← Chapters

စွန့်ပစ်ခံလိုက်ရသော ကျောင်းဟောင်း(2)

Vol. 20 Ch. 200

စွန့်ပစ်ခံလိုက်ရသော ကျောင်းဟောင်း(2)

Vol. 20 Ch. 200

မှတ်ချက်ထဲတွင် စွန့်ပစ်ပန်းခြံအကြောင်းမှတ်ချက်များ မြင်တွေ့ရပြီးနောက် ‘လေပြေသရဖူ’ ခေါင်းငြိမ့်သည်။

“အရှေ့ဆင်ခြေဖုံးရပ်အကြောင်း ကြားတော့ ကျွန်တော်လည်း သေသေချာချာကြိုးစားပြီးတော့ အဲဒီပန်းခြံနားမှာ ဗီဒီယိုရိုက်ဖို့ ပြင်လိုက်တာ၊

ဒါပေမယ့် သူ့ဘေးက ကျောင်းအဆောင်ကလည်း စွန့်ပစ်အဆောက်အမှန်း သိလိုက်ရတယ်လေ၊ အဲဒီကျောင်းက ဖြစ်ချင်တော့ မြို့တော် E ရဲ့ဆေးကျောင်းအခွဲတစ်ခုတဲ့၊

ကျွန်တော့်ဗီဒီယိုမှာ ရိုက်ထားတဲ့အထဲမှာဆိုရင် အဲ့ကျောင်းရဲ့ ခန္ဓာဗေဒအဆောက်အဦး၊ စမ်းသပ်ခန်းနဲ့ မျိုးစိတ်စုဆောင်းခန်းတွေပါတယ်”

“အဲဒီအထဲမှာဆိုရင် စွန့်ပစ်ရုပ်အလောင်းတွေ၊ လူအရိုးခေါင်းတွေနဲ့ နမူနာတွေထည့်ထားတဲ့ ပုလင်းတွေ အကုန် အဆောက်အဦထဲမှ စွန့်ပစ်ထားခဲ့ကြတာ…”

သူ့စကားကြားရသည်နှင့်ပင် ကြည့်ရှုသူအများစု ကြက်သီးထမိသည်။

ဗီဒီယိုကြည့်ခဲ့သူများကတော့ မီးလောင်ရာလေပင့်ပြီး မှတ်ချက်ထဲတွင် ဗီဒီယိုမှ ကြောက်စရာကောင်းသည့် အချက်များအား ချဲ့ကားပြောဆိုနေကြသည်။

ဓာတုပစ္စည်းများ လေထဲတွင် ပျံ့လွှင့်နေသောကြောင့် ကျောင်းသည်လည်း အရေးပေါ်အဖြစာ ကျောင်းသားများအား နေရာရွေ့ပြောင်းလိုက်ရပြီး ထိုနမူနာများကိုလည်း သိမ်းဆည်းချိန်မရခဲ့ပေ။

ကျောင်းသားအများစုက ပိတ်ရက်အတွက် အိမ်ကို စောစောပြန်ခဲ့သည့်အတွက် ထိုသူများဆိုလျှင် အထုတ်ပင် မပါခဲ့ကြတော့ပါချေ။

ရိုက်ကူးနေစဉ်တွင် ‘လေပြေသရဖူ’က ကျောင်းသားများ၏ အခန်းများနှင့် suitcaseများကိုလည်း ရိုက်ပြခဲ့သေးသည်။ တချို့စားပွဲများဆိုလျှင် စားလက်စအစားအစာများပင် ကျန်ရှိနေသေးပြီး နှစ်ကြာမြင့်ပြီဖြစ်သောကြောင့် မှိုတက်နေပြီဖြစ်သည်။

စမ်းသပ်ခန်းနှင့် မျိုးစိတ်နမူနာများ သိမ်းဆည်းသည့်အခန်းများတွင် ပုလင်းများလည်း ကွဲကြေနေကြပြီး ဆေးရည်များလည်း ကြမ်းပြင်ပေါ်တွင် စီးကျနေခဲ့သည်။ အထဲမှ နမူနာများသည်က မြေပေါ်တွင် ပျံ့ကြဲနေခဲ့ကာ ပုတ်သိုးနေပြီ ဖြစ်သော်ကြောင့် အနံ့မှာလည်း ဆိုးဝါးလွန်းလှသည်။

