မီးစာကုန်ခမ်းခြင်း(1)
Vol. 20 Ch. 195
သူမ သက်ပြင်းချလိုက်ရင်း ကင်မရာသို့ ကြည့်ကာ ပြောလိုက်သည်။
“အကုန်လုံးကို ထပ်ပြီး ပြောချင်ပါတယ်၊ လောကကြီးမှာ ဘယ်အရာမှ အလကားရတယ်ဆိုတာ မရှိဘူး၊ အကြောင်းကြောင့် အကျိုးရှိတယ်၊
ကိုယ်က တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးရမယ်ဆိုတဲ့ နိယာမက ဘယ်တော့မှ မပြောင်းလဲဘူး”
တစ်ဖက်လူ၏ မိသားစုများလည်း အခြေအနေသည် ဤမျှ အဆင်ပြေလိမ့်မည်ဟု တွေးထားလိမ့်မည်မဟုတ်။
ပိုက်ဆံအား ရှာတွေ့သည့်ကျောင်းသားများက ငွေစက္ကူအား ပျောက်ဆုံးခဲ့သည်ရှိသော် အသင့်ဖြစ်နိုင်ရန် သူတို့သည် နောက်ထပ် စာအိတ်များ ထပ်ချထားရန် အစီအစဉ်ရှိသည်။
ရလဒ်ကတော့ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’၏ သားကြီးသည် ပိုက်ဆံများ အားလုံး သုံးပစ်ပြီးနောက် မီးအိမ်များကို တစ်ကြိမ်တည်းဖြင့် အကုန် မီးညှိနိုင်ခဲ့သည်။
ဆံချည်မျှင်နှင့် လက်သည်းမှုန့်များ မီးလောင်ကျွမ်းသွားသည်နှင့် ကုကျစ်စုန့်လည်း ‘သက်ရှည်ကျန်းမာခြင်းမီးအိမ်အား မီးညှိခြင်း’ အစီအရင်ကို ကောင်လေးကိုယ်ပေါ်မှ ဖယ်ရှားလိုက်နိုင်ပြီးဖြစ်သည်။
မီးတောက်များ ငြိမ်းသက်သွားသည်နှင့် တပြိုင်နက် သူမ အာရုံခံစားလိုက်ရပြီး တစ်ဖက်မှ နာမကျန်းဖြစ်နေသည့် လူသည်လည်း မည်သို့သော အကူအညီမျှ မရသည့်အတွက် ကွယ်လွန်လိမ့်မည်ဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သတ်နေသော ဆွေမျိုးသားချင်းများသည်လည်း ယင်စွမ်းအင်၏ သက်ရောက်မှုအား ခံရကာ နောင်အနာဂတ်နှင့် သေဆုံးပြီးချိန်တို့တွင်လည်း ပြန်လည်သက်ရောက်မှုဒဏ်အား အနည်းနှင့်အများ ခံစားရမည်ပင်။
‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’နှင့် ခင်ပွန်းသည်တို့ကတော့ လက်မခံနိုင်ကြချေ။
သားဖြစ်သူ၏ သက်တမ်းအား ငွေလေး ယွမ်၃၀၀နှင့် လဲလှယ်လိုက်ရသည်မှာ ရင်နာဖွယ်ကောင်းလှသည်။
ကလေးငယ်၏ ဆုံးရှုံးလိုက်ရသော သက်ရှည်ကျန်းမာမှုတို့အား ပြန်ရနိုင်မည့်နည်းလမ်းများ ရှိလိုရှိငြား မေးခွန်းထုတ်ခဲ့ကြသည်။
သို့သော် ကုကျစ်စုန့်ကတော့ ခေါင်းကို အသာရမ်းကာ သူမလုပ်ဆောင်နိုင်သည့် နည်းလမ်းမရှိကြောင်းသာ ပြန်ပြောခဲ့သည်။
ဘဝသက်တမ်းအား ခိုးယူသွားသူတွင် သက်တမ်းအနည်းငယ်ရှိသေးပါက ထိုသက်တမ်းက အစီအရင်ပျက်စီးသွားချိန်တွင် သက်တမ်းများ ပြန်လည်အစားထိုးရောက်ရှိလာမည်ဖြစ်သည်။
သို့သော် တစ်ဖက်လူသည် သေဆုံးရတော့မည့် အခြေအနေဖြစ်သည်။ သက်တမ်းအကြွေးအား ပြန်ဆပ်ပေးရန် အချိန်မရှိတော့ပေ။
