← Chapters

ဆိုးသွမ်းသောကလေးငယ်(4)

Vol. 20 Ch. 194

ဆိုးသွမ်းသောကလေးငယ်(4)

Vol. 20 Ch. 194

ချိတ်ပိတ်ထားသည်အား ဖွင့်လိုက်ချိန်တွင် အထဲတွင် ပါဝင်သည်များအား မြင်တွေ့လိုက်ရပြီးနောက် ကောင်လေးမှာ မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

စာအိတ်ထဲတွင် ငွေစက္ကူအထပ်လိုက် ပါဝင်နေခဲ့သည်။ ထို့ကြောင့် တွေ့သူယူ၊ ဦးသူ,ရ ဖြစ်သည်ဟု တွေးခဲ့သည်!

ဒုတိယတန်းတက်နေပြီဖြစ်သော ကောင်လေးက ငွေကြေးက မည်မျှလောက်ရှိလဲဆိုသည်ကို ရေတွက်တတ်သည်။ ဤအရာသည်က တစ်ရာတန်များသာဖြစ်ပေသည်။

ရေတွက်လိုက်ပြီးချိန်တွင် ယွမ်၃၀၀ပင် ရှိနေခဲ့သည်။

ကောင်လေး နှလုံးခုန်သံများပင် မြန်လာခဲ့သည်။

အနီးတွင်လည်း မည်သူမျှ မရှိသောကြောင့် ပေါ့ပေါ့ပါးပါးနေတတ်သည့် ကောင်လေးမှာ ပိုက်ဆံများအား မိဘများကို အပ်သင့်သလော၊ သူကိုယ်တိုင် သိမ်းထားသင့်သလော ဝေခွဲရခက်နေခဲ့သည်။

သို့သော် အတန်းထဲတွင် သူငယ်ချင်းများ လှည့်ပတ်ငှားရမ်းနေသော ကာတွန်းစာအုပ်များ၊ ကျောင်းပေါက်ဝတွင်‌ ရောင်းသည့် မုန့်အစပ်များ၊ နောက်ဆုံးပေါ် အရုပ်များအကြောင်း တွေးလိုက်မိပြီး နောက်ဆုံးတွင် စိတ်ကို မထိန်းနိုင်စွာ ပိုက်ဆံအား အိတ်ထဲသို့ ကောက်ထည့်လိုက်မိသည်။

ထိုရက်ပိုင်းများက ကောင်လေးသည်ကား ကျောင်းသွားချိန်ဖြစ်စေ၊ အိမ်ပြန်ချိန်ဖြစ်စေ အမြဲလိုလို ထိတ်လန့်နေခဲ့သည်။

ငွေသားများပိုင်ရှင်က ရဲခေါ်လာပြီး သူ့အား လာဖမ်းမည်လော၊ မိဘများက သူ့လွယ်အိတ်ထဲမှ ငွေများအား ရှာတွေ့သွားမည်လော ပူပန်နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပူပန်စိတ်လျော့လာခဲ့သည်။

သူသည်ကား ကာတွန်းစာအုပ်များနှင့် ကဒ်များ ဝယ်ရန် ငွေအမြောက်အမြား သုံးခဲ့သည်။

သူငယ်ချင်းများကို မုန့်အစပ်ချောင်းများ ဝယ်ကျွေးခဲ့သည်၊ ဖျော်ရည်များ ဝယ်သောက်သည်။ ဤရက်ပိုင်းတွင် ကလေးဘုရင် ဖြစ်နေခဲ့သည်။

သားဖြစ်သူ၏ ဝန်ခံချက်အား ကြားရပြီးနောက် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ မျက်လုံးများ မည်းနက်သွားသည်။

ယခုအချိန်တွင် သူမက သားဖြစ်သူအား ခုံပေါ်တက်၊ မတ်တပ်ရပ်ခိုင်းပြီး တုတ်ဖြင့် နာနာရိုက်ချင်စိတ် တဖွားဖွားပေါ်နေခဲ့သည်။

“နင် ဘယ်တုန်းက အဲလောက်တောင် သတ္တိတွေရှိနေတာလဲ? အဲဒီလောက် ပိုက်ဆံအများကြီး ကောက်ရတာကို ယူရဲတယ်ပေါ့!? ပိုက်ဆံတွေကို ဖွက်ပြီးသုံးဖို့ ဘယ်သူက သင်ပေးထားတာလဲ ဟင်!?”

