ဆိုးသွမ်းသောကလေးငယ်(3)
Vol. 20 Ch. 193
ကလေးကတော့ စက်ဝိုင်းသည်က မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်းမသိခဲ့၊ ပျော်စရာကောင်းသည်ဟုသာ ထင်ခဲ့သည်။
သူ ပို၍ မသိခဲ့သော အရာတစ်ခုမှာ သူ့အနီးတွင် မှုန်ကုတ်နေသော မျက်နှာများဖြင့် သရဲအိုကြီး ၄၊၅ကောင် ပျံဝဲကာ သူ့အား ကြည့်နေခြင်းပင်။
ဒေါသထွက်နေသော သရဲအိုတစ်ဦးက ကလေးငယ်အား သင်ခန်းစာပေးသည့်အနေဖြင့် ပြင်းပြင်းထန်ထန် ဖျားနာစေခြင်း၊ သို့မဟုတ် အမြင့်တစ်နေရာမှ ပြုတ်ကျအောင် လုပ်စေချင်သည်။
ထို့ကြောင့် ဦးလေးဖြစ်သူကသာ သူ့ကို ချော့ကာ ဖြောင်းဖြလိုက်ရသည်။
‘ထားလိုက်ပါ၊ ဒီသခွားမွှေးသာသာ ခေါင်းနဲ့ ကောင်လေးက ဘာသိမှာတုန်း၊ သူနဲ့ ငြင်းမနေနဲ့တော့’
မြေအောက်ကမ္ဘာသို့ ပြန်ရတော့မည်ဖြစ်သော်လည်း ပြန်တွေးကြည့်လျှင် သူသည်က သက်ရှိကမ္ဘာသို့ အလာကြီးလာရပြီးနောက် စားသောက်ခဲ့ရသည့် ရလဒ်ကတော့ လက်သည်းခွံခန့်သာရှိသည် ကုသိုလ်သာလျှင်ဖြစ်ခဲ့သည်။
သူ ဗိုက်ဆာသည်၊ ဒေါသထွက်ရသည်။
ထို့ကြောင့် ကောင်လေးအား ဦးတည်လိုက်ရင်း သူနှင့်အတူ အိမ်ပြန်ကာ ကောင်လေး၏ ခန္ဓာကိုယ်အား ခေတ္တငှားရမ်းကာ တစ်ခုခု စားသောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ့အား ဒုက္ခရောက်မည့်ဘေးမှ ကယ်တင်ခဲ့သော်ကြောင့် ကျေးဇူးတင်သည့်အနေဖြင့် အစားအသောက် အနည်းငယ် စားခြင်းမှာ လွန်သည်ဟုမထင်ပါချေ။
သူ မမျှော်လင့်ထားသည်မှာ တိုက်တိုက်ဆိုင်ဆိုင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ဆုံနေလိမ့်မည်ဟုပင်။
သရဲအိုကြီးကတော့ သူ့အတွက် တရားမျှတမှုအကြောင်း ပြောဆိုနေခဲ့သည်။
“ငါက တရားဥပဒေမှာ ခွင့်ပြုမထားတာဆို ဘာမှမလုပ်နိုင်တဲ့ သရဲကောင်းပါ၊ ဒီကလေးကို ဆံချည်မျှင်တောင် ထိခိုက်အောင် မလုပ်ခဲ့ပါဘူး၊ ဒီတိုင်းပဲ အစားစားချင်တာပါ။ ငါ့ကို မမျှမတ မစွပ်စွဲကြပါနဲ့!!”
ကုကျစ်စုန့်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် လင်မယားနှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ရပြီး ရုတ်တရက် သတိရသွားသည်။
“မနေ့က ညလယ်ခေါင်ကြီးမှာ မီးဖိုထဲက ဆူသံကြားလို့ သူခိုးဝင်တယ်ဆိုပြီး ထင်နေခဲ့တာ”
“ကျွန်မလည်း အဲဒီရောက်ရော သားကြီးဖြစ်နေခဲ့တယ်၊ သူက ရေခဲသတ္တာကိုဖွင့်ပြီး အဲဒီထဲက ကြက်ကင်တွေစားပြီး သူ့အဖေရဲ့ ဘီယာတွေကိုလည်း ယူသောက်နေတာလေ!
ကျွန်မလည်း စိတ်တိုလွန်းလို့ သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ သောက်တတ်၊စားတတ်ဆိုပြီး ရိုက်ထားတာ..”
