို့ ဝင်၍ ကွန်ယက်ကြိုးများတစ်လျှောက်လိုက်ကာ ကုကျစ်စုန့်အား ရှာဖွေချင်ဟန်ပင်။

တစ်ဖက်တွင်တော့  ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’နဲ့ ပရိသတ်များ၏ ရှေ့တွင် မြင်နေရသည့်ပုံမှာ နားမလည်နိုင်သော လှုပ်ရှားမှုများ ဖြစ်ပေါ်ကာ ဆူညံသံများပင် ထွက်ပေါ်နေခဲ့သည်။

[နေပါဦး၊ ဖုန်းစခရင်ကြီး လှုပ်သွားတာလား? သရဲရှိတယ်ဟေ့ ကိုယ့်လူတို့!]

[ခုနကဟာကို record ယူထားလိုက်ကြလား? ငါ ဖုန်းစခရင်ရဲ့ တစ်နေရာမှာ မီးခိုးရောင်အရိပ်ကြီး မြင်လိုက်ရတယ်၊ ကယ်ပါဦး ဒါကြီးက မလန်းလွန်းဘူးလား?]

[ငါကတော့ စောင်ခြုံအောက်မှာ ဘုရားစာ ရွတ်နေတာ။ Namo Amitabha (နမောတဿ) မကောင်းဆိုးဝါးတွေ ရှောင်စေ၊ ရှားစေ၊ ပြန်ကြဟေ့!]

ထိုအချိန်တွင် ပင်ကိုယ်က ရှိုက်ငိုနေသော ယွမ်ယွမ်လေးမှာ သရဲအိုကြီးအား မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးလေးများပင် ပြူးကျယ်ကာ အကျယ်ကြီး အော်ငိုတော့သည်။

ထို့နောက်  သရဲအိုကြီး ရှိသည့်ဘက်အား လက်ညိုးထိုးကာ မိခင်ကို တကြော်ကြော် အော်ခေါ်နေခဲ့ရှာသည်။

သူမ၏လုပ်ရပ်ကြောင့် ကြည့်ရှုသူများက ပို၍ပင် အုံကြွသွားတော့သည်။ ကြည့်ရှုနေသူ တော်တော်များများကတော့ မျက်နှာပြင်ရှေ့တွင် သရဲတစ်ကောင်ရှိနေသည်ဟု ယုံကြည်ကြသည်။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’က သမီးငယ်အား ရင်ခွင်ထဲတွင် တင်းတင်းပွေ့ကာ သမီးငယ်လက်ညိုးထိုးပြရာ အရပ်သို့ ကြည့်လိုက်သည်။

၎င်းသည်ကားသူမ၏ မိုဘိုင်းဖုန်းရှိနေရာပင်ဖြစ်သည်။ သူမ ခေါင်းကြီးသွားကာ တုန်ရီနေခဲ့ပြီး မျက်ရည်မကျသော်လည်း ငိုတော့မတတ်ဖြစ်နေရှာသည်။

“ဒီ… သူ့ကို ဘယ်လို ခေါ်ရမလဲ? ကျွန်မ သားလေးက ရှင့်အပေါ်မှာ အပြစ်တစ်ခုခုကျူးလွန်ခဲ့တယ်ဆိုရင် အမေတစ်ယောက် အနေနဲ့ ကျွန်မ သူ့အစားတောင်းပန်ပါတယ်ရှင်။ သားလေးကို အရမ်း မကောင်းမမြင်ပါနဲ့နော်….”

ကံကောင်းစွာပင် ခင်ပွန်းသည်၏ အလုပ်နေရာသည် အိမ်နှင့် မဝေးလှချေ။  ဇနီးသည်ထံမှ ဖုန်းရပြီးသည်နှင့် ချက်ချင်းခွင့်ယူကာ ပြန်လာခဲ့သည်။

သူ အိမ်တံခါးဖွင့်လိုက်သည်နှင့် တစ်အိမ်လုံး ဖြစ်ပျက်နေသည့် အရှုပ်တော်ပုံအား မြင်တွေ့လိုက်ရသည်။

ကလေးနှစ်ဦးသည်က တစ်ယောက်နှင့် တစ်ယောက် အပြိုင် ငိုယိုနေကြပြီး ဇနီးသည်မှာလည်း မျက်လုံးများ နီရဲနေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သော ဇနီး၏ ဖုန်းကို ကြည့်လိုက်ရင်း သူ သားဖြစ်သူကို ကောက်၍ ပွေ့ချီလိုက်သည်။

“ဘာတွေ ဖြစ်နေတာတုန်း?”

