စွန့်ပစ်ခံလိုက်ရသော ကျောင်းဟောင်း(1)
Vol. 20 Ch. 199
ကုကျစ်စုန့်:
“’လေပြေသရဖူ’ဆိုတဲ့ ကြည့်ရှုသူရှိလား? ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်မကို သေချာပြောပေးလို့ရမလား?”
သူမ အသံဆုံးသည်နှင့် ထိုဝက်ဘ်ဆိုက်အား သိကြသည့် ကြည့်ရှု့သူများ အံ့အားသင့်သွားပြီး “???” များက မှတ်ချက်ဧရိယာတွင် ပေါ်လာခဲ့သည်။
တချို့ဆိုလျှင် သူ့အား မသိသူများအတွက် ထိုဝက်ဘ်ဆိုက်၏ အကြောင်း ရှင်းပြနေသေးသည်။
[ဘုရားရေ၊ ဒါက ‘လေပြေသရဖူ’ပဲ၊ သူက အဲဒီမြို့နယ်မှာဆိုရင် ထူးဆန်းတဲ့ အရာတွေကို လေ့လာလို့ နာမည်ကြီးဘလော့ဂါလေ၊ သူ့မှာ ပရိတ်သတ်လည်း သန်းဂဏန်းလောက်ရှိတယ်၊ ပုံမှန်ဆိုရင်တော့ ပြင်ပစွန့်စားမှုဗီဒီယိုတွေ တင်တာများပေမယ့် တစ်ခါတစ်လေကျရင်တော့ သူက ထူးဆန်းတာတွေ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေလည်း သွားတတ်တယ်၊
သူ့ဗီဒီယိုတွေက တော်တော်လေးတော့ မိုက်တယ်၊ လူမနေတဲ့ လမ်းကြား၊တောင်ကြားတွေတို့ လူသားစားတတ်တယ်ဆိုတဲ့နေရာတွေတို့ သွားတာ၊ ကြည့်ရတာရှယ်ပဲ]
[ငါပဲဖြစ်နေတာလား? တချို့ဘလော့ဂါတွေက ပြောတော့ကျ သရဲတွေ၊ မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ လုံးဝမတွေ့ဖူးပါဘူးဆို? အခုကျတော့ ဘာလို့ သဘာဝလွန်အစီအစဉ်မှာလာပြီး အကူအညီတောင်းနေတာလဲ?]
[ဒါကြီးကတော့ လုံးဝကို အမိုက်စား collab ပဲ သူငယ်ချင်းတို့]
ကြည့်ရှုသူများ၏ မှတ်ချက်များအရ ‘လေပြေသရဖူ’က ဗီဒီယိုဘလော့ဂါတစ်ဦးဖြစ်ကာ ဗီဒီယိုများတွင် ပါနေကျဖြစ်ကြောင်း သိရှိပြီးနောက် ကုကျစ်စုန့် သူ့အား မေးလိုက်သည်။
“ရှင် မိုက်ကရိုဖုန်းကို တိုက်ရိုက်ချိတ်လိုက်လို့ ရလား?”
[OK]
မှတ်ချက်ရေးပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်က တစ်ချက်လင်းသွားပြီးနောက် လူငယ်တစ်ဦး၏ မျက်နှာ ပေါ်လာခဲ့သည်။
သူသည်ကား ပရော်ဖက်ရှင်နယ် ဗီဒီယိုရိုက်ကူးသူဖြစ်သောကြောင့် စက်ကိရိယာကောင်းကောင်းများ ရှိခြင်းကြောင့် ဖြစ်မည်။ သူ၏ ကင်မရာသည်က ယခင်ကြည့်ရှုသူများနှင့် ယှဉ်ပါက ပို၍ကြည်လင်ပြတ်သားမှုရှိသည်။
ဤအမျိုးသားက အသက် ၃၀ကျော်ခန့်ဖြစ်ကာ ရွှေဝါရောင်အသားအရည်ဖြင့် မျက်နှာအချိုးအစား မျှမျှတတရှိသည်။ သူက အားကစားဝတ်စုံအား ဝတ်ဆင်ထားသောကြောင့် ကင်မရာမြင်ကွင်းမှ ကြွက်သားလိုင်းများ အထင်းသား မြင်နေရသည်။
“အဟမ်း.. အားလုံး ကြည့်ရှုနေသူများ မင်္ဂလာပါ”
‘လေပြေသရဖူ’က ကင်မရာသို့ လက်ရမ်းနှုတ်ဆက်လိုက်ပြီးနောက် မှတ်ချက်ဧရိယာလည်း နဂိုထက် ပို၍ ဆူပွက်သွားတော့သည်။ သူ၏ဗီဒီယိုများအား ကြည့်ဖူးသည့် ပရိသတ်များကလည်း သူ့ကို စနောက်နေခဲ့ကြသည်။
ကုကျစ်စုန့် သူ့အား တစ်ချက်ကြည့်ပြီးနောက် မေးလိုက်သည်။
“ရှင် မှတ်ချက်ထဲမှာ ပြောထားတာ သဘာဝလွန်ပြဿနာကြုံနေရတယ်ဆို?”