ယခုတော့ အဖြစ်မှမ်မှာ သားဖြစ်သူအား ဝင်ပူးထားသည့် သရဲအိုကြီး တိတ်တဆိတ် စားသောက်နေခြင်းပင်။
သားကြီးက ညအစောပိုင်းကမှ စားသောက်ထားပြီး ညလယ်ပိုင်းတွင် ဗိုက်ဆာနေကြောင်းလည်း ပြောခဲ့သေးသည်။
ကုကျစ်စုန့်ထံမှ အတည်ပြုစကား ကြားရပြီးနောက် ဤသရဲအိုကြီးထံတွင် မကောင်းသော စိတ်ဆန္ဒမရှိသည်မှာ သေချာသွားပြီဖြစ်သည်။
ကလေးငယ်အား ဝင်ပူးသည့်အချိန်တွင်လည်း သူ၏ ယင်စွမ်းအင်အား အပြည့်အဝ သိမ်းဆည်းထားသည်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’တို့ စုံတွဲလည်း သရဲအိုကြီးအား မကြောက်ကြတော့။
ထိုသရဲအိုကြီးက စိတ်ဝင်စားစရာကောင်းသည်ဟုပင် တွေးမိကြသည်။
စုံတွဲနှစ်ဦးလည်း ရေခဲသေတ္တာထဲတွင် ရှိသမျှ စားစရာသောက်စရာများအား ထုတ်လာခဲ့သည့်အပြင် အပြင်မှပင် မှာပေးလိုက်သည်။
ထို့နောက် သရဲအိုကြီး၏လက်ထဲသို့ တူပင် ထည့်ပေးလိုက်သေးသည်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’မှ စကားဆိုသည်။
“ဦးလေး၊ ကျွန်မရဲ့သားက အဲဒီစက်ဝိုင်းလေးတွေ ဘာဆိုတာကို မသိပါဘူး၊ သူက တမင်လည်း လုပ်တာ မဟုတ်လောက်ပါဘူး၊
သူ့အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် တားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ဦးလေးအတွက်လည်း ငွေစက္ကူမီးရှို့ပြီး ကုသိုလ်လည်း လုပ်ပေးပါမယ်၊ ဒါက ကျွန်မတို့ဘက်က မှားတာပါ၊ ဒါကို ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ”
သရဲအိုကြီးကလည်း သူသည်က ယနေ့ညတွင် မြေအောက်ကမ္ဘာသို့ ပြန်ရန် ဆုံးဖြတ်ထားကြောင်း၊ ကလေးငယ်အနီးတွင် အကြာကြီးနေရန် စိတ်ကူးမရှိကြောင်း ဆိုသည်။
[အခုလို ဆိုးဆိုးဝါးဝါးဖြစ်မယ်လို့ ထင်ရတဲ့ ကိစ္စက ရင်ထဲကို ထိသွားစေတဲ့ ကိစ္စမျိုးဖြစ်နေတာပဲ၊ ဦးလေးကြီးက သဘောကောင်းလိုက်တာ၊
သူ့တူကတော့ အလကားကောင်၊ အခုလို ကံမကောင်းတာတောင် နည်းသေးတယ်]
[တစ်ခုခုစားချင်လို့ ကလေးလေးကို ဝင်ပူးရတယ်လို့၊ သနားဖို့ကောင်းလိုက်တာကွာ! ငါတောင် သူ့အတွက် ငွေစက္ကူမီးရှို့ပေးချင်စိတ် ပေါက်သွားသလိုပဲ]
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’တို့၏ မိသားစု ပြဿနာအား အပြည့်အဝ ဖြေရှင်းပြီးပြီဟု ထင်နေကြချိန်တွင် ကုကျစ်စုန့် ရုတ်တရက် ထပြောလိုက်သည်။
“ရှင့်သားနောက်မှာ ရှိနေတဲ့ သရဲကိုတော့ အတည်ပြုပြီးသွားပြီဆိုတော့ သူ့ရဲ့ အသက်ရှည်ကျန်းမားခြင်းမီးအိမ်ကို ထိခိုက်အောင် လုပ်နေတာ ဘယ်သူလည်း ဆိုတာ နောက်တစ်ခေါက် ကြည့်ကြတာပေါ့”
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’: “???”
သူမ၏ ခင်ပွန်း: “???”
ပရိတ်သတ်များ: “???”
“ကုတောက်ကျန့် ပြောချင်တာက… ကျွန်မရဲ့သားမှာ နောက်ထပ် ပြဿနာရှိနေသေးတယ်လို့လား?”
