← Chapters

မီးစာကုန်ခမ်းခြင်း(3)

Vol. 20 Ch. 197

မီးစာကုန်ခမ်းခြင်း(3)

Vol. 20 Ch. 197

ကုကျစ်စုန့်:

“တော်သေးတာက ရှင်က ပင်ကိုယ်အသိစိတ်ကြီးပြီး တစ်ခုခုလွဲနေတယ်ဆိုတာကို သတိထားမိလိုက်လို့ပဲ၊

အဲဒီပေါက်ပန်းပင် နှစ်ပင် စိုက်ထားတဲ့နေရာက တစ်အိမ်လုံးမှာ အရိပ်အကျဆုံးနေရာတွေဖြစ်နေတယ်၊ အဲဒီအပင်တွေသာ ရှင့်အိမ်ထဲမှာ အမြစ်တွယ်သွားလို့ကတော့ အဲဒါတွေကလည်း ရှင့်အိမ်က အခြားအရိပ်ရပင်တွေလို ဖြစ်သွားမှာပဲ၊ သစ်သားကနေ ယင်စုဆောင်းတဲ့ ဖွဲ့စည်းပုံတစ်ခုလို ဖြစ်သွားလိမ့်မယ်”

“အချိန်ကျပြီဆိုတာနဲ့ အရပ်ရှစ်မျက်နှာက ယင်စွမ်းအင်နဲ့ မကောင်းမှုတွေက ရှင့်အိမ်ကို ရောက်လာရုံတင်မကဘူး.

အနီးအနားက အထီးကျန်သရဲတစ္ဆေတွေကလည်း ရှင့်အိမ်ကို ကျူးကျော်လာလိမ့်မယ်၊ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ ပြုစားခံလိုက်ရပြီးရင် ရှင့်အနေနဲ့ အသက်ကိုတောင် ဘယ်နားကထွက်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး”

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ‘အချစ်သည် ဆောင်းဦးဖြစ်၏’ သူမ၏ အနက်ရှိုင်းဆုံးသော သိချင်စိတ်အား မေးခွန်းထုတ်မိသည်။

“ဘာလို့လဲ? တောက်ကျန့်… ကျွန်မ သူ့အပေါ်မှာ ဘာတွေများ လုပ်ခဲ့မိလို့ ကျွန်မအပေါ် ဒီလောက်ထိ လုပ်နိုင်ရတာလဲ?”

“ကျွန်မဆီကို သူ့ရဲ့ပုံပို့လိုက်ပါ၊ ကျွန်မ ကြည့်ပေးပါမယ်”

ခင်ပွန်းသည်၏ ဓာတ်ပုံအား ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် နှုတ်ခမ်းပါးလေးများကို တွန့်ရုံပြုံးလိုက်သည်။ ထို့နောက် စခရင်ပေါ်မှ အမျိုးသမီးအား ကြည့်ကာ သူမမျက်နှာကို သေချာဖတ်ကြည့်လိုက်ရင်း ပြောသည်။

“ရှင့်မျက်နှာကို ကြည့်ရတာတော့ ရှင်တို့မိသားစုအခြေအနေက သူ့ထက် ပိုသာတယ်

သူ့ကိုလက်ထပ်တာက ဒုတိယ လက်ထပ်တာလို့တောင် ပြောလို့ရတယ်၊ ရှင်က တိကျတယ်၊ စီးပွားရေးအမြင်ရှိတယ်၊ အရင်တည်းကလည်း အပြင်မှာ ငွေရှာနေခဲ့တဲ့ အမျိုးသမီးပဲ၊

ရှင့်ရဲ့ ခင်ပွန်းကတော့ ရှက်တတ်ပြီး အားနည်းတယ်၊ သန်မာမှုလည်းမရှိ လုပ်ဆောင်နိုင်စွမ်းလည်း မရှိဘူး”

“ရှင့်မှာ သူ့ထက် နိမ့်ကျတာဆိုလို့ ပညာရေးအဆင့်သတ်မှတ်ချက်တစ်ခုပဲ ရှိလိမ့်မယ်”