ကုကျစ်စုန့်ကတော့ ကူကယ်ရာမဲ့စွာ မေးလိုက်မိသည်။

“အဲဒီပိုက်ဆံထည့်ထားတဲ့ အနီရောင်စာအိတ်လေး ရှိသေးလား?”

ကောင်လေး ရှိုက်ကြီးတငင် ငိုကြွေးနေပြီး မိဘများရှာတွေ့မည်စိုးသောကြောင့် ထိုစာအိတ်အား လုံးချေ၍ လွှင့်ပစ်လိုက်ကြောင်း ပြောသည်။

သို့သော် ထိုယွမ်၃၀၀အား ကြိုးနီတစ်ချောင်းဖြင့် ချည်ထားကြောင်း သေချာမှတ်မိသည်။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ :

“ကျန်တဲ့ ပိုက်ဆံတွေကရော?”

ကောင်လေး အသံပင်မထွက်ရဲတော့။

“…. ဘာမှမကျန်တော့ဘူး။ သား အကုန်သုံးပစ်လိုက်ပြီ..”

ကုကျစ်စုန့် မျက်ခုံးများအား ကျုံ့လိုက်မိရင်း ဆက်ပြောသည်။

“မှန်တာပေါ့၊ အဲဒီပိုက်ဆံက ရှင့်သားပေါ်မှာ ဒီ’အသက်ရှည်ကျန်းမာခြင်းမီးအိမ်အား မီးညှိခြင်း’ စွဲကပ်ခံရတဲ့ အကြောင်းရင်းပဲ”

“အဲဒါက ရှင့်သားရဲ့ ‘အသက်လျော်ကြေး’ပဲ”

ကုကျစ်စုန့် အနည်းငယ်ရှင်းပြပြီးချိန်တွင် လင်မယားနှစ်ဦးလုံး သားဖြစ်သူ ကြုံတွေ့ရသည့် ပြဿနာအား သဘောပေါက်သွားသည်။

ထို ‘အသက်လျော်ကြေး’သည်ကား စာချုပ်တစ်ခုချုပ်ဆိုလိုက်ခြင်းဖြစ်ကာ ငွေမှတဆင့် အသက်အား ငှားရမ်းခြင်းဖြစ်သည်။

တချို့လူများတွင် အပြင်းအထန်ဖျားနာနေသော၊ သေဆုံးခါနီးဖြစ်သော ဆွေမျိုးများရှိပါက ဤနည်းလမ်းအား အသုံးပြု၍ အသက်ကို ဆွဲဆန့်ရန် ကြိုးစားကြသည်။

ငွေပမာဏ အမြောက်အမြား မလိုအပ်ပေ။ အသက်ငှားရမ်းရန် လိုအပ်သော ဆွေမျိုး၏ လက်ဖဝါးနှင့် ခန္ဓာကိုယ်အောက်တွင် အရင်ထားရသည်။ ထို့နောက် အခြားလူတစ်ယောက်မှ အိပ်ရာဘေးတွင် ရပ်ကာ သူ၏ မွေးနေ့၊ နာမည်၊ အသက် စသည်တို့အား သုံးကြိမ်တိတိရွတ်ဆိုကာ အသက်ကို ငွေသုံး၍ ငှားရမ်းကြရသည်။

ထိုအရာများ ပြုလုပ်ပြီးချိန်တွင် ငွေစက္ကူအား တြိဂံပုံခေါက်ကာ အနီရောင်ကြိုးဖြင့် ချည်၍ လမ်းဘေး သို့မဟုတ် လူအသွားအလာများသည့် နေရာမျိုးတွင် ပစ်ထားခဲ့သည်။

တခြားလူတစ်ယောက်မှ ငွေအား ယူသွားသည်နှင့် တပြိုင်နက် စာချုပ်အသက်ဝင်ပြီဖြစ်သည်။

လိုအပ်ချက်များပေါ်မူတည်၍ ငွေစက္ကူများအား‌ ခေါက်ပုံခေါက်နည်း ကွာခြားကြသည်။ ဤကဲ့သို့သော ငွေစက္ကူမျိုးသည် အသက်ကိုသာလျှင် ငှားရမ်းနိုင်သည်မဟုတ်။

ငွေစက္ကူအား လေးထောင့်စပ်စပ်ကျအောင် ခေါက်ကာ သင်းရနံ့ဖြင့် ပေါင်းခံခြင်းသည် ငွေစက္ကူက  ကောက်ယူသွားသော လူ၏ ကံကောင်းခြင်းများကို ငှားယူနိုင်သည်။