“ဟုတ်တယ်၊ ရှင်တို့ပဲ ပြောခဲ့တာလေ၊ ရှင့်ရဲ့ သမီးငယ်က ငိုလိုက်၊ ငွေ့ငွေ့လေးဖျားလိုက်နဲ့ ဖြစ်နေတာ လဝက်ကျော်ပြီဆို၊ အခု ဒီသရဲက မနေ့ညကမှ ပေါ်လာတာ၊ သေချာပေါက် အခြားကိစ္စတစ်ခုကြောင့် ဖြစ်ရတာပေါ့”
သူမ၏ မျက်လုံးများတွင် ကောင်လေး၏ မျက်နှာအား ဖုံးအုပ်ထားသည့် မီးခိုးရောင်ဖျော့ဖျော့ လေထုတစ်ခု ရှိနေသည်။ ထိုအရာသည်က ပြင်းထန်လွန်းသည်မဟုတ်သကဲ့သို့ သူ၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်မည်မဟုတ်ချေ။
သူ့၏ ပုခုံးထက်မှ ဘယ်၊ညာ ဝိဉာဉ်မီးတောက်နှစ်ခုသည်လည်း ပုံမှန်ဖြစ်ကာ အားနည်းမှုမရှိပါချေ။
သို့သော် ထူးဆန်းသည့် အချက်မှာ သူ့ဦးခေါင်းထက်မှ ဝိဉာဉ်မီးအိမ်တွင် မီးစာနှစ်ခုရှိနေခဲ့သည်။
မီးစာတစ်ခုသည် ပုံမှန် အနီရောင်မီးတောက်ဖြင့် လောင်ကျွမ်းနေပြီး ကျန်မီးစာတစ်ခုကတော့ အေးစက်သည့် အပြာနုရောင် မီးတောက်ဖြင့် လောင်ကျွမ်းနေခဲ့သည်။
မီးတောက်နှစ်ခုက ရောယှက်နေကာ ထူးဆန်းလွန်းလှသည်။
ထိုအရာသည်က မည်သည့်အရာဖြစ်သည်ဆိုသည်အား ပြောရန်ပင်မလိုပေ။ သဘာဝလွန်ပညာအား နားမလည်သူများပင် ရိုးရှင်းသည့် အမှန်တရားအား မြင်နိုင်သည်။
မီးအိမ်နှစ်ခုထဲတွင် မီးစာနှစ်ခု တပြိုင်တည်း လောင်ကျွမ်းနေပါက ‘မီးအိမ်ဆီ’သည်က အမြန်ကုန်ခမ်းမည်ဖြစ်သည်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ တစ်ယောက် အနည်းငယ် အားယုတ်သွားရသည်။
‘သက်ရှည်ကျန်းမာခြင်းမီးအိမ်’အား ကြားလိုက်ရသည်နှင့် ကောင်းသည့်အရာဖြစ်လိမ့်မည်မဟုတ်ဟု တွေးလိုက်မိသည်။ သို့သော် ဗိုက်ဆာသည်ဟု အော်ဟစ် ဆူပူမနေတော့ဘဲ သူမအား မျက်စိသူငယ် နားသူငယ်နှင့် ကြည့်နေသော သားဖြစ်သူအား ကြည့်လိုက်မိချိန်တွင် ထိုကိစ္စသည် သားဖြစ်သူ၏ အပြစ်မဟုတ်ကြောင်း သိလိုက်သည်။
ကင်မရာတစ်ဖက်မှ ကုကျစ်စုန့်ကတော့ သားဖြစ်သူ၏ မျက်နှာကို ကြည့်ကာ အချိန်အား တွက်ချက်နေခဲ့သည်။
“လွန်ခဲ့တဲ့ ၁၈ရက်လောက်က သူ့ခန္ဓာကိုယ်ပေါ်မှာ ‘အသက်ရှည်ကျန်းမာခြင်းမီးအိမ်အား မီးညှိခြင်း’ ပေါ်လာခဲ့တာပဲ”
ကုကျစ်စုန့် မျက်ခုံးပင့်ကာ ကင်မရာကို ကြည့်လိုက်ရင်း ဆိုသည်။
“အဲဒီ ‘သက်ရှည်ကျန်းမာခြင်းမီးအိမ်အား မီးညှိခြင်း’ဆိုတာက အသက်စွမ်းအင်ကို ငှားသုံးတာနဲ့ အတူတူပဲ၊ အဲဒါက သူ့ရဲ့ ‘ကောင်းကင်ဘုံမီးအိမ်’ထဲမှာ ဝိဉာဉ်အရင်းအမြစ်ကို ထည့်ပြီးတော့မှ အဲဒီ ‘ကောင်းကင်ဘုံမီးအိမ်’ထဲက အသက်စွမ်းအင်နဲ့ ဝိဉာဉ်စွမ်းအားကို လောင်ကျွမ်းစေပြီး ရှင်တို့သားရဲ့ သက်ရှည်ကျန်းမာခြင်းကို ယူနေတာ၊
အရှင်းဆုံးပြောရရင် ရှင့်သားရဲ့ အသက်က အခိုးခံနေရတာပဲ”
လင်မယားနှစ်ယောက်လုံး စိတ်ကို ပြင်ဆင်ထားကြသော်လည်း အံ့ဩဒေါသထွက်ကာ လက်မခံနိုင်ခဲ့ကြပေ။
“ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ?! ဘယ်လိုလူမျိုးကများ ကလေးလေးကို ဒုက္ခပေးနိုင်အောင် ယုတ်မာရတာလဲ!”
