ဘယ်သူမှဒါမျိုးမလုပ်နိုင်! သူဌေးကအဆန်း! ၂
Vol. 68 Ch. 1006
"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်''
ရန်သုံ့က ကျေးဇူးတင်စကားအမြန်ပြောလိုက်သည်။
သူ့လက်ရှိဘဝကို သူအတော်ကျေနပ်သည်။ နေရာကောင်း၊ အလုပ်ကောင်း၊ ကောင်မလေးကောင်း၊ သူဌေးကောင်းနှင့်။
ကျန်သူ့ဘဝတစ်လျှောက်လုံး ချင်းလင်စံအိမ်မှာအလုပ်လုပ်နိုင်သည်။
ထို့နောက် ချင်လင်လည်း ဘဲခြံမှထွက်လာသည်။ အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ဝါးတောထဲမှဝမ်ချိုင်ဟောင်သံနှင့်မွေးနီအော်သံကိုကြားရသည်။
ကောင်လေးနှစ်ကောင်က မရပ်ကြ။
ဘေးတွင် ရှောင်ရွှယ်က ရန်ပွဲကိုထိုင်ကြည့်နေသည်။
ဘေးပတ်လည်တွင် ပရိသတ်တချို့ရှိသေးသည်။ မွေးနီလိုအင်္ကျီဝတ်ထားသောရှဉ့်လေးများပင်။
စံအိမ်ကိုအရင်ဆုံးရောက်သောရှဉ့်လေးများဖြစ်ပြီး သူတို့ကပိုရဲတင်းလာသည်။ စံအိမ်လျှောက်ပတ်ပြေးပြီး တစ်ခါတလေ အပန်းဖြေစံအိမ်ရောက်လာတတ်သည်။
ချင်လင်က ရန်သတ်နေသောမွေးနီနှင့်ဝမ်ချိုင်ကိုကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။ ဒီနှစ်ကောင်က နေ့တိုင်းပြဿနာမဖြစ်ရရင်မနေနိုင်။
သို့ရာတွင် ဝမ်ချိုင်က သူ့အတိုင်းအတာသူသိသည်။ မွေးနီအရှုံးပေးရင် မွေးနီကိုသူဘာမှမလုပ်။
ချင်လင်ရုံးခန်းထဲပြန်ရောက်သောအခါ ကျောက်မိုချင်းကဗိုက်ကြီးတကားကားနှင့်ရောက်လာပြီး_
"ချင်လင်... ရှင်နာမည်ကြီးနေပြန်ပြီ... အဲဒီဘဲတွေက ဘယ်လိုဖြစ်တာလဲ?''
ကျောက်မိုချင်းကဖုန်းကိုစားပွဲပေါ်တင်ရင်း တအံ့တဩမေးသည်။
ရေပေါ်တံတားမှာ သူအံ့ဖွယ်ချိုပဲ့မှုတ်ပြီး ဘဲများကိုအမိန့်ပေးနေသောဗီဒီယိုပင်။
အထူးသဖြင့် ထိုဗီဒီယိုကို သူဘဲခြံထဲစဝင်လာကတည်းက ရိုက်ထားသည်။ ခရီးသည်က သူ့ကိုသတိထားမိပုံရသည်။
ထို့ကြောင့် ဘဲအားလုံးချီတက်ပြီးတန်းစီသောမြင်ကွင်းများပါ ထိုသူကရိုက်ထား၏။ အဓိကမှာ ဘဲလေးရာခန့်က မလှုပ်မယှက်တန်းစီနေသောမြင်ကွင်းဖြစ်သည်။
လူများစိတ်မဝင်စားဘဲမနေနိုင်၍ မြန်မြန်ဆန်ဆန်ရေပန်းစားလာသည်။
"အဲဒါ ကိုယ်စူးစမ်းကြည့်နေတာ''
ချင်လင်သာမန်ကာလျှံကာဖြေပြီး စကားလမ်းလွှဲလိုက်သည်_
"မိုချင်း... ရန်သုံ့နဲ့ကျန်းကွေ့ကျူမင်္ဂလာဆောင်တော့မယ်... မင်းသိတယ်မလား?''