‘လေပြေသရဖူ’ခေါင်းငြိမ့်သည်။
“အားလုံးလည်း သိပြီးဖြစ်မှာပါ၊ ကျွန်တော်က ခရီးသွားဗီဒီယိုတွေ ရိုက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်တာပါ၊ ကျွန်တော် ရိုက်သမျှ ဗီဒီယိုတွေကလည်း စွန့်စားဗီဒီယိုတွေချည်းပဲလေ”
“သိပ်မကြာသေးခင်က ကျွန်တော် ဗီဒီယိုတစ်ပုဒ်ရိုက်ဖို့ ထွက်လာခဲ့တာ၊ အဲဒှမှာ ရိုက်နေတုန်းလည်း စိတ်တွေ တုန်လှုပ်နေခဲ့တာ၊ ဘေးပတ်ဝန်းကျင်ကလည်း အေးစိမ့်နေတာလို့ပဲ ခံစားနေခဲ့ရတယ်၊ အဲဒါကိုလည်း ရိုက်ပြီးရော အကြီးအကျယ် ဖျားတော့တာပါပဲ၊
တော်တော်ကြာတဲ့အထိလည်း မသက်သာသေးတော့ တစ်ခုခုများ ကြုံခဲ့ရပြီလားလို့၊ အဲဒါကြောင့် ကုတောက်ကျန့်ကို အကူအညီတောင်းမိတာပါ”
သူ့စကားဆုံးသည်နှင့် ကြည့်ရှုသူတော်တော်များများက သူပြောင်းပြန်လှန်ခံလိုက်ရပြီဟု စနောက်နေကြပြန်သည်။
‘လေပြေသရဖူ’သည်ကား ရိုက်ကူးရေးပြုလုပ်တိုင်း အန္တရာယ်များသော၊ စိတ်ချောက်ခြားဖွယ်ကောင်းသော နေရာများကိုသာ ရွေးချယ်တတ်သည်။
ဥပမာ နာမည်ကြီး သရဲတောင်ကြား၊ လူရိုင်းတောင်ကြား အစရှိသည်တို့ဖြစ်ပေသည်။
သူ၏ လုံခြုံမှုအတွက် စိတ်ပူကြသော ပရိတ်သတ်များကတော့ အမြဲတစေ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအား ဂရုစိုက်ရန် မှတ်ချက်များ ရေးသားတတ်ကြသည်။
သို့သော် ထိုမှတ်ချက်များအား ဘယ်သောအခါကမှ သူ့အတွက် အတည်မယူခဲ့ပေ။ ဗီဒီယိုတစ်ခုတွင် ‘သရဲများ’၊ ‘အကြမ်းအတမ်းများ’သည် အမှန်မဟုတ်ကြောင်း၊ လုံးဝ မကြောက်ရွံ့ကြောင်းပင် ပြောဆိုခဲ့သေးသည်။
‘လေပြသရဖူ’လည်း ထိုလှောင်ပြောင်နေသော မှတ်ချက်များကို မြင်ကာ ခပ်ယဲ့ယဲ့လေး ပြုံးရှာသည်။
“ပရိုဂရမ်အဖွဲ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာက ဗီဒီယိုကို share လို့ မရလို့၊ ကျွန်တော့်ရဲ့ အကောင့်မှာ အဲဒီရိုက်ကူးမှုကို တင်ထားပါတယ်၊ နောက်ဆုံးတင်ထားတဲ့ ဗီဒီယိုပါ၊ ကုတောက်ကျန့်နဲ့ ကြည့်ရှုသူတွေ အဲ့တာကို ကြည့်ပြီး ပြဿနာကို ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်”
သူ၏ စကားဆုံးသည်နှင့် သိချင်စိတ်ပြင်းသော ကြည့်ရှုသူများကတော့ ချက်ချင်း ဗီဒီယိုအား ရှာဖွေကြည့်ကြတော့သည်။
*
ကုကျစ်စုန့်လည်း မှတ်ချက်ဧရိယာမှ ကြည့်ရှုသူတစ်ဦးပို့လိုက်သည့် လင့်ခ်အား နှိပ်ကာ ဝင်ကြည့်လိုက်သည်။
ဗီဒီယိုတင်ထားသည်မှာ ဆယ်မိနစ်ခန့်သာ ရှိသေးသည်။
ဗီဒီယိုကို နှိပ်လိုက်သည်နှင့် ဗီဒီယိုထဲမှ ‘လေပြေသရဖူ’၏ အသံထွက်လာခဲ့သည်။
‘အားလုံးမင်္ဂလာပါ၊ ဒီနေ့ဗီဒီယိုအသစ်မှာ အားလုံးကို ခေါ်သွားချင်တဲ့ နေရာကတော့ စွန့်ပစ်ထားတဲ့ သိပ္ပံနည်းပညာပန်းခြံပဲ ဖြစ်ပါတယ်၊
ဒါက Eမြို့ရဲ့ အပြင်မှာ ရှိတာပါ၊ နေရာက စွန့်ပစ်ခံထားရတာ နှစ်အနည်းငယ်တော့ ရှိပြီတဲ့…’