ဗီဒီယိုအဆုံးတွင် ‘လေပြေသရဖူ’၏ ကင်မရာသည် ခွဲစိတ်ခန်းအတွင်းမှ ခြောက်ကပ်နေသော အရိုးခြောက်အား အနီးကပ် ဆွဲရိုက်ပြထားပြီး ပြောလိုက်သည်။

“ဒါက ကျွန်တော် ရိုက်ခဲ့သမျှထဲမှာ ကြောက်စရာအကောင်းဆုံးပဲ၊ ဒီလောက် မျိုးစိတ်နမူနာတွေနဲ့ လူ့အရိုးတွေအများကြီး ပထမဆုံးမြင်ဖူးတာပဲ…”

ထို့နောက် သူအိမ်သို့ ပြန်လာခဲ့သည်။

အိမ်ရောက်ပြီးမကြာလိုက်။

အပြင်းအထန်နာမကျန်းဖြစ်ကာ ယခုအချိန်ထိ နေမကောင်းတော့ပေ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများက သူ့စကားအား အဆုံးထိနားထောင်ပြီးနောက် ဗီဒီယိုထဲတွင် မြင်တွေ့လိုက်ရသည့် အရာများနှင့် ပေါင်းစပ်ပြီးနောက် ခန္ဓာဗေဒအဆောက်အဦတွင်းမှ မကောင်းသည့် စွမ်းအင်သည် စွမ်းအားကြီးလွန်းကြောင်း၊ ‘လေပြေသရဖူ’ တစ်ခုခုအား ထိခဲ့မိခြင်းဖြစ်ရမည်ဟု ကောက်ချက်ချကြသည်။

ရှင်းပြပြီးနောက် ‘လေပြေသရဖူ’ ကုကျစ်စုန့်အား ကြည့်ရင်း မေးလိုက်သည်။

“ကုတောက်ကျန့် ကျွန်တော် အဲ့

ဒီအဆောက်အဦထဲက ဝိဉာဉ်တွေကိုများ နှောင့်ယှက်မိသွားတာလား? အနီးအနားက တောက်ဘုန်းကြီးကျောင်းကိုသွားပြီး စစ်ကြည့်ရမလား? ကျွန်တော် အဲဒါကို ထိန်းချုပ်ဖို့အတွက် တစ်ခုခုများ ဝယ်ရမှာလား?”

ဤအချိန်တွင် ‘လေပြေသရဖူ’၏ ရည်မှန်းချက်မှာ အောင်မြင်ပြီးဖြစ်သည်။

သူ၏ ရိုက်ကွင်းဗီဒီယိုများတွင် ကြည့်ရှုသူများ ဝင်လာမစဲ တသဲသဲဖြစ်နေချေပြီ။ ပရိတ်သတ်အရေအတွက်လည်း ထောင်ချီ တိုးပွားလာပြီးဖြစ်သည်။

ဤပြိုင်ပွဲမှ သူငွေအများအပြား ရရှိပြီးဖြစ်သည်။

အမှန်ပြောရလျှင် ‘လေပြေသရဖူ’သည်က သရဲခြောက်ခံရသည်ဟု တစ်ခါမျှပင် မခံစားခဲ့ဖူးပေ။

သူ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်တွင် ဝင်ရောက်ပါဝင်ခဲ့ခြင်းမှာ သူ၏ဗီဒီယိုများ လူကြည့်များရန်နှင့် နာမည်ကြီးရန်အတွက်သာ ဖြစ်သည်။

ယခင်က သူ့အနေဖြင့် စွန့်စားခရီးသွားဘလော့ဂါအဖြစ် နှစ်များစွာ လုပ်ကိုင်ခဲ့သော်လည်း အောင်မြင်မှုက သာမန်သာဖြစ်ခဲ့သည်။

နောက်ပိုင်းတွင်တော့ သူ ‘သရဲခြောက်သည့်တောင်ကြား’ အကြောင်းကို ရိုက်ကူးရေးပြုလုပ်ခဲ့ချိန်တွင် အောင်မြင်မှုများစတင်ရရှိခဲ့သည်။

*

ယခုတစ်ကြိမ်တွင်တော့ မွေးရပ်မြို့မှ စွန့်ပစ်ဆေးကျောင်းတစ်ကျောင်းအား မမျှော်လင့်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး မျိုးစိတ်နမူနာ တစ်ခု၏ သိသာထင်ပေါ်သည့် ပုံအား ရိုက်ကူးနိုင်ခဲ့သည်။