ဇနီးသည်လည်း ကြောက်လန့်မနေနိုင်တော့။ ပြဿနာအား အစအဆုံး ပြန်လည်ရှင်းပြလိုက်သည်။

တစ်ဖက်လူသည်ကား သရဲ၊တစ္ဆေများအား အယုံအကြည်ရှိသူမဟုတ်သော်လည်း အိမ်ထဲတွင် သရဲတစ်ကောင်ရှိနေသည်ဟု ကြားရပြီးနောက် ကြက်သီးမထဘဲ မနေနိုင်ခဲ့။

ကုကျစစ်၏ပြောစကားများအား ယုံကြည်ရန် ခက်ခဲနေသော်လည်း ထိတ်လန့်နေသော ဇနီး၊ သမီးနှင့် ဗိုက်ဆာသည်ဟု အော်ဟစ်ငိုယိုနေသော သားဖြစ်သူအား ကြည့်ကာ  မေးလိုက်မိသည်။

“ကုတောက်ကျန့်၊ ကျွန်တော့်သားက ဘာဖြစ်တာများလဲ…?”

မိသားစုများ ဆူပွက်နေချိန်တွင် ဖုန်းရှေ့မှ သရဲအိုကြီးကတော့ သူဖြစ်ပျက်ခဲ့သမျှ၊ ကောင်လေးအား မကျေနပ်သမျှအား ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးဖြစ်သည်။

ကုကျစ်စုန့်သည်လည်း ယခုအဖြစ်အပျက်၏ အကြောင်းရင်းအား စစ်ဆေးစရာပင်မလိုအပ်ဘဲ သိရှိရပြီးဖြစ်သည်။

“ရှင့်တို့သားကြီးက မနေ့က ညဆယ်နာရီလောက်တုန်းက ဘယ်မှာ ရှိနေခဲ့တာလဲ?”

“မနေ့ညက?”

ခင်ပွန်းဖြစ်သူ ခေတ္တမျှ တွေဝေသွားသည်။

“ကျွန်တော်တို့ ညစာစားပြီး အိမ်ပြန်လာတဲ့ အချိန်ပဲ”

ယမန်နေ့ညက ၈နာရီအထိ အချိန်ပိုဆင်းကာ အိမ်ပြန်ရောက်လာခဲ့သည်။ သူတို့က ညနေပိုင်းက စားပြီးသော်လည်း နောက်တစ်ဖန်ဆာလောင်နေပြီ ဖြစ်သောကြောင့် ညစာစားချင်ခဲ့သည်။

ဇနီးသည်မှာ သမီးလေးအား ချော့မြူနေရသောကြောင့် အပြင်ထွက်ချင်လိုစိတ်မရှိခဲ့ပေ။ ထို့ကြောင့် သူလည်း သားကြီး၏ လက်ကိုဆွဲကာ အသားကင်စားရန် အပြင်ထွက်ခဲ့ကြသည်။

“အပြန်လမ်းမှာ ဘာတွေ တွေ့ခဲ့ရသလဲဆိုတာကို ပြန်ပြောပေးပါဦး”

ခင်ပွန်းဖြစ်သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ခုခုအား သတိရသွားဟန်ပေါ်သည်။

ယမန်နေ့ည ညစာစားပြီး၍ ငွေရှင်းပြီးချိန်တွင် အချိန်လင့်နေပြီဖြစ်သည်။ သူနှင့် သားဖြစ်သူ နှစ်ဦးသာ အသားကင်ဆိုင်မှ အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ကြသည်။

နေထိုင်သည့် အိမ်ရာအနီးသို့ ရောက်ချိန်တွင် တစ်ခုခု မီးလောင်နေသည့် မီးခိုးနံ့တစ်ခု ရလိုက်သည်။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် လမ်းဘေးမြေကြီးပေါ်တွင် စက်ဝိုင်းငယ်များ ရေးဆွဲထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုစက်ဝိုင်းများအတွင်း၌ မီးစအနည်းငယ်ကျန်နေသေးသော မီးလောင်ပြာများ ရှိနေခဲ့သည်။

အစကတော့ ထိုစက်ဝိုင်းလေးများအား အမှတ်မရ။ သို့သော် ဗိုက်ပြည့်နေသည့် သားဖြစ်သူသည် စက်ဝိုင်းများ တစ်ခုမှ တစ်ခုသို့ ခုန်လွှားဆော့ကစားနေကာ မီးတောက်လေးများကို နင်းမိပြီး အထဲမှ ပြာများပင် စက်ဝိုင်းအပြင်သို့ ဖိတ်စင်ထွက်ကုန်တော့သည်။