ကုကျစ်စုန့် အင်ပါယာအကြွေစေ့များ ပစ်ကြဲလိုက်ရင်း စကားဆက်သည်။
“ရှင့်သားဆီကနေတော့ အရမ်းကို မုန်းတီးပြင်းထန်တဲ့ အရှိန်အဝါမျိုး မခံစားရဘူး၊ ဆိုလိုတာက အဲဒီမီးအိမ်က ‘ဖြောင့်တန်းတဲ့ အမှတ်အသား’ရှိတယ်၊
မြေအောက်ကမ္ဘာကနေ တိုက်ရိုက်ဖြတ်လာတာပဲ၊ ပြောရရင် ရှင့်သားက ကိုယ်တိုင် တစ်ဖက်လူရဲ့ အသက်ကို ဆွဲဆန့်ပေးဖို့ သဘောတူညီထားတာပဲ”
“ဒါပေမယ့် ဒါမျိုး အသက်ကို ဆွဲဆန့်တဲ့ နည်းလမ်းတွေက ကောင်းတဲ့ပညာတော့ မဟုတ်ဘူး၊ ‘အသက်ရှည်ကျန်းမာခြင်း မီးအိမ်အား မီးညှိခြင်း’က သက်ရှိလူတစ်ယောက်ပေါ်မှာ သက်ရောက်နေရင် သူ့ရဲ့ ဝင်သက်ထွက်သက်တိုင်းကို အေးစက်သွားစေတယ်၊
ရှင့်ရဲ့သမီးကကျတော့ အဲ့လိုအရာတွေနဲ့ အရမ်းထိလွယ်ရှလွယ်ဖြစ်တယ်၊ ဒါကြောင့်ပဲ သူမကိုပါ ထိခိုက်တာလေ၊ တစ်နေ့တစ်ခြား အားနည်းလာပြီး လွယ်လွယ်နဲ့ လန့်တတ်လာတယ်”
ယွမ်ယွမ်သည်က သရဲကြောင့် ထိတ်လန့်နေရသည်မဟုတ်ပဲ အစ်ကိုဖြစ်သူ၏ ယင်စွမ်းအင်ကြောင့် စိတ်တုန်လှုပ်နေခြင်းသာ ဖြစ်သည်။
“အခု အဲဒီမီးညှိသူက ဘယ်သူလဲဆိုတာ သိဖို့နဲ့ နည်းလမ်းကို ဖျက်ဆီးနိုင်ဖို့ အရင်ဆုံး အဲနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့လိုတယ်”
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ မျက်ရည်များကို သုတ်ကာ သားဖြစ်သူကို ဆက်တိုက်မေးတော့သည်။
သို့သော် အသက် ၇နှစ်၊ ၈နှစ်အရွယ်ကလေးတစ်ဦးသည်ကား စားသောက်ရန်နှင့် ကစားရန်ကိုသာ ဂရုစိုက်သည့်အရွယ်ဖြစ်သည်။
မိဘနှစ်ပါး၏ တည်တံ့နေသော မျက်နှာများကြောင့် သူ့အား ပို၍ ထိတ်လန့်စေပြီး ခေါင်းကိုသာ တွင်တွင်ခါရင်း ဘာကိုမျှ မမှတ်မိကြောင်း ဆိုတော့သည်။
ကုကျစ်စုန့်အရင်ဆုံး စိတ်ငြိမ်စေပြီးမှ သားဖြစ်သူ၏ အခန်းတွင် တစ်ခုခုများ ရှာတွေ့လိုတွေ့ငြား ရှာဖွေစေခဲ့သည်။
လင်မယားနှစ်ယောက်လုံး သားဖြစ်သူအခန်းအား ပိုက်စိတ်တိုက် ရှာဖွေသော်ငြား ထူးဆန်းသည့်အရာတစ်ခုမှပင် ရှာမတွေ့ခဲ့ပေ။ သူတို့ ရှာတွေ့ခဲ့သည်မှာ ဖွက်ထားသော ကာတွန်းစာအုပ်အမြောက်အမြားနှင့် စား၍ ကုန်နေသော မုန့်အစပ်ချောင်းအထုတ်ခွံများသာလျှင် ဖြစ်သည်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
သူမသည်ကား သားဖြစ်သူအား ဘယ်တုန်းကမှ အပြင်မှ သရေစာများ ဝယ်စားခွင့်မပေးခဲ့သလို ကာတွန်းစာအုပ်များအားလည်း ဝယ်ခွင့်မပေးခဲ့ဖူးပေ။
ထိုအရာများကို ဝယ်ရန် ဘယ်ဆီကများ ငွေရခဲ့ပါသနည်း?