ကျောက်မိုချင်းကခေါင်းညိမ့်ပြီး_
"အင်း... ကျန်းကွေ့ကျူဆီကကြားတာ... အခုသူတို့မင်္ဂလာဆောင်တော့မယ်ဆိုတော့ ဂုဏ်ပြုလက်ဆောင်ကို ကျွန်မတို့နာမည်နဲ့ပို့မလား ဒါမှမဟုတ် ကုမ္ပဏီနာမည်နဲ့ပို့ရမလား စဉ်းစားနေတာ... ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးကမန်နေဂျာအဆင့်ဆိုတော့လေ''
ချင်လင်ကခေါင်းညိမ့်ပြီး ခဏတွေးကြည့်ကာ_
"ဒီလိုလုပ်ရင်ရော? ရှေ့လျှောက် တို့ကုမ္ပဏီဝန်ထမ်းတွေမင်္ဂလာဆောင်ရင် လက်ဆောင်ပေးမယ်... ဥပမာ ရန်သုံ့နဲ့ကျန်းကွေ့ကျူက မန်နေဂျာတွေဆိုတော့ တို့နာမည်နဲ့လက်ဆောင်ထပ်ပေးမယ်''
"အင်း... သဘောတူတယ်!''
ကျောက်မိုချင်းက ဝမ်းသာအားရခေါင်းညိမ့်လိုက်သည်။
ချင်လင်နဲ့ဆွေးနွေးရတာတွေကို သူမတကယ်သဘောကျသည်။
ဇနီးမောင်နှံက ကိစ္စအဝဝဆွေးနွေးသင့်သည်ဟု သူမထင်သည်။
ဇာတ်ဆောင်မင်းသားနဲ့မင်းသမီးစကားမပြောတဲ့အရင် TV ဇာတ်လမ်းတွေနဲ့မတူ။ မင်းသားနဲ့မင်းသမီးစကားမပြောရင် နားလည်မှုမရှိဘဲအချင်းချင်းအပြစ်တင်ကြမည်။ ဒါအမြင်သုံးဖက်ကွဲနိုင်သည်။
"ဒါဆို ဘာလက်ဆောင်ပေးကြမလဲ?''
သူမကမေးပြန်သည်။
"ကိုယ်ပြင်ထားပြီးပြီ... ပြီးရင်ပို့လိုက်မယ်... သူတို့ခွင့်တင်ရင် ပေးလိုက်ရုံပဲ''
ချင်လင်ကပုံပြင်ဆက်ပြောသည်။
“အင်း!”
ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။
မင်္ဂလာလက်ဖွဲ့ဖို့ ချင်လင်ကစိတ်မပူ။ မင်္ဂလာလက်ဆောင်အတွက် ကျောက်မျက်ရတနာအပြင်မရှိပေ။
သို့ရာတွင် ရှေ့လျှောက်ဒီအစဉ်အလာအရ စီနီယာမန်နေဂျာများမင်္ဂလာဆောင်လျှင် သတ်သတ်မှတ်မှတ်အပိုလက်ဆောင်တစ်ခုပေးရလိမ့်မည်။
ဒီတော့ တမူထူးခြားရမည်။
ကျောက်မိုချင်းထွက်သွားပြီးနောက် ချင်လင်ကဝဘ်ဆိုဒ်တွင် ဒီဇိုင်နာများရှာပြီးပုံဆွဲခိုင်းသည်။
နောက်ဆုံး ဒီဇိုင်နာတစ်ဦးဆီမှအလွန်လှသောဆွဲသီးပုံစံကိုမိတ္တူဆွဲလိုက်သည်။