ရလဒ်များအား ပြန်လည်မပြောင်းလဲနိုင်ကြောင်း ကြားလိုက်ရပြီးနောက် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ အင်မတန် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
သူမ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီးနောက် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
သူမ၏ သားကြီးသည်ကား နောက်တီးနောက်တောက်နိုင်သော်လည်း အကျင့်ဆိုးသည့် ကလေးငယ်မဟုတ်။
ယနေ့၏ ရလဒ်များသည်က စီရင်သူ လူကြီးများ၏ ပြဿနာပင်ဖြစ်သည်။
သမီးငယ်လေး မွေးဖွားပြီးချိန်တွင် သူမတွင် အားအင်သိပ်မရှိတော့။ သမီးအား ဂရုစိုက်ပျိုးထောင်ရန် ကြိုးစားနေခဲ့ချိန်တွင် သားကြီးအတွက် အမြဲလိုလို လစ်ဟင်းနေခဲ့သည်။
လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာများ ခွဲခြားနိုင်ရန် သင်ပြမပေးခဲ့ရပေ။
ထို့အပြင် မြို့ပြတွင် နေထိုင်ရသည့်ဘဝသည်က စိတ်ဖိစီးမှုများလှသည်။
သူမနှင့် ခင်ပွန်းသည်တို့က ကလေးနှစ်ယောက်အား ပျိုးထောင်နေဆဲမှာပင် ပေါင်နှံထားသည့် အကြွေးများလည်း ဆပ်နေရသည်။
ကလေးငယ်များအတွက် မုန့်ဖိုးပဲဖိုး ပေးရန် ကျပ်တည်းနေသည့် အချိန်ဖြစ်နေခဲ့ရသည်။
ယနေ့အဖြစ်အပျက်များ၏ ရလဒ်သည်ကား တစ်ဦးတစ်ယောက်ချင်းစီ၏ လျစ်လျူရှုချက်များ၊ လူသားမဆန်မှုများကြောင့် ဖြစ်ရခြင်းပင်…
ကုကျစ်စုန့် သူမအား စိတ်ငြိမ်စေရန် အားပေးပြီး ယွမ်ယွမ်၏ အင်မတန် အာရုံခံစားလွယ်နေသော ဝိဉာဉ်အာရုံခံခြင်းကိုလည်း ပိတ်ဆို့ပေးခဲ့သည်။ ထို့နောက် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’နှင့် ဗီဒီယိုကောအား ရပ်တန့်လိုက်သည်။
“၁၀မိနစ်လောက် နားလိုက်ကြတာပေါ့၊ ပြီးရင် နောက်ထပ် ကြည့်ရှုသူတွေထဲက ဖုန်းရွှေကြည့်ပေးဖို့အတွက် ရွေးချယ်ပေးပါမယ်”
စကားဆုံးသည်နှင့် ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်မှုအား ခေတ္တ ရပ်နားလိုက်သည်။
သူမ ဖုန်းကိုင်လိုက်လျှင် ကျန်းရူယွီမှ ယုံချန်သို့ ပြန်ရောက်ပါက ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့နှင့် ဆွေးနွေးမှုပြုလုပ်ရန်အတွက် ဖိတ်ခေါ်စာတစ်စောင် ပို့ထားကြောင်း တွေ့လိုက်ရသည်။
သူမ ‘ကောင်းပြီ’ဟု စာပြန်ပြီးနောက် ခြေလက်အညောင်းဆန့် အကြောလျှော့လိုက်သည်။
ယခုလေးတင် နိဂုံးချုပ်လိုက်သော ‘အသက်လျော်ကြေး’ကိစ္စသည်ကား ရှာဖွေမှုအများဆုံး စာရင်းတွင် နာမည်ကြီးလာကာ လူအများ၏ အာရုံစိုက်ခြင်းကိုလည်း ခံလာရသည်။
[ဒီကောင်ဆိုးလေး တော်တော် ဒုက္ခရောက်တာပဲ၊ သက်တမ်းကို ယွမ်၃၀၀နဲ့ လဲလိုက်ရတယ်၊ အသက်ကြီးလာရင်တော့ သေချာပေါက် နောင်တရမှာပဲ!]