“မင်း အိမ်က ပိုက်ဆံတွေကို ယူထားတာလား?”
ကောင်လေးက လည်ပင်းကို ပွတ်ကာ ရှက်ရှက်ဖြင့် အော်ပြောလိုက်သည်။
“မယူပါဘူး! ဒါက သားရဲ့ ကိုယ်ပိုင်ပိုက်ဆံ”
“မင်းက ဒီလောက်ငွေအများကြီး ဘယ်ကနေ ရတာတုန်း?”
ကင်မရာတစ်ဖက်မှ ကုကျစ်စုန့် ရုတ်တရက် သဘောပေါက်သွားပုံပေါ်သည်။
သူမ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’အား တားလိုက်ရင်း ဖြတ်ပြောလိုက်သည်။
“ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်မသိပြီ”
“ကောင်လေး ငါတစ်ခုမေးမယ်၊ မင်း လမ်းဘေးကနေ ပိုက်ဆံတွေဘာတွေများ ကောက်ရသေးလား? အဲဒါက တြိဂံပုံခေါက်ထားပြီး အနီရောင်ကြိုးနဲ့ ချည်ထားတာလေ၊ ဒီလိုပုံစံမျိုးလေး”
ဤတစ်ကြိမ်တွင်တော့ ကလေးငယ် မျက်နှာက အရင်လောက် မမာနိုင်တော့။ သူ ရှက်ကြောက်စွာ စကားမပြောခင် တွေဝေနေခဲ့သည်။
သူ၏ အမူအယာအား မြင်ရပြီးနောက် အခြားသူများ နားမလည်စရာအကြောင်းမရှိတော့။ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ ခပ်တင်းတင်းပြောလိုက်သည်။
“အမှန်ကို မပြောသေးဘူးလား!?”
ကလေးငယ် ကျယ်လောင်စွာ အော်ငိုလိုက်ကာ ဝန်ခံလာသည်။
“သား ကောက်ယူလာတာ ဟုတ်ပါတယ်။ မေမေ သားက သူများ ပိုက်ဆံရော၊ အိမ်ကပိုက်ဆံရော ခိုးထားတာ မဟုတ်ပါဘူး..”
အချိန်အတိအကျကို သူမမှတ်မိတော့ပေ။ သူမှတ်မိသည်မှာ နေ့လည်ခင်း ကျောင်းနားချိန်၊ သူငယ်ချင်းများနှင့် ကျောင်းနောက်ဖေးတွင် ဆော့ကစားနေချိန်တွင် အနီရောင်တစ်စုံတစ်ခုအား မြင်လိုက်ရသည်။
သူ အပြေးအလွှားကောက်ကြည့်လိုက်ချိန်တွင် ထိုအရာသည်က အနီရောင်စာအိတ်တစ်ခုဖြစ်နေခဲ့သည်။
ထိုစာအိတ်နီလေးသည် နှစ်သစ်ကူးတွင် လူကြီးများမှ ကလေးငယ်များအား ပေးသည့် စာအိတ်နီမျိုးဖြစ်ပေသည်။ စာအိတ်ပေါ်တွင် ပြုံးနေသော အနီရောင်မျက်နှာဖြင့် နှစ်သစ်ကူးအရုပ်လေးပင် ပါသေးသည်။
စာအိတ်အား တိတ်ဖြင့် ပိတ်ထားပြီး အတွင်းမှာလည်း ပစ္စည်းတစ်ခုခု ပါသကဲ့သို့ ဖုဖောင်းနေခဲ့သည်။
*