တကယ်ဖျော်ရည်လား? ၂
Vol. 68 Ch. 1010
ကြော်ငြာဗီဒီယိုထဲတွင် ပြွတ်ခဲနေသောသီးပင်များ။
“အဲဒါ ဇီးပြာသီးမလား?”
Luther က သီးပင်များကိုကြည့်ပြီး ဇဝေဇဝါဖြစ်သွားသည်။
ဇီးပြာသီးအကြောင်း သူသိသည်။ သူကြိုက်သည်။
ဒါပေမဲ့ ဇီးပြာသီးနဲ့ကိုလာ ဘာဆိုင်လဲ?
ထိုအချိန် ဗီဒီယိုထဲမှမိတ်ဆက်စကားသံထွက်လာသည်။
"ဒီအသီးတွေကို ဘာလို့ကိုလာသီးလို့ခေါ်လဲဆိုတာ အားလုံးသိချင်နေကြမယ်ထင်ပါတယ်... အဲဒါ ထူးခြားချက်ပဲ... ဒီကိုလာသီးတွေက ကိုလာထွက်နိုင်လို့ပါ''
“ဘယ်လို?”
Luther က နားထောင်ရင်းကြောင်သွားသည်။
ဇီးပြာသီးက ကိုလာထွက်တယ်?
ဘုရားတန်ခိုးနဲ့လား?
နောက်ဗီဒီယိုကြည့်ပြီး Luther လုံးဝကြောင်သွားသည်။
ဗီဒီယိုထဲမှလူက ဇီးပြာသီးကိုတစ်ကိုက်ကိုက်လိုက်ရာ ဇီးပြာသီးထဲမှကိုလာရောင်အရည်များထွက်လာသည်။
တကယ် ကိုလာကျနေတာပဲ။
"ဒီကိုလာသီးအရည်က ကိုလာထက်အများကြီးပိုအရသာရှိတယ်လို့ပြောရမယ်... အထိအတွေ့နဲ့အရည်ရွှမ်းပုံကလည်း ကိုလာမယှဉ်နိုင်ဘူး... အခု ရေခဲနဲ့ကိုလာသီးဖျော်ရည်တစ်ခွက်လုပ်တာ ပိုတောင်ကောင်းသေး''
ပြောရင်းဆိုရင်း ဗီဒီယိုထဲမှလူက အရည်ညှစ်ပြနေသည်။ မြန်မြန်ဆန်ဆန်ပင် ကိုလာနှင့်တူသောဖျော်ရည်တစ်ခွက်ထဲရေခဲထည့်လိုက်သည်။ အမြုပ်များစီလာပုံက ကိုလာအတိုင်းပင်။
အသံထွက်လာပြန်သည်_
"ဒီကိုလာသီးက ကိုလာထက် အရသာ အထိအတွေ့ အမြုပ်ထရုံမကဘူး... အာဟာရဓာတ်တွေလည်းပါတယ်... ကင်ဆာဖြစ်စေတဲ့ဓာတ်လုံးဝမပါဘူး''
"ဇီးပြာသီးတွေ တစ်ခုခုဖြစ်နေတာနေမှာပေါ့... ဘယ်လိုလုပ် ကိုလာဖြစ်မလဲ?''
Luther က မယုံသော်လည်း ချင်းလင်ကုမ္ပဏီဖြစ်နေသည်။
ဒီကုမ္ပဏီက အတော်ထူးဆန်းသည်။ သူတို့နိုင်ငံကမတတ်နိုင်တာတွေတောင် အများကြီးရှိသည်။
အထူးသဖြင့် သူတို့စကားက ကိုလာကိုလုံးဝဦးတည်နေသည်။
ဗီဒီယိုအဆုံးတွင် အသံထွက်လာပြန်၏_
"အခုအချိန်ကစပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်ကနေ ကိုလာသီးမှာနိုင်ပါပြီ... ဒါပေမဲ့ ကိုလာသီးကထွက်ခါစမလို့ တစ်ယောက်ချင်းအော်ဒါမှာနိုင်တဲ့အရေအတွက်အကန့်အသတ်ရှိပါမယ်''
"မြန်မြန်... ကိုလာသီးအော်ဒါသွားတင်''
Luther က သူ့အတွင်းရေးမှူးအား အမြန်ခိုင်းလိုက်သည်။
တစ်ချိန်တည်းတွင် အီတာနယ်၏လူများကလည်း ကိုလာသီးအကြောင်းသတင်းရသည်။ သူတို့လည်းကြောင်သွားပြီး ချက်ချင်းအော်ဒါတင်ခိုင်းကြသည်။
ယွမ်ချီတောရုံးချုပ်_
Thompson စိတ်ကြည်နေသည်။ သူက ကုမ္ပဏီ၏ထုတ်လုပ်ရေးအစီအစဉ်ကိုကြည့်ပြီး ထုတ်လုပ်သည့်အတိုင်းအတာချဲ့ထွင်ရန် အစီအစဉ်ဆွဲသည်။
အထက်လူတွေက ကိုလာကုမ္ပဏီကို အမြင့်ဆုံးဒဏ်ကြေးယွမ်သန်း ၁၀၀ ဒဏ်တပ်ပြီး အခြေအနေကိုပြန်လည်ပြင်ဆင်ခိုင်းမှန်း သူသိသည်။
ဒီတရားဝင်ထုတ်ပြန်ချက်က ကိုလာကုမ္ပဏီနှစ်ခုမှာကင်ဆာဖြစ်စေတဲ့ဓာတ်တွေလွန်လွန်ကဲကဲပါနေလို့မလား?