ရုတ်တရက် ထိုစက်ဝိုင်းများအကြောင်းကို သတိရလိုက်ပြီးနောက် သူလည်း သားဖြစ်သူအား ချက်ချင်းရပ်ရန် အော်ဟစ်လိုက်သည်။

ထိုစက်ဝိုင်းများသည်ကား ချင်းမင်ပွဲတော်တွင် ငွေစက္ကူမီးရှို့ရန်အတွက် လမ်းဆုံလမ်းခွများတွင် ရေးဆွဲကြသည့် စက်ဝိုင်းများ မဟုတ်ပါလော?

ယနေ့သည်က ချင်းမင်ပွဲတော်ရက်လည်း မဟုတ်တာကြောင့် သူအတွေးရခက်နေခဲ့သည်။

သူက မြို့ထဲတွင် မီးရှို့ခြင်းကို တားမြစ်ထားကြောင်း တွေးမိလိုက်ပြီး မည်သို့သောလူကများ အိမ်ရာ၏ အဝင်ဂိတ်တံခါးဝတွင် ညလယ်ခေါင် ငွေစက္ကူမီးရှို့ရဲသနည်းဟု တွေးမိပြန်သည်?

မဟုတ်မှလွဲရော?!

သူ၏ သံသယများအား ကုကျစ်စုန့်က အတည်ပြုပေးလိုက်ပြီးနောက် အကြောင်းရင်းကို ရှင်းပြလိုက်သည်။

နယ်ခံမဟုတ်သည့် မိသားစုတစ်ခုက အိမ်ရာထဲတွင် နေထိုင်နေခြင်းဖြစ်နိုင်သည်။

သူတို့၏ ရိုးရာမှာ နှစ်စဉ်နှစ်တိုင်း‌ ဆွေမျိုးတစ်ဦး၏ နှစ်ပတ်လည်နေ့တွင် သင်္ချိုင်းဂူသို့ သွားရောက်ဂါရဝမပြုနိင်ပါက လမ်းဘေးတွင် စက္ကူမီးရှို့နိုင်သည်။

ထိုမှသာလျှင် ဆွေမျိုးသားချင်းများသည်က ကုသိုလ်ဒါနရရှိနိုင်မည်ဖြစ်သည်။

တစ်ခုခု ဖြစ်ပျက်ခဲ့ပါက၊ သို့မဟုတ် ဘိုးဘေးများ၏ ကောင်းချီးအား လိုအပ်ပါက စက္ကူမီးရှို့ကာ ထိုနည်းအတိုင်း ကုသိုလ်ဒါနပြုနိုင်သည်။

ယမန်နေ့က ထိုမိသားစု၏ ဘိုးဘေးတစ်ဦး၏ နှစ်ပတ်လည်ရက်ဖြစ်သည်။

သူတို့၏မိသားစု စီးပွားရေးအကျပ်အတည်းဆိုက်ကာ အဆင်မပြေဖြစ်နေခဲ့သည်။ ထို့ကြောင့် မိသားစုဝင်များသည်ကား ငွေစက္ကူများ ပြင်ဆင်ကာ လမ်းဆုံတွင် မီးရှို့ခဲ့ကြခြင်းပင်။

ထိုသို့ မီးရှို့နေစဉ်အတွင်း စက်ဝိုင်းငယ်များ ထပ်မံရေးဆွဲကာ မိသားစုတွင်းမှ ကွယ်လွန်ခဲ့ပြီးသော ဘိုးဘေးများကို နာမည်ခေါ်၍ သူတို့မိသားစုအား လုံခြုံရေးနှင့် စီးပွားရေးအောင်မြင်စေရန် ကောင်းချီးများ တောင်းဆိုခဲ့ကြသည်။

ဤသရဲအိုကြီးသည်လည်း မိသားစု၏ ဆွေမျိုးသားချင်းများမှ တစ်ဦးဖြစ်သည်။

သူသည်ကား တိုက်ရိုက်ဆွေမျိုးတော်စပ်ခြင်းမဟုတ်ဘဲ မိသားစုအခွဲတစ်ခုမှ ဦးလေးဖြစ်ပေသည်။

