ရီမိသားစု၏လက်ဖွဲ့များ
Vol. 36 Ch. 527
အိုးကျင်းသည် အဇူရာနဂါး၏ထင်မြင်ချက်ကို သိချင်သဖြင့် သူ့ဖက်သို့လှည့်ကြည့်လိုက်သည်။ အဇူရာနဂါးသာ မငြင်းပါက သူမလုပ်ဆောင်မည့်အရာကို ဆက်လက် လုပ်ဆောင်မည်ဖြစိသည်။ သူမသည် နဂါးမျိုးနွယ်စုအစည်း၏မင်းသမီးဖြစ်သဖြင့် ယခင်က သူမလုပ်ချင်သည်များကို မည်သူကမျှ မတားမြစ်ခဲ့ကြပေ။
သို့သော် အဇူရာနဂါးက စကားဖြတ်ပြောလိုက်ပြီး သူမကို အလျင်အမြန်တားဆီးလိုက်သည်။ သူသည်ထိုသူများအကြောင်းကို အမှန်အတိုင်း သိရှိထားပြီးသားဖြစ်သော်လည်း တာ့ယွီနတ်မင်းဆက်သည် ဤမျှမြန်ဆန်စွာ တိုးတက်လာပြီး အရှေ့နယ်မြေအနှံ့ကို အပြီးတိုင်အုပ်ချုပ်ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ထိုအချိန်တွင် သူတို့နှစ်ဦး၏ရှေ့၌ ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုလူသည် အစောပိုင်းမဟာသူတော်စင်အဆင့်သို့ ရောက်ရှိထားသူဖြစ်သည့် တာ့ယွီနတ်မင်းဆက်၏ လက်ရှိ စစ်သူကြီး ရှီထျန်းမဟာသူတော်စင် ဖြစ်သည်။
တာ့ယွီနတ်မင်းဆက်သည် တိုးတက်မှုမြန်ဆန်လှသကဲ့သို့ ကြီးကြပ်သူများ၏ ကျင့်ကြံမှုအဆင့်များလည်း အလျင်အမြန် တိုးတက်လာသည်။ ယခင်က ရှိထျန်းသည် ယခုတွင် ရှီထျန်းမဟာသူတော်စင်ဖြစ်နေပြီဖြစ်၏။
“အဇူရာနဂါး ပြန်လာပြီလား” ဟု ၎င်းကမေးလိုက်သည်။
ရီမိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သည့် ရှီထျန်းမဟာသူတော်စင်သည် ရီမိသားစု၏ ကာကွယ်ရေးမွန်းစတားဖြစ်သူ အဇူရာနဂါးကို မှတ်မိနေသည်။
“ရှီထျန်း မင်း မဟာသူတော်စင်အဆင့်အထိ ရောက်သွားနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး” ဟု အဇူရာနဂါးက ပြောလိုက်သည်။ သူမရှိသည့်အချိန်အတွင်း အဖြစ်အပျက် များစွာကိုလွတ်သွားသကဲ့သို့ သူခံစားမိ၏။
“မဟာသူတော်စင်အဆင့်ဆိုတာ ဘာဟုတ်လို့လဲ။ ငါတို့ မိသားစုခေါင်းဆောင်ဆို စစ်မှန်တဲ့နတ်ဘုရားတစ်ပါးကိုတောင် သတ်ထားပြီလေ။ သူနဲ့ယှဉ်ရင် ဒါက မပြောပလောက်ပါဘူး” ဟု ရှီထျန်းမဟာသူတော်စင်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။