[ဒီနေ့အစီအစဉ်ကို ကြည့်ပြီးတော့ ငါလည်း သေတော့မလိုဖြစ်ခဲ့တယ်ဆိုတာ အခုမှ သဘောပေါက်တယ်!
လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ငါတို့တံခါးပေါက်ကြားမှ အနီရောင်ကြိုးနဲ့ ချည်ထားတဲ့ ယွမ်၂၀တွေ့ခဲ့တာ၊ ငါ့မိဘတွေက သူများကို ပိုက်ဆံအလကားပေးမဲ့ လူကောင်းဆိုတာမရှိဘူးဆိုပြီး ငါ့ကို အဲ့ပိုက်ဆံမယူခိုင်းဘူး၊
နောက်ကျမှ သိရတာ ငါတို့အဆောက်အဦးက အိမ်တော်တော်များများရဲ့ တံခါးတိုင်းမှာလည်း အဲ့လိုတွေ တွေ့ရတယ်တဲ့၊ ငါလည်း စီစီတီဗီကြည့်လိုက်တော့ အန်တီကြီးတစ်ယောက်က သူ့သားအတွက် လုပ်ပေးတာတဲ့လေ၊
အဲဒီအချိန်တုန်းက သူ့သားက ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ ကိုမာဝင်နေတာ၊ သူပြောတာကတော့ သားအတွက် ကောင်းမှုကုသိုလ်လေး လုပ်ပေးချင်လို့ပါတဲ့၊ မြန်မြန်သက်သာအောင်တဲ့လေ
အခုမှ ပြန်တွေးကြည့်မိတော့ သူက သူ့သားအတွက် သက်တမ်းဝယ်ပေးချင်လို့ပဲ ဖြစ်မှာ!]
[အဲဒီမိသားစုကို လူရှေ့ချပြသင့်တယ်လို့ ထင်တာပဲ၊ သူတို့က ယုတ်မာလွန်းတယ်လေ၊ ကလေးတွေဆိုတာက ဘဝမှာ အမှားအမှန် မတွေးတတ်သေးဘူး၊
သူတို့လမ်းပေါ်မှာ ပိုက်ဆံကောက်ရရင် သုံးလိုက်လည်း ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်မှာပဲ၊ ပြီးတော့ ဒီကလူတွေအကုန်လုံးက အဲဒီပိုက်ဆံကို ကောက်ရုံတင် ကောက်မယ်လို့များ ထင်နေတာလား? ဘယ်သူက မသုံးပဲ နေနိုင်မှာလဲ?
ဒါပေမယ့် ဒီမိသားစုကကျတော့ တမင်သက်သက်ကို ကျောင်းနားလေးမှာ လာထားသွားတာ၊ ကျောင်းသားတွေကို ဦးတည်ပြီးလုပ်နေတာ
စုန့်စုန့်က အခုပြဿနာကို ဖော်ထုတ်လိုက်လို့ အဆင်ပြေသွားတယ်ပဲထားဦး၊ အကယ်လို့ အစီအစဉ်မှာသာ မဖော်ထုတ်နိုင်ခဲ့ဘူးဆိုရင် နောက်ထပ် ကလေးတွေ ဘယ်လောက်များများ ထိခိုက်ဦးမယ်ဆိုတာကို မသိနိုင်ဘူးနော်!]
