ငါ့နာမည် ယွီဟွေးဖေး
Vol. 8 Ch. 107
"အဖေ... ဒီလိုမလုပ်ပါနဲ့"
ရွှီကျဲရဲ့အဖေက "ငါ့ကို အပြစ်မတင်နဲ့။ အပြစ်တင်ချင်ရင် နင့်ဘာသာနင် အသိတရားမရှိတာ၊ စကားနားမထောင်တာ၊ လျှောက်ပြေးတာကိုပဲ အပြစ်တင်"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
သူ့မျက်စိရှေ့က အဖေက မီးမွှေးတုတ်ကို မြှောက်ကိုင်လိုက်ချိန် ရွှီကျဲတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့သွားတယ်။ သူ့ရှေ့က လူရဲ့ပုံရိပ်ကလည်း ပုံပျက်ပန်းပျက်နဲ့ ကြောက်စရာကောင်းနေတယ်။ ဒါ သူ့အဖေမဟုတ်ဘူး၊ ဒါ မကောင်းဆိုးဝါးတစ်ကောင်ပဲ။
ဒုန်း...
အဲ့ဒီအချိန်မှာပဲ တံခါးကို တစ်ယောက်ယောက်က ခြေနဲ့ကန်ဖွင့်လိုက်တယ်။
"ဘယ်သူလဲ"
အဘိုးကြီးရွှီ လှည့်ကြည့်လိုက်တော့ တံခါးဝက ဝက်စာပုံးက ပျံဝဲလာပြီး သူ့ခေါင်းပေါ်ကို တည့်တည့်စွပ်ကျသွားပါလေရော။ အဘိုးကြီးရွှီက ရေပုံးကို အလန့်တကြား ဆွဲဖယ်ဖို့ ကြိုးစားနေတုန်းမှာပဲ သူ့ဗိုက်ကို ခြေတစ်ဖက်က ဝင်ကန်လိုက်တာကြောင့် ဖင်ထိုင်လျက် လဲကျသွားပြီးတော့ ယွီဟွေးဖေးက ရွှီကျဲကို တစ်ချက်ဆွဲပြီး ထူလိုက်ကာ တံခါးအပြင်ဘက်ကို တွန်းထုတ်လိုက်တယ်။
တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက နောက်ဆုတ်ပြီး အိမ်တံခါးကို ဆွဲပိတ်လိုက်ပြီးတော့ ရွှီကျဲကိုဆွဲပြီး အပြင်ကို အားကုန်ပြေးထွက်လာခဲ့တော့တာပေါ့။ ရွှီကျဲက တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ဖြစ်နေပေမယ့် အခုအချိန်မှာတော့ ဝံပုလွေလိုက်ခြင်းခံနေရတဲ့ သမင်ငယ်လေးတစ်ကောင်လို အသက်လုပြီး ပြေးနေရတယ်။
တံခါးမကြီးက သော့ခတ်ထားတာကြောင့် နှစ်ယောက်သား ခြံစည်းရိုးကို ကျော်ခွပြီး ထွက်လာခဲ့ကြရတာပေါ့။ ပြီးတော့ ယွီဟွေးဖေးက ရွှီကျဲကိုဆွဲပြီး သရဲနတ်တည်းခိုခန်းကို တစ်ချိုးတည်း ပြေး၊ တံခါးကို တွန်းဖွင့်ပြီး အမြန်ပြန်ပိတ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ခြံထဲမှာ စာရေးလေ့ကျင့်နေတဲ့ ချွေ့ကျွယ်က မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ရဲ့ ပုံစံကိုကြည့်ရင်း အခြေအနေမကောင်းမှန်း သိလိုက်ပြီ။
ချွေ့ကျွယ်က "မိန်းကလေး... ငါနဲ့အတူ နောက်ဖေးခြံထဲမှာ သွားပုန်းနေပါလား"
"ဒါပေမဲ့... ရှင်တို့... ကျွန်မအဖေက သိပ်ကြမ်းတာ" လို့ ရွှီကျဲပြောတော့ ယွီဟွေးဖေးက ရယ်ပါလေရော။
"ကြမ်းတယ် ဟုတ်လား။ စိတ်မပူပါနဲ့။ ကြမ်းတာနဲ့ မျက်နှာပြောင်တိုက်တာမှာတော့ ငါက သူတို့ရဲ့ ဆရာတောင်ဖြစ်နိုင်တယ်"
ရွှီကျဲက စိုးရိမ်နေပေမယ့် ဒီနေ့ တကယ်ပဲ လန့်သွားခဲ့တာကြောင့် ဒီလောက်ပြေးလာတာတောင် မျက်နှာက ဖြူဖျော့ပြီး သွေးမရှိတော့သလို ဖြစ်နေပြီ။ နောက်ဖေးခြံထဲရောက်တော့ သရဲဖြူက ရွှီကျဲရဲ့မျက်နှာကို ကြည့်ပြီး အံ့ဩတကြီးနဲ့ မေးတော့တာပဲ။
"ညီမလေး၊ နင့်မိတ်ကပ်က ဘာအမျိုးအစားလဲ။ ငါ့မျက်နှာထက်တောင် ဖြူနေသေးတယ်"
ရွှီကျဲက အခုချိန်မှာ ဘယ်လိုလုပ် နောက်ပြောင်နိုင်မှာလဲ။ နောက်ဖေးခြံထဲမှာတောင် ထိုင်မရ၊ ထမရ ဖြစ်နေတယ်။
သရဲနက်က "မင်း ပါးစပ်ပိတ်ထားစမ်းပါ။ လျှောက်မနောက်နဲ့။ ရှေ့ခြံမှာ ဘာဖြစ်နေလဲ သွားကြည့်စမ်း..."