ကြည့်ရှုသူများအားလုံးက ဗီဒီယိုကြည့်ရန် သွားကြသောကြောင့် မှတ်ချက်ဧရိယာသည်လည်း အနည်းငယ် တိတ်ဆိတ်နေခဲ့သည်။
ကုကျစ်စုန့်က ဖုန်းကလိနေဆဲဖြစ်သော်ငြား မျက်လုံးများကတော့ တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်တစ်ဖက်မှ ‘လေပြေသရဖူ’၏ မျက်နှာမှ မခွာပဲ သေချာ စူးစမ်းကြည့်ရှုနေခဲ့သည်။
သူသည် မျက်နှာသည်က ပုံမှန်အချိုးအစားရှိကာ မျက်ခုံးများသည် တိုပြတ်ပြတ်ဖြစ်သည်။ မျက်လုံးများတွင်လည်း ဇွဲမလျော့စွာ လောင်မြိုက်နေသော အားကောင်းသည့် ယန်မီးတောက်တစ်ခုကိုလည်း မြင်တွေ့နေရသည်။
ထိုလူများသည် သတ္တိရှိသည်၊ အခက်အခဲများကို ကျော်လွှားကာ ဆူးငြောင့်များကိုလည်း ကြောက်လန့်မနေတတ်ကြ။ တစ်ချိန်တည်းမှာပင် သူတို့အများစုသည် ဘာသာမဲ့များဖြစ်ကြကာ ဘုရားသခင်နှင့် သရဲတစ္ဆေများအား အယုံအကြည်မရှိကြပေ။
သူ့ပုံစံကြည့်ရသည်မှာ မကျေမချမ်းဖြစ်နေပုံပေါ်သော်ငြား ထိုအရာသည် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကုကျစ်စုန့် ပြောနိုင်သည်။
သူ အရမ်းကြောက်လန့်နေပုံတော့မပေါ်ပေ။
ထို့အပြင် သူစကားပြောလိုက်ချိန်တိုင်းတွင် သူ၏ လေသံသည် ထူးဆန်းကာ မပြတ်မသားဖြစ်ပြီး စိတ်လှုပ်ရှားနေဟန်ပေါ်သည်။
သူ့ကိုယ်သူ ရူးသွားပြီဟု မခံစားနေရမှန်း သိသာလွန်းလှသည်။
‘လေပြေသရဖူ’က လိမ်ညာနေခြင်းသာဖြစ်သည်။
ကုကျစ်စုန့် ခေတ္တမျှ တွေးလိုက်ပြီးနောက်တွင် ထိုလူငယ်လေး၏ ဦးနှောက်အသေးမှ အတွေးများအား ရှင်းရှင်းလင်းလင်း မြင်နေပြီးဖြစ်သည်။ သူသည်ကား နာမည်ကြီးနေသော သဘာဝလွန်ပြိုင်ပွဲအစီအစဉ်အား အသုံးချ၍ သူ၏ ဗီဒီယိုအား လူကြည့်များစေရန် အသုံးချနေခြင်းသာဖြစ်ချေသည်။
သို့သော် ပို၍ ထူးဆန်းသည့်အရာမှာ ‘လေပြေသရဖူ’၏ အနီးတွင် ယင်စွမ်းအင် အမြောက်အမြား ရှိနေခဲ့ခြင်းပင်။
သူကိုယ်တိုင်ကတော့ ထူးဆန်းသည့်အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသည်ဟု မခံစားရပေ။ သို့သော် သူသည်က မကောင်းသည့် အရာတစ်ခုနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ကုကျစ်စုန့် သူမ၏ ဝိဉာဉ်မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် မြင်တွေ့ရသည်မှာ သူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်လှသော အမုန်းတရားများ ပြည့်နှက်နေပြီး ထူးဆန်းရှုပ်ထွေးလွန်းလှသည်။
ထိုအချိန်တွင် ကြည့်ရှုသူများကတော့ ‘လေပြေသရဖူ’၏ နောက်ဆုံးဗီဒီယိုအား ကြည့်ရှုပြီးကြပြီဖြစ်သည်။
ကြည့်ရှု့ပြးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ပြန်ဝင်လာကြပြီး မှတ်ချက်ဧရိယာတွင် ဆွေးနွေးမှုများ စတင်နေကြသည်။
[တကယ့်ကို ကောင်းတဲ့ ဘလော့ဂါရှာတွေ့ခဲ့ပြီ၊သူတင်ထားတဲ့ ဗီဒီယိုတွေက စိတ်ဝင်စားစရာကောင်းမယ့်ပုံတွေချည်းပဲ!]