ဒီလိုနဲ့ အထင်အမြင်ခံရပြီ။ ကိုလာကုမ္ပဏီနှစ်ခုက အပြောင်းအလဲလုပ်ရင်တောင် ဘယ်လောက်ပြောင်းပြောင်း ဒီအမြင်စွဲနေဦးမည်။
ဒီတော့ ဒါသူတို့အမြုပ်ဖျော်ရည်စီးရီးအတွက်အခွင့်အရေးပင်။
ထိုအချိန်တွင် သူ့လက်ထောက် အပြေးရောက်လာပြီး_
"ဥက္ကဌထန်... မြန်မြန်လိုင်းပေါ်တက်ပြီး သတင်းဖတ်ကြည့်ပါဦး... အခြေအနေပြောင်းသွားပြီ''
“ဘာဖြစ်လို့လဲ?”
Thompson က လောလောနှင့်မေးသည်_
"ကိုလာကုမ္ပဏီနှစ်ခု ဘာဖြစ်လို့လဲ?''
"ကိုလာကုမ္ပဏီနှစ်ခု မဟုတ်ဘူး''
လက်ထောက်က အလောတကြီးနှင့်_
"ချင်းလင်ကုမ္ပဏီ... သူတို့က ကိုလာသီးဆိုတဲ့အသီးတစ်မျိုးထွက်ထားတယ်''
“ဘာ?”
Thompson ကြောင်သွားသည်။
ချင်းလင်ကုမ္ပဏီနာမည်ကြားပြီး စိတ်မဝင်စားဘဲမနေနိုင်။ ပြီးတော့ ကိုလာသီးက ကိုလာနဲ့ဆက်စပ်နေမည်။
အရင်ဆုံး သူကလိုင်းပေါ်တက်ပြီး ချင်းလင်ကုမ္ပဏီ၏ကိုလာသီးကြော်ငြာကိုကြည့်လိုက်သည်။
ကိုလာသီးအကြောင်းသိပြီး သူ့မျက်လုံးနည်းနည်းပြူးသွား၏။
ကိုလာသီးသာ ကြော်ငြာဗီဒီယိုထဲမှာပြောထားတဲ့အတိုင်းဆို ဒီလိုအခြေအနေတွေနဲ့ ကိုလာနေရာကိုအစားထိုးဖို့မခက်။ သူတို့အမြုပ်ဖျော်ရည်ကရော?
"မြန်မြန်... ကိုလာသီးမှာလိုက်''
Thompson က သူ့လက်ထောက်ကိုပြောသည်_
"ငါ အခြေအနေကိုအမြန်ဆုံးသိချင်တယ်''
ကိုလာနှစ်မျိုးအတိုင်ခံနေရသောကြောင့် ကိုလာသီးကြော်ငြာထွက်ထွက်ချင်း အမြန်နှုန်းနှင့်ရေပန်းစားလာသည်။ နောက်ပြီး ချင်းလင်ကုမ္ပဏီရေပန်းစားမှုကလည်းမြင့်သည်။
အတော်များများက ကြော်ငြာဗီဒီယိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
"ကိုလာထွက်တဲ့ဇီးပြာသီး! ငါ နတ်သမီးပုံပြင်ထဲများရောက်နေတာလား?''
"ဗီဒီယိုကို ချင်းလင်စံအိမ်ကတင်တာမဟုတ်ရင် နောက်နေတယ်ထင်မှာပဲ''
"ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာ... ဇီးပြာသီးကကိုလာထွက်တယ်တဲ့... ရှေ့လျှောက် နွားကသီးစုံအရသာနို့ထွက်ရင်တောင် ငါမအံ့ဩတော့ဘူး''
"ငါသွားမှာဦးမယ်... ငါကြိုက်တဲ့အရသာနဲ့ရှတတဆိုရင် ကိုလာမသောက်တော့ဘူး... ဒီကိုလာသီးပဲသောက်တော့မယ်!''