“အမှန်ပါပဲ၊ ကျွန်မက အထက်တန်းပဲအောင်တာ၊ သူက ကောလိပ်ကျောင်းသားလေ၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်၂၀လောက်ကတော့ အထက်တန်းအောင်ရင်ကို တော်တော်လေး ဟုတ်နေပြီ

ပြီးတော့ ကျွန်မတို့ မိသားစုက ပိုက်ဆံရှိတယ်၊ အမှန်အတိုင်းပြောရရင် ကျွန်မ သူ့ကို လက်ထပ်ခဲ့တာက သူက ရုပ်ချောတယ်၊ ကျွန်မကိုလည်း ကောင်းကောင်းဆက်ဆံတယ်၊ ပြီးတော့ ပညာရေးနောက်ခံလေးလည်း ကောင်းတယ်၊

ကျွန်မတို့မြို့က ရွာမှာဆိုရင် သူက တက္ကသိုလ်ဝင်ခွင့်အောင်တဲ့ တစ်ဦးတည်းသော သူပဲ”

“အဲဒီတုန်းက သူက ကျောင်းမှာဆိုရင် ကောင်းကောင်းစား၊ကောင်းကောင်းဝတ်နိုင်ခဲ့ရတယ်၊ ကျွန်မအဖေရဲ့ စီးပွားရေးက ငွေတွေသုံးပြီး သူ့အတွက် ထောက်ပံ့ပေးခဲ့တာ၊

ကျွန်မက ငွေပိုရှာနိုင်တယ်၊ ကျွန်မနဲ့ ရွယ်တူတွေထက်လည်း ပိုပြီး အရည်အချင်းရှိတယ်၊ ဒီတော့ ကျွန်မက သူနဲ့ မတန်ဖူးလို့တော့ မတွေးခဲ့ဖူးဘူး”

ကုကျစ်စုန့်ခေါင်းငြိမ့်ကာ ဆက်ပြောသည်။

“ဒါ့အပြင် ရှင့်ရဲ့ စိတ်ဓာတ်ကလည်း တော်တော်လေး အားကောင်းတယ်၊ အနည်းဆုံးတော့ သူ့စိတ်ထဲမှာ အဲဒီလိုထင်နေတာ၊ ဥပမာပြောရရင် ရှင်က သူ့ကို ဆေးလိပ်မသောက်ခိုင်းဘူး၊ အရက်မသောက်ခိုင်းဘူး၊

သူ့ကိုလည်း အိမ်အလုပ် ကူလုပ်ခိုင်းပြီး ကလေးထိန်းခိုင်းသေးတယ်… ဒါ့အပြင် သူက ရှင့်ရဲ့ကုမ္ပဏီမှာ ဝင်စွက်ဖက်ချင်ခဲ့ပုံပဲ၊

သူ့ရဲ့ ဆွေမျိုးတွေကို ကုမ္ပဏီမှာ အလုပ်သွင်းချင်ပေမယ့် ရှင်က သဘောမတူခဲ့ဘူး၊ ကျွန်မမြင်ရသလောက်တော့ သူက အဲ့တာကို တော်တော်လေး မကျေမချမ်းဖြစ်နေခဲ့တာ”

“ဘာကို မကျေမချမ်းဖြစ်တာလဲ? သူ ကျွန်မဆီကနေ ပစ္စည်းတွေ၊ ငွေတွေယူပြီး သူ့အိမ်ကို နှစ်တိုင်းပေးနေတာလေ၊ ဘယ်လောက် ယူယူ ဘာမှ မပြောခဲ့ဘူး၊ ဒါပေမယ့် သူက သူ့ရဲ့ မြို့က ငပျင်းဆွေမျိုးတွေကို ကုမ္ပဏီမှာ အလုပ်သွင်းပြီး ကုမ္ပဏီရဲ့ စနစ်ကို ထိခိုက်အောင် လုပ်ချင်နေတာ၊ ဒါကတော့ လုံးဝလက်မခံနိုင်ဘူး စဉ်းတောင် မစဉ်းစားနဲ့”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ မျက်နှာထားတင်းတင်းဖြင့် စကားဆိုသည်။

“ဒါ့အပြင် ကျွန်မတို့မိသားစုက ကိုယ်ပိုင်စီးပွားရေးထောင်ထားတာ၊ ဘာလို့ သူ့ကို အဲဒီအထဲ ဝင်စွက်ဖက်ခွင့် ပေးရမှာလဲ?