သရဲဖြူက ခေါင်းညိတ်ပြီး နောက်ဖေးတံခါးကြားကနေ ဖင်ကုန်းပြီး အပြင်ကို ချောင်းကြည့်နေတော့တယ်။ နွားခေါင်းနဲ့ မြင်းခေါင်းကတော့ ရွှီကျဲ မမြင်အောင် ပုန်းနေကြပြီလေ။
ဒုန်း... ဒုန်း... ဒုန်း...
တံခါးမကြီးကို တစ်ယောက်ယောက်က အားနဲ့ထုလာပြန်တယ်။ ချွေ့ကျွယ်က ယွီဟွေးဖေးကို တစ်ချက်ကြည့်ပြီး ရယ်ကာ "လာပြီ" လို့ ပြောလိုက်တော့ ယွီဟွေးဖေးကလည်း သူ့ရှေ့မှာရှိတဲ့ ပန်းကန်လုံးကြီးထဲက ရေကို တစ်ကျိုက်တည်းမော့သောက်ပြီး ထရပ်လိုက်တော့တာပဲ။
"လာတာကောင်းတယ်"
"ယွီဟွေးဖေး... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့ ဟုတ်လား။ ထွက်ခဲ့စမ်း" တံခါးအပြင်ဘက်ကနေ ရွှီကျဲအဖေရဲ့ ဒေါသတကြီးအော်သံ ထွက်လာလေရဲ့။
"ဘိုးတော်ချွေလည်း ခဏရှောင်နေလိုက်ပါဦး" ယွီဟွေးဖေးက မီးဖိုချောင်ထဲက ဓားမတစ်ချောင်းကို ဆွဲယူလာပြီး ပြောတော့ ချွေ့ကျွယ်က ခေါင်းညိတ်ပြီး အိမ်ထဲဝင်သွားတယ်။ ယွီဟွေးဖေးအတွက် လုံးဝမစိုးရိမ်တဲ့ပုံပါပဲ။
နောက်ဖေးခြံထဲက ရွှီကျဲကတော့ စိုးရိမ်ပြီး အပြင်ထွက်ကူညီမလို့ လုပ်ပေမယ့် သရဲဖြူနဲ့ သရဲနက်က အတင်းဆွဲထားကြတယ်။
ယွီဟွေးဖေးက တံခါးကို ဆွဲဖွင့်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ ဘေးကို ရှောင်လိုက်ရော။ အဘိုးကြီးတစ်ယောက်က ပေါက်တူးလွှဲပြီး အရှိန်လွန်ကာ အိမ်ထဲဝင်လာပြီးတော့ အမျိုးသမီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ပါ လိုက်ဝင်လာကြတယ်။
သူတို့နှစ်ယောက် ဝင်လာတဲ့အချိန်မှာပဲ ယွီဟွေးဖေးက ခြေထောက်မြှောက်ပြီး လူငယ်ကို တစ်ချက်ကန်လိုက်တာကြောင့် မြေပေါ်ကို လဲကျသွားတဲ့အပြင် လက်ထဲက ဖုန်းကလည်း လွင့်ထွက်သွားကော။ ယွီဟွေးဖေး တစ်ချက်ကြည့်လိုက်တော့... တယ်ဟုတ်ပါလား၊ ဗီဒီယိုတောင် ရိုက်နေသေးတယ်။
ဒီကောင်လေးက ဦးနှောက်မရှိတာတော့ မဟုတ်ဘူးပဲ။ သူတို့အတွက် အကျိုးရှိမယ့် တစ်ခုခုကို ရိုက်ကူးထားချင်တဲ့ပုံပဲ။
ယွီဟွေးဖေးက ဖုန်းကို ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်တာပေါ့။
"ယွီဟွေးဖေး၊ မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"
လူငယ်က အော်ချိန် ရွှီကျဲရဲ့အဖေက လှည့်ကြည့်ပြီး သူ့သား အရိုက်ခံရတာမြင်တော့ "ယွီဟွေးဖေး၊ မင်း..." လို့ အော်ဟစ်လိုက်တယ်။