နောက်ပြီး ရှေ့လျှောက်ရေရှည်သုံးရမည်ဖြစ်၍ ဒီဆွဲသီးပုံစံကိုသေချာရွေးရမည်။ စျေးအကြီးဆုံး၊အတော်ဆုံးဒီဇိုင်နာမဟုတ်သော်လည်း သူအကြိုက်ဆုံးဒီဇိုင်းဖြစ်သည်။
ဆွဲသီးပုံစံကဆန်းသော်လည်း အမြင်မရိုင်း။ အလွန်လှပြီးလက်ရာသေသပ်သည်။ ပတ်ပတ်လည်တွင်စာထွင်းရန်မြောင်းပါသောကြောင့် ဝယ်ယူသူကကိုယ့်ဘာသာစာလုံးထည့်နိုင်သည်။
ချင်လင်ကဒီဇိုင်းကိုဝယ်ပြီးနောက် ကွက်လပ်နေရာတွင်စာဖြည့်လိုက်သည်။ ရန်သုံ့နှင့်ကျန်းကွေ့ကျူနာမည်ဖြည့်ပြီး အောက်တွင် 'အိုအောင်မင်းအောင်ပေါင်းဖက်ရပါစေလို့ ချင်းလင်ကဆုတောင်းပေးပါတယ်' ဟုပါသည်။
ဒီလိုဆွဲသီးမျိုးနှစ်ခုလုပ်ရင် အဓိပ္ပါယ်ရှိမည်။
ချင်လင်ကမိတ္တူနှစ်ခုထုတ်ပြီး ဂိမ်းထဲယူသွားသည်။ သူ့ဂိမ်းဇာတ်ကောင်အား Sebara ထံသွားပြီး ရွှေနှင့်ကျောက်စိမ်းစပ်ဆွဲသီးနှစ်ခုလုပ်စေသည်။
အရင်တန်ဖိုးဖြတ်အတွေ့အကြုံအရ ရွှေနှင့်ကျောက်စိမ်းစပ်ဆွဲသီးတစ်ခုတန်ဖိုးက ၅၀၀၀၀ မှ ၇၀၀၀၀ ရှိမည်။
ထို့ကြောင့် ရန်သုံ့နှင့်ကျန်းကွေ့ကျူအတွက်မင်္ဂလာလက်ဖွဲ့က လုံးဝအဓိပ္ပါယ်ရှိ၊တန်ဖိုးရှိသောလက်ဆောင်ဖြစ်သည်။
ရှေ့လျှောက်မင်္ဂလာဆောင်မည့်စီနီယာများအတွက် ကုမ္ပဏီ၏အထူးလက်ဆောင်လည်းဖြစ်သည်။
စီနီယာမန်နေဂျာများသာ ဒီလိုလက်ဆောင်မျိုးရမည်။ တခြားဝန်ထမ်းများမင်္ဂလာဆောင်လျှင် ကုမ္ပဏီလက်ဆောင်သာရမည်။
တချို့အဆင့်နိမ့်ဝန်ထမ်းများ၊စီမံသူများ မနာလိုဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ဒါလက်တွေ့ဘဝဖြစ်သည်။
ဘယ်နေရာရောက်ရောက် ပိုအရေးကြီးလာလေလေ၊ ပိုတန်ဖိုးထားခံရလေလေပင်။
ကိုယ်တိုင်ကသာမန်ဖြစ်ပြီး အထူးဂရုစိုက်ခံချင်လို့ မဖြစ်နိုင်။
ချင်လင်ကဂိမ်းထဲဝင်ပြီး Sebara လုပ်သောမင်္ဂလာဆွဲသီးတစ်စုံကိုထုတ်လိုက်သည်။ ထို့နောက် ရုံးခန်းတစ်ဖက်သွားပြီး ကျောက်မိုချင်းကိုပေးလိုက်သည်။
"ယောက်ျား... ဒီဆွဲသီးကလှလိုက်တာ!''