ထိုဗီဒီယိုသည်က နာမည်ကြီးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်ငြား ဗီဒီယိုဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူနည်းပါးမည်ကိုလည်း စိတ်ပူနေခဲ့သောကြောင့် သူ့အနေဖြင့် အမြဲလိုလို မတည်မငြိမ် ဖြစ်နေခဲ့ရသည်။

ဗီဒီယိုအား တည်းဖြတ်နေချိန်တွင် ‘လေပြေသရဖူ’သည် အမှန်တကယ်လည်း အပြင်းဖျားနေခဲ့ခြင်းဖြစ်ပေသည်။

သူ၏ဗီဒီယိုအား အတူကြည့်ခဲ့သည့် သူငယ်ချင်းမှ ရယ်မောကာ စနောက်ခဲ့သေးသည်။

‘မင်း အဲဒီအဆောက်အဦက သေပြီးသားသူတွေကို သွားနှောင့်ယှက်လို့ အခြောက်ခံရတာတော့ မဟုတ်ပါဘူးနော်?’

ထိုအချိန်တွင် ဝိဉာဉ်ရေးရာအစီအစဉ်၏ ပဥ္စမမြောက်အပိုင်း တိုက်ရိုက်ထုတ်လွှင့်ပြီးဖြစ်ကာ အင်တာနက်တွင်လည်း အကြိတ်အနယ် ဆွေးနွေးမှုများ စည်ကားနေခဲ့သည်။

ထိုအစီအစဉ်အား ကြည့်နေရင်း မုန့်စားနေသည့် သူငယ်ချင်းမှ ကောက်ချက်ချသည်။

‘ဒီပြိုင်ပွဲက ဖြစ်ပျက်တာတွေက မင်းရိုက်ထားတာတွေလောက်တောင် ကြောက်ဖို့မကောင်းပါဘူးကွာ’

ထိုစကားအား ကြားရပြီးနောက် နဂိုတည်းက နာမည်ကြီးချင်သလောက် မကြီးနိုင်သောကြောင့် စိတ်ညစ်နေသည့် ‘လေပြေသရဖူ’ တစ်ညလုံး အတွေးကမ္ဘာတွင် နစ်မြုပ်နေခဲ့သည်။ နောက်တော့ သူမည်သည့်အရာကို တွေးမိနေကြောင်း သဘောပေါက်သွားခဲ့သည်။

သူက ဗီဒီယိုအား အသုံးချကာ သဘာဝလွန်အဖြစ်အပျက်တစ်ခုခုအား ကြုံတွေ့ခဲ့ဟန်ဆောင်၍ ပြိုင်ပွဲတွင် ပါဝင်နိုင်ပေသည်။

မမျှော်လင့်ထားစွာပင် ကုကျစ်စုန့်၏ မှတ်ချက်ဧရိယာတွင် မှတ်ချက်ရေးသားခဲ့ပြီးနောက် သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့သည်!

‘လေပြေသရဖူ’အနေဖြင့် ကုကျစ်စုန့်အား အရှက်မခွဲချင်သကဲ့သို့ ဤထူးခြားပညာရပ်များအား မြင်တွေ့ရန် လာခဲ့ခြင်းလည်း မဟုတ်ပေ။

ထို့ကြောင့် သူကိုယ်တိုင်လိုလိုလားလား တောက်ဘုန်းကြီးကျောင်းအား သွားရောက်ရန် အစပျိုးခဲ့ပြီး ဗီဒီယိုကောအား ရပ်တန့်ချင်ခဲ့သည်။

သို့သော် ကုကျစ်စုန့် စကားစလာခဲ့သည်။

“ရှင် တကယ်ကို တစ်ခုခုနဲ့ ဆုံခဲ့တာပဲ၊ ရှင့်ရဲ့ ခန္ဓာကိုယ်မှာလည်း အငြိုးအတေးတွေ ချုပ်နှောင်နေတယ်၊ အဲဒါကို သေချာ မဖြေရှင်းဘူးဆိုလို့ကတော့ ပြဿနာကြီးနဲ့ တွေ့ရလိမ့်မယ်”

‘လေပြေသရဖူ’: “?!!”