[မိဘတွေကလည်း သူတို့ကလေး ဒီလောက် ပိုက်ဆံတွေအများကြီး သုံးနေတာကို မသိဘူးလား? သူတို့ရဲ့သားအကြီးဆုံးကို သေချာဂရုမစိုက်မှန်း အသိသာကြီး၊ အစတည်းက ကလေးအမေကလည်း သားအကြီးဆုံးကို ဆိုးတယ်လို့ ပြောနေသေးတာ]
[အပေါ်ကတစ်ယောက် နစ်နာသူကို ပြန်ပြီး လက်ညိုးထိုးချင်နေတာလား? ဒီမိသားစုက ဘာပြဿနာမှ မရှိဘူး၊ ဒါက မသိလိုက်မိတဲ့အချိန်မှာ ဖြစ်သွားရတဲ့ ပြဿနာပဲ]
ဆယ်မိနစ်ဆိုသည့်အချိန်သည်ကား ခဏလေးသာဖြစ်သည်။
ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်မှုပြန်စချိန်တွင် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။
“အခု တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတဲ့သူတွေမှာ သဘာဝလွန်ပြဿနာတွေ ကြုံတွေ့နေရပြီဆိုရင် မှတ်ချက်ရေးခဲ့လို့ ရတယ်၊ ကျွန်မ မြင်တဲ့အချိန်မှာ ပြန်ဖြေပေးပါမယ်”
“ပြဿနာတွေကို မေးစရာမရှိရင်တော့ မလိုအပ်တဲ့ မှတ်ချက်တွေ မရေးဖို့တောင်းဆိုချင်ပါတယ်၊ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”
သူမ ပြောပြီးသည့်အချိမ်တွင်ပင် မှတ်ချက်ဧရိယာတွင် ပြဿနာရှာချင်သော black fanများ၊ trollများသည်ကား မရှိသည့် ပြဿနာများ ဖန်တီးကာ တိုက်ရိုက်ထုတ်လွှင့်မှုအား နှောင့်ယှက်ချင်ကြသည်။ သူတို့မှလွဲ၍ ကျန်သော ကြည့်ရှုသူများကတော့ အနှောင့်အယှက်မပေးကြပေ။
သူတို့က သဘာဝလွန်မေးခွန်းများနှင့် မနှောင့်ယှက်နိုင်မှန်း သိလိုက်ရပြီးနောက် မှတ်ချက်ဧရိယာတွင် အသည်းပုံများ၊ emoji များ ဆက်တိုက်ပို့ရင်း ကုကျစ်စုန့်အား ‘မိန်းမ’ဟုခေါ်သည်၊ နည်းမျိုးစုံဖြင့် ချီးမွမ်းထောပနာပြုနေကြပြန်သည်။
ထိုအသည်းပုံများနှင့် ပြည့်နေသော မျက်နှာပြင်နောက်တွင်တော့ ကုကျစ်စုန့်သည် ယခင်အတိုင်းအေးတိအေးစက်ပင်။ အမှန်တကယ် ဖုန်းရွှေနှင့် သက်ဆိုင်သော မေးခွန်းများကိုသာ ရွေးချယ်ဖြေကြားပေးနေခဲ့သည်။
ထိုအချိန်တွင် မှတ်ချက်အသစ်တစ်ခု တက်လာသည်ကို မြင်လိုက်ရပြီးနောက် အေးစက်မှုတစ်ခုအား ခံစားလိုက်ရသောကြောင့် သူမ သေသေချာချာဖတ်ကြည့်လိုက်မိသည်။
[‘အချစ်သည် ဆောင်းဦးဖြစ်၏‘: မင်္ဂလာပါ တောက်ကျန့်၊ ကျွန်မ ဖုန်းရွှေပြဿနာလေး ကြုံနေရပြီး တောက်ကျန့်ရဲ့ အကူအညီနဲ့ လမ်းညွှန်မှုကို လိုချင်လို့ပါ]
မှတ်ချက်ရေးသားသူသည်ကား ဖြစ်စဉ်အား သေချာရှင်းပြမထားသောကြောင့် ကုကျစ်စုန့် မေးခွန်းထုတ်လိုက်သည်။
“ကြည့်ရှုသူတွေထဲက ‘အချစ်သည် ဆောင်းဦးဖြစ်၏’ ဆိုတဲ့ ကြည့်ရှုသူ၊ ကျွန်မကို သေသေချာချာအသေးစိတ် ပြောပြပေးပါ”
ကင်မရာတစ်ဖက်မှ ‘အချစ်သည် ဆောင်းဦးဖြစ်၏’ မှာ သူ၏နာမည်ကို ခေါ်သံကြားလိုက်ရပြီးနောက် အနည်းငယ်အံ့အားသင့်သလို စိတ်လှုပ်ရှားသွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ ၁၀မီလီယံကျော်နေပြီဖြစ်ကာ မှတ်ချက်များရေးသားနေသူသည်လည်း ပမာဏမနည်းလှပေ။ ကုကျစ်စုန့်က သူမ၏ စာကို သတိထားမိမည်ဟုပင် မထင်ထားခဲ့။