ကျောက်မိုချင်းက ဆွဲသီးမြင်ပြီးအံ့ဩသွားသော်လည်း အံ့ဩရုံသက်သက်သာ။ ဘာပဲဖြစ်ဖြစ် သူမမှာဒီထက်ကောင်းတာတွေအများကြီးရှိသည်။
"ရှေ့လျှောက် ဒီဆွဲသီးပုံစံကိုပဲ အစဉ်အလာအနေနဲ့သုံးကြတာပေါ့! စီနီယာမန်နေဂျာတွေအတွက် ဒီလိုဆွဲသီးမျိုးလက်ဖွဲ့မယ်!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
အနောက်ဘက်သို့နေဝင်သွားချိန်တွင် ရန်သုံ့လည်း မွေးမြူရေးဌာနကိစ္စများအပြီးသတ်ရှင်းပြပြီး အိမ်မွေးတိရစ္ဆာန်ဌာနသွားလိုက်သည်။
အိမ်မွေးတိရစ္ဆာန်ဌာနတွင် ကျန်းကွေ့ကျူကတာဝန်ခံမန်နေဂျာဖြစ်သည်။ အစက တောင်တန်းစံအိမ်တွင် ရှဉ့်မွေးမြူရေးအတွက်သာတာဝန်ယူခဲ့သည်။ နောက်ပိုင်း ရှဉ့်မွေးမြူရေးအတွက် မိန်းကလေးနှစ်ယောက်ထပ်ခန့်သည်။
ထို့အပြင် မွေးမြူရေးခြံဖွင့်ပြီးနောက် တိရစ္ဆာန်စောင့်ရှောက်သူများစွာလိုသောကြောင့် သူမကလွှဲပြောင်းတာဝန်ယူခဲ့သည်။ အခု အိမ်မွေးတိရစ္ဆာန်ဌာနတွင် ကျွမ်းကျင်တိရစ္ဆာန်စောင့်ရှောက်သူများ၊လက်ထောက်များစွာရှိနေပြီဖြစ်သည်။
ရန်သုံ့က အိမ်မွေးတိရစ္ဆာန်ဌာနရောက်သောအခါ လူနှစ်ယောက်က မြင်းတစ်ကောင်အားစစ်ဆေးနေသည်ကိုတွေ့ရသည်။ ကျန်းကွေ့ကျူက ဘေးမှကြီးကြပ်နေ၏။
ကျန်းကွေ့ကျူကမန်နေဂျာဖြစ်လာပြီးနောက် ပိုရင့်ကျက်လာသည်။
"ခဏ... ဒီမြင်းက ဇီးနဲ့ထင်တယ်... အရင်ပြီးအောင်စမ်းသပ်ဦးမယ်''
ကျန်းကွေ့ကျူက ရန်သုံ့ကိုမြင်ပြီးနှုတ်ဆက်သည်။
"မန်နေဂျာရန်''
တိရစ္ဆာန်မွေးသူတစ်ဦးက စသည်_
"ခင်ဗျားက မန်နေဂျာကျန်းကိုပြန်ခေါ်သွားပြီးလက်ထပ်ဖို့လောနေတာ... မင်္ဂလာအချိုလေးတွေမျှဝေဖို့မမေ့နဲ့နော်''
သူတို့မင်္ဂလာဆောင်တော့မည်ကိုဝန်ထမ်းများသိသောကြောင့် မစဘဲမနေနိုင်ကြ။
တစ်ဖက်တွင် ကျန်းကွေ့ကျူကအစခံရသောကြောင့်ရှက်သွားပြီး ထိုသူကိုလောလိုက်သည်_
"မြန်မြန်အလုပ်လုပ်... ကိုယ့်ဝေစုကိုယ်ရမှာပေါ့!''