သူ အံ့အားသင့်သွားရသည်။ ကုကျစ်စုန့်တွင် ဆက်စပ်တွေးခေါ်နိုင်မှုမရှိဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် သူ ချော်လဲရောထိုင်ကာ ဆက်ပြောသည်။

“မဖြစ်နိုင်တာ? ကျွန်တော် အဲဒီကိုသွားပြီး ဗီဒီယိုပဲ ရိုက်ခဲ့တာလေ၊ တစ်ချိန်လုံးလည်း သူတို့ကို မရိုမသေ မလုပ်ခဲ့ပါဘူး၊ ဘယ်လိုလုပ်ပြီး အငြိုးထားနေရမှာလဲ…”

“ရှင် ရိုက်ခဲ့တဲ့ ဗီဒီယိုက မပြတ်သားဘူး၊ အဲဒါကို မျက်နှာပြင်ကနေတဆင့် ကျွန်မ အာရုံခံလို့ မရဘူး”

ထိုလူ၏ မယုံကြည်သော မျက်နှာကြောင့် သူမ တည်ငြိမ်စွာ ဆက်ပြောသည်။

“ရှင်က ကျွန်မကို မွေးနေ့၊မွေးရက် မပေးပေမဲ့ ရှင်ရိုက်ထားတဲ့ ဗီဒီယိုရဲ့ အဆုံးသတ်မှာ ရှင့်လက်ရေးနဲ့ လက်မှတ်ပါတယ်၊ အဲဒီလက်ရေးကနေ ခန့်မှန်းကြည့်ရရင် ရှင့်ရဲ့ မျိုးရိုးနာမည်က ထျန်၊ အသက် ၂၈နှစ်ရှိပြီ. အခု ဗီဒီယိုတွေရိုက်ပြီး အသက်မွေးဝမ်းကြောင်း အလုပ်ကိုလုပ်နေတာ ၅နှစ်ကျော်ပြီ”

“ရှင့်ရဲ့ ဓာတ်ကြီးငါးပါးအရဆိုရင် ရှင်က လီကျင်းမူမှာ မွေးတာ၊ အဲ့နေရာက ရေဓာတ်နဲ့ မြေဓာတ်နည်းတယ်၊ ဒီတော့ နေရာအတိအကျဆိုရင် ဟိုင်ရှီပဲ၊

ရှင် အသက် ၂နှစ်လောက်တုန်းက မိဘတွေနဲ့အတူ Eမြို့တော်ကို ပြောင်းလာခဲ့တာပဲ၊ နောက်တော့ ပညာတတ်ပြီးနောက် မြို့ကနေ ထွက်လာခဲ့တာ၊ဘ Eမြို့တော်ကို ပြန်ရောက်လာတာ သိပ်မကြာသေးဘူး”

ထိုစကားများအား ကြားရပြီးနောက် ‘လေပြေသရဖူ’ ပြောမပြနိုင်လောက်အောင်ပင် အံ့ဩသွားခဲ့သည်။ ကုကျစ်စုန့် ပြောသွားသမျှအားလုံးသည် မှန်နေခဲ့သည်!

အင်တာနက်ပေါ်တွင် ရှာလို့မရနိုင်သည့်အချက်များကိုပင် ထောက်ပြသွားခဲ့သည်။

ဥပမာ သူသည်ကား မျက်နှာမပြသည့် အစားအသောက်ဘလော့ဂါတစ်ဦးအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသည်။ တစ်နှစ်ကျော်ကြာပြီးနောက်တွင် တိုးတက်မှုမရှိသောကြောင့် သူ စွန့်စားခရီးဗီဒီယိုများ‌ ပြောင်းလဲရိုက်ကူးခဲ့ခြင်းပင်။

ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်မှာ ၅နှစ်ခန့်ရှိပြီဖြစ်သည်။

နောက်ထပ်ဥပမာတစ်ခုသည်က သူ၏ မွေးရပ်မြေ ဟိုင်ရှီဖြစ်ကြောင်းပင်….

‘လေပြေသရဖူ’က သူ၏ဘဝကိုသူ သံသယဝင်နေခဲ့ချိန်တွင် ကုကျစ်စုန့်ကတော့ ဆက်ပြောသည်။

“ရှင်က အခု Eမြို့တော်မှာပဲ၊ ရှင်အငြိုးအတေးနဲ့ ချုပ်နှောင်ခံလိုက်ရတဲ့ နေရာရော ဗီဒီယိုရိုက်ကူးတဲ့နေရာရောက အဲဒီမြို့ထဲမှာပဲ၊ ရှင့်ရဲ့ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် အဲဒီရိုက်ကူးရေးနေရာကို သွားပြီး ရှင့်ကို ဘယ်အရာက နှောင့်ယှက်နေလဲဆိုတာကို ကျွန်မကို ပြမှရမယ်”