ကုကျစ်စုန့် ယခင်ဘဝ တောင်ပေါ်မှ ခေတ္တဆင်းလာချိန် တောင်ခြေတွင် သက်ရှည်ကျန်းမာခြင်းအား ဆုံးရှုံးနေသော သူဖုန်းစားတစ်ဦးဖြင့် ဆုံခဲ့ဖူးသည်။ သူသည်ကား ဆယ်ကျော်သက်ခန့်သာ ရှိသေးပြီး အသက် ၅၀အရွယ်ထိ နေထိုင်နိုင်မည်ဖြစ်သည်။

စစ်ဆေးမေးမြန်းလိုက်ချိန်တွင် ရှာတွေ့ခဲ့သည်မှာ သူဖုန်းစားက လွန်ခဲ့သည့် နှစ်ရက်ခန့်က ကြေးပြားများ ကောက်ရခဲ့ပြီး ပျော်ပျော်ကြီး သုံးစွဲခဲ့ပြီးဖြစ်သည်။

ကောင်းကင်မှ ကံကောင်းခြင်းဟု တွေးနေခဲ့သော်လည်း သူ မသိသည့်အချက်မှာ သူ့ဘဝ၏ သက်တမ်း နှစ်(၃၀)သည်ကား ထိုကြေးပြားအနည်းငယ်ဖြင့် ဖလှယ်ခံလိုက်ရခြင်းပင်။

ထိုကဲ့သို့သော ‘ငွေဖြင့်အသက်ဝယ်ခြင်း’သည်က သဘာဝလွန်ပညာရပ်တစ်ခုဖြစ်ပြီး လူတိုင်းလုပ်ဆောင်နိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။

သာမန်လူများ လုပ်ဆောင်ထားသည့် ‘အသက်လျော်ကြေးငွေ’များက အစွမ်းမထက်လှပေ။ ငွေကို ကောက်ယူမိသည့် လူာ နှစ်ရက်ခန့် ကံဆိုးနေမည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။

လုပ်ဆောင်သည့် ထူးခြားပညာရှင်၏ စွမ်းအင်မြင့်လေ ငှားယူနိုင်သည့် သက်တမ်း များလေဖြစ်သည်။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ သားဖြစ်သူသည် ကျွမ်းကျင်ထူးခြားပညာရှင်တစ်ဦး၏ ငွေအား ကောက်ယူမိခဲ့ခြင်းပင်။

“တစ်ဖက်လူက ‘အသက်လျော်ကြေးငွေ’ကို ကြားခံအနေနဲ့ သုံးပြီးတော့ ‘သက်ရှည်ကျန်းမာခြင်းမီးအိမ်အား မီးညှိခြင်း’ကို လုပ်လို့ ရတယ်၊ အဲဒီ ပိုက်ဆံပါတဲ့ စာအိတ်နီထဲမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုခု ပါကိုပါရမယ်။

ဒီအစီအရင်ကို ဖျက်ဖို့ နည်းလမ်းရဲ့ သော့ချက်က အဲဒီစာအိတ်နီကို ရှာနိုင်မှ ရမယ်။ မဟုတ်ရင်တော့ ဒီမျက်နှာပြင်ကနေ အခြား ဘာသဲလွန်စမှ မရှိဘဲ ပြဿနာကို ဖြေရှင်းလို့ မရနိုင်ဘူးလေ၊

ရှင့်ရဲ့ သားကို ပြိုင်ပွဲအစီအစဉ်ပြီးရင် ဒီကိုခေါ်လာခဲ့ပါ”

သားဖြစ်သူ၏ အသက်အား အခိုးခံလိုက်ရကြောင်း သိလိုက်ရပြီးချိန်တွင် လင်မယားနှစ်ယောက်လုံး စိတ်ပူလွန်း၍ အချိန်မစောင့်နိုင်တော့။

သားဖြစ်သူအား ဆက်တိုက်မေးပြီးနောက် အခန်းအား မြေလှန်ရှာလိုက်ချိန်တွင် စာအိတ်နီအား ကုတင်အောက် ထောင့်နားလေးတွင် လုံးချေထားသည်ကို ရှာတွေ့ခဲ့သည်။

အပြင်ဘက်အဖုံးကတော့ တွန့်ကြေနေပြီဖြစ်သည်။ ဖြန့်ကြည့်လိုက်ပြီးနောက် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ သူမ၏ မိုဘိုင်းဖုန်းဖြင့် အနီးကပ် ရိုက်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