ယွီဟွေးဖေးက ဓားမကို မြှောက်ပြီး ခေါင်းစောင်းကာ အေးစက်စက်နဲ့ ကြည့်ပြီး "ငါ ဘာဖြစ်လဲ" လို့ မေးနေရင်းနဲ့ ယွီဟွေးဖေးက နောက်တစ်ဖက်နဲ့ တံခါးကို တွန်းပြီး ပိတ်လိုက်တယ်။
တံခါးပိတ်လိုက်တာနဲ့ ခြံထဲက ဂမ္ဘီရစက်ဝန်းက အလိုလိုဖြစ်ပေါ်လာပြီး ယင်ချီဓာတ်တွေ စုဝေးလာကာ လေတစ်ချက်တိုက်လိုက်တော့ အေးစိမ့်စိမ့်နဲ့ ကြောက်စရာကောင်းနေတယ်။
ရွှီကျဲရဲ့မိဘတွေက အယူသည်းတဲ့သူတွေဆိုတော့ ဒီအေးစက်စက်လေ တိုက်လိုက်တာနဲ့ တစ်ကိုယ်လုံး ကြက်သီးထပြီး သတ္တိတွေ ပျောက်ကုန်ရော။ အိမ်မှာသိပ်ကြမ်းပြနေတဲ့ သူတို့နှစ်ယောက်က ဓားမကိုင်ထားပြီး ပိုကြမ်းတဲ့ပုံပေါက်နေတဲ့ ယွီဟွေးဖေးရှေ့မှာတော့ နည်းနည်းကြောက်သွားကြတာပေါ့။
"ယွီဟွေးဖေး... မင်းက ကျောင်းနေဖူးတဲ့သူပဲ၊ မင်း... မင်း ဒီလိုလုပ်တာ ဥပဒေနဲ့ မညီဘူး" အဘိုးကြီးရွှီက ယွီဟွေးဖေးနဲ့ ဥပဒေအကြောင်း စပြောနေပြီ။
ယွီဟွေးဖေးက မျက်ခုံးပင့်ပြီး "ခင်ဗျားတို့ဘာသာ ထွက်သွားမလား၊ ဒါမှမဟုတ် ကျုပ်က ခင်ဗျားတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ကို ဖြုတ်ပြီး နောက်ဖေးမှာ တန်းမြှုပ်လိုက်ရမလား။ ဒီလိုညကြီးမင်းကြီးမှာ ကျုပ်နေရာက တော်တော်ခေါင်တယ်နော်"
ဒီစကားကြားတော့ အဘိုးအဘွားနှစ်ယောက်မပြောနဲ့၊ သူတို့သားတောင် လန့်သွားကော။ အဲ့ဒီအချိန်မှာမှ သူတို့သတိရသွားတယ်၊ နောက်ဖေးမှာ သုဿန်ရှိတယ်ဆိုတာကိုပေါ့။ မကောင်းမှုလုပ်ထားတဲ့သူက တစ္ဆေခြောက်တာကို ကြောက်ရတယ်ဆိုသလိုပဲ၊ သူတို့လုပ်ထားတဲ့ မကောင်းမှုတွေက မနည်းဘူးလေ။ အခု တစ္ဆေတွေရဲ့ အဓိကနေရာမှာ ရောက်နေတော့ မကြောက်ဘဲနေပါ့မလား။
"ယွီဟွေးဖေ... ရွှီကျဲကို ငါတို့ဆီ ပြန်ပေး။ သူက ငါ့သမီး၊ မင်းနဲ့မဆိုင်ဘူး"
ယွီဟွေးဖေးက ခေါင်းခါပြီး "ကျုပ် တည်းခိုခန်းထဲဝင်လာပြီး အခန်းခပေးပြီးရင် သူက ကျုပ်ဧည့်သည်ပဲ။ ဧည့်သည်ကို ကောင်းကောင်းဂရုစိုက်ဖို့က သရဲနက်တည်းခိုခန်း ပိုင်ရှင်တစ်ယောက်အနေနဲ့ ကျုပ်တာဝန်ပဲ။ ခင်ဗျားတို့ကတော့... ထွက်သွား"
ယွီဟွေးဖေး စကားပြောနေတဲ့အချိန်မှာ မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တွေ တလက်လက်တောက်နေလေရဲ့။ သူ့မှာ ဘာအရှိန်အဝါမှ ရှိနေတာမဟုတ်ဘူး၊ သူ့ရှေ့က ဒီလူသုံးယောက်ကြောင့် ဒေါသထွက်နေတာ။ ဒီသုံးယောက်ရဲ့ လုပ်ရပ်တွေက တော်တော်ကို လူမဆန်ဘူး။ ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်ပြီး နတ်ဘုရားတွေတောင် လူ့လောကရဲ့ စည်းကမ်းတွေကို လိုက်နာရတယ်ဆိုတာသာမရှိရင် သူလူသတ်မိလောက်ပြီ။