‘လေပြေသရဖူ’သည်ကား ဆေးကျောင်းမှ အရိုးခြောက်များ၊ နမူနာများကြောင့် မကောင်းမှုသက်ရောက်ရသည်ဟု သူမ မထင်။

ကျောင်းများတွင်ရှိသည့် ခန္ဓာဗေဒလေ့လာရန် အသုံးပြုသည့် မျိုးစိတ်နမူနာများ၊ အရိုးများသည်ကား ခန္ဓာကိုယ်အား လှူဒါန်းထားသူများ ဖြစ်ကြသည်။

အသက်ရှိစဉ်ကပင် တိုင်းပြည်နှင့် ဆေးပညာသုတေသနအတွက် ခန္ဓာကိုယ်အား လိုလိုချင်ချင် ပေးအပ်ထားသည့် သူများသည် သေဆုံးချိန်တွင် ဤမျှ အငြိုးအတေးများ ကြီးမားနေခြင်းမှာ ယုတ္တိမရှိပါချေ။

စွန့်ပစ်ထားသည့် ကာလ ကြာမြင့်သောကြောင့် ထိုနေရာတွင် အမျက်ဒေါသတစ်ခုသည် မသိနိုင်သော အကြောင်းရင်း များကြောင့် မွေးဖွားလာခဲ့ခြင်းသာ ဖြစ်ရမည်ဟု သူမ သံသယရှိသည်။

ဖြစ်ပျက်ခဲ့သည့် နေရာအမှန်အား သူမ မျက်လုံးဖြင့် မြင်တွေ့ပြီး အတည်ပြုရန် လိုအပ်သည်။

သူ၏ အချက်အလက်များအား တိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်သောကြောင့် ‘လေပြေသရဖူ’က သဘာဝလွန်ပညာများ ဖြစ်တည်မှုကို ယုံကြည်စပြုလာခဲ့သည်။

ကုကျစ်စုန့် ထပ်ပြောလိုက်သည့် စကားကြောင့် သူ စိတ်မသက်မသာဖြစ်ကာ အနည်းငယ် ကြောက်ရွံ့မိသည်။

မဟုတ်မှလွဲရော… သူ့မှာ တကယ်ကြီး တစ်ခုခု ဖြစ်ပျက်နေတာများလား…?

ဤကမ္ဘာကြီးတွင် သရဲများက အမှန်တကယ်ရှိနေသည်လား?!

မှတ်ချက်ဧရိယာတွင် သူ့အား ကုကျစ်စုန့် ပြောသည့်အတိုင်း စွန့်ပစ်ထားသည့် ဆေးကျောင်းသို့ သွားရန် တိုက်တွန်းနေမှုများအား မြင်ရပြီးနောက် ‘လေပြေသရဖူ’ အနည်းငယ်စဉ်းစားပြီးကာ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ကျွန်တော် ကုတောက်ကျန့် ကြည့်လို့ရအောင် အဲဒီကို အခုပဲ သွားလိုက်ပါမယ်၊ ဒါပေမဲ့  အခုကျွန်တော် နေတဲ့ နေရာနဲ့ အဲ့ဒီအရှေ့ဆင်ခြေဖုံးက သိပ္ပံနည်းပညာပန်းခြံနဲ့က ၂၀ကီလိုမီတာလောက် ဝေးတယ်၊ အခုမောင်းသွားရင်ကို နည်းနည်း အချိန်ကြာမယ်ထင်တယ်”

ကုကျစ်စုန့်‌ ခေါင်းငြိမ့်လိုက်သည်။

“အဲဒါဆိုရင် ခဏ ထွက်ထားလိုက်ပါ၊ အဲ့နေရာကို ရောက်တဲ့အချိန်ကျမှ ကျွန်မကို ပြန်ဆက်သွယ်လိုက်လေ”

‘လေပြေသရဖူ’ဘက်မှ မျက်နှာပြင် အမည်းရောင်ဖြစ်သွားသည်အထိ မှတ်ချက်ဧရိယာတွင်တော့ သူ့တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း၊ ဆေးကျောင်းတွင် မည်သို့သော အရာများ ရှိနေသနည်း စသည်တို့အား ဆွေးနွေးနေခဲ့ကြသည်။

ကုကျစ်စုန့်က အချို့မေးခွန်းများအား ရွေးချယ်ကာ ဖြေဆိုပေးနေခဲ့သည်။

*

All Chapters