“ကုတောက်ကျန့်၊ ကျွန်မ အကုန်ရှာကြည့်တာတော့ အထဲမှာ ဘာမှ မပါပါဘူး”

မိုဘိုင်းဖုန်း၏ အခြားတစ်ဖက်တွင် နှစ်သစ်ကူးအရုပ်၏ မျက်နှာသည် တွန့်ကြေနေသောကြောင့် ကြည့်ရသည်မှာ ထူးဆန်းနေခဲ့သည်။

“စာအိတ်ရဲ့ အပြင်ဘက်ကို အရင် သေချာစမ်းကြည့်လိုက်ပါ။ အထူအပါး ကွဲပြားတဲ့ နေရာမျိုးရှိသလားဆိုတာကို။ အထူးသဖြင့် အဲဒီပုံနားလေး”

သေချာစမ်းသပ်ပြီးချိန်တွင် နှစ်သစ်ကူးအရုပ်ပုံပါသော နေရာသည် စတစ်ကာကပ်ထားသကဲ့သို့ အခြားနေရာများထက် ပို၍ ထူနေသည်ကို သတိထားမိလိုက်ကြသည်။

စတစ်ကာအား ဖယ်လိုက်ချိန်တွင် နောက်တွင် ကော်နှင့်ကပ်ထားသော ဆံပင်ပါးပါးနှစ်မျှင်အား တွေ့လိုက်ရသည်။ ဆံချည်မျှင်သည်ကား ဆံလုံးပါး၍ ဖြူနေပြီဖြစ်သည်။

ထို့အပြင် အထဲတွင် အဖြူမှုန့်များလည်း ရှိသေးသည်။ စတစ်ကာအား လှုပ်လိုက်ချိန်တွင် အဖြူမှုန့်များ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ လက်ပေါ်သို့ ကျသွားခဲ့သည်။

“ဒါ… ကြီးက..?”

“အဲဒါက ရှင်တို့သားရဲ့ အသက်ကို ငှားတဲ့ သူရဲ့ ဆံပင်နဲ့ လက်သည်းမှုန့်ပဲ၊ ဒါတွေနဲ့ဆိုရင် အစီအရင်ဖျက်ရတာ ပိုတောင် လွယ်ကူမှာပဲ”

ထိုအရာနှစ်ခုသည်ကား လူ့အစိတ်အပိုင်းများဖြစ်ကြသည်။

ထူးခြားပညာရှင်က ထိုအရာများအား သက်ရှည်ကျန်းမာခြင်း မီးအိမ်အတွက် မီးစာအဖြစ် အသုံးချကာ ကလေးငယ်၏ ကိုယ်ပေါ်တွင် အစီအရင်ချမှတ်ကာ နှစ်ဦးကြားတွင် ဆက်သွယ်ရေးတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ သားဖြစ်သူ မသေဆုံးသေးသရွေ့ အခြားလူသည်လည်း သေဆုံးမည်မဟုတ်။

ဤအစီအရင်အား ပြုလုပ်ခဲ့သူသည် အင်မတန် သတိကြီးသည်။ အစီအရင် မဖြောင့်ဖြူးမည်စိုးရိမ်၍ လက်သည်းများအား ညှပ်ထုတ်ပြီးချိန်တွင် မှုန့်ညက်နေအောင် ကြိတ်၍ စာအိတ်ထဲတွင် ထည့်ထားခဲ့သည်။

ထိုသို့နည်းလမ်းသည် ကလေးငယ်များ မဆိုထားနှင့်၊ အရွယ်ရောက်ပြီးလူများပင် သတိထားမိမည်မဟုတ်ပေ။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’မှာ  ထိုအဖြူမှုန့်များသည် လက်သည်းမှုန့်များ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် အင်မတန် ရွံရှာသွားသည်။

လက်ကို ခါ၍ လက်သည်းမှုန့်များကို ဆေးချလိုက်ချင်သော်ငြား စိတ်ကို ထိန်းကာ ခင်ပွန်းသည်အား မီးဖိုမှ ဓားနှင့် ပန်းကန်တစ်လုံး ယူခိုင်းလိုက်သည်။ ထို့နောက် ဓားပြားဖြင့် ဆံချည်မျှင်နှင့်အတူ လက်သည်းမှုန့်များအား ပန်းကန်ထဲသို့ ခြစ်ချခိုင်းလိုက်သည်။

ကုကျစ်စုန့် သားဖြစ်သူ၏ မွေးရက်အား မေးပြီးနောက် စာအိတ်ထဲမှ ဆံချည်မျှင်အား မီးရှို့ခိုင်းလိုက်သည်။