သူ့ရဲ့ ဉာဏ်ကောင်းပေမဲ့ မပြတ်မသားလုပ်တတ်တဲ့ အကျင့်စရိုက်မျိုးနဲ့ဆိုရင် မိသားစုစီးပွားရေးကို အကုန်ဖျက်ဆီးပစ်မှာပဲ”

“ပြီးတော့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေ၊ အဲ့တာက သူ့ကို ကောင်းစေချင်လို့မဟုတ်ဘူးလား? ကျွန်မ နေ့တိုင်း အလုပ်လုပ်ရလို့ ပင်ပန်းတယ်၊ ဒီတော့ ကလေးတွေကို သူမှ ဂရုမစိုက်ပေးရင် ဘယ်သူက လုပ်ပေးမှာလဲ?”

သူမ နားမလည်နိုင်ခဲ့ချေ။ အိမ်တွင်ထိုင်နေရင်း ငွေသုံးနေရုံဘဝအား မလိုချင်သည့်သူ ရှိပါသလော? သူမခင်ပွန်းသည်က မည်သည်ကို မကျေမချမ်း ဖြစ်ရပါသနည်း?

ကုကျစ်စုန့်တစ်ယောက် စိတ်ထဲတွင် ဤအစ်မကြီးက ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်ရင်း ပြုံးမိသည်။

“မှန်ပါတယ်၊ ဒါပေမယ့် တချို့ အတွေးအခေါ်ကျဉ်းမြောင်းပြီး သိမ်ငယ်စိတ်ရှိတဲ့ ယောင်္ကျားတွေရဲ့ မျက်လုံးထဲမှာကျတော့ ရှင်က သူ့ကို ဆူပူနေတယ်၊ အထင်သေးနေတယ်လို့ပဲ မြင်မှာ”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ခင်ပွန်းသည်၏ မျက်နှာအရ သူသည်ကား ရုပ်ရည်ချောမောသော်လည်း ထက်မြက်တောက်ပမှု မရှိ။ သူ၏ နှလုံးသားထဲတွင် ကောလိပ်ကျောင်းသားဖြစ်ခဲ့သည့် သူ့ကိုယ်သူ အမြဲဂုဏ်ယူနေခဲ့သည်။

သူသည်ကား ‘အချစ်သည် ဆောင်းဦးဖြစ်၏’အား အစပိုင်းကတော့ ချစ်မြတ်နိုးခဲ့ပါလိမ့်မည်။ သို့သော် ရင်ထဲမှ သိမ်ငယ်စိတ်များသည်က ဤကဲ့သို့ မိသားစုဘဝမျိုးအား လက်မခံချင်ပေ။

‘အချစ်သည် ဆောင်းဦးဖြစ်၏’က အင်မတန်စိတ်ဓာတ်ပြင်းထန်သည်ဟု တွေးမိသည့်အပြင် သူ၏ ဆွေမျိုးများအား မကူညီသည့်အတွက် ပို၍ပင် စိတ်ကွက်သွားရသည်။

သူမ၏ ကုမ္ပဏီတွင် သူ ဝင်မစွက်ဖက်နိုင်သော အချက်ဖြင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ‘အချစ်သည် ဆောင်းဦးဖြစ်၏’က သူ့အား ခြံခတ်ထားသည်ဟု ခံစားလိုက်ရပြီး‌ ရင်ထဲမှ မပျော်ရွှင်မှု၊ စိတ်ကျပ်တည်းမှုများအား ထိန်းမထားနိုင်တော့ပေ။