"မင်း... ဒါဆို ငါတို့လည်း တည်းမယ်။ ငါတို့ကိစ္စကို မင်းတို့ ဝင်မစွက်ဖက်တော့ဘူး မဟုတ်လား"
အဘိုးကြီးရွှီရဲ့မိန်းမက တော်တော်ကလိမ်ကျပြီး ချက်ချင်းပဲ အားနည်းချက်ကို ရှာတွေ့သွားကာ မေးလိုက်တယ်။
ယွီဟွေးဖေးက ရယ်ပြီး "တည်းမယ် ဟုတ်လား။ ကောင်းပြီလေ၊ တစ်ညကို တစ်သောင်း၊ ကြိုဆိုပါတယ်"
"တစ်သောင်းတောင်... မင်း ဓားပြတိုက်နေတာလား" အဘိုးကြီးရွှီက အော်ပါလေရော။
ယွီဟွေးဖေးက မျက်နှာပြောင်ပြောင်နဲ့ "ကျုပ်က ဈေးနှုန်းအတိအကျနဲ့ ပြောတာ၊ တည်းချင်တည်း၊ မတည်းချင်နေ။ ဓားပြတိုက်တယ်ပြောရရင်တော့ ကျုပ်က ခင်ဗျားတို့လောက် ကျွမ်းကျင်မှာမဟုတ်ဘူးလေ။ ဖုန်းလုတယ်၊ ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးတယ်... အင်း... အင်း... ကိုယ့်သမီးအရင်းကိုတောင် လုပ်ရက်တယ်။ တော်ပြီ... စကားမများနဲ့တော့။ ပိုက်ဆံပေးပြီးတည်းမလား၊ ဒါမှမဟုတ် မြန်မြန်ထွက်သွားမလား"
"မင်း... ကောင်းပြီ၊ မင်း စောင့်နေ"
အဘိုးကြီးရွှီက ယွီဟွေးဖေးကို လက်ညှိုးထိုးလိုက်တော့ ယွီဟွေးဖေးက ဓားကို မြှောက်ပြီး ခုတ်ချလိုက်တယ်။အဘိုးကြီးရွှီသာ မြန်မြန်မရှောင်လိုက်ရင် သူ့လက်ချောင်းတွေ ပြတ်သွားလောက်ပြီ။ လန့်သွားတဲ့ အဘိုးကြီးရွှီက ဘာစကားမှ ထပ်မပြောရဲတော့ဘဲ သူ့မိသားစုကို ခေါ်ပြီး တံခါးဖွင့်ကာ အားကုန်ပြေးထွက်သွားတော့တယ်။
ယွီဟွေးဖေးက နှုတ်ခမ်းမဲ့ပြီး "အမှိုက်တွေ" လို့ ပြောလိုက်ရင်း တံခါးပိတ်ပြီးတော့ ရွှီကျဲလည်း ထွက်လာရော။
"ကျေးဇူး... ကျေးဇူးတင်ပါတယ် သူဌေး" ရွှီကျဲက ယွီဟွေးဖေးကို အကြိမ်ကြိမ် ကျေးဇူးတင်စကားပြောပြီး ဒူးတောင်ထောက်တော့မလို ဖြစ်နေလေရဲ့။
ယွီဟွေးဖေးက အမြန်ဆွဲထူပြီး "ဒူးမထောက်ပါနဲ့၊ ငါ့ကို အားနာစရာကြီး ဖြစ်အောင်လုပ်နေတာပဲ"
"ကျွန်မ ခြေထောက်တွေ ပျော့သွားလို့ပါ၊ ဒူးထောက်မလို့ မဟုတ်ပါဘူး"
ရွှီကျဲက သနားစရာကောင်းတဲ့ မျက်နှာနဲ့ ပြောလိုက်တော့ ယွီဟွေးဖေး ဘာပြောရမှန်းတော့ဘူး။ ကိုယ့်ဘာသာကိုယ် အထင်ကြီးမိသွားတာပဲ။
ဓားမကို ဘေးကို ပစ်ချလိုက်ပြီး ယွီဟွေးဖေးက "တော်ပြီ၊ အများကြီးမစဉ်းစားနဲ့တော့။ ညကျရင် ငါ့ဆီမှာပဲ အိပ်လိုက်။ ကောင်းကောင်းအနားယူ၊ ဘာကိစ္စရှိရှိ မနက်မှပြော"
ရွှီကျဲက ခေါင်းခါပြီး "သူဌေးယွီ၊ ထားလိုက်ပါတော့၊ ကျွန်မ သွားတော့မယ်"