"အဲလိုဆို စောင့်ပါမယ်''
ထိုသူကပြုံးပြုံးနှင့်ပြော၏။
ထိုအခိုက်_
နောက်တစ်ဦးက ကျန်းကွေ့ကျူအား_
"မန်နေဂျာကျန်း... ဒီမြင်းက တကယ်ဇီးကြီးနဲ့... ဒီရှေ့လျှောက် ကျွန်တော်တို့တိရစ္ဆာန်ဌာနမှာပဲမွေးရမယ်... ခရီးသည်လက်ခံလို့မဖြစ်ဘူး''
"ကောင်းပြီ... မြင်းပြိုင်ကွင်းကိုအသိပေးလိုက်မယ်''
ကျန်းကွေ့ကျူကခေါင်းညိမ့်ပြီး မြင်းကိစ္စရှင်းသည်။
မြင်းကိစ္စပြီးလျှင် သူမရုံးခန်းထဲပြန်လာပြီး အဝတ်အစားလဲကာ ရန်သုံ့နှင့်အတူမွေးမြူရေးခြံမှထွက်၍ ချင်းလင်အပန်းဖြေစံအိမ်ဘက်လျှောက်လာသည်။
သူမနှင့်ရန်သုံ့မင်္ဂလာဆောင်တော့မည်ဖြစ်၍ သူဌေးကတော်ဆီမှာခွင့်တင်ရမည်။ သူဌေးကဒီကိစ္စတာဝန်ခံမဟုတ်။ သူဌေးကတော်ကသာဆုံးဖြတ်ရသည်။
ကျန်းကွေ့ကျူနှင့်ရန်သုံ့က အပန်းဖြေစံအိမ်မှကျောက်မိုချင်းရုံးခန်းအသစ်ထဲရောက်လာကြသည်။ ကျောက်မိုချင်းက သူတို့နှစ်ဦးကိုမြင်လျှင် စာရင်းနှစ်ခုပေးပြီး_
"ရှင်တို့ခွင့်တင်ဖို့အတွက်ပုံစံပြင်ထားပြီးပြီ''
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကတော်!''
ကျန်းကွေ့ကျူနှင့်ရန်သုံ့က တပြိုင်တည်းကျေးဇူးတင်စကားပြောလိုက်ကြသည်။
"ဒါနဲ့ ချင်လင်ကလည်း ရှင်တို့အတွက်လက်ဆောင်ပြင်ထားတယ်... ကြိုက်မကြိုက် ကြည့်ပါဦး''
ကျောက်မိုချင်းကပြောရင်းဆိုရင်း လှလှပပအနီရောင်ဘူးလေးတစ်ဘူးထုတ်ပြီး သူတို့ကိုပေးလိုက်သည်။
ရန်သုံ့နှင့်ကျန်းကွေ့ကျူက စူးစမ်းကြည့်သည်။ လက်ဆောင်ဘူးကိုဖွင့်လိုက်ရာ အထဲတွင်မင်္ဂလာလက်ဖွဲ့ဆွဲသီးလှလှလေးနှစ်ခုကိုတွေ့သည်။ ဒါစျေးမပေါမှန်း သူတို့သိသည်။
"လှလိုက်တာ''
ကျန်းကွေ့ကျူက အံ့ဩကြည်နူးသွားသည်။
ရန်သုံ့လည်း ခေါင်းညိမ့်လိုက်၏။
ထို့နောက် ဆွဲသီးပေါ်တွင် သူတို့နာမည်နှင့်မင်္ဂလာဆောင်မည့်နေ့ကိုမြင်သွားသည်။
ရုတ်တရက် ရန်သုံ့နှင့်ကျန်းကွေ့ကျူမှာ ရင်ထဲနွေးခနဲဖြစ်သွား၏။ သူတို့ကိုတန်ဖိုးထားခံရသလို စိတ်လှုပ်ရှားသွားကြသည်။
ဒီလိုမင်္ဂလာဆွဲသီးမျိုးက တစ်ရက်၊နှစ်ရက်နဲ့လုပ်နိုင်တာမျိုးမဟုတ်။ သူဌေးက သူတို့အတွက်လက်ဆောင်ပြင်ထားတဲ့သဘောပင်။
သူဌေးက စဉ်းစားတတ်လိုက်တာ။
ဒီလိုသူဌေးမျိုးရှိတာ စိတ်မလှုပ်ရှားဘဲနေမလား?
ဒီလိုသူဌေးရှိမှတော့ သူတို့အလုပ်ကြိုးစားရမည်။