ရှီထျန်းမဟာသူတော်စင်၏ စကားများထဲတွင် ဂုဏ်ဆာနေသည့်အရိပ်အယောင်က အပီအပြင် ပေါ်လွင်နေသည်။ ထိုကဲ့သို့သော နောက်ခံအင်အားဖြင့် ဂုဏ်ယူနေခြင်းသည်လည်း ဖြစ်သင့်ပါသည်။ ရီမိသားစုနှင့်အတူ တိုးတက်လာသူများသာလျှင် ၎င်း၏ တိုးတက်လာမှုအရှိန်ကို သိရှိနိုင်ကြသည်။
“ဘာ မိသားစုခေါင်းဆောင်က စစ်မှန်တဲ့နတ်ဘုရားတစ်ပါးကိုတောင် သတ်ပစ်ခဲ့တယ် ဟုတ်လား” ထိုသတင်းကြောင့် အဇူရာနဂါး အံ့အားသင့်သွားသည်။ စစ်မှန်သောနတ်ဘုရားတစ်ပါးကို သတ်ပစ်သည့် အဖြစ်အပျက်ကြီးတစ်ခုကို သူလွဲချော်သွားခဲ့ပြီလား။
တစ်ဖက်တွင်အိုးကျင်းသည် ၎င်းတို့ မည်သည့်အကြောင်း ပြောနေကြသည်ကို သိချင်လွန်း၍ နားစွင့်နေသည်။ သူမ၏ဖခင်သည်ပင် ထိုကဲ့သို့ စစ်မှန်သောနတ်ဘုရားကို မသတ်နိုင်ခဲ့ပေ။ အဇူရာနဂါးပြောသည့် ဒေသငယ်လေးအတွင်းမှ မိသားစုငယ်တစ်ခုက စစ်မှန်သောနတ်ဘုရားကို သတ်နိုင်သည်ကို သူမမယုံကြည်နိုင်ဖြစ်နေသည်။
အိုးကျင်းက သူသည် စစ်မှန်သောနတ်ဘုရားများအကြောင်း မသိသေးဘဲ မှားယွင်းပြောဆိုနေကြသည်ဟု ပြောချင်သော်လည်း ရှီထျန်းမဟာသူတော်စင်ထံမှ ထွက်ပေါ်နေသော မဟာသူတော်စင်အဆင့်စွမ်းအားက အရာအားလုံးကို သက်သေပြနေသည်။ မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးက စစ်မှန်သောနတ်ဘုရား၏ အဓိပ္ပာယ်ကို မသိနိုင်ခြင်းမဖြစ်နိုင်ပေ။
စစ်မှန်သောနတ်ဘုရားများကို တော်ရုံ မည်သူကမျှ မထိခိုက်နိုင်သည့်အတွက် ရီမိသားစုက သတ်နိုင်သည်ဆိုသည့် သတင်းသည်သာ မှားယွင်းနေလျှင် အခြားနတ်ဘုရားအဆင့် စွမ်းအားရှင်များ၏ အာရုံစိုက်မှုကိုခံရနိုင်ပြီး မလိုလားအပ်သော ဘေးအန္တရာယ်များကြုံးလိမ့်မည်။
သို့သော် သူမတို့ကိုကာကွယ်နေသည့် အခြားကျင့်ကြံသူများ၏ တုန်လှုပ်မှုမရှိဘဲ တညါငြိမ်သည့်အမူအရာကို ကြည့်ခြင်းအားဖြင့် ဤသတင်းက အမှန်ဖြစ်နိုင်ခြေများနေသည်။ ရီမိသားစုက နတ်ဘုရားကို အမှန်တကယ် သတ်ပစ်ထားသည်ဆိုသည့်အချက်မှာ ပိုသေချာလာသည်။ သူမရွေးချယ်ခဲ့သူ၏မိသားစုက ထိုမျှအထိအင်အားကြီး၍။
အိုးကျင်းသည် သူမ၏အဆင့်အတန်းမနိမ့်ဟု ယုံကြည်ခဲ့သော်လည်း ဤအချိန်တွင် အနည်းငယ် ယုံကြည်မှုလျော့နည်းလာသည်။ ရီမိသားစုသည် သူမကဲ့သို့ နဂါးမျိုးကို အမှန်တကယ် လက်ခံနိုင်ပါ့မလားဟု စိုးရိမ်နေသည်။ ရီမိသားစုက သူမကို လက်မခံဘဲ ထွက်သွားစေလိုလျှင်လည်း သူမ ဘာမှတတ်နိုင်မည်မဟုတ်ပါ။