မီးတောက်ငယ်လေးသည် ဆံပင်ဖြူများအား ဝါးမျိုသွားချိန်တွင် ကုကျစ်စုန့် အလျှင်အမြန် ကင်မရာတစ်ဖက်မှ ဆဌဂံသုံးခုအား စစ်ဆေးအကဲဖြတ်ခဲ့ပြီးနောက် ဆဌဂံများ ပေါင်းစည်း၍ မီးအိမ်ညှိသူအကြောင်း အကြမ်းဖျင်း သိနိုင်မည်ဖြစ်သည်။

“ဒီလူက အသက် ၇၇နှစ်ရှိပြီး အရမ်းကို အားနည်းနေတယ်.၊ သူ့ရဲ့ သက်တမ်းက ကုန်သွားပြီ၊ လွန်ခဲ့တဲ့ ၁၅ရက်လောက်တည်းက သေဆုံးရမှာပဲ။ အခု အသက်ရှင်နေတာက ရှင့်သားရဲ့ သက်တမ်းမှာ ကပ်နေ,နေတာကြောင့်ပဲလေ”

“ဒါကို လုပ်တဲ့သူက အဲဒီလူနဲ့ ဆွေမျိုးတော်တာတော့မဟုတ်ဘူး၊ သူရဲ့ တိုက်ရိုက်မိသားစုနဲ့ ဆက်နွှယ်နေတဲ့သူပဲ၊ သူ့မိသားစုက ထူးခြားပညာရှင်ကို ငှားပြီး ဒီအစီအရင်ကို လုပ်ခိုင်းတာဖြစ်ရမယ်၊ သူတို့က ရှင်တို့မိသားစုကိုရော သားဖြစ်သူကိုပါ ဦးတည်တာတော့ မဟုတ်ဘူး၊

အသက်လျော်ကြေးငွေကို ကျောင်းသားတွေ ခဏခဏ လာကစားတတ်တဲ့ ကျောင်းနားလေးက တောအုပ်မှာ လာထားခဲ့တာ၊  ကျောင်းသားတွေဆိုရင် ကောက်ရတဲ့ ပိုက်ဆံကို သုံးပစ်ဖို့ လွယ်တယ်လေ”

တစ်နည်းဆိုရလျှင် တစ်ဖက်လူများသည် မမျှမတ လုပ်ဆောင်နေသည်ဖြစ်ပြီး ကျောင်းသားအများစုအား သူတို့၏ ရိုးရှင်းမှုနှင့် ငွေကြေးကျပ်တည်းမှုတို့ကြောင့် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ သားသည်ကား ကံဆိုးစွာ ထောင်ချောက်မိသွားခဲ့ရသူဖြစ်သည်။

ကုကျစ်စုန့် ခေတ္တရပ်ကာ ဆက်ပြောသည်။

“ရှင့်ရဲ့ သားက ပိုက်ဆံကို ကောက်ရပေမဲ့ မသုံးခဲ့ဖူးဆိုရင်တော့ အဲ့ငွေကို နဂိုအတိုင်းပြန်ထည့်ပြီး အဲဒီနေရာမှာ ပြန်ထားရင်ထား၊ မထားရင် ရဲလက်အပ်ပေါ့၊ အဲဒါဆိုရင် ‘အသက်ရှည်ကျန်းမာခြင်းမီးအိမ်ကိုလည်း မီးညှိခံရမှာ မဟုတ်ဘူး၊

သူက ကျန်းမာရေးတော့ နည်းနည်း ထိခိုက်လိမ့်မယ်၊ ဒါပေမယ့် သူက ငွေကို သုံးခဲ့တာကြောင့် စာချုပ်ကို လက်ခံလိုက်သလို ဖြစ်သွားတယ်..”

အဘိုးအိုသည် သက်တမ်းအရဆိုလျှင် သေဆုံးပြီးဖြစ်သည်။ ထိုကဲ့သို့ နည်းလမ်းမျိုးသည် မြေအောက်ကမ္ဘာနှင့် ယမမင်းတို့အား စိန်ခေါ်လိုက်သော လုပ်ရပ်ဖြစ်သည်။

တစ်ဖက်လူသည် အသက် ၁၅ရက်သာ ပိုနေရသော်လည်း ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ ၏ သားဖြစ်သူမှာတော့ သက်တမ်း တစ်နှစ်ခွဲ ဆုံးရှုံးလိုက်ရပြီးဖြစ်သည်။

*

All Chapters