“……”
အားလုံးကတပြိုင်တည်း ကိုလာသီးအော်ဒါတင်ကြသည်။
မြောက်ပိုင်းစီရင်စု_
ရှင်းယွမ်ဖျော်ရည်ကုမ္ပဏီရုံးချုပ်တွင် တရစပ်တက်နေသောအော်ဒါများကြောင့် စွန်းရှိုတို့ပြုံးရွှင်နေသည်။
ကိုလာသီးအော်ဒါအတွက် ချင်းလင်ကုမ္ပဏီမှအချိန်နှင့်တပြေးညီအချက်အလက်ရပြီး သူ့ကုမ္ပဏီကပို့ပေးရမည်။
ကြော်ငြာခါစဖြစ်သော်လည်း အော်ဒါကထင်ထားတာထက်များနေသည်။
ကိုလာသီးရဲ့ထူးခြားတဲ့အရသာကိုသာသိကုန်ရင် ရလဒ်ကသိသာသွားပြီ။
သူငုတ်တုတ်ထိုင်ပြီး ပိုက်ဆံရေရုံသာ။
ချင်းလင်ဓာတ်ခွဲခန်းကကိုလာသီးစိုက်ခွင့်ဖိတ်ကြားချက်ကိုလက်ခံခဲ့တာ သူဝမ်းသာမိသည်။
…
မာထျန်းယွီမှာ မှတ်ချက်ပေးသူ၊အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်သည်။ သူ့မှတ်ချက်များက ပညာရှင်ဆန်ပြီးမျှမျှတတရှိသောကြောင့် ပရိသတ်အများကြီးရထားသည်။
အချက်အလက်များသူစုံစမ်းပြီးမှသာ ပြန်လည်တင်ပြတတ်သည်။ Tiktok ဖွင့်လိုက်သောအခါ အသိပေးစာများတောက်လျှောက်တက်လာ၍ သူဇဝေဇဝါဖြစ်သွားသည်။
သူကဖွင့်ကြည့်လိုက်ရာ ခပ်ဆင်ဆင်စာများတွေ့ရသည်။
“မစ္စတာမာ... ကိုလာသီးစမ်းကြည့်!”
"ဆရာမာ... ကိုလာသီးမှာပြီးမြည်းကြည့်''
"မစ္စတာမာ... ကိုလာသီးကနေ တကယ်ကိုလာထွက်လား သိချင်တာ?''
“……”
မာထျန်းယွီ နည်းနည်းမသင်္ကာဖြစ်သွားသည်။ ဒီနေ့ အင်တာနက်သတင်းမကြည့်ရသေးသောကြောင့် ဘာတွေဖြစ်နေလဲသူမသိ။
သူ့မိန်းမနှင့်ကလေး အခန်းထဲမှထွက်လာသောအခါ သူကမေးလိုက်သည်_
"အချစ်... ကိုလာသီးကဘာလဲ?''
သူ့အမေးကြောင့် သူ့မိန်းမကစိတ်လှုပ်ရှားသံနှင့်_
"ချင်းလင်ကုမ္ပဏီကအသစ်ထုတ်တာလေ... အဲဒီအသီးကနေ ကိုလာထွက်တယ်... ကျွန်မမှာထားပြီးပြီ''
"အသီးထဲမှာကိုလာရှိတာလား?''
မာထျန်းယွီအံ့ဩသွားသည်။
နည်းနည်းစိတ်ကူးဆန်နေသည်။
သူကချက်ချင်း လိုင်းပေါ်လျှောက်ကြည့်သည်။ အမှန်ပင်။ ကိုလာသီးအကြောင်းတွေ့သည်။ ချင်းလင်ကုမ္ပဏီက ကောင်းတာထပ်ထုတ်ပြန်ပြီလား?