ထိုအချိန်တွင် နူးညံ့ကာ လွတ်လွတ်လပ်လပ်နေထိုင်တတ်သည့် အမျိုးသမီးတစ်ဦးဖြင့် ဆုံခဲ့ရသည်။

ဤအမျိုးသမီးသာလျှင် သူ၏ အချစ်စစ်ဟု ထင်ခဲ့မိသည်။ သူမနှင့်‌နေထိုင်ရသည့် ဘဝသည် သူလိုချင်သည့် သက်တောင့်သက်သာ ဘဝမျိုးဟု တွေးကာ ဇနီးအပေါ်တွင် ဖောက်ပြန်ခဲ့သည်။

သို့သော် ‘အချစ်သည် ဆောင်းဦးဖြစ်၏’ကိုတော့ အသိမခံရဲ၊ ကွာရှင်းမခံနိုင်ပေ။

ဇနီးဖြစ်သူက သူ့အား လက်ဗလာဖြင့် ထားခဲ့နိုင်သည်ကို သူသိသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဤမိသားစု နေအိမ်နှင့် ပိုင်ဆိုင်မှုများအား သူ့အပိုင်ဟု သတ်မှတ်ထားခဲ့သည်။ မည်သည့်အရာကိုမှမရဘဲ လက်ဗလာ ဖြစ်မည့်ဘဝကို သူ လက်မခံနိုင်ပေ။

ထို့ကြောင့် သူ၏ ချစ်သူအကြံပေးလာခဲ့သည့်အတိုင်း သဘာဝလွန်နည်းလမ်းများအား အသုံးချ၍ အချိန်နှစ်အနည်းငယ်သုံးကာ ‘အချစ်သည် ဆောင်းဦးဖြစ်၏’ ၏ ခန္ဓာကိုယ် တဖြည်းဖြည်းယိုယွင်းပြီး သေဆုံးစေမည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

သူမ သေဆုံးသည်နှင့် ခင်ပွန်းဖြစ်သူသည်က သူမ၏ ပိုင်ဆိုင်မှုများနှင့် ကုမ္ပဏီအား အပိုင်သိမ်းနိုင်လိမ့်မည်။

ကုမ္ပဏီက သူ့လက်ထဲသို့ မရောက်လျှင်တောင်မှ သားဖြစ်သူ၏ လက်ထဲသို့သာ ရောက်မည်ဖြစ်သည်။

အဖေဖြစ်သူသာ မိသားစု စီးပွားရေးတွင် ဝင်စွက်ဖက်ချင်သည်ဆိုပါက သားဖြစ်သူက သဘောမတူပဲ နေနိုင်ပါမည်လော?

ခင်ပွန်းဖြစ်သူက ဤနည်းလမ်း အဆင်ပြေသည်ဟု တွေးမိကာ သူ၏ ကျန်သည့်ဘဝတွင် အရှက်သိက္ခာအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။

ဇနီးဖြစ်သူက သစ်ပင်ပန်းမန်များ နှစ်သက်သည်ကို သိသည့်အတွက် ဖုန်းရွှေပညာရှင်ဖြင့် တိုင်ပင်ပြီးနောက် ထိုဘွန်စိုင်းများနှင့် အလှဆင်ပစ္စည်းများအား သူမအိမ်တွင်းသို့ ယူလာခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ‘အချစ်သည် ဆောင်းဦးဖြစ်၏’၏ ခန္ဓာကိုယ်က ယင်စွမ်းအင်များ၏ လွှမ်းမိုးမှုကြောင့် အရင်ကဲ့သို့ ကျန်းမာရေးမကောင်းတော့ပေ။

သူမကတော့ အသက်အရွယ်ကြီးလာခြင်းနှင့် အလုပ်မှ ပင်ပန်းမှုများကြောင့်ဟုသာ ထင်ခဲ့မိသည်။

သူ ဖောက်ပြန်နေသည်ကိုသာ သူမ မတော်တဆ မတွေ့ခဲ့ပါလျှင်၊ နောင်လာမည့် ၃,၄နှစ်အတွင်း သူမသည် ဤ ‘နူးညံ့သည့် ဓားချက်’ကြောင့် ခန္ဓာကိုယ်ပျက်စီးရပြီး ရှင်းမပြနိုင်စွာ သေဆုံးရမည်ဖြစ်သည်။