[အဲဒီဗီဒီယိုကြီးက တကယ်ကြောက်စရာကြီး! တချို့ရိုက်ချက်တော်တော်များများက ဝါးထားတာဆိုပေမယ့် အန်ချင်စိတ်ပေါ်တာတော့ ထိန်းမရဘူး၊ မှုခင်းဆေးပညာလေ့လာပြီး နေ့တိုင်းအလောင်းတွေ ကြည့်နေရတဲ့သူတွေ တကယ့်ကို လေးစားပါတယ် …]
[မိုက်တယ်၊အဲဒီအဆောက်အဦထဲမှာ တကယ်ကို အလောင်းကောင်တွေရော၊ အရိုးခြောက်တွေရောကို အများကြီးပဲ၊ ဒီဘလော့ဂါ မကြောက်မလန့် ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ ဝင်သွားရဲတယ်၊ သတ္တိကောင်းလွန်းပါတယ်ကွာ! ဒါကြီးက ခြောက်တာလည်း မပြောနဲ့တော့]
ဆယ်မိနစ်အတွင်းမှာပင် ထိုဗီဒီယို၏ ကြည့်ရှုမှုမှာ ၁မီလီယံကျော်သွားပြီဖြစ်ကာ ထပ်တိုးလာနေဆဲပင်ဖြစ်သည်။
အားလုံးသိကြသည့်အတိုင်း ဗီဒီယိုတစ်ခုမှ ကြည့်ရှုသူအရေအတွက်သည်က ဘလော့ဂါ၏ ဝင်ငွေနှင့် တိုက်ရိုက်အချိုးကျနေသည်။ ပရိတ်သတ်များ ဆက်တိုက်တိုးလာသည်အား မြင်ရပြီးနောက် ‘လေပြေသရဖူ’ စိတ်လှုပ်ရှားကာ နှုတ်ခမ်းထောင့်လေးများ ညွှတ်၍ ပြုံးချင်စိတ်ဖြစ်လာသည်ကို ထိန်း၍ပင်မရတော့။
သူမော့ကြည့်လိုက်ချိန်တွင် မျက်နှာပြင်ပေါ်မှ ချောမောလှပလွန်းသည့် မင်းသမီးငယ်နှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။
ထိုကဲ့သို့ နက်မှောင်တည်ငြိမ်လွန်းလှသော မျက်လုံးများ၏ အကြည့်အောက်တွင် သူ၏‘အလိမ်အညာ’ပေါ်သွားသည့်အလား အပြစ်ရှိစိတ် ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဗီဒီယိုအား မကြည့်ရသေးသော သို့မဟုတ် ကြောက်လွန်း၍ သွားမကြည့်သော ကြည့်ရှု့သူများကတော့ ဗီဒီယိုတွင် ပါဝင်သည့်အကြောင်းအရာများအား သိချင်စိတ်ဖြင့် လိုက်မေးနေကြသည်။
‘လေပြေသရဖူ’လည်း ထိုအချက်အား မြင်ပြီးနောက် ဗီဒီယိုတွင် ရိုက်ကူးထားသည့် အကြောင်းအရာအား ရှင်းပြတော့သည်။
“အဲဒီဗီဒီယိုက ကျွန်တော့်ရဲ့ မွေးရပ်မြို့မှာ ရိုက်ထားတာလေ၊ မြို့သားတွေဆိုရင်တော့ အရှေ့ဆင်ခြေဖုံးရပ်မှာ ဟိုးအရင်နှစ်တွေတုန်းက chemical တွေ စိမ့်ပြီးတော့ သိပ္ပံပန်းခြံမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ သိကြမှာပါ
ပြောကြတာက အဲဒီမှာ အဆိပ်ရှိပြီး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်ကန်တစ်ခုက ရုတ်တရက်ကြီး ထပေါက်သွားတာတဲ့လေ”