သူ့ပရိသတ်များတောင်းဆိုချက်အရ သူလည်း ချင်းလင်ကုမ္ပဏီထုတ်ကုန်များကို တစ်ကြိမ်မကမှတ်ချက်ပေးဖူးသည်။ ခရမ်းချဉ်ဆော့၊ ချင်းလင်အားဖြည့်လက်ဖက်ရည်၊ ချင်းလင်အားဆေး၊ သန့်စင်မြက် စသည်။
မှတ်ချက်ပေးတိုင်း ရလဒ်ကြောင့်အံ့ဩရသည်ချည်း။ ကုမ္ပဏီတစ်ခုက ကောင်းတာတွေဒီလောက်အများကြီးထုတ်နိုင်မည်ဟု သူမထင်မိ။ အခု ချင်းလင်ကုမ္ပဏီရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေပြီ။
မာထျန်းယွီကသတင်းဖတ်ပြီး အော်ဒါထပ်တင်လိုက်သည်။
ထိုအော်ဒါများ၏နောက်ဆုံးပေးပို့ချက်က မြောက်ပိုင်းစီရင်စုရှင်းယွမ်ဖျော်ရည်ကုမ္ပဏီဖြစ်သည်။
စွန်းရှိုက လူအများကြီးနှင့် အချိန်နှင့်တပြေးညီပို့ပေးသည်။ ဒီအဆင့်မှာ ဘာအမှားအယွင်းမှမရှိစေရ။ ထို့ကြောင့် နောက်တစ်နေ့တွင် ဝယ်ယူထားသူအတော်များများ ပစ္စည်းရကြသည်။
မာထျန်းယွီလည်း အတူတူပင်။ သူနှင့်သူ့မိန်းမမှာထားသောကိုလာသီးက တပြိုင်တည်းရောက်လာသည်။
သူက ကိုလာသီးအော်ဒါနှစ်ထုပ်ကိုအိမ်ယူလာရာ မိန်းမနှင့်ကလေးက အသင့်စောင့်နေသည်။ ချက်ချင်းပါဆယ်ထုပ်ဖွင့်ပြီး ကိုလာသီးကိုထုတ်ကြည့်ကြသည်။
ကိုလာသီးကိုကြည့်ရင်း အထဲမှာကိုလာရှိတယ်ဆိုတာယုံရခက်ခက်ပင်။
အပြင်ကကြည့်ရင် ဇီးပြာသီးမှဇီးပြာသီး။
အော်ဒါအကန့်အသတ်ရှိသောကြောင့် သူတို့လင်မယားနှစ်ယောက်မှ ကိုလာသီးကတ်တီ ၂၀ သာရသည်။
အသီးတချို့ကိုတန်းထုတ်ကာဆေးကြောပြီး ဇလုံထဲထည့်၍ စားပွဲပေါ်တင်လိုက်သည်။
သူ့သားကချက်ချင်းတစ်လုံးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ကလေးရှိရင် ကောင်းတာမှန်သမျှ ကလေးအရင်စားရသည်။
"ကိုလာ... ဖေဖေ.. အသီးထဲမှာကိုလာရှိတယ်... အရင်ကိုလာထက်အများကြီးပိုကောင်းတယ်''
ကလေးကအံ့ဩသံနှင့်အကျယ်ကြီးအော်သည်။
မာထျန်းယွီကချက်ချင်း ကိုလာသီးတစ်လုံးကောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ကလေးတွေက မညာတတ်။ သူတို့ပြောချင်တာ ဘွင်းဘွင်းပြောကြသည်။
နောက်ခဏတွင် ကိုလာသီးအရသာက သူ့ပါးစပ်ထဲစီးဝင်သွားသလိုပင်။ အထိအတွေ့၊အရသာနှင့်အမြုပ်က ကိုလာထက်အများကြီးသာသည်။
"အချစ်... အသီးထဲမှာ တကယ်ကိုလာရှိတယ်... အံ့ဩစရာပဲ''
သူ့မိန်းမက အံ့ဩနေသောမျက်နှာနှင့် သူ့ကိုတစ်လုံးထိုးပေးသည်။
မာထျန်းယွီ လုံးဝထောက်ခံသည်။ သူကအသီးဖျော်စက်ယူပြီး ကိုလာသီးများကိုအရည်ညှစ်သည်။ မကြာမီ ခွက်ကြီးနှစ်ခွက်၊ ခွက်လေးတစ်ခွက်ရသည်။
မာထျန်းယွီကကိုလာထဲရေခဲထည့်ပြီး သူ့ခွက်သူယူသောက်လိုက်၏။ ပြောမပြနိုင်သောလန်းဆန်းမှုနှင့်ရှတတခံစားချက်ထွက်လာသည်။
သူ ကိုလာကြိုက်ခြင်းမှာ အအေးခံထားသောကိုလာ၏လန်းဆန်းမှုနှင့်ရှတတခံစားချက်ကြောင့်ပင်။
အခု ကိုလာသီးကရတဲ့ခံစားချက်က ကိုလာကိုလုံးဝကျော်တက်သွားပြီ။
"အချစ်... ဒါတကယ်အသီးဖျော်ရည်လား?''
"ဖေဖေ... ဒီကိုလာကကောင်းလိုက်တာ... သားတို့အရင်ကသောက်တာထက်ပိုကောင်းတယ်''
မိန်းမနှင့်သားဖြစ်သူစကားကြောင့် မာထျန်းယွီခေါင်းညိမ့်လိုက်သည်။
ကိုလာကုမ္ပဏီနှစ်ခုတော့ ပြီးပြီ။