လက်ထပ်မည့်သူသည် မိသားစုငယ်လေးတစ်ခုမှသာဖြစ်ခဲ့လျှင် သူမဖခင်သည် ၎င်းတို့ကို လွှမ်းမိုးနိုင်မည်။ သို့သော် ယခုအချိန်တွင် ရီမိသားစုကသာ သူမကိုလက်မခံလျှင်၊ သူမဖခင်သည် ၎င်းတို့နှင့် ညှိနှိုင်းနိုင်ပါ့မလားကို စိုးရိမ်နေသည်။ အချိန်အနည်းငယ်အတွင်း၌ အိုးကျင်းသည် မသေချာမှုနှင့် စိုးရိမ်မှုများကို ခံစားမိလာ၏။
အိုးကျင်းစိတ်လှုပ်ရှားနေသည်ကို သတိထားမိသော အဇူရာနဂါးက ချက်ချင်းသူမ၏လက်ကိုကိုင်လိုက်ကာ စိတ်ငြိမ်စေရန် အားပေးလိုက်သည်။
“ရှီထျန်း၊ ဒါကျွန်တော်ရဲ့ ဇနီးလောင်း အိုးကျင်းပါ” ဟု အဇူရာနဂါးက ရှီထျန်မဟာသူတော်စင်ကို မိတ်ဆက်ပေးခဲ့သည်။ ရှီထျန်မဟာသူတော်စင်သည် အိုးကျင်းအား ပြုံး၍နှုတ်ဆက်ကြိုဆိုလိုက်ပြီး ၎င်းတို့နှစ်ဦး ရီမိသားစုထံသို့ သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူ၏မြင်ကွင်းမှ ထွက်လာသောအခါမှ အိုးကျင်းက “အဇူရာနဂါး၊ ရီမိသားစုက ရှင့်ကို ကျွန်မအနားကနေ ထွက်သွားခိုင်းမှာလား?” ဟု မေးလိုက်သည်။
ထိုစကားကိုကြားလိုက်သောအခါ အဇူရာနဂါးသည် ပြုံးလျက်သာ “မဟုတ်ပါဘူး၊ မင်းစိုးရိမ်စရာမလိုပါဘူး။ မိသားစုခေါင်းဆောင်က နားလည်မှုအပြည့်အဝရှိသူပါ”ဟုအဇူရာနဂါးက သူမ ယုံကြည်စေရန် အသေအချာပြောပြခဲ့သည်။
ရီမိသားစုအား ဖျက်ဆီးမည့်မဟုတ်သရွေ့ အဇူရာနဂါးက မည်သူနှင့်အတူရှိသည်ဖြစ်စေ ရီမိသားစုဘက်က တားမြစ်မည်မဟုတ်ချေ။ ရီမိသားစုအတွင်းတွင် သာမန်လူများကို အဖော်အဖြစ် ရွေးချယ်သူများပင်ရှိကြသည်။ သို့သော် ထိုလူများ ရီမိသားစုထဲ ဝင်ရောက်ပြီးနောက်တွင် အားလုံးထူးချွန်သူများဖြစ်လာကြသည်။
ရီမိသားစုအတွင်းတွင် အဆင့်အတန်းခွဲခြားမှု မရှိ။ တစ်ချိန်က မိသားစုခေါင်းဆောင်သည်လည်း သာမန်လူတို့၏နယ်မြေမှ လယ်သမားတစ်ဦးသာဖြစ်ကြောင်းကိုလည်း မိသားစုဝင်အားလုံးသိရှိထားပြီးဖြစ်သည်။ ရီမိသားစုယခု ပိုင်ဆိုင်ထားသမျှအရာအားလုံးသည် မိသားစုခေါင်းဆောင်၏ ကိုယ်တိုင်ကြိုးစားတည်ဆောက်ခဲ့သော အရာများဖြစ်ကြောင်းကိုလည်း ကောင်းစွာသိရှိကြသည်။