“အဲဒီတုန်းက သိပ္ပံနည်းပညာပန်းခြံနားက အိမ်တွေရော၊ ကုမ္ပဏီတွေပါ ချက်ချင်း လုံခြုံရေးအတွက် နေရာရွေ့ရတာ၊ ဘာလို့လဲဆိုတော့ အဲ့ဒီဓာတုပစ္စည်းတွေက လေထဲမှာ အငွေ့ပျံနိုင်ပြီး ရေမှာလည်း ပျော်ဝင်နိုင်တယ်တဲ့၊
ပြီးတော့ လူ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတယ်တဲ၊ ဘယ်သူမှ အဲဒါကို မသုံးရဲဘူး၊ အသက်ကို လောင်းကြေးမထပ်ရဲဘူးလေ၊ အဲဒီအနားတစ်ဝိုက်လည်း စွန့်ပစ်နယ်မြေကြီးဖြစ်ပြီး ဆောက်လုပ်ရေးတွေလည်း မရှိတော့တာ နှစ်အတော်ကြာပြီ”
သူ ထိုစကားပြောလိုက်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ နယ်ခံများကလည်း သူတို့သိထားသည်များ ဝင်၍ ထောက်ပြကြသည်။
[ကလေးတွေကတော့ သိမှာမဟုတ်ဘူး၊ အဲဒီအရှေ့ဆင်ခြေဖုံးရပ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက တကယ့်ကို ဆိုးလွန်းပါတယ်၊ လူတွေလည်း တော်တော်များများ သေခဲ့တာ၊
အနားက ဆည်ကလည်း ညစ်ညမ်းသွားတယ်တဲ့၊ အစက နည်းနည်းတိုးတက်လာတဲ့ စီးပွားရေးတွေ အိမ်ခြံမြေဈေးတွေလည်း အကုန် အစကအတိုင်း ပြန်ဖြစ်သွားတော့တာပဲ]
[ငါက အဲဒီမြို့ကလေ၊ အရှေ့ဆင်ခြေဖုံးရပ်က စွန့်ပစ်နေရာဖြစ်ပြီး ဘယ်သူမှ မနေကြဘူးဆိုတာကိုတော့ သိတယ်၊ အဲဒီမှာ အရင်တုန်းက အဲ့လိုတွေဖြစ်ခဲ့တယ်ဆိုတာကို အခုမှပဲ သိတာ!]
[ငါမှတ်မိသလောက်ကတော့ အဲဒါက အစိုးရက ငွေထုတ်ပေးထားတဲ့ သိပ္ပံနည်းပညာပန်းခြံတဲ့၊ ငွေကို ၁ဘီလီယံကျော်တောင် သုံးပြီး စီးပွားရေးတိုးတက်အောင် ထောက်ပံ့ပေးထားတာ၊ အဲဒီပန်းခြံက တက္ကသိုလ်နှစ်ခုရဲ့ အဆောင်တွေနဲ့ ကပ်လျက်ပဲလေ၊
ရလဒ်ကတော့ ဆောက်ပြီး,ပြီးချင်း အက်ဆီးဒင့်က ဖြစ်ခဲ့တယ်၊ ဖြစ်ပြီးတာနဲ့ ကပ်ဆိုက်တော့တာပဲ၊ ကျောင်းဆောင်နှစ်ခုလုံးလည်း စွန့်ပစ်အဆောက်အဦတွေ ဖြစ်သွားတာ…]
[အဲဒါက အဆင့်လေး ဒါမှမဟုတ် ငါးလောက်ပဲရှိတဲ့ သာမန်မြို့ငယ်လေးအတွက်တော့ တော်တော် အထိနာသွားတယ်၊ အခုထိ အရှေ့ဆင်ခြေဖုံးရပ်တွေက ပြန်လည်း မပြင်နိုင်သေးဘူး၊ လူတွေက ဒီမြို့က ရေတွေမှာ ဓာတုအဆိပ်သင့်နေမှာ ကြောက်တာနဲ့ အိမ်ခြံမြေတွေကလည်း ရောင်းမထွက်တော့ဘူးလေ]
*