“ဒီလူယုတ်မာကောင်!”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ဒေါသထွက်လွန်း၍ ခင်ပွန်း၏ အလုပ်နေရာသို့ သွားကာ မေးပစ်လိုက်ချင်မိသည်။

“ကျွန်မက အစကတော့ နှစ်ပေါင်းများစွာ လင်နဲ့မယား သံယောဇဉ်ကြောင့် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ကလေးတွေရှေ့ရော၊ လူစိမ်းတွေရှေ့ပါ ထုတ်မပြခဲ့ဘူး၊ သူမျက်နှာပျက်မှာစိုးလို့ သိုဝှက်ထားပေးခဲ့တယ်၊

သူက အရင် အရှက်သိက္ခာမရှိတာဆိုတော့ ကျွန်မလည်း သူ့အတွက် ကာပေးနေစရာ မလိုတော့ဘူး”

ပြောပြောဆိုဆိုပင် သူမ မတ်တပ်ရပ်လိုက်ပြီးနောက် တက်ဘလက်အား ထုတ်ကာ ဖွင့်လိုက်ပြီး သိမ်းထားသော ဓာတ်ပုံများကို ဖွင့်လိုက်သည်။

ထို့နောက် ကင်မရာရှေ့တွင် တည့်တည့် ရိုက်ပြလိုက်သည်။

“ဒီတက္ကသိုလ် ဆရာကို အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကိစ္စနဲ့တိုင်ချင်ပါတယ်၊ သက်သေကတော့ မြင်တဲ့အတိုင်းပဲ၊ သူနဲ့အတူ ဖောက်ပြန်ခဲ့တဲ့မိန်းမကလည်း တစ်ကျောင်းတည်းက လုပ်ဖော်ကိုင်ဖက်ပါပဲ”

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများလည်း ရုတ်တရက် ပွဲကြီးပွဲကောင်းအား မြင်လိုက်၊ ကြားလိုက်ရပြီးနောက် ချက်ချင်း screenshot များ အသည်းအသန်ရိုက်ကြပြန်သည်။

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ပြထားသည့်ပုံများမှာ ရှင်းလင်းလွန်းသောကြောင့် တစ်ဖက်လူ ဘယ်လိုမှ လျှော်ချ၍ မရနိုင်ပေ။

တက်ဘလက်အား ချလိုက်ပြီးနောက် ‘အချစ်သည် ဆောင်းဦးဖြစ်၏’ မျက်မှန်ကို ပင့်လိုက်ရင်း စကားစသည်။

“ကျွန်မ ဒီလိုလုပ်ပစ်ချင်နေတာ ကြာပြီ၊ အခုတော့ ကျွန်မ လက်စားချေလို့ပြီးပြီ၊ ကျွန်မအိမ်ရဲ့ ဖုန်းရွှေကို သေချာလေး စစ်ဆေးပေးလို့ ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်၊

ကျွန်မ ဒီနေ့ပဲ အပြင်ထွက်ပြီး အိမ်မှာရှိသမျှ သစ်ပင်၊သစ်သား ပရိဘောဂတွေ အကုန်လွှင့်ပစ်ပြီး အသစ်ပြန်အလှဆင်ပစ်မယ်!”

ကုကျစ်စုန့် ပြုံးလိုက်ရင်း ပြောသည်။

“ပြန်ပြီးအလှဆင်တာက နောက်မှလုပ်သင့်တဲ့ကိစ္စပါ၊ အရင်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပြီးတာနဲ့ အနီးအနားက ယုံကြည်ရတဲ့ ဘုန်းကြီးကျောင်း ဒါမှမဟုတ် တောက်ဓမ္မကျောင်းကိုသွားပြီး အဲဒီက တောက်ကျန့်ကို စစ်ဆေးခိုင်းကြည့်ပါဦး”

All Chapters