၎င်းတို့နှစ်ဦးသည် အရှေ့သို့ ဆက်လက်ထွက်ခွါခဲ့ကြရာ နောက်ဆုံးတွင် ရီမိသားစုနေရာအရပ်သို့ ရောက်လာခဲ့ကြသည်။ မိသားစုနယ်မြေထဲသို့ ရောက်သောအခါ အိုးကျင်းသည် တစုံတရာမူမမှန်ကြောင်း သတိထားမိခဲ့သည်။ အလွန်ရိုးရှင်းသည်ဟု ထင်ရသည့် မိသားစုနယ်မြေအတွင်းတွင် သူမအတွက် ထိခိုက်စေနိုင်သည့် အရာများစွာရှိနေသည်ကို ခံစားမိသည်။
“ဒီနယ်မြေအတွင်းမှာရှိတဲ့ အခင်းအကျင်းအားလုံးကို ငါတို့မိသားစုခေါင်းဆောင်က လုပ်ထားတာ။ မိသားစုခေါင်းဆောင်က ဆေးပညာရှက် လက်နက်သန့်စင်သူ၊ အခင်းအကျင်းတွေမှာ ကျွမ်းကျင်ပြီးတော့ သူမလုပ်နိုင်တဲ့ အရာတစ်ခုမှ မရှိဘူး” ဟု အဇူရာနဂါးက ဂုဏ်ယူစွာပြောသည်။
သို့သော် အိုးကျင်းသည် အဇူရာနဂါး၏စကား၌ တစ်ခုခုလွဲချော်နေသည်ကို သတိထားမိခဲ့သည်။ ယင်းမှာ ဤမိသားစုနယ်မြေဟူသည့်စကားဖြစ်သည်။ ထိုသို့ဆိုလျှင် ရီမိသားစုတွင် အခြားနယ်မြေများလည်း ရှိနေသေးသလောဟု စဉ်းစားမိနေသည်။
သူမအကဲခတ်မိသည့်အတိုင်းသာဆိုလျှင် ရီမိသားစုနယ်မြေအတွင်းတွင် မဟာသူတော်စင်အဆင့် ကျင့်ကြံသူအရေအတွက်သည် တစ်ဆယ်ယောက်ကျော် ရှိနေသည်။ ရီမိသားစုတွင် အခြားနယ်မြေများလည်း ရှိခဲ့မည်ဆိုလျှင် စွမ်းအားကြီးစွမ်းအားရှင်များသည် အလွန်များပြီး အလွန်စွမ်းအားကြီးမားကြမည်။ သူမသည် တည်ငြိမ်နေရာမှ ချက်ချင်းပင်ထပ်မံ စိုးရိမ်သွားခဲ့သည်။
ထို့နောက်တွင် ရီဖန်သည် သူတို့ရှေ့တွင်ပေါ်ထွက်လာခဲ့သည်။ အဇူရာနဂါးက သူ့လက်တွဲဖော်ကို ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းပေးပို့ထားပြီးသားဖြစ်သည်။ ထို့အပြင် သူမသည် သာမန်လူမဟုတ်ဘဲ နဂါးမျိုးနွယ်စုခေါင်းဆောင်၏သမီးလေး၊ နဂါးမျိုးနွယ်စု၏ မင်းသမီးငယ်ဖြစ်သည်။
အဇူရာနဂါး၏ပျော်ရွှင်မှုကို အလေးထားသဖြင့် ရီဖန် ကိုယ်တိုင်လာကြိုဆိုသည်။ အိုးကျင်းသည် ရီဖန်ကို တွေ့မြင်သည့်အခါ ပထမဆုံးပေါ်လာသည့် ခံစားချက်မှာ ‘အလွန်ခံ့ညားလွန်းသည်’ ဟူ၍ဖြစ်သည်။ ထို့နောက် သူမစိတ်အရှုပ်အထွေးများက ချက်ချင်းပြေပျောက်သွားခဲ့သည်။
ဤလောက်ခန့်ညားသည့် လူတစ်ဦးက ဆိုးလိမ့်မည်မဟုတ်ဟု သူမထင်မိသည်။ တစ်ခါတစ်ရံတွင် ကောင်းသည်၊ ဆိုးသည်ကိုဆုံးဖြတ်ရာ၌ ထိုသို့ ပေါက်ကရအချက်များအပေါ်တွင်လည်း မူတည်သည်။