ထို့ကြောင့် သူမ ရှင်းပြချက်အား အမြန်ရေးသားပေးလိုက်သည်။
‘အချစ်သည် ဆောင်းဦးဖြစ်၏’၏ မှတ်ချက်အရ ကုကျစ်စုန့် ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်းသိရှိပြီးဖြစ်သည်။
မှတ်ချက်ရေးသားသူသည်ကား အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးဖြစ်ကာ လွန်ခဲ့သည့်နှစ်ဝက်ခန့်က ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်နေခြင်းအား သိရှိခဲ့ရသည်။
သူမက အချစ်အတွက်နှင့် ဒေါသကို မြိုသိပ်တတ်သူမဟုတ်ချေ။ ချက်ချင်းပင် အချက်အလက်များ၊ ဓာတ်ပုံများ ရှာဖွေစုဆောင်းခဲ့သည်။
တစ်ဖက်လူ ဖောက်ပြန်နေကြောင်း သက်သေအခိုင်အလုံ ရရှိချိန်တွင် ကွာရှင်းခွင့်တောင်းဆိုခဲ့သည်။
သို့သော် ခင်ပွန်းသည်ကတော့ သူမနှင့် ကလေးငယ်အား နှောင့်ယှက်နေခဲ့ပြီး ထွက်မသွားနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် သူမက ကလေးငယ်အား ခေါ်ကာ သူနှင့် ခွဲထွက်လာခဲ့သည်။
ထိုအရာသည်ကား အတိတ်မှ ဖြစ်ရပ်များပင်ဖြစ်သည်။
သို့သော် လွန်ခဲ့သည့်နှစ်လခန့်က သူမ အိမ်နောက်ဖေးအား ပြန်လည်အလှဆင်ပြီး အပင်အချို့ ပြောင်း၍ စိုက်ချင်ခဲ့သည်။
အသိမိတ်ဆွေတစ်ဦးက ဥယျာဉ်စိုက်ခြင်းလုပ်ငန်း လုပ်ဆောင်သောကြောင့် ထိုသူနှင့်အလုပ်အပ်ခဲ့သည်။ သို့ရာတွင် ထိုအပင်များကို ပြောင်းရွေ့စိုက်ပြီးချိန်မှစ၍ သူမ၏ စိတ်တွင် မသိုးမသန့် ခံစားခဲ့ရသည်။
ထိုအပင်အမျိုးအစားသည်ကား အိမ်ဝိုင်းအတွင်း စိုက်သည့် အပင်အမျိုးအစားဖြစ်ဟန်မပေါ်ချေ။
‘အချစ်သည် ဆောင်းဦးဖြစ်၏’ အင်တာနက်ပေါ်တွင် ရှာဖွေကြည်ချိန်တွင် သူငယ်ချင်းဖြစ်သူ စိုက်ပျိုးခဲ့သည့်အပင်မှာ ပိန်ပိန်ရှည်ရှည် ပေါက်ပန်းပင်များ ဖြစ်သည်။
သို့သော် အွန်လိုင်းဖုန်းရွှေဝက်ဆိုက်များကတော့ ပေါက်ပန်းပင်များက အရိပ်ကျကာ အိမ်တွင် မစိုက်ပျိုးသင့်ကြောင်း ပြောထားခဲ့သည်။
သူမ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူငယ်ချင်းဖြစ်သူက ဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်သော်လည်း မည်သို့သော အပင်တွင် မည်သို့အဓိပ္ပာယ်ရှိကြောင်း မသိခြင်းသည်က ယုတ္တိမရှိလှခေေ။
‘အချစ်သည် ဆောင်းဦးဖြစ်၏’ သူငယ်ချင်းအား မေးချိန်တွင် အစကတော့ ငြင်းဆိုသေးသည်။
ဆက်တိုက် မေးခဲ့မှသာ ခင်ပွန်းဟောင်းက သူငယ်ချင်းအား လာဘ်ထိုး၍ သူမ၏ ခြံဝင်းထဲတွင် ပေါက်ပန်းပင်များ စိုက်ပျိုးခိုင်းခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်!
စိတ်မသတီသောကြောင့် ‘အချစ်သည် ဆောင်းဦးဖြစ်၏’လည်း ထိုသူငယ်ချင်းနှင့် ချက်ချင်း အဆက်အသွယ်ဖြတ်ခဲ့သည်။
ထို့နောက် အခြားတစ်ယောက်ကို ငှားရမ်းကာ အပင်များအား တူးထုတ်စေပြီး အင်တာနက်ပေါ်တွင် ကောင်းကျိုးများသည်ဟု ဆိုကြသည့် အပင်များ စိုက်ပျိုးစေခဲ့သည်။
*