သရဲအိုကြီးမှာ အသက်ရှိစဉ်ကလည်း သားသမီးမရှိခဲ့ပေ။ ထို့ကြောင့် မိသားစုထဲမှ တူတစ်ယောက်အား အင်မတန် ချစ်ခင်ကြင်နာခဲ့သည်။ သားတစ်ယောက်ကဲ့သို့ပင် ဂရုစိုက်ကာ သူ့အား အကူအညီများစွာ ပေးခဲ့သည်။

သူ ကွယ်လွန်ချိန်တွင်လည်း တူဖြစ်သူအတွက် ပိုင်ဆိုင်မှုအနည်းငယ် ချန်ထားရစ်ခဲ့သေးသည်။

သူ နောက်ဆုံးအကြိမ် မျက်လုံးများ မပိတ်ခင် တူဖြစ်သူက အိပ်ရာဘေးတွင်ထိုင်ကာ  ဦးလေးဖြစ်သူအား အဖေအဖြစ် သဘောထားကြောင်း အကြိမ်ကြိမ်ကတိပေးနေခဲ့သည်။

နောင်အနာဂတ်တွင် နှစ်ပတ်လည်နှင့် ပွဲတော်နေ့တိုင်း ဦးလေးအတွက် ငွေစက္ကူများ မီးရှို့ပေးမည်ဖြစ်ကြောင်း၊ မြေအောက်ကမ္ဘာတွင် သက်တောင့်သက်သာ နေရမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။

အမှတ်ရစရာကောင်းသည့် အချိန်များပင်။

ကံမကောင်းစွာပင် သူသေဆုံးပြီးနောက် ၂နှစ်ပင်မပြည့်လိုက်၊ ထိုကောင်လေးသည်က သူ့အကြောင်းကို လုံးဝမေ့လျော့သွားခဲ့သည်။

သူ့မိဘများ၏ သင်္ချိုင်းကိုတော့ ပိတ်ရက်များတွင် ဝီရိယရှိရှိ လာရောက်ကန်တော့သော်လည်း ဦးလေးဖြစ်သူ၏ နှစ်ပတ်လည် ရက်ကိုလည်း အမှတ်မရ၊ အမှတ်ရပါကလည်း ငွေစက္ကူမီးရှို့ခြင်းမရှိခဲ့ပေ။

ဤတစ်ကြိမ်တွင်တော့ သူသည်က စီးပွားရေးတွင် ကံဆိုးနေခဲ့သည်။

ဘုရားသခင်၊ ဗုဒ္ဓများ၊ ဘိုးဘေးများအား လှည့်ပတ်ဆုတောင်းနေခဲ့သည်။ သူ၏ မိဘများနှင့် ဘိုးဘေးများအား ဆုတောင်းနေစဉ် ဦးလေးဖြစ်သူအား ရုတ်တရက် သတိရသွားသည်။

ပြန်လည်မဝင်စားနိုင်သေးသော သရဲအိုကြီးနှင့် ဆွေမျိုးတစ်အုပ်မှာ မသိတတ်သည့် တူတော်မောင်၏ ဆင့်ခေါ်ခံလိုက်ရချိန်တွင် သူတို့အတွက် ကုသိုလ်ဒါန အနည်းငယ်သာရရှိပြီး ကျန်သည့်လူများကတော့ တဝတပြဲ စားသောက်နေခဲ့ကြသည်။

နောက်မကြာလိုက်၊ မည်သည့်နေရာက လာမှန်းမသိသည့် ကလေးဆိုးတစ်ယောက်က သူတို့စက်ဝိုင်းများအတွင်း ရယ်ရယ်မောမော တက်နင်းခုန်ပေါက်နေခဲ့သည်။

ထိုစက်ဝိုင်းများသည်ကား သေဆုံးသူ၏ သင်္ချိုင်းတံခါးဝနှင့် အလားတူဖြစ်သည်။ ယင်နှင့် ယန်အား ဆက်သွယ်ပေးထားသော တူးမြောင်းများဖြစ်သည်။

ထိုပေါ်သို့ တက်နင်းမိပါက မတော်တဆ အနည်းငယ်ဆိုပါလျှင် သရဲမှ အငြိုးထားမည်မဟုတ်ပေ။

သို့သော် ထိုကလေးကတော့ အပေါ်၊အောက် ခုန်ပေါက်နေကာ စက်ဝိုင်းတွေမှ ပြာများပင် လွင့်စင်သွားစေခဲ့သည်။ ထိုကလေးက သူတို့၏ သင်္ချိုင်းတံခါးဝပေါ်သို့ တက်ခုန်နေသည်မဟုတ်ပါလော။

*

All Chapters